ဘုရားဝတ်ပြုခြင်း
သူသည်ဘုရားဝတ်ပြုခြင်းကို အင်မတန်စိတ်အားထက်သန်ရှိလှ၏။
နေ့စဉ် နေ့တိုင်း ဘုရားဝတ်ပြုကာ ဘုရားပန်းများကိုလည်း လဲလှယ်ပေးလျက်ရှိသည်။
အိမ်သူအိမ်သားများကလည်း ဘုရားတရားကြည်ညိုသူများဖျြစ်ကြ၏။ သို့သော်လည်း ၀တ်ပြုချိန်ကြာလေ့မရှိ။
တစ်နေ့မှာ မိသားစုအတွင်းစကားဆူသံကြားရ၏။ “ ကြွက်ဟုတ်လို့လား ……. ”
“ ဟုတ်ပါတယ် ကြွက်အော်သံငါကြားတယ် …….. ကြွက်ပေါက်စလေးတွေရဲ့ အော်သံ …….”
“ ဘယ်လိုလုပ်ကြွက်တွေက ဘုရားစင်အောက်ရောက်နေတာလဲ ……. ”
“ အေးလေ .. ဘုရားပဲရှိခိုးရတော့မလို သူတို့ပဲရှိခိုးရတော့မလို ….. ”
သူဘာမှ ၀င်မပြောဘဲ နေခဲ့သည်။
ဓား
သူတွင်ပေါက်ဓားတစ်လက် ရှိသည်။သူ့ဦးလေးက
လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ဓားပေါက်နည်းကိုတော့ သင်မပေးပါ။သို့သော် သူသည်
ဓားပေါက်နည်းကို အကျွမ်းတ၀င် ဖြစ်နေပြီဖြစ်၏။
လျှင်မြန်ခြင်းနှင့် ပစ်မှတ်ကို တိုက်ရိုက်မှန်ကန်ခြင်းတို့တွင်
သူသည်သူမတူအောင် ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သည်။သူသည်ထိုဓားလေးကို
အလွန်မြတ်နိုး၏။ အိပ်ရာထဲတွင်ပင် ထည့်၍အိပ်လေသည်။ ကျောင်းသွားမှ ဓားကလေးက
အိပ်ခန်းထောင့် သူနေရာမှာ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့သည်။
အိမ်မှာ ဘုရားစင်နားမှ ကြွက်အော်သံများ ဆူညံလျက် ………………
ရင်ဆိုင်ရခြင်း
တစ်နေ့ သူ့ခြံထဲက ပိတောက်ပင်တွင် ဓားပေါက်ကျင့်၏။ထိုနောက် ချွေးစများကို သုတ်သိမ်းကာ
ပေါက်ဓားလေးနဲ့အတူ
ဘုရားဝတ်ပြုရင်း ဘုရားစင်ဆီမှ ကြွက်အော်သံများက ဆူညံနေဆဲ၊
ကြွက်မကြီးတစ်ကောင်ဖြတ်ပြေးသည်ကို ရိပ်ခနဲ တွေ့လိုက်သည်။လူကနေသော်လည်း ဓားက
မနေပြီ။
ကြွက်မကြီးဓားစိုက်လျက်သား နံရံတွင် တဆတ်ဆတ်ခါနေသည်။ဓားနှင့် ထိုကြွက်ကြီးကို
ဖြုတ်ပြီးမှ
ဘုရားစင်နောက်မှာ ကြွက်သိုက်ကို တွေ့ရသည်။ ငှက်မွေး၊ကောက်ရိုးမျှင်
စသည်များဖြင့် ဆောက်လုပ် ထားသည်။ အထဲမှာ ကြွက်နီတာရဲလေး “ ငါးကောင်”
သံကုန်အော်ဟစ်နေသည်။
ထိုကြွက်မကြီးသည် သူတို့၏
အမေဖြစ်သည်။ သူတို့ကို နို့တိုက်ကြွေးမွေးသော မိခင်ဖြစ်သည်။ ယခုသူတို့
မည်သူ့ကို အားကိုးရမည်နည်း။ ဘုရားကသိလျှင် မည်သို့ သူ့ကို
ပြောမည်နည်း။ဘုရားစင် ရှေ့မှာ ရှက်လာသည်။
နိဂုံးချုပ်ခြင်း
ထိုကြွက်လေးများကို အမှိုက်ပုံပစ်၍လည်း မဖြစ်၊ ငှက်ချီမည်။ ခွေးစားမည်။
အလွယ်ဆုံးနည်းအရပဲ သူသည် ထိုကြွက်ထုပ်ကလေးကို ရေထဲသို့ ပစ်ချလိုက်သည်။
“ ပလုံ ”
ပင့်သက်ခပ်ကြမ်းကြမ်းရှိုက်ခါ ထိုနေရာမှ
လှည့်ပြန်ခဲ့သည်။သူလွှင့်ပစ်ခဲ့ခြင်းသည် ကြွက်ပေါက်ကလေးတွေချည်းပဲ မဟုတ်။
တစ်စုံ တစ်ရာ ပါဝင်သည်။ထိုတစ်စုံတစ်ရာမှာ
ဓားဖြစ်လေသည် ။
Oာါရာမင်းေO
No comments:
Post a Comment