အိုးထိန်းစက်ဆိုတာ
ကမ္ဘာမြေကြီးလိုဟာကြီးပေါ့
ရွှေဆိုတာ
ပန်းစကားလို ဟာမျိုးပေါ့
မသိဘူး
နှင်းဆီတိုင်း မနီတော့သလို
စံပယ်တိုင်း ပန်းမဟုတ်တော့ဘူး
မြန်မာလူမျိုးလည်း
ဆံပင်အရောင် ပြောင်းဖူးမွေးဖြစ်ချင်ဖြစ်မယ်
မျက်လုံးအရောင် အပြာဖြစ်ချင်ဖြစ်မယ်
အူဝဲ အူဝဲ လို့ ငိုသံကြားတိုင်း
ကလေးအမေလို့ မထင်လိုက်နဲ့
Hand Phone
နတ်ချင်းသံတွေကြားတဲ့အခါ
သင်္ကြန်ကျပြီမှတ်ပါ
မန်ယူနံပါတ်(၇) ၀တ်စုံဝတ်တိုင်း
ဒိုလေးမထင်နဲ့
စားပွဲထိုးသူနဲ့ ကျားထိုးသူ တစ်ယောက်ယောက်ပဲ
လူတွေကြား တစ္ဆေသရဲတွေခေတ်စားသလို
နတ်သိကြား ဥစ္စာစောင့်တွေခေတ်စားလာ
ဒါလည်း ဂလိုဘယ်လိုက်ဇေးရှင်းပေါ့
ညနေဈေးထဲက ချိုဝမ်
ထန်းတောထဲက Eminem
ပုဆိုးခါးပိုက်ထဲက ပို့စ်မော်ဒန်နဲ့
မီးဖိုမီးက
ဆည်းဆာကိန်းဂဏန်းနဲ့ ဖွင့်မှ ပွင့်မယ့်အပေါက်
စကားပြောနေတာကိုက သီချင်းပဲ
စာလုံးပေါင်းတွေချည်းပဲကလည်း ကဗျာပဲ
ယိမ်းသမတွေ ဒီဂျေဖွင့် ကကုန်ပြီ
Chatroom ထဲမှ မဟုတ်ဘူး
အပြင်မှာတွေ့လည်း
အထုပ်ဖြေ မကြည့်ရင်
ယောက်ျား၊ မိန်းမ
အဲလို တစ်ထစ်ချပြောလို့မရဘူး
ဗီသိုဗင်ကြီးကို တယ်လီဖုန်းထဲမှာထည့်ထားတယ်
စိန်ဗေဒါကြီးကို တီဗီထဲမှာထည့်ထားတယ်
ကိုယ်လုံးလှလှလေးကို တယ်လီဖုန်းထဲမှာထည့်ထားတယ်
ခုတော့
အမွှေးတိုင်ရောင်းနေတဲ့ မဏိစန္ဒာနဲ့
သီလရှင်ဝတ်သွားတဲ့ Rocker နဲ့
ကာတွန်းရုပ်ဖြစ်သွားတဲ့ ကဗျာဆရာနဲ့
လေထန်ကုန်းကလည်း ဘူဖေးစနစ်
ဇာတ်သဘင်ကလည်း Alternative
အသက်ရှစ်ဆယ်ကျော်အဘိုးကလည်း
ရွှေသွေးနဲ့ ကာတွန်းကားမှဖြစ်တာ
အသက်ရှစ်ဆယ်ကျော်အဘွားကလည်း
မြေးတွေပြန်လာရင် နို့မှုန့်ပါမှဖြစ်တာ
ငါးနှစ်အရွယ်ကလေးမို့ လျှော့မတွက်နဲ့
သီချင်းကြီး သီချင်းခံနဲ့
အကပဒေသာနဲ့
နို့နံ့မစင်သေးပေမယ့်
ပုစွန်လုံးကို မြေတူးစက်ဖြစ်အောင်ပြောနိုင်တယ်
ပုတ်သင်ညိုကို ဒိုင်နိုဆောဖြစ်အောင်ပြောနိုင်တယ်
ခွေးကို ဆတ်သားဖြစ်အောင်ပြောနိုင်တယ်
ပုရွက်ဆိတ်ကို ကျွဲဖြစ်အောင်ပြောနိုင်တယ်
ပင်လယ်လည်း ချောင်းဆိုးခဲ့ပြီ
တောင်တန်းလည်း လက်ပြင်ကြောငုပ်ခဲ့ပြီ
ကမ္ဘာကြီးလည်း ဖုန်းကညာတစ်ပါး လုံးပြားခဲ့ပြီ
နောင်ဆို..ဂြိုဟ်ကြီးကိုးလုံးလည်း
ဂြိုဟ်ကြီးကိုးပြားဖြစ်တော့မည်လော..
မသိဘူး
ဝိုင်ချို
No comments:
Post a Comment