Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Sunday, April 28, 2013

** တိဗက်မှတစ်ရာ့ တစ်ယောက်မြောက် **



လေထုက အကောင်းအတိုင်းရှိနေဆဲ။ လူတွေဝမ်းလျားထိုးဝပ်ပြုဆဲ
ခေါင်းလောင်းသံတွေကြားနေရတဲ့ကုန်းမြင့်ပေါ်မှာ အလံကရောင်စုံ
ကမ္ဘာ့အမြင့်ဆုံးတရားဓမ္မဒေသမှ ကမ္ဘာ့အမြင့်ဆုံးစစ်ရေးလေ့ကျင့်ရာဒေသကြီးဖြစ်လာ။
တောင်ကုန်းပေါ်ကိုအရင်ကဘုရားဖူးတွေ တစ်ယောက်ချင်း/အဖွဲ့လိုက်တက်နေကျ။
အခု တောင်ကုန်းပေါ်ကိုစစ်သား/တင့်ကားတွေ တန်းစီတက်နေကြ။
တောင်ထိပ်ပေါ်ကိုဗုဒ္ဓ/လားမားတို့ဆင်းနေရာမှ ရဟတ်ယာဉ်တွေဆင်းသက်။
ကမ္ဘာကြီးဟာ ဘယ်နေရာကိုမှသန့်စင်ခွင့်/လွတ်မြောက်ခွင့်မပေး။

နေရာတိုင်းကိုစစ်မြေပြင်လုပ်ပစ်ဖို့ ကြိုးစားနေပြီထင်ပါရဲ့။
တစ်ကမ္ဘာလုံးစစ်ဖြစ်နေရင် သူတော်စင်တွေဘယ်နေရာနေရပါ့။
တိဗက်ဟာချန်ထားသင့်တဲ့နေရာတစ်နေရာ။ ဒါပေမယ့်
တိဗက်ကိုကမ္ဘာ့အမြင့်ဆုံး စစ်မြေပြင်ဖြစ်အောင် တရုတ်ကလုပ်ဆောင်။
အမေရိကန်ကတားဆီး။ တရုတ်/အမေရိကန်နိုင်ငံခြားရေးပေါ်လစီ။
တရုတ်/အမေရိကန်ဆက်ဆံရေးမှ နိုင်ငံတကားဆက်ဆံရေးသို့။
တိဗက်။ အမည်ကြားရုံနဲ့ငြိမ်းချမ်းတဲ့နေရာ။ အိပ်မက်ဆန်တဲ့ဒေသ။
တိဗက်ကလူသားတိုင်းရဲ့စိတ်ထဲမှာ အစိုးရဟာဘုရားသခင်။
တိဗက်ကိုဥပဒေအရအုပ်ချုပ်နေတာက တရုတ်အစိုးရ။
တိဗက်။ တိဗက်။ တိဗက်ရဲ့တောင်တန်းတွေဟာ စစ်ရေးအရ
အကောင်းဆုံးအကာအကွယ်ဖြစ်ခဲ့။ မကြာခင်/တိဗက်ကို
တစ်ကမ္ဘာလုံးကလေယာဉ်တွေ/ရဟတ်ယာဉ်တွေ/တင့်ကားတွေ/
စစ်သားတွေ/ဒုံးကျည်လက်နက်တွေရောက်လာတော့မယ်
မကြာခင်ကပဲ တိဗက်လေထုထဲမှာ လူသားညှော်နံ့တွေရနေပြီ။
သန့်စင်တဲ့တိဗက်လေထုဟာ/ပေကျင်းကကျောက်မီးသွေးမှုန်တွေ
ပြည့်နေတဲ့လေထုလိုပဲ စိုးရိမ်မှတ်ကိုရောက်လာပြီ။
တိဗက်ကသန့်ရှင်းတဲ့အဆုတ်တွေထဲကို ယမ်းငွေ့တွေမလောင်းထည့်ပါနဲ့။
တိဗက်ရဲ့သီးခြားဖြစ်နေတဲ့/အထီးကျန်ဆန်တဲ့ဘာသာရေးကိုမနှောင့်ယှက်ပါနဲ့။
ဂရိကပါသီနွန်ဘုရားကျောင်း/ကမ်ဘောဒီးယားကအန်ကောဝပ်ဘုရားကျောင်း/
ပြင်သစ်ကနော်တာဒိန်းဘုရားကျောင်းတွေလိုပဲ တိဗက်ကဘုရားကျောင်းတွေကံကောင်းပါစေ။
ရှမ်ဘဲလားလို/ကောင်းကင်ဘုံလို ဝိညာဉ်တွေသီးသန့်နေထိုင်ဖို့နေရာတွေရှာဖွေထားစို့။
တိဗက်ကလူသားတွေကို မှန်မှန်ကန်ကန်အုပ်ချုပ်မယ့်အစိုးရတစ်ခုလိုအပ်နေပြီ။
တိဗက်ကတရုတ်ရဲ့အစိတ်အပိုင်းတစ်ခုမဟုတ်ဘူး။
တိဗက်ရဲ့ဟင်းသီးဟင်းရွက်တွေဆီကို ရေဒီယိုသတ္တုဓာတ်တွေလွင့်မလာစေချင်ဘူး။
တိဗက်ဒေသအကင်ဆိုင်ဖြစ်မှာကို ဘုရားသခင်ကလည်းလိုလားမှာမဟုတ်ဘူး။
တိဗက်ဒေသမှလေယာဉ်ပျံတွေ/ရဟတ်ယာဉ်တွေ/တင့်ကားတွေ/စစ်သားတွေ
အမြန်ဆုံးကိုယ့်နိုင်ငံကိုယ်ပြန်/သွားကြပါ။ တရုတ်အစိုးရရုတ်သိမ်းပေးပါ။
ပရေရီမြက်ခင်းဒေသက/ရော့ကီးတောင်တန်းက အင်ဒီးယန်းတွေလို
တိဗက်ဟာ ကိုယ့်ဥပဒေနဲ့ကိုယ်နေထိုင်နိုင်တဲ့ မြေကြီးလိုတယ်။
တိဗက်မှာကြာရင် တရုတ်အစိုးရကြောင့် လူတွေမီးလောင်ပြီးတစ်ယောက်မှကျန်မှာမဟုတ်။
တိဗက်မှာ ဆန္ဒပြသူတွေကိုဖမ်းရင် ပြာပဲရမယ်။
တိဗက်မှာ လူတစ်ယောက်ဟာ တစ်ခါသုံးပဲ။
တရုတ်အစိုးရကိုမကျေနပ်လို့ လူတစ်ယောက်ဟာကိုယ့်ကိုယ်ကိုယ်
မီးနဲ့ရှို့တယ်။ လူနှစ်ယောက် ကိုယ့်ကိုယ်ကိုယ်မီးနဲ့ရှို့တယ်
လူသုံးယောက်မြောက် ကိုယ့်ကိုယ်ကိုယ်မီးနဲ့ရှို့တယ်
လူလေးယောက်မြောက် ကိုယ့်ကိုယ်ကိုယ်မီးနဲ့ရှို့တယ်
လူငါးယောက်မြောက် ကိုယ့်ကိုယ်ကိုယ်မီးနဲ့ရှို့တယ်
……………………………………………………………..
……………………………………………………………..
အယောက်တစ်ရာမြောက် ကိုယ့်ကိုယ်ကိုယ်မီးနဲ့ရှို့တယ်
တစ်ရာ့တစ်ယောက်မြောက် ကိုယ့်ကိုယ်ကိုယ်မီးနဲ့ရှို့တယ်
(၁၅/၂/၂၀၁၃ အထိ)

ပိုင်

No comments:

Post a Comment