Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Sunday, May 25, 2014

** နောင်တ **

ကမ္ဘာသစ်ကြီး စတဲ့အခါ
အာဒံဟာ သူ ထုတ်ခဲ့တဲ့ နံရိုးကို
သူ့ကိုယ်ထဲ ပြန်ထည့်လိမ့်မယ် ။



Bo Han

** ကိုယ်ထူကိုယ်ထပျော်ရွှင်ခြင်း ** ခိုင်မြဲကျော်စွာ



ကိုယ်
အသက်၄၀ ကျော်လာပြီဆိုတော့
အပူပေးသလောက်တွေးခေါ်တတ်လာတယ် ။
ဓာတ်ကြိုးတန်းပေါ်က
ခုန်ချနေတဲ့ မိုးရေစက်တို့ရယ်
စိတ်မပျက်ပါနဲ့
ဒဏ်ရာဆိုတာ
တူနဲ့ထုမိတဲ့ မျှော်လင့်ချက်ပဲ ဖြစ်မှာပေါ့ ။
လောကနဲ့ တူသူ
သစ္စာပန်းပွင့်ဖြူဖြူလေးတို့လည်း
သစ္စာတရားအကြောင်း ကိုယ်ဟန်ပြရုံ
ငူငူငိုင်ငိုင်ရပ်လို့ ။
စစ်ကြိုခေတ်က
ဘတ်စ်ကားအိုကြီးတွေ ကြည့်စမ်း
သက်ပြင်းလမ်းမအဆင့်ဆင့်ပေါ်
ခန္ဓာကိုယ် နှိမ့်ချဖြတ်လျှောက်နိုင်ခဲ့တာပဲ မဟုတ်လား ။
အက်ကွဲလာစ
ဘ၀မှန်တင်ခုံကိုလည်း
ကိလေသာ ကြွေပြားအသစ်ကပ်
မြိန်ရေရှက်ရေ မမြင့်မြတ်ချင်တော့ ။
သူငယ်ချင်း
မင်း  ခုထိ ဘာဖြစ်ချင်နေတာလဲ မသိသေးဘူးလား မေးတယ် ။
စားကြွင်းစားကျန်လို အကုသိုလ်အကြံအစည်တွေ ဖြစ်ဖြစ်
၃၁ ဘုံအစပ်နား အားလုံးဆေးကြောလိုက်ချင်တာ ။
သစ်ရွက်လေးတွေဆို
အလိုနည်းနည်းနဲ့ ပေါ့ပါးနေကြ
အဲဒါအားကျတယ် ။

ခိုင်မြဲကျော်စွာ
အင်ပါယာ မဂ္ဂဇင်း - ၂၀၀၆

အေးအေးဆေးဆေးလမ်းကဗျာများ

Monday, January 6, 2014

ကြူးနှစ် ၏ တိရစ္ဆာန်ရုံသို့အလည်သွားခြင်း

ကြူးနှစ် ၏ တိရစ္ဆာန်ရုံသို့အလည်သွားခြင်း

ခင်သန်းနုအကြောင်းဝတ္ထု - ဆရာဇော်ဇော်အောင်

ဆရာဇော်ဇော်အောင် ၏ ခင်သန်းနုအကြောင်းဝတ္ထု အမည်ရှိ ၀တ္ထုတိုလေးကို
အသံထွက်ဝတ္ထုအဖြစ် တင်ဆက်လိုက်ပါသည်။
စီစဉ်တင်ဆက်သူ - နွေတမာန်
နောက်ခံအသံ - နွေတမာန်

Friday, January 3, 2014

အိမ် - ဇော်ထွန်းတင်

အိမ်

စကားပြောဖော်မရှိ
သေခြင်းတရားလည်းမရှိ။

နောက်ထပ်တွေ့ရှိစရာ
လောကရဲ့အစိမ်းရောင်များ
အသက်ရှူလိုက်တိုင်းညှီတယ်။

တင်းကျပ်တိတ်ဆိတ်မှုထဲ
ငြိမ်လို့
ဆွံ့အ အိပ်မက်များ။ ။

ဇော်ထွန်းတင်

ဟန်သစ် မဂ္ဂဇင်း
နိုဝင်ဘာ၊ ၁၉၉၉

** ငါဟာ မိန်းမ ** လင်းလွင်

** ငါဟာ မိန်းမ ** လင်းလွင်

တစ်ယောက်တည်းဆို ငါ ၀တ်လစ်စလစ် နေမယ်
အခု တစ်ယောက်ထဲ မဟုတ်တော့ ငါ ၀တ်လစ်စလစ်မနေဘူး
အချစ်ကိစ္စကို ငါ့ဘက်ကစရမယ်
အခု ငါက မိန်းမဆိုတော့ ငါစ လို့မရဘူး
ငါဟာ မိန်းမ
ငါဟာ အခူးအဆွတ်ခံဖို့ ပွင့်လာတဲ့ မိန်းမ
ခုနှစ်ရက်သားသမီး ဧည့်ခန်းတွေ အတွက်ဆို
မြန်မြန်ခူးဆွတ်စမ်းပါလို့ မြူဆွယ်နေတဲ့ မိန်းမ
ငါဟာ မိန်းမ
ငါဟာ အသီကုံးခံဖို့ ပွင့်လာတဲ့ မိန်းမ
ခုနှစ်ရက်သားသမီး ဧည့်ခန်းတွေ အတွက်ဆို
မြန်မြန် ကောက်ယူစမ်းပါလို့ ဖြားယောင်းနေတဲ့ မိန်းမ
ငါဟာ မိန်းမဆိုတော့ နေချင်သလိုနေလို့ မရဘူး
ငါဟာ မိန်းမ ဆိုတော့ ချစ်ချင်သလို ချစ်လို့ မရဘူး
မြုံနေတဲ့ ဝေဒနာတွေ နဲ့ ငါဟာ
မြုံနေတဲ့ မိန်းမတော့ မဟုတ်ဖူး
မိန်းမ ငါဟာ ကိုယ်ဝန်ဆောင်ထားတဲ့ မိန်းမ
ငါ့ကိုယ်ဝန်ဟာ အခုလက်ရှိ ကမ္ဘာနဲ့ ရတာပေါ့
ငါဟာ မိန်းမဆိုတော့ မိခင်ကောင်းတစ်ယောက်လည်းဖြစ်ရမယ်
အခု လက်ရှိကမ္ဘာ ရဲ့ အကျင့် စရိုက်ဆိုးတွေ
ငါမွေးဖွားလာမဲ့ ကမ္ဘာလေးမှာ ပါ မလာအောင်
ငါမွေးဖွားလာမယ့် ငါ့ ကမ္ဘာလေးကို ငါပျိုးထောင်ပေးရမယ်
ငါဟာ မိန်းမ
တရားမျှတမှု ကို တန်ဖိုးထားတဲ့
ငါ့ ကမ္ဘာလေးကို မွေးဖွားပေးချင်တဲ့ မိန်းမ
ငါဟာ မိန်းမ
နိုင်ငံတော်ကို ချစ်တတ်တဲ့
ငါ့ ကမ္ဘာလေးကို မွေးဖွားပေးချင်နေတဲ့ မိန်းမ
ငါဟာ မိန်းမ
ငါဟာ ကိုယ်ဝန်သည် မိန်းမ
အခုကတည်းက ကိုယ်ချင်းစာနာမှု အင်္ကျီလေးတွေချုပ်လို့
အခုကတည်းက ယဉ်ကျေးလိမ္မာ ပုံပြင်စာအုပ်လေးတွေ ဖတ်လို့ ။

လင်းလွင်

** ဗြောက်ဖောက်သူများ ** လင်းလွင်

** ဗြောက်ဖောက်သူများ ** လင်းလွင်



အသံမြည်ရုံ သက်သက်လေးထဲမှာ
အပျော်ရှာကြ
ကိုယ့်အသက်ကိုယ် ရှို့ ရှို့ ပြီးတော့လေ ။ ။

လင်းလွင် ( Aidea - August .. 2007 )

** သိုက်တူးသမားတယောက်အကြောင်း ပြန်လည်ပြောပြချက် ** သစ်ကောင်းအိမ်

** သိုက်တူးသမားတယောက်အကြောင်း ပြန်လည်ပြောပြချက် **
သစ်ကောင်းအိမ်

ကြေးစားကလည်း ကြေးစားပီသတယ်
ရန်သူကလည်း ရန်သူပီသတယ်
လူကလည်း လူပီပီသသ ။

မနက်ခင်းမှာ အရက်နာကျတယ်
နေ့လယ်ခင်းမှာ စိတ်ဓာတ်ကျတယ်
ညတွေမှာ ရင်ကွဲနာတွေကျတယ် ။

တီတူးပြီးရောင်းလို့ ရတယ်
ဆံပင်ဖြတ်ပြီးရောင်းလို့ရတယ်
တိုင်းပြည်ကိုလက်ညှိုးထိုးပြီးရောင်းလို့လည်းရတယ် ။

ဘာမနာလိုစရာရှိလဲ
အင်ဒရူးဝိုင်းယက်က ကိုယ်ပိုင်ကျွန်းမှာ ပန်းချီဆွဲတယ်
ငါက ကိုယ်ပိုင်အလွမ်းအဆွေးတွေနဲ့ ကဗျာရေးတယ် ။

ဘာမနာလိုစရာရှိလဲ
မင်းနဲ့ငါလည်း ငွေလိုနေတယ်
လူ သန်းပေါင်း (၆၀) လည်း ငွေလိုနေတယ်
အမေရိကန်အစိုးရမှာလည်း ငွေလိုနေတယ် ။

ဘာမနာလိုစရာရှိလဲ
သုဘရာဇာက အလောင်းအလှပြင်တယ်
ငါက စာအုပ်အလှပြင်တယ်
သွေးဆာရင်ကောင်းကင်မော့ကြည့်တယ်

ပန်းအလှစိုက်ပြီး
ယဉ်ကျေးချင်ယောင်ဆောင်သောလူသားကမ္ဘာမှာ
ခွေးအလှမွေးပြီး
ယဉ်ကျေးချင်ယောင်ဆောင်သောလူသားကမ္ဘာမှာ ။

ဘာမနာလိုစရာရှိလဲ
ကိုယ်က တောနက်တယ်
လောကက ငါးမန်းပေါတယ်
အသားအသားချင်းမို့ မှားယွင်းမိခဲ့တယ် ။

သစ်ကောင်းအိမ်

** တီ ရှ ပ် အ ၀ါ နဲ့ေ ကာ င် မေ လး ** စိုးဝေငြိမ်း

** တီ ရှ ပ် အ ၀ါ နဲ့ေ ကာ င် မေ လး ** စိုးဝေငြိမ်း

အဝေးပြေးလမ်းမကြီးတွေပေါ်
ကျွန်တော် အဆုံးမရှိလမ်းတွေ လျှောက်တယ် ...
လေတွေတအားတိုက်ပြီး ကားတွေက တအားမြန်တော့
ကျွန်တော့ ရစ်သမ်တွေက လွဲလို့ ...
ဘယ်လိုမှ အနှေးရိုက်ချက်တွေ ဖြစ်မလာဘူး
လက်လျှော့လိုက်ရတယ် ... ဒီလိုနဲ့ ...
နွေတွေ ခဏ ... ခဏ ... ပိုင်းစစိတ်မြွှာ
သူပြန်သွားတဲ့နေ့က သရီးကွာတားအစိမ်းလေး
တန်ခူးလေထဲမှာ ဖျပ်ဖျပ်ခါ ...
ကဗျာမှာ မပါဝင်နိုင်တဲ့ စကားလုံးတွေနဲ့
စကားလုံးတွေမှာ မပါဝင်နိုင်တဲ့ ကဗျာ ...
ဘာမှ ပြန်မတွေးတော့ဘူး ... ပျော်အောင်နေလိုက်တယ်
ဒါမှမဟုတ် ပျော်အောင်နေရတယ်
ဒီလိုမှ မဟုတ်သေးရင် ပျော်အောင်နေလိုက်ရတယ် ...
ဖြစ်မလာဘူး
ညက မိုးတစ်စက် ... နှစ်စက် ...
မနက်ကျတော့ ကျွန်တော်ဒီအတိုင်း ရပ်လျက်သေ ...
တီရှပ်အ၀ါလေးနဲ့ ... တစ္ဆေ ...
ရောမကားထဲက စစ်မြင်းတွေလို
ရိပ်ခနဲ ရိပ်ခနဲ သက္ကရာဇ်တွေ ... နံရံပေါ်မှာ
မေသန်းနုဟာ သက်မွန်မြင့် ဖြစ်လို့
စိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရတယ်
သင်္ကြန်မိုးချည်း ကျွန်တော်ရွာပေးခဲ့တော့
“ ပန်းတွေနဲ့ဝေ ” ရမယ့်အစား “ ပန်းတွေနဲ့ဝေး ” လို့
ဒစ်ဂျစ်တယ်နွေ မဟုတ်တော့လည်း
တစ်ပုဒ်တည်းကို ပြန်ကျော့နေချင်လို့ မရဘူး
ဘ၀ရဲ့ အလျားအတိုင်း ...
မြို့မငြိမ်း သီချင်းတွေကအစ ...
ဟိုကလေးမ ယုဇနအထိ
ကျွန်တော့် ဧပရယ်ငတိမလေးက တီရှပ်အ၀ါနဲ့ ရွှဲရွှဲစို ...
သရီးကွာတား အစိမ်းလေးနဲ့ ရွှဲရွှဲစို ...
ကိုမောင်မောင်ရေ ... ကျွန်တော်ကတော့
ခင်ဗျား သင်္ကြန်မိုးကိုချည်း ဖိဖိဆို ... ။ ။

စိုးဝေငြိမ်း

** မိန်းမ ** ခိုင်မြဲကျော်စွာ

** မိန်းမ ** ခိုင်မြဲကျော်စွာ

ဦးခေါင်းမီးစွဲလောင်တဲ့ကိစ္စထက် အရေးတကြီး
အရောင် ၊ အသံလှိုင်းများ စုတ်ယူတယ် ။
အမျိုးအစားကောင်းသီချင်းတွေ မျိုးကြဲဖို့
ချိတ်တွယ်စရာ ဓာတ်သတ္ထုအမျိုးမျိုးနဲ့
အက်ကြောင်းထစေရဲ့ ။
ယုံပါ
ကျောရိုးထဲ ရိုးတွင်းချဉ်ဆီ ပွက်ပွက်လောင်မြိုက်ကာ
ရေနစ်ပြီ ။
သြော် ........
မိန်းမ
အဆန်းတကျယ် ဒြပ်ထုအဖြစ် ဆိုက်ရောက်ရင်း
သဘာဝတရားကို ကျယ်ပြန့်စေတဲ့ သီးနှံမဟုတ်လား ။

ခိုင်မြဲကျော်စွာ
စတိုင်သစ် ၊ ဧပြီလ ၊ ၂၀၀၁

** သူငိုရင် တကမ္ဘာလုံးလှုပ်တယ် ** ယောဟန်အောင်

** သူငိုရင် တကမ္ဘာလုံးလှုပ်တယ် ** ယောဟန်အောင်

သူငိုရင်
တကမ္ဘာလုံးလှုပ်တယ် ။
သမီးရယ် ... မငိုလိုက်ပါနဲ့ ။
ဖေဖေ့ဘ၀ဟာ
တချိန်လုံး ကမ္ဘာလှုပ်ခဲ့ရသူပါကွယ် ....။

သမီး ... မသိဘူး။
လိုအင်ဆန္ဒဆိုတာ ငိုလို့ရခဲ့တာ မဟုတ်ဘူး ။
ဖေဖေ့ဘ၀ဟာ
အပြာ... ဘီလူးအပြာဂီတ
တည်ငြိမ်မှုနဲ့ လုံခြုံမှုဆိုတာ
ကမ္ဘာရွာကြီးမှာ ဘယ်မှာရလို့တုန်း ၊
ဂလိုဘယ်လိုက်ဇေးရှင်း ကာလကြီးပါ သမီးရယ်.... ။

အိပ်မက်တွေဆိုတာလည်း
တကယ်မဖြစ်ဘူး ။
ကမ္ဘာကုန်သွယ်ရေးမျှော်စင်ကြီးလည်း
ဒေါင်းဂျုံးလို ထိုးစိုက်ဆင်းခဲ့ရ
လူ (၃၀၀၀) ကျော် အိပ်မက်တွေဟာ
တမဟုတ်ချင်း ပြာဖြစ်သွားတယ် ။
ဘာကြာသေးလို့လဲ သမီးရယ် ...
ဒါနဲ့ပဲ
ဗုံးမိုးကျဲ
အာဖဂန်မှာလည်း သေကြပြန်တာပဲ ။

သမီးငိုတာ တောင်းဆိုတာမှန်း ဖေဖေသိတာပေါ့ ။
တောင်းတာမပြည့်ရင် ဒေါသဖြစ်ပြန်ရော
စိတ်ကြီးသူတွေရဲ့ ဒေါသတွေက အမုန်းတွေဖြစ်
အမုန်းတွေက ရက်စက်မှုတွေဖြစ်
ရက်စက်မှုတွေက ရက်စက်မှုတွေပြန်ဖြစ်
မေတ္တာကိုလည်း သိပ်မပြောကြတော့ဘူး ။
အချစ်ကိုလည်း သိပ်မပြောကြတော့ဘူး ။
ဈေးကွက်နဲ့ စစ်ပွဲပဲ ပြောကြတယ် ။
သမီးရေ ...
မငိုပါနဲ့
ဖေဖေချစ်ပါရဲ့ ။

ကမ္ဘာကြီးမှာ
ပိုယှက်နွယ်လာ
ဘာမှန်းမသိတဲ့ သတင်းတွေက ပိုများများလာ
ဖေဖေ့နေရာ နည်းနည်းလာ
သမီးရေ ...
ကမ္ဘာ့ရွာမှာ အိုးအိမ်မဲ့
ဖေဖေလည်း သမီးတောင်းတိုင်းပေးနိုင်ရဲ့
မထင်ပါဘူးကွယ် ။

သမီးကြီးလာရင်
အလွန်ရိုးသားတဲ့ ဆက်ဆံရေးတွေ
အလွန်ကျိုးကြောင်းဆီလျော်တဲ့ အဖြစ်အပျက်တွေ
အလွန်လွယ်ကူတဲ့ ဘ၀တွေ
ရှိလေတော့မှာ မဟုတ်ဘူး ။
အကျဉ်းအကြပ်ဆိုတာရယ် ၊
ကပ်ဆိုတာရယ် ခဏခဏကြားရမယ် ။

တချို့က ခန္ဓာကိုယ်ကို ရောင်းစားတယ် ။
တချို့က ရက်ဇူမင်း( Resume )ရောင်းစားတယ် ။
တချို့က သိက္ခာကို ရောင်းစားတယ် ။
တချို့ကလည်း နိုင်ငံကိုပါ ရောင်းစားကြတယ် ။
လက်မှတ်ထိုးတဲ့ လက်ဟာ မြို့ကိုဖျက်သတဲ့ ။
ချိန်ခွင်နဲ့ ငွေကိုင်တဲလက်တွေလည်း မထူးပါဘူးကွယ် ။

သူများတွေက အာဂျင်ဒါ( Agenda )တင်ပို့တယ် ။
ယဉ်ကျေးမှုတင်ပို့တယ် ။
တချို့ကျတော့လည်း ကျွန်တွေပြန်တင်ပို့တယ် ။
သဘာဝပတ်ဝန်းကျင် ပြန်တင်ပို့တယ် ။
မြစ်တွေ ပြန်တင်ပို့တယ် ။
သမီးဖေဖေက ရောင်းစားဖို့ ဘာရှိလို့တုန်း
မာနချမ်းသာတာနဲပဲ ငတ်နေရ ။

ဒါကိုပဲ...
သမီး အမွေရမှာပဲ ။
မေမေကတော့ ကြောက်နေရဲ့ ။

ယောဟန်အောင်
၂၆၊ ၁၀၊ ၂၀၀၁

** တိမ်တို့ဧ။်အကြောင်း ** ကွန်ပလိုင်း

** တိမ်တို့ဧ။်အကြောင်း ** ကွန်ပလိုင်း

ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စကို
ဝမ်းနည်ရကောင်းမှန်းမသိတာကိုက
ဝမ်နည်းစရာသိပ်ကောင်းနေပြီ ကိုယ့်လူ ။

လေက သူ့ လက်ဖ၀ါးနုနုလေးနဲ့
ယုယပွတ်သပ်ချော့မြူလိုက်ရင်
အမြီးကလေး ကော့ကော့ပြီး
မြေကြီးမှာ လူးလိမ့်ဆော့ကစားတဲ့ ကြောင်ကလေးလို
အဲ့ဒါ တိမ်တွေပေါ့ ကိုယ့်လူ ။

လေက ကြိမ်တစ်ချက်တို့လိုက်ရုံနဲ့
သူ့ခမျာ ရိုရိုကျိုးကျိုး
တိုးတိုးပြီး ရုန်းနေလိုက်ရတာ
အဲ့ဒါ တိမ်တွေပေါ့ ကိုယ့်လူ ။

လေရဲ့ စုတ်တံအဖျားလှုပ်တိုင်း
ရုပ်သဏ္ဍာန်တွေ ကွဲပြားကြွ ရွ
ခဏလေး တစ်စစီပဲ့ ကွာ
အဲ့ဒါ တိမ်တွေပေါ့ ကိုယ့်လူ ။

နီဆိုရင် နီလိုက်ရ
ဝါဆိုရင် ၀ါလိုက်ရ
ပြာဆိုရင် ပြာလိုက်ရနဲ့
တိမ်နီ ၊ တိမ်ဝါ ၊ တိမ်ပြာတွေ သန်းပါလို့ဆိုပြီး
အလွမ်းသီချင်းလေးတောင် အရေးခံလိုက်ရတာ
အဲ့ဒါ တိမ်တွေပေါ့ ကိုယ့်လူ ။

မီးနီရင် ရပ်
မီးစိမ်းရင် မောင်း
လွတ်လပ်တဲ့ ကောင်းကင်ကြီးမှာ
မောင်းချင်တိုင်း မောင်းလို့ မရနဲ့
စိတ်ကို အကြောင်းခံနေရမှန်း မသိရှာ
အဲ့ဒါ တိမ်တွေပေါ့ ကိုယ့်လူ ။

ဘ၀ပါးပါးလေးထဲမှာ
ခြေဖျားလေးထောက်ကြွထောက်ကြွနဲ့
ငါ တိမ်ကွ
ငါတိမ်ကွနဲ့
လက်မလေး တစ်ထောင်ထောင် လုပ်နေတာ
အဲ့ဒါ တိမ်တွေပေါ့ ကိုယ့်လူ ။

ဟော...
တောဆုံးတောင်ဖျား
ခြောက်ချား ဟည်းဆ ပွက်ညံ
တောင်ပံ ရိုက်ခတ်သံတွေ ကြားလိုက်ရတော့
အဲ့ဒီ တိမ်တွေကို သနားလိုက်တာ ကိုယ့်လူ ။

ကွန်ပလိုင်း

** ကျွန်တော်တို့ရောက်ရှိနေတဲ့အရွယ် ** ကြည်ဇော်အေး

ကျွန်တော်တို့ရောက်ရှိနေတဲ့အရွယ

လေကောင်းလေသန့်နဲ့
နေရောင်ခြည်လုံလုံလောက်လောက်ရရှိရေးဆိုတာတွေအပြင်
အရေးဆိုချင်တာတွေအများအပြားနဲ့အရွယ်
လမ်းပေါ်မှာပျော်တဲ့အရွယ်
အိမ်ပေါ်ကဆင်းတဲ့အရွယ်
ပြဿနာရှာတဲ့အရွယ်
နံရံကို လက်သီးနဲ့ထိုးခဲ့ဖူးတဲ့အရွယ်
အထ္ထုပ္ပတ္တိတွေခါးကြားထိုးခဲ့ဖူးတဲ့အရွယ်
လက်မောင်းမှာ ဆေးမှင်ကြောင်ထိုးချင်တဲ့အရွယ်
သွေးသားဟာ
ဆေးဝါးတွေနဲ့ယဉ်ပါးစပြုတဲ့အရွယ်
မိန်းမတွေနဲ့ ယဉ်ပါးစပြုတဲ့အရွယ်
ရှို့လိုက်ရင် မီးလောင်တဲ့အရွယ်
ကမ္ဘာပါတ်ချင်တဲ့အရွယ်
တိုင်ပါတ်နေတဲ့အရွယ်
မြွေဖမ်းချင်တဲ့အရွယ်
သူများပိုက်ဆံတွေနဲ့ ပတ်သက်ခဲ့ဖူးတဲ့အရွယ်
ကုန်တင်ကုန်ချတွေနဲ့ ပတ်သက်ခဲ့ဖူးတဲ့အရွယ်
ရေနံတွင်းတွေနဲ့ ပတ်သက်ခဲ့ဖူးတဲ့အရွယ်
သံသရာလည်ခြင်းကို
ရထားတစ်စင်းနဲ့ ပမာပြုတာလောက်တော့
ဟားတိုက်ပစ်ခဲ့ဖူးတဲ့အရွယ်
ဘုရားအလောင်းသင်္ဘောသားသင်္ဘောပျက်သလို
လောကကိုလက်ပစ်ကူးနေတဲ့အရွယ်
သွေးရူးသွေးတန်းအရွယ်
ခုကျွန်တော်တို့ ရောက်ရှိနေတဲ့အရွယ်
ခုခင်ဗျားတို့ ရောက်ရှိနေတဲ့အရွယ်။ ။

ကြည်ဇော်အေး
မဟေသီမဂ္ဂဇင်း၊ ၂၀၀၇။

** သိပ်မစဉ်းစားဘူးဆိုရင် ** ကြည်ဇော်အေး



လမ်းပေါ်မှာ ပြေးလွှား
ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့ ခေတ်ထဲမှာ
နဖူးကချွေး ဘယ်နေရာကျရမှန်းမသိအောင်
အစချီ ညည်းညူတော့မယ် မထင်လေနဲ့
လိုက်လျောညီထွေ အဆင်ပြေပြေ
ပေါ့ပေါ့ပါးပါး ဆိုပါတော့
ဘယ်စာအုပ်မှ ခေါင်းအုံးမထားဘဲ
သက်တောင့်သက်သာ အိပ်ပျော်နည်းစာအုပ်ဖတ်ပြီး
အိပ်မက်လှလှ မက်ပါစေဆိုလည်း
အလိုမပြည့်တာလေးတစ်ခုပါပဲ
ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့ လှော်ရအောင်ကလည်း
ဘယ်တက်က ဘယ်နေရာရှိမှန်း မသိတာလေးတစ်ခုပါပဲ
လာမယ်မှန်းမသိ မလာမယ်မှန်းမသိ
တောင်ငေးရင်း မြောက်ငေးရင်း
တောင်မှန်း မြောက်မှန်းမသိ ဖြစ်နေတာလေးတစ်ခုပါပဲ
နှစ်သုံးဆယ်လုံးလုံး နှုတ်ခမ်းကိုချည်း ဖိကိုက်ခဲ့ရတော့
နှုတ်ခမ်းဟာ သွေးသံရဲရဲ ဖြစ်နေတာလေးတစ်ခုပါပဲ
အရည်မရ အဖတ်မရ
လူမုန်းစုန်းစာအဖြစ် အဖတ်တင်ခဲ့တာလေးတစ်ခုပါပဲ
သည်းခံခြင်းဟာ ဘတ်စ်ကားစီးရင်းရခဲ့တာလို့
ပေါ့ပျက်ပျက် သံဝေဂတွေလည်း ပျင်းစရာကောင်းပါတယ်
သီချင်းကျယ်ကျယ်အော်ဆိုရင်း
ကမ္ဘာကြီးကျဉ်းလာတယ်ဆိုတော့
နောက်ထပ်ဟာသတစ်ခု နားထောင်ရသလိုပေါ့လေ
ဒီလိုပဲ သဘောထားပါတယ်
ဒီလိုသဘောထားမျိုးနဲ့ တစ်လမ်းဝင် တစ်လမ်းထွက်
တစ်ခွက်ပြီး တစ်ခွက် ရက်ရက်စက်စက်
ဘာပဲဖြစ်ဖြစ် သိပ်မစဉ်းစားဘူးဆိုရင်ပေါ့လေ
ဘာပဲဖြစ်ဖြစ် လိုက်လျောညီထွေ အဆင်ပြေပြေပါပဲ။ ။


ကြည်ဇော်အေး
ရယ်စရာမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၆

** မိမိကိုယ် မိမိ ခိုးယူခြင်း ** ကေဇော်




(၁)
သံစူးထားတဲ့
၂၅နှစ်သားလေး
ကောင်းကင်နှစ်ထပ်နဲ့ နေတယ် ။

(၂)
သမံတလင်းတွေ ကွဲအက်
တစ်ချက်ချင်း အသက်ရှုသံတွေ
သွန်ပစ်နေတာ
အမေရေ ...
ကျွန်တော်နဲ့ ကျွန်တော်
မိုင်ပေါင်းများစွာ ဝေးကွာရ
ကျွန်တော်နဲ့ ကျွန်တော်
နှစ်ပေါင်းများစွာ ခွဲခွာရ
အိပ်မက်တွေ
တချို့ မွေးကင်းစမှာ သေဆုံး
အားလုံးအတွက်
ကျွန်တော် ကိုယ်လွတ်ရုန်းသွားတာလား ။

(၃)
တစ်ခါမှ
မရောက်ဖူးတဲ့ မနက်ဖြန်
မျက်လုံးထဲက တောင်တွေဆီ
သွားဖို့
အခေါက်ခေါက် အခါခါ အမှောင်များ
ဘယ်လို ခုတ်ထွင်လင်းကျင်းပ
(ရိပ်ခနဲ) မြေကြီးပေါ်မှာ
ငှက်တစ်အုပ်
ကျပ် ကျပ် တည်း တည်း ပျံသန်းသွား။

ကေဇော်
နွေဦး ကဗျာမဂ္ဂဇင်း
အမှတ်(၁)၊ ၁၉၈၈ခုနှစ်၊ ဇွန်လ

Wednesday, December 25, 2013

ငှက်စုန်း


(၁)
သည်ရွာကလေးကို လူတွေက လက်ပဒေါ လို့ပဲခေါ်တယ်။ တကယ်စာနဲ့ပေနဲ့ ရေးရင်တော့ လက်ပံတော ဖြစ်ရမှာပေါ့လေ။ ဖိတ်စာတွေဘာတွေမှာ လက်ပံတော ရွာနေ အဘဦးဖိုးဂေါင်ကို အမှူးထား၍…. ဘာညာစသည်ဖြင့် ရိုက်ရင်တော့ လက်ပံတောလို့ ရိုက်ကြတာပေမယ့် လူတွေပါးစပ်ကတော့ လက်ပဒေါ ခေါ်တာပါပဲ။ လက်ပဒေါ ဆိုရင်လည်း သည်ရွာကို ညွှန်းမှန်းသိတယ်။ ခက်တာက ရွာကိုသာသိတာပါ ၊ သွားတာတော့ ဘယ်သူမှ မသွားချင်ဘူး။ သွားရတာလည်း လွယ်တာမဟုတ်ဘူး။
         ဆည်မြောင်းလက်တံမြောင်းကို ကန့်လန့်ဖြတ်ရတာလည်း ရှိတယ်။ လက်တံမြောင်းကြီးကလည်း တစ်ခါတစ်ခါ ပဲချိန် ၊ နှမ်းချိန် ရေလွှတ်ထားရင် လူ့ခါးစောင်းလောက် ရေရှိနေတာဆိုတော့ တော်ရုံလူက တော်ရုံကိစ္စနဲ့ မဖြတ်ကြဘူး။ တော်တော်ဝေးတဲ့ နေရာမှာတော့ မြောင်းကူးအုတ်တံတားဟောင်းကြီး ရှိပေမယ့် ဘယ်သူက အဲသည့် သွားကူးနေမှာတုန်း။ ဝေးသမှ တော်တော့်ကိုဝေးတာ။ ကူးပါပြီတဲ့။ တစ်ဖက်ကမ်းရောက်လို့ ပြီးသေးတာ မဟုတ်ဘူး။ ပြောင်းတောကြီးဖြတ်ရသေးတာ။ ပြောင်းတောထဲ မရောက်ခင် ပတ်ကြားအက်နေတဲ့ လယ်တောခြောက်ခြောက်ကြီးထဲကို တော်တော်လေး ဆင်းရသေးတယ်။ ပြီးမှ ပြောင်းခင်းထဲ ရောက်တယ်။ ပြောင်းခင်းကို ဖြတ်ပြီးရင် လက်ပဒေါရွာစပ်ကို ရောက်ပြီ။ ယာခင်းမြေနီစပ်က ကိုလုံးထန်းရွက်တဲဟာ လက်ပံတောရဲ့ ရွာဦးဆိုင်းဘုတ်ပဲ။
          ဒါပေမယ့် ပါးစပ်က ပြောရတာ လွယ်တာကလား။ တကယ်သွားတော့ သည်လောက် လွယ်တာမဟုတ်ဘူး။ ဒါဖြင့်ရင် စက်ဘီးနဲ့ သွားပါလား ဆိုတော့လည်း စက်ဘီးစီးစရာကိုပဲ လမ်းမရှိတာ။ မြင်းလှည်းတော့လည်း ဖြစ်ဖြစ်မည် သွားရင် ရပေမယ့် အုတ်တံတားရှိတဲ့နေရာထိက ဝေးတော့ မြင်းလှည်းက လက်ပဒေါ ဆိုတာနဲ့။ “အားပေါင်ဗျာ” လုပ်တော့တာ။ ဒါက လက်ပဒေါကို သွားဖို့ ကိုယ့်ဘက်က စဉ်းစားတာ။ လက်ပဒေါ ဘက်ကတော့ စဉ်းစားနေတာ မဟုတ်ဘူး။ မြောင်းလက်တံကြီးကျော်ပြီး ကမ်းပေါ်တက်လိုက်မှ မြစ်လောင်း ဧရိယာထဲ ရောက်တာဆိုတော့ လာရတာပဲ။ ကူးရတာပဲ။ ကျားတံဆိပ် မီးခြစ်တစ်ဖာနဲ့လည်း မြောင်းရေထဲ ကူးရတာပဲ။ ဘီအိုစီဖယောင်းတိုင်လေး တစ်တိုင်နဲ့လည်း ပြောင်းခင်းထဲ မြွေမကြောက် ၊ ကင်းမကြောက် ကူးရတာပဲ။ လင်က ကွင်းကြိုကွင်းကြားထဲက ထိုးလာတဲ့ကြွက်ကို ခုတ်ထစ်ပြီး ရင်နှစ်ခြမ်းခွဲ ၊ မီးရဲရဲမှာကင်ပြီးရင် ကင်ထားတဲ့ တုတ်တံမည်းမည်းနဲ့ပင် ထမီရင်လျားကြီးနဲ့ မြစ်လောင်းကို ပြေးရောင်းရတာကလည်း ကြွက်ရရင် ရသလိုကိုး။
          မီးခြစ်တစ်ဖာ ၊ ဖယောင်းတစ်တိုင်နဲ့ မြစ်လောင်းသွားရလို့ လက်ပဒေါမှာ အိမ်ဆိုင်မရှိဘူးလားဆိုတော့လည်း မရှိဘူး။ အိမ်ဆိုင်နေနေသာသာ ဖျားလို့ ၊ နာလို့ ဆေးခန်း၊ ဆေးရုံ မရှိတာထား ၊ ကျားခေါင်းလေး ၊ ချမ်းအေးလေး တစ်ထုပ်လောက် ဝယ်ချင်လို့တောင် ကိုယ်ခွဲမရှိရင် အဖျားတက်ကြီးနဲ့ ပြေးရတဲ့ရွာကိုး။ လက်ပဒေါရဲ့ နာမည်ကျော် ရောင်းကုန်ကတော့ လယ်ကြွက် ၊ ကွင်းကြွက်ကို တုတ်နှစ်ချောင်း ထိပ်ဆိုင်ချည်ပြီး ကင်ထားတဲ့ကြွက်ကင်ပဲ။ ကြွက်ကင်သွားရောင်း ၊ ရောင်းရတဲ့ ပိုက်ဆံနဲ့ ဆန်နို့ဆီနှစ်ဘူး ၊ သုံးဘူး ဝယ်ပြီး ပြန်လာတာဟာ မြစ်လောင်းနဲ့ လက်ပဒေါရဲ့ ကုန်ကြမ်းပေး ၊ ကုန်ချောယူ ဆက်ဆံရေးပဲ။ မြစ်လောင်းက လူတွေကလည်း လက်ပံတော ကြွက်ကင်များတော့ ကြိုက်တယ်။ ကြိုက်တဲ့ အချိန်ယူသာလာခဲ့။ နောက်ဆုံး လူတွေအိပ်ချိန်ဆိုရင်တောင် ဘုံဆိုင်ကိုသာ နှိုး ၊ ယူတယ်။ ပိုက်ဆံမယူချင်ပါဘူး ဆိုရင် ဆန်နှစ်ဘူး ချင်ပေးတယ်။ လက်ပဒေါမှာ ကြွက်ကင်ဟာ ပိုက်ဆံပဲ။ လက်ပံတောမှာ ကြွက်တွင်းရှာတာဟာ ပိုက်ဆံရှာတာပဲ။ ဒါမှမဟုတ် ဆန်ရှာတာပဲ။
         မြစ်လောင်းဆိုတာကတော့ သည်နားတကြောမှာ တိုက်နယ်ရွာကြီးဆိုတော့ ဂတ်တဲရှိတယ်။ စာသင်ကျောင်းရှိတယ်။ တူတူတန်တန်ဈေးကလေး ရှိတယ်။ ကျေးလက်ကျန်းမာရေး ဆေးခန်းရှိတယ်။ ဆန်စက်တောင် တစ်လုံးလား ၊ နှစ်လုံးလားရှိတယ်။ ထားပါတော့။ သောင်သာတယ်။ ဆိုတော့ကာ မြစ်လောင်းသူ ၊ မြစ်လောင်းသားက ဈေးထဲမှာ ယောက်ျား၊ မိန်းမ အရောင်မွဲမွဲတွေ့ရင် ဒါ လက်ပဒေါက ဆိုတာ သိတော့ ၊ သူတို့ အချင်းချင်း စကားပြောရင်တောင် “လူကိုက လက်ပဒေါကာလာနဲ့” လို့ ပြောတတ်ကြတာတွေလည်း ရှိတယ်။ လက်ပဒေါက လူတွေဟာ ဆင်းရဲကြတာကို ပြောချင်တာပါ။ ဆင်းရဲပေမယ့် လက်ပဒေါသားတွေဟာ ရိုးသားကြတယ်။ မြစ်လောင်းဂါတ်တဲက လက်ပဒေါကို တရားခံသွားဖမ်းရတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ လက်ပဒေါက တဲကလေးတွေဟာ ဘာတံခါးမှ မရှိတာတောင်မှ သစ်သားယောင်းမတစ်ချောင်း မပျောက်ဖူးဘူး။
         ရွာသားအားလုံးကတော့ ကြွက်ထိုးစားတာ မဟုတ်ပါဘူး။ သည်ဆည်မြောင်း လက်တံကြီးကို ဖာဖို့ ထေးဖို့ ပြုဖို့ ပြင်ဖို့ ရာသီအလိုက် ခန့်ထားတဲ့ အလုပ်သမားတွေလည်း ရှိတယ်။ သူတို့ကို သည်အရပ်က “မြောင်းလျှောက်” လို့ ခေါ်တယ်။ မြောင်းကြီးတလျောက် လမ်းလျှောက်ရင်း မြောင်းကျိုးတာ ၊ မြောင်းပဲ့တာ လိုက်ဖာရတဲ့လူတွေဆိုတော့ မြောင်းလျှောက်လို့ ခေါ်တာလည်း မမှားဘူး။ ခက်တာက သည်အလုပ်က မိုးတွင်းမှာမှ ခဏလေးခန့်တာ။ နွေမှာ အလုပ်မရှိဘူး။ ကိုယ့်ဟာကိုယ်ရှာလုပ်ပဲ။ ရှာစားပဲ။ ရှာသောက်ပဲ။ လက်ပဒေါကို ခရီးကြုံမှာရင်လည်း ရတယ်။
          “လက်ပဒေါက မြောင်းဆောက်ဘုံတီးကို ပြောလိုက်စမ်းပါကွာ၊ နက်ဖျင်ညှ အဆေ့ကျောင်းကို လာပါလို့….. မြင့်လောင်းက စံထွန်းအလှူမတိုင်ခင် မြေညှိချင်လို့ လို့ …. နှော” လို့ မှာလိုက်ရုံပဲ။ မြောင်းဆောက်ဆိုတာ မြောင်းလျှောက်လို့ ပြောတာပါ။ နက်ဖျင် ဆိုတာ မနက်ဖြန်။ ညှ ဆိုတာ ည။ အဆေ့ကျောင်းဆိုတာ အရှေ့ကျောင်း ၊ နှော…ဆိုတာက နော….ကိုပြောတာပါ။ သူတို့ချင်းကတော့လည်း အဆင်ကိုပြေလို့ပါ။ ဒါဆို လက်ပံတောက မြောင်းလျှောက်ကိုဘုံတီးက ပေါက်တူးကိုင်ပြီး မြစ်လောင်းကို သုံးလေးရက် ကူးသွားတာပါပဲ။ ပြောချင်တာက လက်ပဒေါက လူတွေဟာ အဲသလို လူတွေ။ လက်ပဒေါဟာ အဲသလို ရွာကလေး။

(၂)

          လက်ပဒေါဟာ ရှိလှရင် အိမ်ခြေ ၂၀ ကျော်ပါပဲ။ လက်ပံပင်ကြီးတစ်ပင်တည်း ရွာထိပ်ရှိနေတာကို ဘယ်သူက လက်ပံတောလုပ်ထားတာလဲ ဘယ်သူမှ မသိဘူး။ ဒါက အကြောင်းလည်း မဟုတ်ပါဘူး။ နာမည်ရှိတာပဲ တော်လှပြီ။ နောက် ရွာအနောက်က သင်္ဂျိုင်းရာကလေးရှိတယ်။ သည်သင်္ဂျိုင်းရာကလေးက လက်ပဒေါသင်္ဂျိုင်းသက်သက်တော့ မဟုတ်ဘူး။ လက်ပဒေါနောက်ဝေးဝေးက ကြက်ဆူပင် ၊ မိုးနှံကုန်း ၊ ပျဉ်းမကုန်း ရွာတွေကလည်း လူမှသေရင် ဒီသင်္ဂျိုင်းလာတာပဲ။ သင်္ဂျိုင်းစပ်မှာ ညောင်ပင်အိုကြီး တစ်ပင်ရှိတယ်။ တစ်ခြမ်းးက ခြောက်တောင်နေပါပြီ။ တစ်ခြမ်းက ခြောက်လို့ တစ်ခြမ်းက စိမ်းလို့။ ထားပါတော့ ၊ အပင်ကလည်း ကြီးကြီးဆိုလို့ လက်ပံတောမှာ သည်လက်ပံပင်နဲ့ ဒီညောင်ခြောက်ပင် နှစ်ပင်ပဲရှိတယ်။
          တစ်နေ့တော့ လူဦးရေ တစ်ရာကျော်လောက် ဆင်းဆင်းရဲရဲနေရတဲ့ ၊ သစ်ပင်ကြီးနှစ်ပင်နဲ့ လက်ပဒေါမှာ လူသေမှုစဖြစ်တယ်။ လူသေမှုကို ပြောတာနော်။ လူသတ်မှုမဟုတ်ဘူး။ သူ့ဟာသူ နေရင်းထိုင်ရင်းသေတာကို ပြောချင်တာ။ ဟ… လူနေတဲ့ရွာပဲ ၊ လူသေတာပြောစရာရှားလို့ မေးချင်ရင်လည်း မေးဖို့ပဲ။ ဒါပေသိ လက်ပဒေါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ၊ အစိတ်ကတည်းက ကနေ့ထိ တစ်ခါမှ လူသေဖူးတာမဟုတ်ဘူး။ နာမည်ကသာ လက်ပဒေါသင်္ဂျိုင်း ၊ လက်ပဒေါသား၊ လက်ပဒေါသူ တစ်ယောက်မှ မြေကျဖူးတာ မဟုတ်ဘူး။ နှစ်အစိတ် ဟိုဘက်ကတော့လည်း ရှိချင်ရှိမယ်။ ဒါတော့ဘယ်သူမှ မပြောနိုင်ဘူး။ မှတ်မိသလောက်တော့ သည်နှစ်ပေါင်း အစိတ် သုံးဆယ်လောက်ထဲမှာတော့ မသေဖူးသေးဘူး။ ဒါတော့ သေချာတယ်။
          တစ်ညတော့ လက်ပဒေါရွာကို ကန့်လတ်ဖြတ် ပျံသွားတဲ့ ငှက်တစ်ကောင်က စူးစူးကြီးအော်ရင်း လက်ပဒေါညကို ခပ်ပြင်းပြင်းပုတ်နှိုးလိုက်တယ်။ သည်ငှက်အော်သံမျိုးကို လက်ပဒေါက အင်မတန်ဆင်းရဲတဲ့လူတွေ မကြားဖူးတာကြာပြီ။ သည်ရွာက လူတွေကလည်း ဟိုဘက်က တစ်တဲ ၊ သည်ဘက်က တစ်အိမ် ၊ လက်ပဒေါလာစုရင်းက နေကြရတာဆိုတော့ ကိုယ်ဖြတ်သန်းကြီးပြင်းခဲ့ရာ ငယ်ဘဝတုန်းကတော့ ကြားဖူးကြတာချည်းပေါ့။ ဒါဟာ ငှက်စုန်းတစ်ကောင်ရဲ့ အော်သံဆိုတာလောက်တော့ သိတာပေါ့။ သည်ကောင်မှ အပေါ်ကဖြတ်အော်ရင် ၊ ဒါမှမဟုတ် လူမမာအိမ်ခေါင်က ဖြတ်အော်ရင် ဒါဟာ မင်္ဂလာမရှိဘူး ဆိုတာလောက်တော့ သိတာပေါ့။ ကျက်သရေ မရှိဘူးဆိုတာလောက်တော့ သိတာပေါ့။ အဲသည်ညက သိခြင်းနဲ့ ကြောက်ခြင်းဟာ တစ်ချိန်တည်းဖြစ်တယ်။
         အဲသည်မှာတင် တစ်ရွာလုံးက ငှက်စုန်းသံကြားတာနဲ့ အိပ်ယာထဲ လှဲနေရာက ထကြတယ်။ ပါးစပ်ကလည်း “ဖွဟဲ့…. နင့်ဒဏ်နင်ခံ … နင့်ဒဏ်နင်ခံ” လို့ ရေရွတ်ကြတယ်။ ပြီးတော့ မိသားစုတွေဟာ မီးတိုင်ခွက်ရောင်နီကျင်ကျင် ၊ မှုန်တိမှုန်မွှားထဲမှာ တစ်ယောက်ရဲ့မျက်နှာ တစ်ယောက် လိုက်ကြည့်နေကြတယ်။ မိန်းမကလည်း ယောက်ျားကို “တော်နေကောင်းပါတယ်နော်” ဆိုတဲ့ မျက်နှာနဲ့ ကြည့်တာ။ ယောက်ျားကလည်း “နင် နေရထိုင်ရတာ ကောင်းရဲ့လား မိသေးရာ” ဆိုတဲ့ မျက်နှာနဲ့ ကြည့်နေတာ။ နီးစပ်ရာ ကိုယ့်ကလေးတွေရဲ့ နဖူးတွေကိုလည်း မှတ်မှတ်ရရကြီး စမ်းလိုက်ကြတာလည်း လက်ပဒေါက တဲကလေးတွေထဲမှာ အားလုံး အတူတူလောက် နေမှာပါပဲ။
          အေးလေ။ ညဘက်ထွက်တဲ့ ညငှက်တစ်ကောင်က သူ့ဟာသူ သူ့ငှက်လမ်းကြောင်းပေါ်မှာ ပျံသန်းရင်း အော်ဟစ်လိုက်တဲ့အသံဟာ လူတွေအားလုံး ငုတ်တုတ်ထ ထိုင်ကြရတယ်။ ပါးစပ်ကလည်း ပြိုင်တူ တစ်စုံတရာ ရေရွတ်လိုက်ရတယ်။ သည်ငှက်သံကပဲ သေခြင်းတရားကို ကိုက်ချီပြီး ရွာကလေးပေါ်မှာ ပစ်ချထားခဲ့တာမျိုးလို့ မျက်နှာထားတွေ ဖြစ်သွားကြရတယ် ဆိုတာကလည်း စဉ်းစားကြည့်ရင် ရယ်တော့လည်း ရယ်စရာကြီးပေါ့လေ။

(၃)

          ဒါပေမယ့် ဒါဟာ ရယ်စရာ မဟုတ်ပါဘူး။ လက်ပဒေါမှာ နှစ်တော်တော်ကြာကြာ ပျောက်ကွယ်နေတဲ့ သေခြင်းတရား ရုတ်တရက်ရောက်လာတာဟာ ရယ်မောစရာ ကိစ္စမဟုတ်ပါဘူး။ လူသေတာဟာ နှစ်သက်စရာ မဟုတ်ဘူး။ ဒါပေသိ လက်ပဒေါမှာ လူက တကယ့်ကို အဲ့သည်ညက သေတယ်။ သေတဲ့လူက လှတင် လို့ ခေါ်တယ်။ မြောင်းလျှောက်ပါပဲ။ လက်ပဒေါကို ငှက်စုန်းဖြတ်သွားပြီး လူတွေအားလုံးက အိပ်မောကျနေချိန်မှာ လှတင် ကြွက်ထိုးတဲ့ မှိန်းကိုထောက်ရင်းသူ့တဲကို ပြန်ရောက်လာတယ်။
          “မြမေ… ထစမ်း ၊ ငါ့ကို အကောင်ကိုက်လိုက်လို့”
ဒါပဲ ပြောနိုင်တယ်။ တဲဝမှာ ဝုန်းကနဲ လဲသွားတယ်။ သူ့မိန်းမ မြမေက နိုင်သလောက်ပွေ့ပြီး တဲအတွင်းဘက်ကို သွင်းတယ်။ အကောင်ကိုက်လိုက်တယ် ဆိုတဲ့နေရာတွေကို ရှာကြည့်တယ်။ လယ်ထဲ ကွင်းထဲ ကြွက်သွားထိုးတဲ့သူ အကောင်ကိုက်တာ ခြေဖျားဘက်ဖြစ်ရမှာပေါ့လို့ တွက်ရင်း ကြည့်လိုက်တော့ ဆေးလိပ်မီးနဲ့ထိုးထားလို့ အသားစတွေလန်နေနဲ့ ညာဘက် ခြေဖခုံဟာ မောက်မောက်ကြီးယောင်ကိုင်းနေတယ်။
“ကိုလှတင်… ကိုလှတင်…”
မရဘူး။ ခေါ်လို့ မရတော့ဘူး။ တော်တော့်ကို ဝေးတဲ့နေရာလောက်က ငှက်စုန်းထိုးသံကြီး တစ်ချက်ကြားပြီး ဘာကြာတုန်း လှတင်သေရော။ မမြမေ ငိုသံက ငှက်စုန်းထက်ကျယ်တော့ အားလုံးနှိုးကုန်ကြရော။ မမြမေတို့ တဲကလေးရှေ့ကို စုစုဝေးဝေးရောက်လာကြတယ်။ မိုးမလင်း တလင်း ညကြီးသန်းလွဲမှာ လက်ပဒေါက လူတွေဟာ သေသူရဲ့ခြေထောက်က ဒဏ်ရာကိုမကြည့်ဘူး။ မဲနက်နေတဲ့ကောင်းကင်ကို မော့ကြည့်နေကြတယ်။ ငှက်တစ်ကောင်ကို ရှာနေကြတာထင်ပါရဲ့။
“မနက် မြစ်လောင်းက ဘုန်းကြီးပင့်ဖို့စီစဉ်ကွာ”
တစ်ယောက်က အကြံပေးတယ်။ လက်ပဒေါမှာ သရဏဂုံတင်စရာ ဘုန်းကြီးမှ မရှိတာကိုး။

(၄)

လက်ပဒေါမှာ ငှက်စုန်းကြီးအော်လို့ ငါးရက်တောင် မပြည့်သေးဘူး။ လက်ပဒေါမှာပဲ နောက်တစ်ယောက်သေပြန်ရော။ သေတဲ့လူက ကျင်စိန်တဲ့။ အရက်သမားပါ။ လက်ပဒေါမှာ လူကောင်းသူကောင်းချည့် ရိုးရိုးသားသားနေတယ် ဆိုပေမယ့် အရက်ကလေးတမြမြနဲ့ လူလည်းရှိတာပေါ့လေ။ ပြီးတော့ရွာမှာ ဘုန်းကြီးကျောင်းသာမရှိတယ်။ ဘုံဆိုင်ကလေးတော့ရှိတယ်။ ကျင်ဆိုင်သေတာကလည်း ဆန်းတယ်။ အဲ့သည် ညဦးက ကျင်စိန်အရက်ကလေးထွေထွေနဲ့ သီချင်းတွေဆိုရင်းက တဲရှေ့ကွပ်ပျစ်ကလေးမှာ လှဲရင်းက မူးမူးနဲ့ အိပ်ပျော်သွားတာပါ။ မနက်မိုးလင်းတော့ ကွပ်ပျစ်ပေါ်မှာပဲ သေနေတယ်။ မနက်ခင်း ကျင်စိန်နဲ့ သိုးကျောင်းသွားနေကျ ထွန်းပေါ် လာနှိုးတော့ နှိုးမရတော့ဘူး။ စမ်းကြည့်တော့ မာတောင့်နေပြီ။
“ကျင်စိန်တော့ သေပြန်ပြီ… အင်း… ငါထင်တယ် ၊ ညက ငှက်စုန်းထိုးကတည်းက တစ်ခုခုတော့ ဖြစ်တော့မှာပဲ ဆိုတာ”
“ဟာ… ဘကြီးကလည်း ဘယ်တုန်းက ထိုးလို့တုံး ၊ ညက မထိုးပါဘူး”
“ထိုးပါသော်ကော မောင်ရာ ၊ ညက လေတွေ တဝူးဝူး အော်တိုက်နေတာ အကြာကြီး ၊ လေလေးလည်း ငြိမ်ရော ငှက်စုန်းထိုးလိုက်တာ သံပြာကြီးနဲ့”
ကျင်စိန့် အလောင်းရှေ့ရောက်နေတဲ့ လက်ပဒေါသားတွေ အားလုံး ငိုင်သွားကြတယ်။ အင်မတန် ကြမ်းတမ်းခက်ခဲတဲ့ သည်နေရာကလေးကို အင်မတန် ဆင်းရဲကျပ်တည်းကြတဲ့ သည်နေရာစုကလေးကို သေမင်းက ဘယ်လိုရှာတွေ့သွားရတာတဲ့လဲ။ သည်ငှက်စုန်းကကော ဘယ်သူက လွှတ်လိုက်တာလဲ။ နှစ်ပေါင်းများစွာ တစ်ခါမှတောင် မကြားဘူးတဲ့ ငှက်အော်သံကြီးဟာ ဘယ်က ဘယ်လို ရောက်လာရတာတဲ့လဲ။ မသိဘူး။ သူတို့ ဘာမှကို မသိတာပါ။ သူတို့ ဘယ်လိုမှကို ဥာဏ်မမီနိုင်တာကိုပဲ တွေးနေကြတာ အကြာကြီး။ ပြီးတော့ ကိုယ့်တဲကလေးတွေဆီကို ကိုယ်ပြန်ကြတယ်။
လက်ပဒေါသားတွေ ကြွက်ကောင်းကောင်းမထိုးနိုင်ဘူး။ မြောင်းကောင်းကောင်း မလျှောက်နိုင်ကြဘူး။ သည်ညကော ငှက်စုန်းလာဦးမှာလား ၊ လာရင်ကော အော်ဦးမှာလား ၊ အော်ရင်ကော သေဦးမှာလား ၊ သေရင်ကော … ဘယ်သူလဲ။

(၅)

ကျင်စိန်သေလို့ တစ်လကျော်ကျော်ကြာတော့ လူတွေဟာ ငှက်စုန်းကို မေ့သွားကြတယ်။ လက်ပဒေါမှာ လူသေတာဟာ ပြောစရာတော့ဖြစ်သွားတာပေါ့လေ။ လက်ပဒေါသားတွေဟာ သည်အကြောင်းကို အခုတွေးရင် အခုကြောက်ကြတယ်။ ငှက်စုန်းကလည်း မလာပြန်ဘူး။ တချို့ညတွေကျတော့လည်း ရွာစပ်ကဖြတ်ပျံသွားရင်း ခပ်ဝေးဝေးက အော်သံလောက်နဲ့ ပြီးသွားတာမျိုးပဲရှိတယ်။ သည်အတောအတွင်း လက်ပဒေါက ကလေးတွေအားလုံးရဲ့လည်ပင်းမှာ ကနုကမာခွံလိုလို လက်မလောက် ယောက်သွားခွံကလေးတွေ တပ်ကြလို့။ သည်လိုနဲ့ နေလာကြရာက တစ်ညတော့ အားလုံးက မေ့နေကြတဲ့ ငှက်စုန်းဟာ လက်ပဒေါရွာပေါ်က တည့်တည့်ကြီးအော်သွားပြန်ရော။ အော်တာမှ စူးစူးရဲရဲကြီး။ ဂီး ကနဲအော်သံဟာ တော်ရုံလူမမာရဲ့အသက်ဝိညာဉ်ကို ကိုင်ညှစ်ပြီး သူ့နှုတ်သီးကြီးနဲ့ တပေါက်ပေါက် ထိုးဆိတ်လိုက်သလိုအော်သွားတာမျိုး။
“ဖွဟဲ့… နင့်ဒဏ်နင်ခံ… နင့်ဒဏ်နင်ခံ”
နင့်ဒဏ်နင်ခံသာပြောတာ။ ငှက်စုန်းက ခံဖို့သာ လက်ပဒေါသားတွေက တဖွဖွရွတ်နေတာ။ တကယ်ခံနေရတာက သူတို့ပဲ။ အဲ့သည်ညက လ က လက်သည်းခြစ်ရာလောက်ကလေးနဲ့ ည။ ပြောင်းခင်းဘက်က ကွင်းလေက တသွေးသွေးနဲ့ည။ ဆည်မြောင်းလက်တံကြီးထဲမှာ ရေမရှိချိန်ဆိုတော့ ကလေးတွေတောင် ပြောင်းခင်းကြီးကျော်ပြီး မြောင်းခြောက်ထဲ ကစားနေတဲ့ည။ ငှက်စုန်းထိုးသံကြီးဟာ လက်တံမြောင်းတဲကလေးတွေပေါ်ကို ဗုံးကြဲလိုက်သလို ၊ မိုးကြိုးများပစ်ချလိုက်သလို ကျလာတော့ ကလေးတွေအားလုံးဟာ လက်တံမြောင်းနှုတ်ခမ်းပေါ်ပြေးတက်ရင်း ပြောင်းခင်းကို ညမှောင်မှောင်ထဲမှာ ကျော်ဖြတ်ရင်း တဲစုကလေးတွေရှိရာကို ပြေးလာကြတယ်။ မိဘတွေကလည်း ပြောင်းစပ်ခင်းက ကြိုရင်းက ပြေးလာတဲ့ကလေးတွေရဲ့ ရင်ပတ်က ကမာခွံကို အရင်စမ်းကြည့်ကြတယ်။
“ဟဲ့… ငကွန်း … ဘယ်မှာလဲ … နင့်”
မအေလုပ်သူတွေထဲက အော်လိုက်သံဟာ လက်ပဒေါညထဲမှာ တုန်ခါနေတယ်။
“ဘယ်မလဲ ငါမေးနေတယ်လေ… ဘယ်မလဲ”
ငကွန်းက မျက်လုံးတွေကြောင်နေပြီး မအေလုပ်သူကို ကြည့်နေတာကလွဲရင် သူ့လည်ပင်းကို သူစမ်းနေတာပဲရှိတယ်။ ဘာမှ မပြောဘူး။ မပြောနိုင်ဘူး။ သည်လိုနဲ့ လက်ပဒေါဟာ ခဏလေး ငြိမ်သက်သွားတယ်။ အဲ့သည်ညက ကိုယ်တွေခြစ်ခြစ်တောက်ပူပြီး ငကွန်းကလေးသေတယ်။
သည်တစ်ခါတော့ လက်ပဒေါဟာ ချောက်ချားသွားခဲ့ကြတယ်။ ထိတ်လန့်ကြောက်ရွံ့နေကြတယ်။ ညမှောင်ပြီဆိုတာနဲ့ လက်ပဒေါမိုးကောင်းကင်ပေါ်က ဖြတ်သန်းသွားမယ့် ငှက်တိရစ္ဆာန် တစ်ကောင်ကို ဘာမဟုတ်ညာမဟုတ် ကြောက်နေကြတယ်။ သည်ငှက်ကပဲ လက်ပဒေါကို သေခြင်းလက်ဆောင်တွေ ကောင်းကင်က ချချပေးနေတာကိုး။
ပထမ လှတင်သေတယ်။ နောက် ကျင်စိန်သေတယ်။ ခုတစ်ခါ ငကွန်းကလေးသေပြန်ပြီ။ နောက်ဘယ်သူသေဦးမှာလဲ။ လက်ပဒေါသင်္ဂျိုင်းမှာ လက်ပဒေါသား သုံးယောက်တောင် ရောက်နေပြီကော။ လက်ပဒေါသင်္ဂျိုင်းက နောက်ဘယ်သူ့ကို မျက်စပစ်နေပြန်ပြီလဲ။ ဘယ်သူမှ မပြောနိုင်ဘူး။ သည်ငှက်စုန်းကြီးအော်နေသ၍ လက်ပဒေါသူ လက်ပဒေါသားတွေဟာ နေ့လား ညလား ၊ သူလား ငါလား ဘယ်သူမှ မပြောနိုင်ဘူး။

(၆)

တစ်ရွာလုံးမှာ အသက်အကြီးဆုံးဖြစ်တဲ့ ဘကြီးသောင်က ပရိတ်တွေရွတ်တယ်။ မေတ္တာတွေပို့တယ်။ မျက်စိမမြင် ဘာမမြင်နဲ့ ရွာကို တတ်သမျှ မှတ်သမျှ စည်းချပေးတယ်။ လက်ပဒေါသူ လက်ပဒေါသားတွေကလည်း ကွင်းကြို ကွင်းကြား ကြွက်ထိုးနေရလို့ မေ့နေတဲ့ ဘုရားရှိခိုးအမျိုးမျိုးကို ရတတ်သမျှရွတ်ကြတယ်။ သည်လိုနဲ့ တစ်နေ့တော့ ဘကြီးသောင်က လက်ပဒေါသားတွေကို လူစုတယ်။ သူ့သဘောထားကို ပြောတယ်။
“ဘကြီးတော့ အိပ်မက်တွေလည်း မကောင်းဘူး။ အတိတ်နမိတ်များလည်း မကောင်းဘူး။ သည်တော့ ဘကြီးတတ်သမျှ မှတ်သမျှ စည်းတော့ချပြီးပြီ။ ဒါပေမယ့် သည်ငှက်တွေ ရောက်မလာဘူး ဘယ်သူမှ မပြောနိုင်ဘူး။ သည်တော့ ငါတို့ ဘာလုပ်ကြမလဲ။”
မြောင်းလျှောက်သမား ကိုခင်ကလည်း သူ့သဘောထားကို ချပြတယ်။
“ငှက်အော်လို့ သေတာမဟုတ်ဘူး… ဘကြီးရာ လူသေတာ သေနေ့စေ့ သေတာပါပဲ။ ငှက်က လူ့ဝိညာဉ်ကို မနှုတ်နိုင်ပါဘူး။ ဒါ ဘကြီးတို့က ဥပါဒ်ဒါန်စွဲနေတာ။ ဒါကြောင့် ဥပါဒ်ပြန်ဖြစ်နေတာ”
ဆိုတော့ လာစုမိတဲ့ လက်ပဒေါသူ လက်ပဒေါသားတွေက ကိုယ်ခင့်ကို ဒေါကန်ကြတယ်။ အရေးထဲမှာ ရွာလာပြီး ကန့်လန့်တိုက်နေတဲ့ ကောင်ပါလားဆိုတဲ့ မျက်နှာနဲ့ ကိုခင့်ကို ဝိုင်းကြည့်ကြတယ်။ ကိုခင်ကတော့ ဂရုမစိုက်ပါဘူး။ ဆင်နှစ်ကောင်ဆေးလိပ်တောင် တထောင်းထောင်းဖွာနေလိုက်သေးတယ်။ သူ့လေးထောင့်မျက်နှာကြီးထဲက မျက်ပေါက်ကျဉ်းကျဉ်းကလေးတွေနဲ့ လူတွေကိုတောင် ပြန်ကြည့်နေလိုက်သေးတယ်။
ခက်တာက ဘကြီးသောင်ကသာ ဘာလုပ်မလဲ မေးနေတာ ဘယ်သူက ဘာလုပ်တတ်မှာတုန်း။ ငှက်စုန်း ဘယ်နားနေမှန်းသိရင်လည်း ကောင်းသားကလား။ ညှိလို့နှိုင်းလို့ ရရင်လည်း ကောင်းသားကလား။ တောင်းပန်လို့ တိုးလျှိုးလို့ ရရင်လည်း ကောင်းသားကလား။ ဒါပေမယ့် ဒါက လူလူချင်းကိစ္စ မဟုတ်ဘူး။ ငှက်နဲ့ လူတွေ ရဲ့ နားမလည်နိုင်တဲ့ ကိစ္စ။ ဒါက မြစ်လောင်းဂါတ်တဲနဲ့လည်း မဆိုင်ဘူး။ မြစ်လောင်းသူကြီးနဲ့လည်း မပါတ်သက်ဘူး။ မြေကျင်းထဲက ကြွက်ကိုသာ မှိန်းနဲ့ထိုးတတ်ကြတဲ့ လက်ပဒေါသားတွေဟာ ကောင်းကင်က ငှက်ကို ဘာလုပ်ရမှန်းမသိဘူး။
“သည်လိုလုပ်ချင်တယ်”
တစ်ကိုယ်လုံးပွေးတွေနဲ့ အကွက်လည်နေတဲ့ စံမြက စကားစတယ်။ အားလုံးက စံမြကို အာရုံရောက်သွားကြတယ်။ စံမြက လက်ဖျံပေါ်က ပွေးဒင်္ဂါးတွေကို လက်သည်းနဲ့ ကုတ်ဖဲ့နေရင်းကပြောတယ်။
“ကျုပ်တို့ရွာမှာ ငှက်ခိုလို့ရတာ သစ်ပင်ကြီးနှစ်ပင်ပဲရှိတယ်။ ရွာထိပ်က လက်ပံပင်နဲ့ သင်္ဂျိုင်းစပ်က ညောင်ခြောက်ပင် ၊ သည်နှစ်ပင်မရှိရင် ငှက်မနေနိုင်ဘူး။ ငှက်စုန်းဟာ ညောင်ပင်မှာရှိရင်ရှိ ၊ မရှိရင် လက်ပံပင်မှာ ရှိမယ်။ သည်တော့…”
စံမြက စကားတွေကို ရပ်ထားတယ်။ သည်တော့ ဘာဖြစ်သလဲ … ဘာဖြစ်သလဲ…။ လက်ပဒေါသားတွေက စံမြကိုပဲ ငေးနေကြတယ်။
“သည်တော့ ဒီနှစ်ပင်ကို လှဲချင်တယ်”
ဒါပါပဲ။ စံမြက ဒါပဲ ပြောပြီး ပွေးစတွေကို တောက်ထုတ်နေတယ်။ လူတွေအားလုံးဟာ ဘာမှ မပြောနိုင်တော့ဘူး။ ဟုတ်သားပဲ။ စံမြလောက်တောင် ငါတို့ ဘာလို့ မတွေးမိရတာလဲ။
“ကောင်းတယ်ကွာ ၊ စံမြ မင်းတာဝန်ယူနိုင်မလား”
“ယူနိုင်ပါတယ်။ ဒါက သုံးလေးယောက်ဝိုင်းလိုက်ရင် ပြီးတဲ့ကိစ္စပဲ ၊ ဒါပေမယ့်… ”
လူတွေကတော့ နားမလည်ဘူး။ ခုတ်လိုက်ရင်ပြီးမယ့် ကိစ္စပဲ။ ဟာ ဒါပေမယ့်လည်း….။ ဘာလဲ မလုပ်ချင်တာလား။ မလုပ်ချင်ရင် ဘေးဖယ်နေ။ ငါတို့ လုပ်စမ်းမယ်။ သစ်ခေါင်းထဲတွေ့မယ့် ငှက်စုန်းတော့လား မြစ်လောင်းအရက်နဲ့တွေ့ပြီပေါ့။ လူတွေက ဒေါသနဲ့ တွေးနေကြတာပါ။
“ဒါပေမယ့်… ညောင်ပင်ကို ဘယ်သူ ခုတ်ရဲလို့လဲ ၊ ကျွန်တော်မခုတ်ရဲဘူး။ ညောင်ပင်မှာ တစ်ရွာလုံးက ကိုးကွယ်ထားတဲ့ နတ်ကွန်းတွေပြည့်နေတာ၊ ကျုပ်မလုပ်ရဲဘူး။”
ဟာ… ဒါလည်း ဟုတ်သားပါလား။ လူတွေအားလုံးငိုင်သွားလိုက်ကြတာ တော်တော့်ကိုကြာတယ်။ သည်ညောင်ပင်ကလည်း တစ်ခြမ်းသာခြောက်နေတာ တစ်ရွာလုံးက စင်ကလေး နေရာလပ်မကျန်အောင် ရိုက်ထားပြီး ကိုယ့်အစွဲနဲ့ကိုယ် ကိုးကွယ်နေကြရတဲ့ညောင်ပင်။ ညနေမှောင်ပြီဆိုတာနဲ့ မီးကလေး တလက်လက် နဲ့ ရှိနေတတ်တဲ့ ညောင်ပင်။ တစ်နှစ် တစ်ခါ ကိုယ်တတ်နိုင်သလောက်နဲ့ မိသားစု ဝတ်မပျက် ပူဇော် ပ သ နေရတဲ့ ညောင်ပင်။
ဒါကို ခုတ်ရမယ်လို့ ဖြစ်လာတော့ ခုတ်ဖို့ နေနေသာသာ ဘယ်သူမှ စိတ်တောင်မကူးရဲဘူး။ သည်ညောင်ခေါင်းထဲမှာ ငှက်စုန်းရှိမယ် မရှိမယ်ကလည်း သေချာတာမဟုတ်ဘူး။ ညောင်ပင်က ရွာကို မီးနဲ့တိုက်မှာက အရင်ကိုး။ သည်လိုနဲ့ လက်ပဒေါသူ လက်ပဒေါသားတွေဟာ ငှက်စုန်းရှာမလား။ ညောင်ပင်ခုတ်မလား ဆိုတဲ့ ပြဿနာကြီးနဲ့ တွေ့နေကြတယ်။
“ကျုပ်ခုတ်မယ်… ညောင်ပင်ကို ကျုပ်ခုတ်မယ်”
ကိုခင်။ သူ့လေးထောင့် မျက်နှာကြီးနဲ့ မျက်ပေါက်ကျဉ်းကျဉ်းကို မှေးထားရင်းက တစ်ခွန်းတည်း ထ အော်တယ်။ လူတွေအားလုံးဟာ ညောင်ပင်ခုတ်ဖို့ကိစ္စ ကိုယ်က ခုတ်ဖို့နေနေသာသာ ခုတ်ကွာ… လို့တောင် မပြောရဲတဲ့လူတွေကိုး။ ကိုခင်က ခုတ်မယ်ဆိုတော့ ဝမ်းထဲက ကျေနပ်ကြပေမယ့် ပါးစပ်က မပြောရဲဘူး။
“ကျုပ်ဒါတွေ ယုံတာမဟုတ်ဘူး။ ငှက်အော်လို့ လူသေတာလည်း ကျုပ်မယုံဘူး။ ဒါပေမယ့် ခင်ဗျားတို့ ယုံတယ်မဟုတ်လား။ ယုံလို့လည်း ငှက်နေတယ်လို့ ထင်ရတဲ့ညောင်ပင်ကျတော့ ခင်ဗျားတို့ မခုတ်ရဲကြပြန်ဘူး ၊ ဘာတွေလဲ ခင်ဗျာတို့ ၊ ကျုပ်ခုတ်ပေးမယ်။ အိုဗျာ… ကျုပ်က ခုတ်နေမှာမဟုတ်ဘူး ၊ ခင်ဗျားတို့ တစ်ခုပဲ ပြောလိုက်မယ်။ ခင်ဗျားတို့ ကိုးကွယ်ထားတဲ့ နတ်ကွန်းစင်တွေ ကနေ့ညနေစောင်း အပြီးဖြုတ်ထား။ မနက်ဖြန်မနက် ကျုပ်က ညောင်ပင်ခေါင်းထဲ ရေနံထည့်ပြီးမီးရှို့မှာ။ ကန်တော့ချင်တဲ့သူ ကနေ့ အပြီးကန်တော့ထား။ လက်ပဒေါမှာ မနက်ဖြန် ညောင်ပင်လည်းမရှိစေရဘူး။ ညောင်ခေါင်းထဲ ငှက်စုန်းနေတယ်ဆိုရင် ငှက်စုန်းလဲ မသာပေါ်ပြီသာမှတ်”

(၇)

အဲသည်တုန်းက တကယ်လည်း လက်ပဒေါသားတွေက လက်ပံပင်ကို ခုတ်တယ်။ ကိုခင်က ညောင်ပင်ကို မီးရှို့တယ်။ လက်ပံပင်ကတော့ ငုတ်တိုတောင် မကျန်တော့ပါဘူး။ ထင်းဖဲ့စိုက်ကြတာနဲ့ကို နောက်ခေတ်ကလေးတွေက ကြည့်ချင်လို့တောင် မရှိတော့ဘူး။ ညောင်ပင်ကတော့ ဘယ်လိုပြောရမလဲ။ ကိုခင်ကလည်း ညောင်ခေါင်းထဲ ရေနံထည့်ပြီး မီးရှို့ခဲ့တာပါပဲ။ ညောင်ပင်တစ်ပင်လုံးလည်း မည်းချိတ်ပြီး နလန်မထူဘဲ သေသလိုဖြစ်သွားခဲ့တာပါပဲ။ ဘာငှက်တစ်ကောင် တစ်မြီးမှလည်း မတွေ့ခဲ့ဘူးလို့ ပြောကြတာပါပဲ။ အခုတော့ ကိုခင်တောင် လက်ပဒေါမှာ ဘကြီးခင် ဖြစ်နေပါပြီ။ နှစ်ပေါင်းကလည်း သုံးဆယ်သီသီ ကျော်ခဲ့ပြီကိုး။ နှစ်ကလည်း နည်းတော့တာမှ မဟုတ်ဘဲလေ။
ဒါပေမယ့် အဲသည် ညောင်ပင်က မသေဘူး။ အငုတ်က ပြန်တက်လာတဲ့ အကိုင်းလေးကနေ စလိုက်တာ အခုတော့ ရွက်အုပ်ဖားဖားနဲ့ ဝေဝေဆာဆာကြီးကို ဖြစ်လို့။ ထုံးစံအတိုင်းပါပဲ နတ်ကွန်းကျောင်းဆောင်ကလေးတွေလည်း ပြန်ရောက်လာပြီ။ ညဘက်မီးကလေး တလက်လက်နဲ့လည်း ဘယ်သူ့ကိုမှန်းတော့ မသိဘူး ပူဇော်သူက ပူဇော်လို့။
အေးလေ။ လက်ပဒေါကလည်း အရင် လက်ပဒေါမှ မဟုတ်တော့တာ။ ဗီဒီယိုတွေ ဘာတွေနဲ့ လက်ပဒေါ ဖြစ်သွားခဲ့ပြီကိုး။ နှစ်ပေါင်း သုံးဆယ်အတွင်းမှာ လက်ပဒေါလည်း ဘာသားမို့လို့တုံး။
မနေ့တစ်နေ့ကတော့ လက်ပဒေါမှာ ဘကြီးခင်သေတယ်။ လူတွေက ဘကြီးခင်သေတာ လူကြီးပဲ လူကြီးရောဂါပဲပေါ့လေ။ ဘယ်သူမှ သိပ်လည်း ခံစားမနေပါဘူး။ ဒါပေမယ့် သတိထားမိတဲ့လူတွေပြောတာက ဘကြီးခင်သေတဲ့ညက ငှက်စုန်းထိုးသေးသတဲ့။ ငှက်စုန်းကလည်း ညောင်ခေါင်းကလေးထဲက ထွက်တာတဲ့။
သေတော့ မသေချာပါဘူး။ လက်ပဒေါက နောက်ပေါက်တွေက အဲ့သည်ညက ဗီဒီယိုရုံထဲရောက်နေကြတာကိုး။
~~~~~~~~~~~~~~~~~~

ရွှေအမြုတေမဂ္ဂဇင်း ၁၉၉၆ ၊ ဖေဖော်ဝါရီလ မှာ ဖော်ပြသွားတဲ့  ဆရာနေဝင်းမြင့်ရဲ့ဝတ္ထုတိုလေးပါ။

** ကြက်သားဟင်းတစ်ခွက် ( ၀တ္ထုတို ) ** နေမျိုး

** ကြက်သားဟင်းတစ်ခွက် ( ၀တ္ထုတို ) ** နေမျိုး

(က)

ကလေးတွေအမေ ဈေးကပြန်လာပြီ။ ခါတိုင်းဆိုလျှင် သူဈေးကပြန်လာတိုင်း ကျွန်တော်က မသိကျိုးကျွံပြု လေ့ရှိပါသည်။ ဘာဝယ်ခဲ့သလဲ မေးမြန်းလေ့မရှိ။ သူ့ထံမှ မရိုးနိုင်သော ကုန်ဈေးနှုန်းပုံပြင်ဟောင်းကြီးကို လည်း နားထောင်ရန် ငြီးငွေ့နေပါ ပြီ။ ဒီနေ့ကတော့ ကလေးတွေအမေကို ကျွန်တော်က မေးဖြစ်အောင် မေးလိုက်သည်။

“ ပါခဲ့လားဟေ့ ”

သူကဆွဲခြင်းတောင်းကို မြှင့်၍ မေးငေါ့ပြလိုက်သည်။ ၀ယ်လာခဲ့ပြီပေါ့။ ကလေးနှစ်ယောက်က လည်း သူတို့အမေကို အလုအယက်ဝိုင်းမေးကြသည်။

“ အမေ တုံးတုံးပါခဲ့လား ” တဲ့ ။

သမီးငယ်လေးက အကဲဆုံးပေါ့ ။

“ ဒီမှာ အော်အီးအီးအွတ်လေ သမီးရဲ့ ”

ဒီကနေ့ ကျွန်တော်တို့မိသားစု ကြက်သားဟင်းချက်စားကြမည့် အစီအစဉ်မှာ သေချာသလောက် ဖြစ်သွားပါပြီ ။

(ခ)

မီးဖိုချောင်ထဲမှာ တဒုံးဒုံးထုထောင်းကာ ကလေးတွေအမေက ချက်ပြုတ်နေသည်။ ကျွန်တော်က စုတ်တံချည်ထားသော ကွန်ပါတစ်လက်ဖြင့် ဇယားကွက် ကိန်းဂဏန်းများကို ရေးဆွဲနေသည်။ ကလေးနှစ်ယောက် အရိပ်ထဲမှာ ဆော့ကစားနေကြ ၏။ ခဏကြာတော့ ဂျင်း၊ ကြက်သွန်ဖြူအုပ်ထားသော ဟင်းအိုး၊ ကြက်သားဟင်းနံ့က ပျံ့လှိုင်လာပြီ။ စေးစေးပိုင်ပိုင် လက်ဖက်ရည်တစ်ခွက်၊ မြိုးမြိုးမြက်မြက် ဟင်းကလေးတစ်တုံး၊ သည်ထက်ပိုပြီး ဘာတွေများလိုအပ်ပါသေးသလဲကွယ့် တနင်္ဂနွေနေ့ရေ….. ။

(ဂ)

“ သမီးကို ဟောဒီအတုံးကြီးကြီးထည့်ပေး ”

“ သားကိုလည်း ဟောဒီအတုံးထည့်ပေးရမှာ ”

ကလေးတွေအမေက သားနှင့်သမီးကို သူတို့စိတ်တိုင်းကျ ဟင်းတုံးများခပ်ထည့်ပေးလိုက်ပါသည်။ ကျွန်တော့်အတွက် ဝေစုက လည်ချောင်းရိုးနှင့် ဦးခေါင်း။ သူမအတွက်ကတော့ ခြေထောက်ရိုးနှင့် အတောင်ပံ ။

“ တို့က ညနေမှ ကောင်းကောင်းစားရအောင်နော် ။ ခု ကလေးတွေပဲ စားပါစေတော့နော် ” တဲ့ ။

ကျွန်တော့်ဇနီးက နှစ်သိမ့်သလို ကျွန်တော့်ကိုပြောသည် ။ ကျွန်တော်ကလည်း “ခေါင်းစားရင် မင်းဖြစ် သတဲ့” ဟုပြောကာ ကျွန်တော့်ဝေစုဟင်းတုံးကို အားရပါးရ ကိုက်ဝါးပစ်လိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် တနင်္ဂနွေနေ့ရဲ့ ပျော်ဖို့ကောင်းတဲ့ထမင်းဝိုင်း ကလေးပါပဲ။

(ဃ)

နေ့လည်ခင်း

အောက်ထပ်မှာ ကလေးတွေနှင့် သူတို့အမေက တရေးတမောအိပ်နေကြသည်။ အပေါ်ထပ်မှာ ကျွန်တော်က ကွန်ပါ၊ စုတ်တံ၊ ဆေးခွက်များဖြင့် ဇယားကွက်ဆက်လက်ရေးဆွဲနေသည်။ အဲဒီနောက်မှာ တော့ “ ဂလုံ..ဂလွမ် ”နှင့် အောက်ထပ် မှအသံကို ပီပီသသကြားလိုက်ရသည်။ ဆက်၍ …

“ အယ်တော်.. ကုန်ပါပြီ..ကုန်ပါပြီ။ ဟဲ့..ခွေး… ဟဲ့…ခွေး…””ဟူသော ကလေးတွေအမေရဲ့အော်သံကို ကြားလိုက် ရသည်။ ကျွန်တော် နည်းနည်းတော့ သဘောပေါက် လိုက်သည်မို့ လှေကားမှ အမြန်ပြေးဆင်းလာခဲ့သည်။ မီးဖိုချောင်ထဲက တဟုန်ထိုးပြေး ထွက်လာ
သော ခွေးမကြီးတစ်ကောင်။ ပါးစပ်ထဲမှ ဟင်းတုံးများကို ပြေးရင်းလွှား ရင်း မြိုချနေသည်။ အုတ်ခဲ ကျိုးနှစ်ခုကို ကျွန်တော်ကောက်ကိုင်ကာ ခွေး မကြီးနောက်သို့ပြေးလိုက်သွားသည်။ ၀င်းထရံပေါက်ကွေ့၍ တံခါးမကြီး မှ ပြေးအထွက်တွင် ကျွန်တော့်လက်ထဲမှ အုတ်နီခဲက ၀ှီးခနဲပြေးသွား သည်။ ခွေးမကြီး၏၀မ်းဗိုက်ကို တည့်တည့်မတ်မတ် ထိမှန်သွားပါ၏။ မှတ်ထားကွ။ ဂိန်ခနဲအော်မြည်ကာ ခွေးမကြီးပက်လက်လန် သွားသည်။
တော်တော်နှင့်ပြန်မထနိုင်သေး။ နောက်ထပ်ကျန်ရှိနေသေးသော အုတ်နီခဲဖြင့် ထုဖို့ ချိန်ရွယ်လိုက်သည်။ ခွေးမကြီးက တဂိန်ဂိန်အော်မြည် ရင်း လူးလဲထဖို့ ကြိုးစားနေ၏။ ကျွန်တော့်လက်ထဲ က အုတ်နီခဲကို ပို၍ တင်းတင်းဆုပ်လိုက်သည်။ ခွေးမကြီးကို ဆက်၍မထုဖြစ်လိုက်တော့ပါ။ ဘာကြောင့် မှန်းမသိ။ ခွေးမကြီးနာနာကျင်ကျင် အော်မြည်သံက ကျွန်တော့်ကို တမျိုးတစ်မည် ပြောင်းလဲခံစားရစေခဲ့ပါ သည်။

(င)

ကျွန်တော့်ဇနီးက ကျွန်တော့်အနီးသို့ ရောက်လာသည်။

“ ဟင်းတွေ တစ်တုံးမှမရှိတော့ဘူး။ အကုန် ကုန်သွားပြီ။ အဲဒီခွေးမ ၀င်စားသွားတာ ”

“ ငါ ခဲနဲ့တစ်ချက် ထုလိုက်တယ် ”

“အေး….”

ကျွန်တော့်ဇနီးက တစ်ခွန်းပြောလိုက်၏။ ပြီးမှ-

“ခွေးမကြီးက ဇီးနဲ့ ။ သနားပါတယ်ဟာ… နော် ”

“အေး ”

ကျွန်တော်ကလည်း တစ်ခွန်းပြန်ပြောလိုက်ပါသည်။

(စ)

ထိုနေ့က ညစာကို ဘာဟင်းနဲ့ ကျွန်တော်တို့ စားခဲ့ကြပါလိမ့်။ အတိအကျမမှတ်မိသော်လည်း ပဲပြုတ်နှင့် ဘယာကြော် တစ်ခုခုသာဖြစ်ပါလိမ့်မည်။ သို့မဟုတ်လျှင် ခါတိုင်းလို လက်ဖက်သုပ်လည်း ဖြစ်နိုင်ပါ သည်။ ။

နေမျိုး

** ပျင်းရိသူ - ၂ ** နေမျိုး

** ပျင်းရိသူ - ၂ ** နေမျိုး

ပျင်းရိသူအကြောင်း အတ္ထုပ္ပတ္တိရေးရင်
မင်ကုန်သက်သာတယ်
အကြောင်းက သူဟာဘာမှ ဟုတ္တိပတ္တိမလုပ်လို့ပဲ
ပျင်းရိသူဟာ မနက်မိုးလင်းပြီလားလို့
ခြင်ထောင်ထဲကနေ လှမ်းကြည့်တယ်
ပျင်းရိသူဟာ နေထွက်လာပြီလားလို့
ခြင်ထောင်ထဲကနေ လှမ်းကြည့်တယ်
ပျင်းရိသူဟာ နေပြောက်တွေ နံရံမှာရွေ့လျားနေပြီလားလို့
ခြင်ထောင်ထဲကနေ လှမ်းကြည့်တယ်
နာရီကြီးက ဒေါင်ဒေါင်ဒင်ဒင်မြည်တော့
ပျင်းရိသူဟာ ခြင်ထောင်ကိုလှပ်ပြီး နားထောင်တယ်
ဘယ်နှချက်မြည်သွားမှန်းမသိဘူး၊ အများကြီးပဲ
ပျင်းရိသူဟာ ပြီးအောင်မဖတ်ရသေးတဲ့စာအုပ်ကို
ဒီအတိုင်းထားတယ်
ပျင်းရိသူဟာ အိပ်ရာကထထချင်း ဘာလုပ်ရမလဲဆိုတာသိတယ်
သူက ဆေးလိပ်တိုမီးခိုးထွက်အောင်လုပ်တတ်တယ်လေ။ ။

နေမျိုး

(မျိုးရေ ထ ထ၊ မျိုးရေ ထ ထ လို့မနက်မနက်နှိုးတတ်တဲ့ ချစ်ဇနီးအစ်မ မ၀င်းမေသို့)
2002.7.17

** ကြောင် ** နေမျိုး

** ကြောင် ** နေမျိုး

သူဟာကြောင်တစ်ကောင်ဖြစ်တယ်လို့
ပြောကြတယ်
သူဟာ ငါးတစ်ကောင်မှ မစားဖူးဘူး
သူ့ အဖေလဲ ငါးတစ်ကောင်မှ မစားဖူးဘူး
သူ့ အဘိုးလဲ ငါးတစ်ကောင်မှ မစားဖူးဘူး
( သူဟာကြောင်တစ်ကောင်ဖြစ်တယ် လို့ပြောကြတယ် )
သူ့ ရန်သူတွေကသူ့ အကြောင်းရေးဖွဲ့ထားတဲ့
ကဗျာတွေဖတ်ပြီးသူငိုတယ်
ဒါပေမယ့် သူဟာကြောင်တစ်ကောင်ဖြစ်တယ်
သူဟာပြင်သစ်ဘာသာနဲ့ချောင်းဆိုးပြီး
ဂျာမန်ဘာသာနဲ့သန်းဝေတယ်
“ ကြောင်တစ်ကောင်၏တစ်နေ့တာ ” စာအုပ်ကို
မြန်မာဘာသာနဲ့ထုတ်ဝေခဲ့တယ်
အဲဒီစာအုပ်ဟာ အရောင်းစွံခဲ့လေတော့
သူဟာ ကြောင်တစ်ကောင်ဖြစ်ကြောင်းပိုသေချာလာတယ်
ကုတ်အင်္ကျီအကြီးကြီးထဲမှာ
သူ့ကိုယ်လုံးသေးသေးလေးဟာမြုပ်နေတတ်ပြီး
သူ့တွေးခေါ်မြော်မြင်မှုတွေကို
ကုတ်အင်္ကျီဘယ်ဘက်အိတ်ထဲမှာ
ထည့်ထားတတ်တယ်
( ညာဘက်အိတ်ထဲမှာတော့မက်ဒေါနားနဲ့လီနင်ရဲ့ဓာတ်ပုံတွေရှိတယ် )
သူ့ကိုမယုံကြည်သူတွေက ၅.၂စင်တီရှိတဲ့
နှုတ်ခမ်းမွှေးကိုအတုကြီးလို့ပြောကြတယ်
ဒါပေမယ့်သူလက်သည်းတွေကိုတော့
အားလုံးကြောက်ရွံ့ကြရဲ့
သူဟာမြို့တစ်မြို့ကိုခုန်အုပ်နိုင်တယ်
ပင်လယ်ထဲကမျောလာတဲ့စံပယ်ပန်းလေးတစ်ပွင့်ကို
ဟိုတယ်တစ်ခုပေါ်ကနေပြီးအနံ့ခံနိုင်တယ်
စာအုပ်တစ်အုပ်ထဲမှာ ပုန်းအောင်းနေတဲ့ဝါကျတစ်ကြောင်းကို
မှန်ပြောင်းတစ်လက်နဲ့ကြည့်တတ်တယ
(သူဟာကြောင်တစ်ကောင်ဖြစ်တယ် လို့ပြောကြတယ်)
သူဟာမနက်တိုင်းနွားနို့မှန်မှန်သောက်တယ်
လေကို၀၀ရှုသွင်းတယ် ၊ သတင်းစာဖတ်တယ် ၊ ပေါင်ချိန်တယ်
ရွှေဈေးအတက်အကျကိုမှတ်သားတယ် ၊
ပြီးရင် ဂေါက်ရိုက်တယ်ပြီးရင်
ဘီယာသောက်တယ်
ခေတ်ပေါ်ကဗျာ(မာရ်နတ်မင်းမေ့ဆေးပြယ်သောအခါ ) ဖတ်တယ်
နတ္ထိ၀ါဒီတွေဆီဖုန်းဆက်တယ်
သူဟာရေခဲသေတ္တာထဲ ဆောင်းကိုသိမ်းထားပြီး
မီးလင်းဖိုထဲမှာ နွေကိုဝှက်ထားတယ်
ရေချိုးခန်းထဲမှာတော့ မိုးဟာရွာသွန်းအမြဲ
ဝက်သစ်ချပင်ကြီးက အရွက်တွေကြွေတော့
သူအသက်၄၀ ရှိပြီ
နွေတစ်ရက်မှာ သူဟာ
မိန်းမတစ်ယောက်လဲလျှောင်းနေတဲ့ အခန်းတံခါးသော့ကို
လွှင့်ပစ်ပြီးပင်လယ်ဆီ ခရီးထွက်လာခဲ့တယ်
ငါးတစ်ကောင်အကြောင်းဟောပြောဖို့ပါ ။

နေမျိုး

Tuesday, December 24, 2013

** ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၂) ** ( တင်မိုး )

** ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၂) ** ( တင်မိုး )

၂၅-၉-၂၀၀၄ စနေနေ့က ကျနော်တို့ လော့စ်အိန်ဂျလိစ်မြို့မှာ ပဉ္စမအကြိမ်မြောက် မြန်မာစာပေ ဟောပြောပွဲ ကျင်းပကြပါတယ်။ စာဆိုတော်ပွဲတွေ ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေ့ရှိတဲ့ အမိမြေကို လွမ်းမိပါသေးရဲ့။

ဆရာမောင်သစ်ဆင်း (သင့်ဘ၀)၊ မြန်မာစာပါမောက္ခ ဦးစောထွန်း (စောလူ)၊ စာရေးဆရာကြီး မောင်သာရနဲ့ ကျနော်တို့တတွေ မြန်မာစာပေ ဖွံ့ဖြိုးရှင်သန်ရေးကိစ္စတွေ ဟောခဲ့ပြောခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဖက်ဆစ်ဂျပန်တွေ ကြီးစိုးတဲ့ကာလက စတင်ခဲ့တဲ့ စာဆိုတော်ပွဲအစဉ်အလာဟာ အခု အခါမှ နိုင်ငံတကာအထိ နယ်ပယ်ကျယ်ဝန်းလာခဲ့ပြီဖြစ်ပါတယ်။ မမေ့နိုင်ဘဲ ယနေ့တိုင်စွဲပြီး စာဆိုပွဲ နွှဲနေကြတာကိုတော့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရမှာမလွဲပါ။

(၂)
“စာဆို” ဆိုတာ ဆရာကြီး စစ်ကိုင်းဦးဘိုးသင်းက “မင်းနဲ့ပြည်သူတွေကို အမြင်မတော်တာတွေ့ရင် စာနဲ့ ဆိုဆုံးမတတ်သူဖြစ်တယ်” လို့ အနက်ဖွင့်ဟောပြောခဲ့တာ မှတ်မိပါသေးတယ်။ မန္တလေး ဓမ္မဗိမာန် စာဆိုတော် အခမ်းအနားမှာ ဟောပြောခဲ့တာပါ။ “အဲ … မင်းလိုလိုက်၊ မင်းကြိုက်ရေးပြီး အခွင့်အရေး တမျှော်မျှော်လုပ်နေရင်တော့ “စာဆို”မခေါ်ထိုက်ဘူးဗျ။ စာဖား၊ စာမှောင်၊ စာအချောင် ကလောင်သမား တွေကို “စာဆို” လို့မခေါ်ဘူးဗျ” လို့ ဆရာကြီးဦးဘိုးသင်းက ပွင့်ပွင့်လင်းလင်း မိန့်ကြားခဲ့ပါတယ်။

ကျနော်တို့နိုင်ငံမှာ “ဆရာကြီးသခင်ကိုယ်တော်မှိုင်း” လို သီလ၊ သိက္ခာ၊ သမာဓိနဲ့ပြည့်စုံတဲ့ စာဆိုကြီး ပေါ်ပေါက်ခဲ့တာဟာ တိုင်းပြည်ရဲ့ကျက်သရေဖြစ်ပါတယ်။ ဆရာကြီးဟာ တိုင်းပြည်ရဲ့မိဘသဖွယ် စောင့်ရှောက်ခဲ့ပါတယ်။ အုပ်ချုပ်သူ အာဏာပိုင်တွေကိုလည်း “မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်” ဆိုတဲ့အတိုင်း သွန်သင်ဆုံးမခဲ့ပါတယ်။ တခါသားမှာ ၀န်ကြီးချုပ်ဦးနုက ဆရာကြီးမှိုင်းကို “ဆရာကြီး … ကျနော်တို့ကို ခွေးမသားလို့ခေါ်ပြီး ဆုံးမပါဦး” လို့ ကန်တော့ပြီး ပြောခဲ့ဖူးတာ သတိရမိပါသေးတယ်။

အဲဒီအခါမှာ ဆရာကြီးက “မောင်နု …၊ နိုင်ငံရေးလုပ်တာ ပုတီးစိပ်တာမဟုတ်ဘူးကွ၊ တိုင်းပြည်မှာ တရားမျှတမှု၊ ငြိမ်းချမ်းမှု ထွန်းကားအောင် ချီးမြှင့်သင့်တာချီးမြှင့်၊ နှိမ့်ချသင့်တာ နှိမ့်ချဆိုတဲ့ နိဂ္ဂဟ၊ ပဂ္ဂဟတရား ကျင့်သုံးရတယ်။ ပုတီးချည်းစိပ်နေလို့ နိုင်ငံအရေး မပြီးသေးဘူးကွဲ့” ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဆုံးမသြ၀ါဒ ပေးခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဆရာကြီးက ပြည်တွင်းစစ်မီးလောင်မြိုက်နေတာကို မရှုဆိတ်နိုင်လို့ အနယ်နယ် အရပ်ရပ်ကြွပြီး ပြည်တွင်းငြိမ်းချမ်းရေးတရားတွေ ဟောနေတဲ့ကာလပါ။ ဆရာကြီးက လွတ်လပ်ရေး ပန်းတိုင်ရောက်အောင် အသက်သွေးချွေးနဲ့ရင်းပြီး လုပ်လာခဲ့ကြတဲ့ ရဲဘော်တွေချင်း အခုမှ သွေးကွဲပြီး စစ်ခင်းနေကြတာ မသင့်တော်ကြောင်း၊ သူမနာ ကိုယ်မသာ၊ အပြစ်တွေကို သင်ပုန်းချေပြီး ငြိမ်းချမ်းရေး လုပ်ကြစေလိုကြောင်း၊ အာဏာရနေတဲ့ မင်းတို့တတွေကလည်း မာန်တင်းပြီး အချင်းချင်း သတ်ဖြတ် ချေမှုန်းခြင်း မပြုသင့်ကြောင်း ဟောကြားခဲ့ပါတယ်။ “ဆရာမသေခင် ငြိမ်းချမ်းရေးရတာ မြင်ချင်ပါတယ်” လို့ တမ်းတရှာပါတယ်။

“ယခင်အခါ ထမ်းပိုးတည့်တည့် ထမ်းခဲ့ကြတဲ့ စိုးနဲ့သန်းကိုလဲ၊ တမျိုးကွဲ့လွမ်းသူ ဆရာဖအေမှာဖြင့် မာပါစေ သာပါစေ ဆုမွန်ကောင်းတောင်းခဲ့တဲ့အပြင်” ရယ်လို့ တောတွင်းသူပုန်တွေအပေါ်မှာ မေတ္တာထားရုံမက “ကမ္ဘာအေးစေတီဒါယကာ မောင်ရွှေနုကိုလဲ၊ အောင်ဇေယျတုလို့ မြွက်လိုက်ကဲ့” လို့လည်း အစိုးရကို မေတ္တာပို့သခဲ့ပါတယ်။

(၃)
ကံအားလျော်စွာ အစာရှာရင်း မဲနယ်အိုးထဲကျလို့ ရုပ်တွေမမှတ်မိနိုင်အောင် အသွင်ပြောင်းသွားတဲ့ တောထဲကခွေးကို တောတိရစ္ဆာန်တွေက ထူးထူးဆန်းဆန်း တန်ခိုးကြီးတဲ့သတ္တ၀ါထင်ပြီး တောဘုရင် မြှောက်မိကြသတဲ့။

မတော်တဆ မဲနယ်အိုးထဲကျမိတဲ့ခွေးကလည်း သွေးနားထင်မြောက်ပြီး ဟောက်လား၊ ကြိမ်းလား၊ ကိုက်လား၊ သတ်ဖြတ်လားနဲ့ အစွမ်းတွေပြနေတယ်ဆိုပဲ။ ပြီးတော့ သူတို့လို ခွေးမျိုးတူသတ္တ၀ါပဲလို့ ဇာတိကို မှတ်မိမယ်ထင်တဲ့ ခွေးအချင်းချင်းကိုလည်း ရက်ရက်စက်စက် ကိုက်သတ်နှိမ်နင်းစေသတဲ့။ ဒီလိုရက်စက်လွန်းတဲ့ သတ္တ၀ါဟာ မြင့်မြတ်တဲ့မင်းမျိုးရာဇာတော့ မဖြစ်တန်ရာဘူးလို့ ခွေးညီလာခံမှာ တီးတိုးတိုင်ပင်ကြသတဲ့။ ဒီအခါ အသက်ကြီးပြီး ဥာဏ်ပညာရှိတဲ့ ဘုရားလောင်းခွေးမင်းက ခွေးဘုရင်ရဲ့ နန်းဇာတိသရုပ်ကိုပေါ်အောင် အကြံထုတ်ပြီး လက်သိပ်ထိုးတိုင်ပင်သတဲ့။
အဲဒီအခါမှာ အာဏာပြင်းတဲ့ ရာဇာမင်းကလည်း ဟိန်းသံ၊ ခြိမ်းသံ၊ ကြိမ်းမောင်းသံပေးလို့ ဟန်ရေးဝါရေးပြနေတုန်းဘုရားလောင်းနဲ့ တိုင်ပင်ထားကြတဲ့ ခွေးအပေါင်းက ရုတ်တရက် ထပြီးအူကြသတဲ့။ အဲဒီအခါမှာ ရာဇပလ္လင်ပေါ်က ခွေးယုတ်မာဘုရင်ဟာ မနေသာမထိုင်သာ အူထဲကယားလာပြီး ရာဇပလ္လင်ပေါ်ကဆင်းပြီး အူပါလေရော။ ဒီတော့မှ “ဒီကောင်လဲ ငါတို့လို ခွေးမျိုးပဲ။ ခွေးမျိုးအချင်းချင်း ရက်စက်ရကောင်းလား” ဆိုပြီး ၀ိုင်းဝန်း ကိုက်သတ်လိုက်ကြတော့မှ ဇာတ်သိမ်းသွားရသတဲ့။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဟိတောပဒေသကျမ်းလာ ခွေးပုံပြင်ပြပြီး ဆုံးမခဲ့ပါတယ်။ မတန်မရာ နေရာရနေတဲ့သူတွေဟာ “ဗြဟ္မာ့ဘုံ နွားခုန်တက်သလို” တက်လာပြီး တိုင်းပြည်မျက်နှာကို မထောက်ဘဲ စစ်မီးတောက်ကြီးကို မငြိမ်းသတ်ခဲ့ရင် တို့နိုင်ငံ ဘယ်မှာတည်ဆောက်နိုင်တော့မှာလဲ။ ဒါကြောင့် ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိုင်ငံကြီးကို တည်ဆောက်ကြပါလို့ ဆရာမှာချင်တယ်” လို့ တိုင်းပြည်ရဲ့ မိဘအရာ၊ ဆရာအရာမှာနေပြီး စာပေသြ၀ါဒ ခြွေခဲ့ဖူးပါတယ်။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၃၇)၊ အောက်တိုဘာ ၂၀၀၄

** ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၄) ** ( တင်မိုး )



(၁)
ဆရာဇော်ဂျီရဲ့ကဗျာကို သတိရမိတယ်။

တက်လူသာလျှင်
မြန်မာပြည်မ၊ အားသစ်ရ၍
ဇေယျအောင်လံ ထူမည်တည်း … တဲ့။

ဟုတ်ပါရဲ့။ တက်လူခေါ်တဲ့ လူငယ်တက်သစ်စတွေ ကြိုးစားအားထုတ်ပါမှ ငါတို့မြန်မာပြည်သူပြည်သားတွေ အားသစ်အင်သစ်ရပြီး အောင်လံတခွန်ထူမှာ မုချ .. တဲ့။

မြန်မာနိုင်ငံရဲ့အင်အားဟာ လူငယ်များ၊ ကျောင်းသားများဖြစ်တယ်။ လူငယ်ကျောင်းသားတွေဆောင်ခဲ့လို့ အတိတ်ကအောင်ခဲ့ပြီ။ အနာဂတ်မှာလည်း လူငယ်တွေဆောင်မှ အောင်မှာပဲ။ အဲ … တခုတော့ရှိရဲ့။ အင်အားတွေမပြိုကွဲစေနဲ့။
ဖရိုဖရဲမဖြစ်စေနဲ့။ ညီညွတ်ဖို့အရေးကြီးတယ်။ ညီညွတ်ရင် မိုးကိုတက်ပြီး ဒူးနဲ့တိုက်နိုင်တယ်။

(၂)
“ညီညွတ်ရေး” … တဲ့။ အလွန်လှပတဲ့ စကားကလေးပါ။ စကားလှသလောက် လက်တွေ့ကျင့်သုံးဖို့ အတော်ခက်တယ်။ “ညီညွတ်ကြပါ” လို့ ပြောရင်းဟောရင်း အစိတ်စိတ်အမြွှာမြွှာ ကွဲခဲ့ကြပြီ။ အချင်းချင်းသတ်ကြဖြတ်ကြ နှိပ်စက်ကြလို့ ဒုက္ခတွေရင်ဆိုင်ခဲ့ကြရပြီ။ ဒါပေမယ့် နောင်တမရသေး၊ သတိမရသေး။ “မာန်တရှေးရှေး၊ တသွေးသွေးနှင့်၊ နွားချေးထက်ဝယ်၊ ဖားသူငယ်” သို့ လူတွင်ကျယ် တွေများခဲ့ပြီ။ ဘယ်မှာရင်ကြားစေ့နိုင်ပါ့။ ဘယ်မှာ အောင်လံကိုင်နိုင်ပါ့။

သူတလူ ငါတမင်းမို့ ပြည်သူတွေဖျင်းခဲ့ပြီ။ ကိုယ့်သမိုင်းကိုတောင်မှ လှန်မကြည့်ချင်တော့။ “ဗမာကတမျိုး၊ ရှမ်းကတဖုံ၊ ကရင်ကတနဲဖြစ်နေရင် ဒီနိုင်ငံကြီးဟာ ဟိုနိုင်ငံကြီးဖြစ်သွားမယ်” လို့ ဗိုလ်ချုပ်အောင်ဆန်း က ကရုဏာဒေါသောနဲ့ ကြိမ်းမောင်းခဲ့ဖူးပြီ။ “တို့ဗမာ၊တချို့ဝါစာကမာနဲ့” လို့ ဆရာကြီးသခင်ကိုယ်တော် မှိုင်းကလည်း ၀ါစာကမာ ဗမာတွေအကြောင်း ညည်းညူခဲ့ဖူးပြီ။ တရားရကြပါရဲ့လား။ သတိကော ထားမိကြပါရဲ့လား။ ပုရွက်ဆိတ်လောက်မှ ဥာဏ်မရှိတာကိုကော စဉ်းစားမိကြပါရဲ့လား။ အင်း … အင်း။

(၃)
လွတ်လပ်ရေးရခဲ့တယ်။ ၁၉၄၈ ခုနှစ်က။ လွတ်လပ်ရေးရတာ ညီညွတ်ခဲ့ကြလို့ မဟုတ်လား။ ဟုတ်ပါပေ့။ ညီညွတ်လို့ ပြည်လွတ်ခဲ့ရတယ်။ နယ်ချဲ့သမားနဲ့ဖက်ဆစ်များကို တိုက်ထုတ်နိုင်ခဲ့ကြတယ်။ လွတ်လပ်ရေးအောင်စည်သံမှ မစဲသေး။
ပြည်တွင်းစစ်မီး တောက်လောင်ခဲ့တာ အခုအထိ။ လွတ်လပ်တယ်ဆိုခါမှ လွတ်လွတ်လပ်လပ် ကွဲကြပြဲကြ။ ပြည်သူတွေ ဒုက္ခပင်လယ်ဝေခဲ့ကြတာ ကိုယ်တွေ့မဟုတ်လား။ ခါးသီးလှတဲ့ ပြည်တွင်းစစ်ဒဏ် အခုထိခံရဆဲ။ သေနတ်သံမစဲသေး။ တိုက်ပွဲကမဆုံးသေး။ သွေးတွေကစီးဆင်းဆဲ။

ယခင်အခါ ထမ်းပိုးတည့်တည့် ထမ်းခဲ့ကြတဲ့၊
စိုးနဲ့သန်းကိုလဲ၊ တမျိုးကွဲ့ လွမ်းသူ ဆရာဖအေမှာဖြင့်
“မာပါစေ သာပါစေ ဆုမွန်တောင်းခဲ့ရ” သတဲ့။
ဆရာကြီးမှိုင်းရဲ့ မေတ္တာရေစင်။

ကမ္ဘာအေးစေတီ ဒါယကာ မောင်ရွှေနုကိုလဲ “အောင်ဇေယျတု … အောင်ဇေယျတု…” လို့ မြွက်ခဲ့ပါသတဲ့။ မှိုင်းရဲ့ ငြိမ်းချမ်းရေးတရား၊ ညီညွတ်ရေးတရားကိုလည်း မည်သူကမှ နားမ၀င်ခဲ့ပါကလား။ မှိုင်းလည်း ဆုံးပြီ။ စိုးနဲ့သန်းလဲ မရှိပြီ။ မောင်ရွှေနုလည်းမရှိပြီ။ သြော် … တလောက ဗိုလ်မှူးအောင်တို့၊ ဦးကြည်မောင်တို့တောင် သမိုင်းဝင်ပုဂ္ဂိုလ်တွေ ကွယ်လွန်ကုန်ကြပါပကော။ များလှပြီ။

အခုထက်ထိ ပြဿနာမရှင်းနိုင်သေး။ ပြည်တွင်းစစ်ပွဲ မငြိမ်းနိုင်သေး။ ပြည်သူတွေက ပြေးရတုန်း၊ ပုန်းရတုန်း၊ ငတ်ရပြတ်ရတုန်း။ ရွာတွေ၊ ယာတွေစွန့်ပြီး တောင်မြောက်ဝဲယာ ပြေးစရာနေရာ ရှာနေရတုန်းပါကလား။ မောလိုက်တာ။

မောလဲမော၊ မိုက်လဲမိုက်ဆဲကို။
မနောဖြူတဲ့ တောသူဒကာမတို့မှာလဲ
မောမူဟတွေနဲ့ ကျောပူကြလို့
ဇောဆူကြွတုန်းပါကလားဟရို့။

(၄)
ခုတလော သတင်းတွေက စိတ်ဝင်စားစရာ။ သွားလေသူ ဦးနေ၀င်းကြီးမွေးခဲ့တဲ့ ထောက်လှမ်းရေးတွေ ပြေးပေါက်မှားနေကြသတဲ့။ သူတို့နှိပ်စက်ခဲ့တဲ့ အကျဉ်းသားတွေကို လွှတ်ပေးကြသတဲ့။ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်လွတ်ပြီ…တဲ့။ ၀မ်းသာစရာ သတင်းရောင်ခြည်တွေ ဖြာလာတယ်။ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ရမှာပေါ့။ ထောက်လှမ်းရေးက မတရားဖမ်းထားတာချည်းပဲ။ ထောက်လှမ်းရေးဥပဒေဖြစ်တဲ့ ခေတ်ဆိုးကိုကျော်ဖြတ်ဖို့ ကြိုးစားနေကြတယ်။ ကောင်းလေစွ။

စစ်တပ်ဟာ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဖြစ်ရမယ်။ ပြည်သူကိုသာ ကိုးကွယ်ရာလို့ မှတ်ယူရမယ်။ “ညီညွတ်ရေးဆိုလို့ ဓားပြတွေညီညွတ်တာကို မဆိုလိုဘူး” ဆိုတဲ့ ဗိုလ်ချုပ်စကားကို မမေ့စေရ။ ပြည်သူကိုအကျိုးပြုတဲ့လူတွေ ညီညွတ်ရမယ်။ အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရမယ်။ တို့တတွေနာခဲ့တာကြာပြီ။ နာတာရှည်ဖြစ်ခဲ့ပြီ။
ဒီနာတာရှည်ကို ကုမှဖြစ်မယ်။ ကမ္ဘာပေါ်မှာ သူ့ထက်ငါ တည်ဆောက်နေကြချိန်မှာ တို့က မသာအိမ်မှာ နောင်ဂျိန်ဇာတ်ခင်းနေလို့ တော်ပါ့မလား။ ဒီမိုကရေစီအောင်လံလွှင့်ထူပြီး ပြည်သူတွေမျက်နှာကြီးတဲ့ ခေတ်ရောက်ပါစေ။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၃၉)၊ ဒီဇင်ဘာ ၂၀၀၄

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄၆)



(၁)
ငယ်ငယ်တုန်းက ဆရာတော်ဦးအာစာရကျောင်းမှာ “ဓမ္မစကြာ” ကို အလွတ်ကျက်မှတ်ခဲ့ဖူးပါတယ်။ အဓိပ္ပာယ်တွေ ဘာတွေမသိ။ အရအမိကျက်မှတ်ပြီး

“ဘိက္ခဝေ၊ ရဟန်းတို့ …။ ဒွေမေဘိက္ခဝေ အန္တာပဗ္ဗဇိတေန နသေ၀ိတဗ္ဗာ။ အစွန်းတရားနှစ်ပါးကို ရှောင်ရှားအပ်ကုန်၏”လို့ တညံညံတစာစာနဲ့ ပါဠိစာတွေ၊ မြန်မာအနက်တွေ အော်ဟစ်ခဲ့ဖူးပါတယ်။

အသက်ကြီးတော့မှ “အစွန်းတရား” ဆိုတာ သဘောကျလာပါတယ်။ အစွန်းရောက်တာကို ဗုဒ္ဓက နှစ်သက်တော်မမူဘူး။ မဇ္ဈိမပဋိပဒါလို့ခေါ်တဲ့ အလယ်အလတ်ကျင့်စဉ်ကို နှစ်သက်တော်မူတယ်။ ဓမ္မစကြာဟာ ဗုဒ္ဓရဲ့တရားဦးမို့ သူ့တရား၊ သူ့လမ်းစဉ်၊ သူ့ကျင့်စဉ်တွေကို ပဉ္စ၀ဂ္ဂီငါးပါးကို ဟောကြားတော်မူခဲ့တာလို့ သိလာရတယ်။ သိတော့ ဒီတရားကို ကြိုက်သွားတာပေါ့။

(၂)
ဒီမိုကရေစီနိုင်ငံရဲ့အသက်ဟာ လွတ်လပ်မှုပဲ။ နိုင်ငံရေးလွတ်လပ်ခွင့်၊ လူမှုရေးလွတ်လပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်ရှိရမယ်။ လွတ်လပ်စွာယုံကြည်နိုင်တယ်။ ကိုးကွယ်နိုင်တယ်။ ကိုယ်ကြိုက်တဲ့ဘုရားကို လွတ်လပ်စွာပူဇော်ဝတ်ပြုနိုင်တယ်။

မိမိလွတ်လပ်ခွင့်ဟာ သူတပါးကိုတော့ ထိပါးချုပ်ချယ်မှု မဖြစ်စေရဘူးပေါ့။ ငါ့အယူနဲ့မတူ၊ ရန်သူလို့ သဘောမထားရဘူးပေါ့။ ငါယူသလို သူတကာတွေ ယူရမယ်။ ငါယုံကြည်တာသာ အမှန်တရားလို့ ခါးခါးသီးသီး မဖြစ်စေရဘူးပေါ့။

လူသားမှာ ကြိုက်ရာယုံကြည်ပိုင်ခွင့်ရှိတယ်။ ခရစ်ယာန်၊ ဟိန္ဒူ၊ မူဆလင်၊ ဗုဒ္ဓဘာသာ ကိုယ်ကြိုက်ရာ ယုံစတမ်း၊ ဘာသာတရားကို မယုံရင်လည်း မယုံကြည်မကိုးကွယ်ဘဲ နေခွင့်ရှိစတမ်း။ ဒါမှ တရားမျှတမှာ မဟုတ်လား။

ကိုယ့်အယူ သူ့အယူ မတူညီချင်ရှိပါစေ။ ပန်းတွေရောင်စုံပွင့်သလို ကမ္ဘာမြေကြီးဟာ လှပနေမှာပဲ။ အချင်းချင်း အနိုင်မကျင့်စတမ်း။ အများက အားနဲ့ဖိပြီး လူနည်းစုအပေါ် ဗိုလ်ကျအနိုင်မယူစတမ်း။ မိမိတို့စိတ်ကြိုက် တိုက်ခိုက်ပုံသွင်းပြီး အချင်းချင်းမညှဉ်းဆဲစတမ်း။ လူသားတဦးဟာ သူ့ကမ္ဘာမြေကို သူ့စိတ်ကြိုက်နေထိုင်ခွင့်၊ ဖန်တီးခွင့်ရှိတယ်။ အဓိကကတော့ လူသားနဲ့ လူ့ကမ္ဘာကို အကျိုးပြုဖို့ပါပဲ။ ကောင်းကျိုးတွေဖန်တီးနေဖို့ပါပဲ။ ကမ္ဘာကြီး ငြိမ်းချမ်းသာယာအောင်၊ စည်ပင်အောင် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ တည်ဆောက်နေဖို့ပါပဲ။

(၃)
တကိုယ်တော်ကိုယ်ကျိုး၊ တသင်းတဖွဲ့ ကိုယ်ကျိုးရရှိမှုကို အကြောင်းပြုပြီး ဘာသာရေး၊ နိုင်ငံရေးတို့ကို လက်ကိုင်ပြုကာ အတင်းအဓမ္မ လွှမ်းမိုးချင်တတ်ကြတယ်။ ဓားမိုး သေနတ်မိုးနဲ့ အာဏာတန်ခိုးပြချင် တတ်ကြတယ်။ အများစုအပေါ်မှာ အကြမ်းဖက်ရန်လိုပြီး အလိုမတူဘဲ အနိုင်ကျင့်ချင်တတ်ကြတယ်။ အဲဒါဟာ “အစွန်းရောက်” တာပဲ။ “အကြမ်းဖက်” တာပဲ။ “အာဏာရှင်စနစ်” ထူထောင်တာပဲ။ အဲဒီလို အပြုအမူဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ။ လူ့ဖြစ်စဉ်ရဲ့ အန္တရာယ်ပါပဲ။

သဲကန္တာရမုန်တိုင်းလို ရိုင်းချင်တိုင်းရိုင်း၊ မှိုင်းတိုက်ချင်တိုင်းတိုက်၊ မိုက်မဲတဲ့မောဟကို ရှေ့တန်းတင်ပြီး ဘုရားသခင်ရဲ့ တရားပလ္လင်ပေါ်ကို ဓားနဲ့ဆင်ပြီးပို့တာကို မနှစ်မြို့နိုင်ပါဘူး။ လူဖြစ်စဉ်ရဲ့ အန္တရာယ်ပဲ မဟုတ်လား။

(၄)
လူ့ဘ၀ဖြစ်စဉ်တွေပေါ်မှာ ကဗျာဥာဏ်ဝင်ပြီး မီးခိုးကြွက်လျှောက် ရောက်ရာပေါက် ကဗျာရေးမိတာက ဒီလိုပါ။

“ကိုယ်ပိုင်ဥာဏ်
ကိုယ်ပိုင်လွတ်လပ်ခွင့်
သင့်မသင့်ချင့်ချိန်ပြီး
သူ့အိမ်ကို ကိုယ့်အိမ်မမှတ်
သူ့ဇရပ်ကို ကိုယ့်ဇရပ်မလုပ်
ကိုယ့်အဆုံးအဖြတ်နဲ့ကိုယ်
လက်ဝါးကပ်တိုင် ထူချင်ထူမယ်
စေတီတဆူ တည်ချင်တည်မယ်
မုတ်ဆိတ်ကျင်စွယ်တွေနဲ့
တောမြိုင်လယ် သွားချင်သွားမယ်
အမှားကလွတ်လမ်း၊
တရားက ကျွတ်တမ်း
စူးစမ်းကြ ရှာဖွေကြမယ်
ရွှေစိတ်တော်ကြိုက်သလိုပ …” လို့ ရေးမိတယ်။

“ကိုယ့်အခန်းမှာ၊
ကိုယ်သာလျှင် ပြဋ္ဌာန်း
ကိုယ့်လမ်းမှာ သရုပ်ဆောင်
မာနတွေ မထောင်နဲ့
အမှောင်ကို ရှောင်နိုင်ရမယ်”
လို့လည်း မိမိဘ၀ မိမိပြဋ္ဌာန်းခွင့်ရတဲ့ပေါ် မာနမထောင်လွှားဖို့ ရေးမိတယ်။

“သဗ္ဗေ သတ္တာ ကမ္မသကာ
ကံသာလျှင် အမိ၊ ကံသာလျှင်အဖ
ကံပစ်ချရာနေ
ကံကပေးတဲ့ အမွေကိုစား
ကံတရားကို ယုံကြည်တယ်။
ကံသည်သာ အလုပ်
အလုပ်သည်သာ အဟုတ်
ကောင်းမှုလုပ်တော့ ကောင်းကျိုးစံ
မကောင်းမှုလုပ်တော့ ဆိုးကျိုးခံ
ကိုယ်ဖန်တီးတဲ့ ကိုယ့်ကြမ္မာကံ”
လို့ ဖွဲ့မိတယ်။
မြန်မာလူထုဟာ ကံကြမ္မာကို ယုံစားပေမယ့် မပုံစားဘူးလို့ ဆိုရမယ်ထင်တယ်။ “ကံယုံ၍ ဆူးပုံမနင်းရာ” တို့၊ “ကြမ္မာဆောင်တော့ သားကောင်တောင်ဆိတ်ဖြစ်” ရသေးသတဲ့။ “ကံကြမ္မာဂြိုဟ်စီးတော့၊ ကိုယ်ထီးတောင် မြွေမှတ်လို့ခုန်” ရသေးသတဲ့။

(၅)
ဒီတော့ ကဗျာက “ဗုဒ္ဓ၀န္ဒနာ”၊ ဓမ္မစကြာအခြေခံပြီး ကာရံတွေရှာရင်း ဒီလိုနိဂုံးချုပ်မိတယ်။

“ကံကြမ္မာ ယုံကိုးပြီး
ချုံတိုးလို့မရ။
ဥာဏရှေ့ဆောင်
မီးရောင်တလက်လက်နဲ့
ခရီးရည်ချီတက်မယ်။
အမျက်မပါ၊ ရမ္မက်မပါ
ငါ့လက်နက်ဟာ ငါ့လုံ့လမပါ
ငါ့လက်နက်ဟာ ငါ့လုံ့လပေါ့
ဗုဒ္ဓကို ဦးချ။
လူ့ဘ၀လှလိမ့်မယ်” တဲ့။

မှန်ပါတယ်။ လူ့ဘ၀ခရီးမှာ အမျက်ဒေါသ မတင်းမှဖြစ်မယ်။ ရမ္မက်လောဘ ကင်းမှဖြစ်မယ်။ မေတ္တာစိတ်၊ အချစ်စိတ်အခြေခံပြီး ဖန်တီးလုပ်ဆောင်ကြမှသာ လူ့ဘ၀ဟာ သုခချမ်းသာနဲ့ပြည့်စုံပြီး လူ့ဘုံအလှ ကြုံကြရမှာမဟုတ်လား။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၄၁)၊ ဖေဖော်ဝါရီ ၂၀၀၅

Wednesday, November 27, 2013

စစ်တုရင် ပွဲ

စစ်တုရင် ပွဲ                     ဂျိုဇော်
------------------
* စစ်တုရင် ကစားပွဲ
မျက်စိထဲ မြင်ယောင်
နယ် ရှစ်ကောင် ရင်ပေါင် တန်း
ရှေ့တန်း မှာ ထား
ရထား ဘယ်ညာ
အတွင်းမှာ ဘစ်ရှော့
အတွင်းမှာ မြင်းနှစ်ကောင်
အလယ်ကောင် ကွင်းနဲ့ကင်း
စစ်တလင်း ဆိုမှတော့
သူဖြူ လျှင် ငါ မည်းပေါ့ ။
* နှစ်ဘက်စလုံး
ဥာဏ်နီဥာဏ်နက် သုံးကြ
အရှုံးကို အမုန်းလုပ်
အမုန်းကို အပြုံးအုပ်
ပရိယာယ် ဝေဝုစ်နဲ့
အရုပ်တွေ ခင်းကျင်း
အနိုင် အရှုံး သတင်းနဲ့
စစ်တလင်း မှာ အ ဖြေရှာ ။
* တစ်ပွဲပြီး တစ်ပွဲ
သဲသဲမဲမဲ သတ်ကြ ရ
နှစ်ဘက်စလုံးက အရုပ်တွေ
အတုံးအရုံး သေကြ ရ
မျက်စိအောက်က ကစားခုံ
သွေးစွန်းနေတဲ့ ကစားခုံ
မြန်မာပြည်မြေပုံ ဖြစ်သွား
( မြတ်စွာဘုရား ....)
အရုပ်များ ရဲ့ မျက်နှာ
ဆက်ပြီး မကြည့်ရဲတော့ပါ
ဆက်ပြီး မကြည့် ရက်တော့ပါ ။ ။

ဂျိုဇော်

27/11/13

Monday, October 28, 2013

ညရေစီး - ခက်မာ



                                         Illustrated by Than Htay Maung

အရိုးထိအောင်အေးသောညဥ့်လေထုဒါဏ်ကိုပခုံးကြုံ့ကွေးရင်းလက်သီးတင်းတင်းဆုတ်ရင်းနှင့်သူတို့က မြစ်ဟုခေါ်သောရေစီးကြောင်းတခုဘေးတွင် ကျမမိုက်မိုက် ကမ်းကမ်းနှင့်မတုန်မလှုပ်ထိုင်နေမိသည်။ တဆတ်ဆတ် ရိုက်နေသောသွားများကို လည်းငြိမ်သက်အောင် အံကိုတင်းတင်း ကြိတ်ကာကွယ်ရ 
သေးသည်။

ကျမထိုင်နေသော ကျောက်သားခုံဖြူကလေးသည်ခပ်နောက်နောက်ရေခဲတုံးတတုံးလိုဖြူဖွေးအေးစက် 
နေသည်။ မြစ်ကိုတိုက်ခတ်လာသောလေကအကာအကွယ်မဲ့သောမျက်နှာနှင့်လည်ပင်းများကို တိုးဝှေ့ လာသောအခါ ကြက်သည်းတွေဖြန်းဖြန်းထရသည်။

ကျမရှေ့တည့်တည့်ရှိရေစီးငြင်သာသောအိုင်အိုဝါမြစ်သည် ကျမငယ်ငယ်ကနေထိုင် ကြီးပြင်းခဲ့သော ကျေးလက်ခြေတံရှည်အိမ်ကလေး၏နောက်ဖေးရှိချောင်းနှင့်အရွယ်တူလောက်ရှိသည်။ ကျီလောင်လောင် မြစ်ရေကတော့ ချောင်းကလေးထဲမှာနွေရာသီစီး ဆင်းသောအင်းရေနှင့်တူသည်။ ချောင်းနံဘေးမှာ လယ်ကွင်းတွေ၊ငရုတ်ခင်းတွေ၊ နေကြာ ခင်းတွေရှိသည်။ အဲဒီစိုက် ခင်းတွေထဲမှာအလုပ်လုပ်နေကြသူ 
တွေက ကျမ၏ သူငယ်ချင်းတွေ။ နွေရာသီကျောင်းပိတ်ရက်ဆို ကျမတို့ညီအမလည်းငရုတ်သီးခူး ထွက်ရသည်။

မီးစနှင့်ထိုးထားသလိုပူလောင်သောနေရောင်အောက်တွင်ပူလောင်သောငရုတ်သီးတွေကို တနေကုန် တကုတ်ကုတ်ခူးဆွတ်ရသည်။ နေ့လည် ၁၂နာရီလောက်ဆိုအလုပ်နားပြီး ထမင်းစုစားကြသည်။ ဒန်ချိုင့် နှင့်ထည့်လာသောထမင်းနှင့်ငါးပိရည်၊ အင်ဖက်နှင့်ထုတ်လာသောထမင်းဟင်းနှင့်အသီးအရွက်များကို 
ဝေမျှစားကာထွေရာလေးပါးပြောကြရသော ထိုအချိန်ကတနေ့တာအတွင်း ကျေနပ်ဖွယ်ရာအကောင်း ဆုံးသာအချိန်ဖြစ်သည်။ ထမင်းစားပြီး ချိန်ဆို စိုက်ပျိုးမြေပြင်တလျှောက်ထမင်းထုတ်ခဲ့သော အင်ဖက်တွေ ပျံ့ကျဲကျန်ရစ်တော့သည်။ ယခုအချိန်တွင် ထိုစိုက်ပျိုးမြေထဲပျံ့ကျဲနေတာကတော့အင်ဖက်များမဟုတ် 
တော့ပါ။ ကျွတ်ကျွတ်အိတ်များပင်။ တချို့ဆိုလေထဲမှာ ယိမ်းနွဲ့ကာ ကခုန်နေကြသေးသည်။

"ဒီလိုစိုက်ပျိုးမြေပေါ်မှာ ဘာဖြစ်လို့ကျွတ်ကျွတ်အိတ်တွေပစ်ကြတာလဲ"

ကျမကသူငယ်ချင်းမခင်မော်ကိုအဲဒီလိုမေးတော့သူငယ်ချင်းကကျမကိုအရူးတယောက်လိုကြည့်သည်။

"ဒီနေရာမှာမပစ်လို့ ဘယ်နေရာမှာပစ်ရမလဲ"

ကျမကသူ့ကိုအရူးတယောက်လိုပြန်ကြည့်မိသည်။ပြီးတော့မှကျမအမှားအတွက်နောင်တရသွားသည်။ ကျွတ်ကျွတ်အိတ်တွေက ဘာတွေဖြစ်လာနိုင်သလဲသူတို့မသိပါ။စီးပွားရေးသမားတွေအမြတ်များများ ရအောင် မီးသွေးဖုတ်ရောင်းကြသောဒီရေတော သစ်ပင်တွေကို သူတို့ကချွေးနှင့်ရင်း၍ခုတ်ပေးနေကြသည့် အတွက်ဘာတွေဖြစ်လာနိုင်သလဲသူတို့မသိပါ။ သူတို့သိတာကဒီနေ့အလုပ်လုပ်မှဒီနေ့ ထမင်းစားရမည်။ 
နေ့စဉ် ထမင်းနပ်မှန်နိုင်ဖို့ နေ့စဉ်အချိန်ပြည့်အလုပ်လုပ်နေရသဖြင့် သူတို့ဘာမှမလေ့လာနိုင်ပါ။ ကမ္ဘာကြီး ၏အပြောင်းအလဲတွေကို သူတို့မကြားနိုင်မမြင်နိုင်ပါ။ သူတို့မြင်နေရသောစိုက်ပျိုးမြေထဲမှာ လွင့်ဝဲနေသည့် ကျွတ်ကျွတ်အိတ်တွေကိုလည်း အန္တရာယ် ရှိသောအရာများဟု သတ်မှတ်ရကောင်းမှန်းသူတို့မသိကြပါ။

အခုတော့ ကျွတ်ကျွတ်အိတ်တွေဝေ့၀ဲနေတာမဟုတ်သည့်အမေရိက၏တောရိုင်းမြေပြင်ကို ကျမရောက် ခဲ့ပြီ။ အိုင်အိုဝါကိုရောက်ပြီးနောက်တနေ့မှာပဲ ငှက်နီခြံ ( Red Bird Farm) ကို Nature walk အနေနှင့် ကျမတို့ သွားရသည်။ Red Bird Farmသည်ကျွတ်ကျွတ်အိတ်တွေဝေ့၀ဲမနေတာကလွဲလျှင် မြန်မာပြည်ကတောအုပ်မြေများနှင့်သိပ်မကွာခြားလှပါ။ ကျမရှေ့မှ သွားနေသောစာရေးဆရာ တဦးက 
ရေသန့်ဗူးအလွတ်တခုကို မြက်ရိုင်းအုပ်တွေထဲလွှင့်ပစ်လိုက်သည်။ 

"ဒါ ဘယ်သူပစ်လိုက်တာလဲ"

ချက်ခြင်းပဲမေးမြန်းသံတခုထွက်ပေါ်လာသည်။

" I am sorry"

"ဒီလိုမလုပ်ပါနဲ့ "

နှာခေါင်းမှာဖန်စီနားကပ်လေးတပ်ထားပြီးဆံပင်ကိုအမည်းရောင်ဆိုးထားသောဂျာမာန်မလေးက မျက်နှာ ထားတင်းတင်းနှင့်ထိုသို့ပြောသည်။ပြီးတော့အဖိုးတန်သစ်ခွခင်းထဲကျသွားသောကျောက်တုံးတတုံးကို 
ကောက်ယူသလို ရေသန့်ဗူးခွံကိုကောက်ယူလိုက်သည်။


ကျမဆယ်ကျော်သက်အရွယ်မှာတော့ငါးတွေကောက်ခဲ့ရသည်။ ကျောင်းအားချိန်ရောက် တိုင်းအိမ်နောက် ဖေးချောင်းကလေးမှာ ကျမတို့ငါးမျှားခဲ့ကြသည်။ ငါးမျှားရာမှာကျမပါနိုင်ပေမယ့်ချောင်းရေထဲငုတ်ပြီးငါးစမ်း ရာမှာတော့ ကျမမပါနိုင်ခဲ့ပါ။ ကျမ၏ အိမ်နီးခြင်းသူငယ် ချင်းမေသင်းလဲ့နှင့်မေတင်အေးက ရေနည်းသော နွေရာသီကာလ၏နောက်ကျိနေသောချောင်းထဲမှာရေငုတ်ပြီးငါးစမ်းသည်။ အခါများစွာတွေမှာ ရေထဲငုတ် သွားပြီးပြန်ပေါ်လာချိန်ဆို သူတို့လက်ထဲမှာငါးတကောင်ပါလာတတ်မြဲဖြစ်သည်။

"ဒီတခါတော့ကပ်သပိုးဟေ့"

"ငါးဇင်ရိုင်းတကောင်လာတော့မယ်နော် သတိထားကောက်"

"ငါးခူနော်၊ ငါးခူ.."

ချောင်းရေပြင်အောက်ကနွံနုန်းအနည်တွေကြားမှာငါးတကောင်ကိုစမ်းမိဆုတ်ကိုင်ထားရုံရှိသေး သူတို့က မိထားတာဘာငါးလဲသိနေပြီ။ စိတ်ညစ်စရာကောင်းအောင်အံ့သြ ရတာက သူတို့ပြောတာဘယ်တော့မှ မလွဲခြင်းပင်။ သူတို့ ကမ်းပေါ်ပစ်တင်ပေးသော ရွှံ့နုန်းအနည်များနှင့်လုံးထွေးနေသည့်ငါးတွေကို ကျမက ကမ်းပေါ်မှဆီးကောက်ကာ ၀ါးပလိုင်းထဲထည့်ပေးရသည်။ ငါးတွေ၏ အသက်ကိုသတ်ဖြတ်ရာမှာကူညီ 
ပေးနေသည့် ကျမကိုအဘွားကဆူလေ့ရှိသည်။ ဒါပေမယ့် နုန်းအနည်အနှစ်တွေနှင့်ရောထွေးပြီး တဖြတ် ဖြတ်ခုန်နေသည့်ငါးကိုရင်တထိတ်ထိတ်နှင့်ကောက်  ဖမ်းရသည့်အရသာက အဘွားအဆူခံရတာထက် ပိုရင်ခုန်စရာကောင်းလေတော့ကျမလည်းတံငါနားနီး တံငါဖြစ်တော့သည်။ 

ကျမသူငယ်ချင်းတွေလိုမျက်နှာကလေးပဲရေပြင်ပေါ်ဖော်ပြီး၊တခါတရံရေအောက်ငုတ် ပြီးခြေလက်တွေနှင့် ချောင်းရေပြင်အောက်ပိုင်းရွှံ့နုန်းအနည်တွေကြားမှာယိမ်းနွဲ့ကူး ခတ်နေသည့်ငါးတွေကိုမိအောင်ဖမ်းရလျှင် ဘယ်လောက်များစိတ်လှုပ်ရှားစရာကောင်းလိုက်လေမလဲ။ ပီတိကို စိတ်ကူးနှင့်ပုံဖော်နေစဉ် ကျမညာဖက် ခြေမထိပ်မှာအောင့်ကနဲဖြစ်သွားသည်။ ဖြစ်မှဖြစ်ရလေ။ မေတင်အေးလှမ်းပစ်ပေးသော ငါးဇင်ရိုင်း၏ 
ဘေးဆူးတောင်က ကျမညာဖက်ခြေမထိပ်ကိုမှ တည့်တည့်ဝင်စိုက်ရသတဲ့။ တစစယောင်ရမ်းကာကိုက်ခဲ လာသည့်ခြေမကိုကိုင်ရင်း ကျမတည လုံးအော်ဟစ်ငိုခဲ့ရသည်။ အဘွားကအဆိပ်နိုင်ဆေးရွက်ဟုခေါ်သော အရွက်တမျိုးကိုကြိတ်ခြေကာ ဒါဏ်ရာပေါ်မှာအုံပေးသည်။

"အဲဒါငရဲကြီးတာပေါ့။ ကိုယ့်ခြေမထိပ်ကလေးထိတာတောင်ဒီလောက်နာရင် သူများ အသက်တွေ တဖြတ် ဖြတ်နဲ့ လူးလွန့်ရုန်းကန်ပြီးမှသေအောင်လုပ်တာဘယ်လောက် ခံစားရမလဲစဉ်းစားကြည့်"

အော်ရင်းဟစ်ရင်း အဘွားအဆူကိုခံရင်းမှပင် ပလိုင်းထဲမှတဖြတ်ဖြတ်ခုန်နေသောငါးတွေကိုမြင်ယောင်လာ သည်။  ကျမက ငါးမဟုတ်လေတော့ငါးတွေသေကာနီး ဘယ်လောက်ခံစားရမလဲဆိုတာမသိနိုင်ပါ။ ဒါပေ မယ့် တနေကုန်နီးပါးချောင်းထဲမှာ ငါးစမ်းခဲ့ရသောကျမသူငယ်ချင်းများ၏ ထမင်းဝိုင်းကိုခံစားမိခဲ့တာတော့ အမှန်ပင်။ သူတို့ထမင်း ၀ိုင်းမှာ သူတို့စမ်း၍ရခဲ့သောငါးများမပါပါ။ သူတို့ရခဲ့သောငါးတွေကိုရောင်း၍ ပိုက်ဆံဖြစ်၊ အဲဒီပိုက်ဆံကဆန်ဖြစ်။ အဲဒီဆန်ကဖြစ်သောထမင်းနှင့် သူတို့ အိမ်နောက်ဖေးကွက်လပ်မှာ သဘာဝအတိုင်းပေါက်နေသောကန်စွန်းရွက်တွေကို ဟင်းအဖြစ်ဖန်တီးလိုက်တော့ သူတို့အတွက်အသက် ဆက်နိုင်သောညစာဖြစ်ခဲ့ပြီ။

ကျမကတကိုယ်ကောင်းဆန်စွာပင် ငါးတွေသေရတာကို ကိုယ်ချင်းမစာနိုင်ပေမယ့် ငါးဖမ်းရင်းအသက်မွေး ရသော ကျမသူငယ်ချင်းတွေထမင်းဝိုင်းမှာငါးဟင်းမစားနိုင် တာကိုတော့ရင်နာရသည်။ သူတို့လိုဘ၀ခြင်း ဆင်သူ ကျမသူငယ်ချင်းတွေအများကြီးရှိသည်။ သူတို့လိုဘ၀မျိုးနှင့် ကျမသူငယ်ချင်းမဟုတ်သူတွေလည်း အများကြီးရှိသည်။ သူတို့ ထမင်းဝိုင်းတွေကိုရင်နာနေမိတာနှင့်ပဲကျမခြေထောက်ဆီအာရုံပြန်ရောက်ချိန် မှာတော့ ခြေထောက်မှတစစ်စစ်အနာကလျော့ပါးစပြုနေပြီ။ ပြီးတော့ပူလောင်နေရာမှတဖြည်းဖြည်းနွေး လာ၊ တော်ပါသေးရဲ့။


ကျမခြေထောက်မှာနောက်တခါနွေးထွေးမှုကိုခံစားရချိန်မှာတော့ ငါးဇင်ရိုင်းအဆိပ်ပျယ်သဖြင့်ခံစားရသော နွေးထွေးမှုမဟုတ်ဘူးဆိုတာသိလိုက်သည်။ ကျမလည်း ရွာနောက်ဖေးချောင်းရိုးကနေအိုင်အိုဝါမြစ်နံဘေး ကိုပြန်ရောက်ခဲ့ပြီ။ ငါးဘေးဆူးတောင်စူးခဲ့သောခြေမ၏ထိပ်မှာပင်ညှင်းသက်သက်၊ယားကျိကျိနွေးထွေးမှုကို ခံစားရသည်။ ငုံ့ကြည့်လိုက်တော့ ပေနှစ်ဆယ်ခန့်အကွာရှိမီးတိုင်အလင်းရောင်ကြောင့်ကျမခြေမကိုတရှုံ့ရှုံ့ နမ်းနေသောယုန်ကလေးတကောင်ကိုမြင်ရသည်။ အိုး.မီးခိုးရင့်ရောင်ကလေး။ မျက်လုံးကြောင်တောင်၊ နားရွက်ထောင်ထောင်နှင့် ကျမခြေထောက်ကိုစူးစူးစမ်းစမ်း ကြည့်နေသည်။ငါးများ၏အထိအတွေ့နှင့် ကွာသောထူးထူးဆန်းဆန်း အထိအတွေ့ကြောင့် ကျမကျောက်ရုပ်လိုငြိမ်ငြိမ်လေးဆက်ထိုင်နေမိသည်။ 
တော်ကြာသူထွက်သွားဦးမယ်။ ယုန်ကလေးကကျမခြေထောက်ကို သူ့အစာမဟုတ်မှန်းသိသွားချိန်မှာ
တော့ ခပ်လှမ်းလှမ်းက နှင်းစိုနေသောမြက်ဖုတ်တွေကြားပြေးဝင်ပျောက်ကွယ်သွားခဲ့သည်။

ညနေကလည်းအမြီးတဖွားဖွားနှင့်ရှဥ့်ကလေးတွေကို လူသွားလမ်းနံဘေးမှာပဲတလွှားလွှားတွေ့ရသေး သည်။ အိုင်အိုဝါမြစ်တလျောက်မှာလည်းဘဲတွေကအေးအေးလူလူ အစာရှာလို့။ တချို့ကအစာလုရင်း၊ တချို့ကချစ်သူလုရင်း ရန်ဖြစ်လို့။ တချို့ကတော့ စိတ်သဘောတူမျှချစ်ခွန်းတုန့် လှယ်လို့။ ကျမရောက်နေ တာအမေရိကားတဲ့လား။ ဒါးမ တချောင်းနှင့်သစ်ပင်တွေကြားတိုးဝင် ကာအဘွားခေါင်းလျှော်ဖို့တရော် 
ချောင်း လတ်လတ်ဆတ်ဆတ်ရအောင်ရှာ ခုတ်ခဲ့ရသည့်ရွာနဘေးကတောအုပ်ကလေးထဲရောက်နေသလို ခံစားရသည်။ ဒါပေမယ့် ဒါဟာအမေရိကားအစစ်ပါပဲ။ 

"အိုင်အိုဝါကဘယ်လိုနေသလဲ"

ညဆယ့်နှစ်နာရီလောက်ကြီးမှာGtalkကတဆင့်စကားပြောခဲ့ရသည့်မြန်မာပြည်တွင်းမှ 

သူငယ်ချင်း၏မေးခွန်းဖြစ်သည်။ 

"အိုင်အိုဝါကသိပ်အေးချမ်းတာပဲ။ မြစ်ဘေးမှာသဘာအတိုင်းလျှောက်သွားနေတဲ့ဘဲတွေအများကြီး၊  ရှဥ့်ကလေးတွေလည်းအများကြီး၊ ယုန်ကလေးတွေကလည်းလမ်းဘေးတွေမှာလျှောက် သွားနေကြတယ်"

"မြန်မာပြည်မှာအဲဒီအတိုင်းဆိုသိပ်ကောင်းမှာပဲ"

ကျမကငြိမ်းချမ်းမှုကို သူခံစားသွားရပြီဟုထင်ကာမေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ချက်စားမှာပေါ့ဟ။ ယုန်သားကသိပ်ချိုတာ။ ဘဲသားကလည်းသိပ်ကောင်းတာ။"

ကျမရုတ်တရက်ဘာပြန်ပြောရမှန်းမသိလိုက်ပါ။ မြန်မာလူမျိုးများ၏သနားကြင်နာတတ်မှုနှင့်အကုသိုလ် ကင်းစင်လိုမှုစရိုက်ကောင်းများကို ဘယ်သူတွေ၊ဘာတွေကများဖျက်ဆီးပစ်လိုက်တာလဲ။ သေချာတာက 
တော့ သူတို့မှာစားစရာလုံလုံလောက်လောက် ရှိနေလျှင် အေးချမ်းစွာပျော်ပါးနေသည့်တရိစ္ဆာန်လေးတေ ကို သတ်ဖြတ်စားဖို့စိတ်ကူးမိမှာမဟုတ်ဘူးထင်သည်။ သူငယ်ချင်းစကားကိုရယ်မောမိလိုက်ပေမယ့် ကျမငိုချင်နေသည်။ ဘာကြောင့်များ အိုင်အိုဝါရောက်မှခဏခဏငိုချင်နေမှန်းမသိတော့ပါ။ 

မနေ့ညကလည်းကျမငိုခဲ့သည်။ ညဦးပိုင်းမှာကျင်းပသည့်ပါတီကလေးမှာကျမ၀ိုင်ဖြူနှစ်ခွက်သောက်ခဲ့ သည်။  ရုတ်တရက်ကြီးအေးစိမ့်လာသောအိုင်အိုဝါ၏ရာသီဥတုက ၀ိုင်ဖြူကြောင့်နွေးထွေးခဲ့ရသည်။ 
နေရောင်နှင့်တွေ့တော့ရေခဲတွေအရည်ပျော်သလို ကျမရင်ထဲတွင်အေးခဲနေသည့် ၀မ်းနည်းမှုတွေက ၀ိုင်ဖြူနှင့်တွေ့တော့မျက်ရည်များ အဖြစ်ပျော်ကျလာသည်။မျက်ရည်စက်လက်နှင့်ပင်အေးစက်နေသည့် ညထဲမှာနွေးထွေးသောလက်တွေကိုကျမဆုတ်ကိုင်နိုင်ခဲ့သည်။တကမ္ဘာလုံးက လက်တွေကိုကိုယ်စားပြု သည့်လက်တွေ။ အာဂျင်တီးနားက၊ ရုရှားက၊ ချက်က၊ မွန်တာနီဂရိုက၊မလေးရှားက၊ ဟောင်ကောင် က...။...က။ သူတို့လက်တွေထဲကမေတ္တာတရားနှင့်စာနာနားလည်မှုက ကျမ ခန္ဒာကိုယ်ထဲကိုအင်အား များအဖြစ်စီးဝင်ကုန်သည်။ သူတို့က ကျမခံစားမှုကိုသိသတဲ့။ ကျမကိုနားလည်သတဲ့။ ကျမကိုသိတာ မြန်မာလူမျိုးတွေကိုသိတာပဲပေါ့။ ကျမကိုနားလည်တာမြန်မာ လူမျိုးတွေရဲ့ဘ၀ကိုနားလည်တာပဲပေါ့။

ကျမ၏မြန်မာသူငယ်ချင်းတယောက်အကြောင်းပြောပြလျှင်လည်း သူတို့စာနာနားလည်မှာပါပဲ။ နော်ဝေ မှာနိုင်ငံရေးခိုလှုံခွင့်နှင့်နေထိုင်နေသည့်သူငယ်ချင်းကကျမအမေရိကားရောက်နေသည်ဆိုတာသိသည် နှင့်ဆက်သွယ်လာသည်။ မိခင်မြေကိုဘယ် အချိန်ရောက်မှပြန်ခွင့်ရမည်မသိနိုင်ရှာသောသူငယ်ချင်းက သူမခံစားရမှုတွေကိုဖွင့်ဟလာသည်။ သူမအတွေ့အကြုံတွေကိုပြောပြလာသည်။ သူမနေထိုင်သည့်တိုင်း ပြည်ကဘယ်လောက်အေးကြောင်း၊ သူမဘယ်လိုပညာသင်ရပုံ၊ ဘယ်လိုရပ်တည်ရပုံ၊ ဘယ်လိုပျော်အောင်  နေရပုံတွေကိုပြောရင်းမှ မိသားစုပါတီလေးတခုဆီသူမရောက် သွားရပုံကိုပုံဖော်ပြ သည်။ 

"ရင်းနှီးသူတွေချည်းပဲစုလုပ်တဲ့ပါတီသေးသေးလေးပါဟာ။သိပ်စိတ်ချမ်းသာစရာကောင်းတယ်။ ကလေးတွေ ကမြက်ခင်းပေါ်မှာအပူအပင်မဲ့ဆော့လို့။ လူကြီးတွေကလည်းဝိုင်သောက်ရင်းစကားစမြည်ပြောလို့။ ဒီလိုဆို တော့လည်းလူ့ဘ၀ကြီးကနေပျော်စရာပါလားလို့တွေးနေရင်း ဗြုန်းကနဲငါ့တိုင်းပြည်အကြောင်းကို သတိရ သွားတယ်။ ငါ့မိသားစုဝင်တွေ၊ င့ါသူငယ်ချင်းတွေအကြောင်းကိုသတိရသွားတယ်။ ငါကဒီမှာ အေးအေး ချမ်းချမ်း ၀ိုင်သောက်ရင်းကြည်နူးနေတယ်။ ဒီအချိန်မှာငါ့ အမေကဈေးရောင်းနေရတယ်။ ငါ့ သူငယ်ချင်းရဲ့ သမီးလေးက နို့ဆာလို့တကျီကျီငိုနေရတယ်။သမီးကလေးရဲ့အမေငါတို့ သူငယ်ချင်းကတော့တောင့်တင်း နာကျင်နေတဲ့နို့အုံကခံစားမှုသမီးကလေးကိုလွမ်းဆွတ် ရင်းကပဲဒီကနေ့ညအဖမ်းခံရမယ့်ဘေးကလွတ် 
အောင်ဘယ်မှာသွားအိပ်ရပါ့ မလဲလို့ ပူပင်စိုးရိမ်နေရရှာတယ်။ တခြား ငါတို့သူငယ်ချင်းတွေကလည်း အချုပ်ခန်းတွေထဲမှာ၊ စစ်ကြောရေးစခန်းတွေထဲမှာ၊ ထောင်တွေထဲမှာ။ ငါမခံစားနိုင်တော့ဘူးသူငယ်ချင်း ရယ်။"

သူငယ်ချင်းကေသီ၏ရိုက်သံများသည် လေထုကိုဖြတ် ဂြိုလ်တုစလောင်းကိုကျော်၍ လျှပ်စစ်နားကြပ်မှ တဆင့် ကျမ ရင်ထဲဝင်ရောက်လာခဲ့သည်။ကျမလည်းခုတော့သူ့လို ခံစားနေရပြီ။ ဒါပေမယ့်ကျမမှာသူ့လို ကိုယ့်ဘာသာစကားနှင့်စေးစေးပိုင်ပိုင်ပြောပြ တိုင်တည်စရာသူငယ်ချင်းတယောက်မှအတူရှိမနေပါ။ ကျမမမြင်ရပေမယ့်မည်းမှောင် ကော့ရွှန်းသောမျက်တောင်ထူထူများကြားမှယိုစီးကျလာမည့်ကေသီ့ မျက်ရည်တွေကိုနှလုံးသားနှင့်တို့ထိခံစားနိုင်လေသည်။ လောလောဆယ်ကျနေသည့် ကျမမျက်ရည်
တွေကိုတော့မတူကွဲပြားသောကမ္ဘာမြေ၏အစိတ်အပိုင်းအရပ်ရပ်မှရောက်လာကြသော သူငယ်ချင်းတွေ ခံစားတို့ထိနိုင်ကြလေသည်။

"ခက်ရေ.. ဘာဖြစ်လို့လဲကွယ်..။"

မွန်တာနီဂရိုကသူငယ်ချင်းရဲ့ချစ်ခင်ဖွယ်အပြုံးနဲ့စကားသံ။

"သူငိုဖို့လိုတယ်။ ငိုပါစေ။"

ရုရှားကသူငယ်ချင်းရဲ့စာနာနာလည်မှု..။

"မင်းနဲ့အတူ ငါတို့အားလုံးရှိတယ်။ အိုကေနော်..။"

အာဂျင်တီးနားကသူငယ်ချင်းရဲ့အားပေးသံ..။

ဒါဟာငါ့မိသားစုပဲဟုတွေးမိသည့်ခဏမှာ ရုတ်တရက်ကြည်နူးသွားပေမယ့်ဒါဟာငါ့ရဲ့တကယ့်မိသားစု မဟုတ်ဘူးဟု ဆန်းစစ်မိသွားသည့်အချိန်မှာတော့ကြည်နူးမှုကို နာကျင်မှုကဖုံးလွှမ်းသွားပြန်သည်။ ကျမတို့တတွေကလောလောဆယ်အခိုက်အတန့် မှာတော့မိသားစုဖြစ်ကောင်းဖြစ်မည်။ သို့သော် တိုတောင်းသောအခိုက်အတန့်ဖြစ်သည်။ တွေ့ကြုံဆုံကွဲတဲ့။ မကြာခင်ခွဲခွာကြရဦးမည်။ ဒါပေမဲ့လောလော ဆယ်အခိုက် အတန့်အတွင်းကျသည့်မျက်ရည်များ အတွက်အားပေးဖော်တွေရှိနေတာကပဲကျမ၏ ကံကောင်းမှုဖြစ်သည်။ 

မြန်မာပြည်မှကျခဲ့သည့်မျက်ရည်တွေအတွက်ရော။ ဟင့်အင်း.။ မြန်မာပြည်မှာကျမငိုလေ့မရှိပါ။ မြန်မာပြည်တွင်းမှာရှိစဉ်ကဘာကြောင့်များမျက်ရည်ကျလာလောက်အောင်ကိုအင်အား မရှိရတာလဲ။ တခါတရံဘေးနားကသားကလေးနိုးသွားမှာစိုးပြီးတိတ်တိတ်ကလေးကြိတ်ရှိုက်ခဲ့ရဖူးသည်။ ကြေမွနာကျင် နေသော အတွေးတွေကကောင်းကင်အနှံ့ပျံ့ကျဲနေသောလည်းလူကသင်ဖြူးဖျာခင်းထားသော  အိပ်ရာ ကလေးပေါ်မှာ တုတ်တုတ်မလှုပ်ငြိမ်သက်လျှက်။ သက်ပြင်းဖြည်းဖြည်းချ၊ ကြိတ်ရှိုက်။

ဒီအိုင်အိုဝါမှာတော့ဖြင့် အားရပါးရငို။ အားရပါးရမျက်ရည်သုတ်၊အားရပါးရရှိုက်။ငိုရလွန်းသဖြင့်မောပန်းပြီး မျက်ရည်တွေအလိုလိုခြောက်ကာနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားခဲ့သည်။

မနက်လင်းအားကြီးသုံးနာရီခွဲလောက်မှာတော့အာရုံတွေရုတ်တရက်နိုးကြားလာသည်။
အိပ်ရေးဝသွားပြီ၊ စာထရေးမယ်ဟုစဉ်းစားလိုက်ချိန်မှာပဲ ထိုအဘွားအိုကိုမြင်လိုက်တာဖြစ်သည်။ အနက်ရောင်ဝတ်စုံဝတ်ထားသောအဘွားအိုက ကျမကုတင်ဘေးမှာ ဒူးတချောင်းထောင်၍ အကျအန ထိုင်နေသည်။ ကျမကိုမမိတ်မသုန်ကြည့်လျှက်။ အား.. သူဘယ်သူလဲ။ 

ပြတင်းပေါက်ဘေးမှာနောက်တယောက်။ သူမကတော့သက် လတ်တမ်းလောက်။အနီရောင်အင်္ကျီဝတ် ထားသည်။ ပြတင်းပေါက်ဘောင်ကိုမှီရင်း ကျမကိုခပ်ပြုံးပြုံးကြည့်နေသည်။ သူတို့ဘယ်သူတွေလဲ။ 

ကျမအိပ်နေရာမှဝုန်းကနဲ ထထိုင်လိုက်သည်။ အိပ်ရာဘေးကမီးအုပ်ဆောင်းကိုဖွင့်လိုက်သည်။ လှုပ်ခတ်ဝေ့၀ဲ စရာခန်းဆီး မရှိသောပြတင်းပေါက်မှန်တံခါးများမှတဆင့် မြစ်နံဘေးမီးတိုင်များမှ အလင်းရောင်ဝါကျင့်ကျင့်တွေထိုးဖောက်ဝင်နေတာကိုသာမြင်ရသည်။ ကျမအိပ်ရာခြေရင်းကအနက်ရောင် ရေခဲသေတ္တာကို အနက်ရောင်ဝတ်အဘွားအိုဟု ထင်မိတာလည်း မဖြစ်တန်ရာပါ။ ဒါဆို သူတို့ဘယ်သူတွေ လဲ..။

သူတို့လိုပဲ ကျမကိုမမိတ်မသုန်စိုက်ကြည့်နေသည့်အဘွားအိုတဦးကို လွန်ခဲ့သည့် ၁၅ နှစ်ခန့်က ကြုံဖူး သည်။ ပုသိမ်မြို့က၀ိပဿနာတရားစခန်းတခုမှာဖြစ်သည်။ ကျမကထိုင်ပြီးရှုမှတ်ချိန်တွင် ငိုက်မြည်းတတ် သလောက် စင်္ကြန်လျှောက်ရှုမှတ်ချိန်တွင်စိတ်ကြည်လင်တတ်သမို့စင်္ကြလျှောက်ရှုမှတ်ဖြစ်တာများသည်။ 

အဲဒီလိုရှုမှတ်နေတုန်းမှာပေါ့။ တရားရိပ်သာစင်္ကြလမ်း၏ တခုသောတိုင်လုံးကိုမှီ၍ရပ်နေသော ထိုအဘွားအို ကိုကျမမြင်လိုက်တာဖြစ်သည်။ တကယ်တော့သူမကိုကျမကြည့်နေတာမဟုတ်ပါ။ လမ်းလျှောက်ရှုမှတ်ရင်း အာရုံအရ မလှမ်းမကမ်းမှာယောဂီရောင်ဝတ်စုံနှင့် အဘွားအိုတယောက်ရပ်နေတာသိနေခြင်းဖြစ်သည်။

ကြွတယ်၊ လှမ်းတယ်၊ ချတယ်။
ကြွတယ်၊ လှမ်းတယ်၊ ချတယ်။

မှတ်သားရင်းကပင်သူမအနား ကျမနီးလာပြီ။ လက်တကမ်းအကွာရောက်မှာ သူမ လက်ကကျမပခုံးကို လာထိသည်။ ကျမသတိလက်လွတ်လှည့်ကြည့်လိုက်မိသည်။ ဟင်...အဘွားအိုမှမဟုတ် တာပဲ။ ပီပြင်ထင်ရှားလွန်းသောအရိုးစု တခုကကျမပခုံးကို လာထိလိုက်တာတော့မဟုတ်တန်ရာပါ။ ဒါထင်တာပဲ၊ မြင်တာမဟုတ်ဘူး။ တကယ်မဟုတ်ဘူး။ ပြန်မှတ်။

ဝင်တယ်၊ ထွက်တယ်။
ဝင်တယ်၊ ထွက်တယ်။


ကျမက မနက်လင်းအားကြီးမှာမြင်ခဲ့ရသော မြန်မာမဟုတ်သည့်အမျိုးသမီးနှစ်ဦးအကြောင်းကို ကျမ၏ ဥရောပသားသူငယ်ချင်းကိုပြောပြတော့ သူကမေးသည်။

"သူတို့ကိုမြင်ရတဲ့အချိန်မှာ မင်းမျက်စိဖွင့်ထားလား၊ မျက်စိမှိတ်ထားလား။"

"ကျမ မမှတ်မိဘူး။"

"မင်းအိပ်မက်မက်နေတာပါ။"

သူကသည်လိုပြောရင်း ကျမမျက်နှာကိုစူးစူးစမ်းစမ်းကြည့်နေချိန်မှာကျမကတော့လွန်ခဲ့သော ၁၅နှစ်ခန့်က ကြားခဲ့ဖူးသည့်စကားတခွန်းကိုပြန်အမှတ်ရလာသည်။

"ငါ့ညီမကို မမြင်ရတဲ့အရပ်ဒေသက အမျိုးသမီးကြီးတွေကစောင့်ရှောက်တယ်။ ညီမရဲ့ အိပ်မက်ထဲမှာဖြစ် စေ၊ အာရုံထဲမှာဖြစ်စေ အမျိုးသမီးကြီးတွေကိုမကြာခဏမြင်ရလိမ့်မယ်။"

ကျမကိုအဲဒီလိုပြောသူကိုယ်တိုင်က ကျမအားဖေးမကူညီနေကျအမျိုးသမီးကြီးတဦး ပင်။

"ဟုတ်တယ်။ ကျမအိပ်မက်တွေထဲမှာ အမျိုးသမီးကြီးတွေကိုခဏခဏတွေ့ရတယ်။ ကျမရဲ့ အဘွား အပါအ၀င်ပေါ့။ သူတို့ကကျမကိုစောင့်ကြည့်နေကြတယ်။ သူတို့က ကျမကိုဘာကြောင့်စောင့်ကြည့်နေ ကြတာလဲ။"

"ညီမကိုစောင့်ရှောက်ချင်လို့ပေါ့။ ဒါမှမဟုတ် ညီမဆီကတခုခုတောင်းဆိုချင်လို့ဖြစ်လိမ့်မယ်။"

" ရှင်.."

ကျမ ကြည်သည်းနည်းနည်းထသွားသည်။ ကျမကအမိုက်အမှားတွေပြုလေ့ရှိတတ်သူမို့ ကျမကိုဖေးမလမ်း ညွှန်စောင့်ရှောက်ပေးချင်တာများလား။ ကျမဆီကသူတို့တောင်းဆိုစရာတော့ ဘာမှရှိမည်မထင်ပါ။ ကျမ ညစဉ်ပဌာန်း ရွတ်ပြီး မေတ္တာပို့။ အမျှပေးဝေနေကျပဲ။ ကျမမှာ ပေးစရာဒါပဲရှိသည်။ ကျမကိုအမျိုးသမီး တွေကစောင့်ရှောက်သတဲ့လား။ ကျမကိုကူညီဖေးမစောင့်ရှောက်သော အမျိုးသားတွေလည်းအများကြီး ရှိနေပါသည်။ ဒါဆို ကျမကကံကောင်းသူပေါ့။ သို့သော် ကျမကိုချစ်ခင်ဖေးမလို၍မဟုတ်ပဲစောင့်ကြည့် 
နေသောအမျိုးသမီးအမျိုးသားတွေလည်းရှိနေပါသည်။ 


အိုင်အိုဝါသည်ပဉ္စလက်ဆန်စွာ နွေခေါင်ခေါင်မှဆောင်းဦးကိုကျော်၍ ဆောင်းစစ်စစ်ဖြစ်သွားပြန်သည်။ 
နွေရာသီ အပူချိန်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်မှလာသောမြန်မာမလေးသည် ၃၀ ဒီဂရီ ဖာရင်ဟိုက် 
အောက်အအေးထဲတွင် အနေရခက်လှသည်။အခန်းထဲမှာနေတာနည်းနည်းကြာလာတာနှင့် ခြေဖျား လက်ဖျားတွေအေးစက်လာသည်။ အပြင်ကိုလှမ်းကြည့်လိုက်ပြန်တော့နေရောင်က၀င်းပနေသည်။ မြန်မာပြည်မှာတုန်းက ပူပြင်းလွန်းသဖြင့် ကျမမုန်းသောနေရောင်ခြည်ကို အိုင်အိုဝါမှာတော့ မက်မော ရလွန်းပြန်သည်။ အိုင်အိုဝါမှာပူသောနေက အအေးဒါဏ်ကိုသက်သာသလိုခံစားရစေသည်။ သို့သော် 
နေရောင်ခြည်အောက်မှာတိုက်ခတ်လာသောလေကစိမ့်နေပြန်သည်။ နေပူတာကသပ်သပ်၊ လေအေး တာကသပ်သပ်။

အခါများစွာမှာတော့ ကျမအခန်းထဲမှလှမ်းမြင်နေရသောအိုင်အိုဝါမြစ်ကိုငေးကြည့်မိတတ်သည်။ သည်လို 
ငေးကြည့်မိသည့်အခါတိုင်း အေးစိမ့်သည့်ညတညမှာ ကျမနှင့် အတူမြစ်နံဘေးမှာထိုင်ရင်းပြောခဲ့သည့် ကျမသူငယ်ချင်းကိုးရီးယားက ကဗျာဆရာမ ရာဟီဒေါက်ပြောခဲ့သောစကားတွေကိုပြန်ကြားယောင်သည်။

"မင်းက မြစ်ကိုတကယ်ချစ်တာပဲ။ ဒီမြစ်ကမ်းနံဘေးကနေငေးကြည့်နေရတာကို သိပ်ကြိုက်တာပဲနော်။" 

"ဟုတ်တယ်။"

ရာဟီဒေါက်က ကျမကိုပြုံးကြည့်ရင်းပြောသည်။

"ညဖက်မှာစီးဆင်းတဲ့မြစ်ရေဟာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ မင်းမြင်တဲ့အတိုင်းပဲ။ အပေါ်ယံမျက်နှာ ပြင်မှာတော့ရေစီးကငြင်သာနုညံ့နေတယ်။ဒါပေမယ့်မြစ်အောက်ခြေအတွင်းသားကတော့လှုပ်ရှားရုန်းကန် နေတယ်။ အဲဒီလှုပ်ရှားရုန်းကန်နေမှုကမမြင်သာဘူး။ မြစ်ကိုယ်တိုင်နဲ့မြစ်ရေစီးအကြောင်းလေ့လာနေသူ 
တွေပဲ သိနိုင်တယ်။"

မြစ်တဖက်တချက်မှအ၀ါရောင်မီးတိုင်များ၏အလင်းကြောင့်လှိုင်းမွမွလေးတွေကိုမြင်နေရသော အိုင်အိုဝါ မြစ်၏မျက်နှာပြင်ကိုငေးကြည့်ရင်း ရာဟီဒေါက်ကပြောခဲ့တာဖြစ်သည်။ ကျမကတော့ ကဗျာဆရာမပီသ 
သောသူမမျက်နှာကို ငေးကြည့်နေခဲ့မိသည်။မြစ်ကိုငေးကြည့်၍၀ချိန်မှာတော့ ကျမအခန်းထဲ ပြန်၍ မျက်နှာမူလိုက်သည်။

အခန်းထဲမှာ စာရေး၊ စာဖတ်၊ တီင်္ဗီကြည့်။
အတွေးတွေရွက်လွှင့်၊ သတင်းနားထောင်။
ငိုကြွေး၊ သက်ပြင်းရှိုက်၊ ဂူးဂဲလ်တော့ခ်ပြော။

စောင်ပုံကြီးအောက်တိုးဝှေ့ပြီး အိပ်ဖို့ကြိုးစားချိန်မှာတော့ကျမနားထဲမှာအသံတွေကြားလာရသည်။ ကျမမျက်စိထဲ မှာပုံရိပ်တွေမြင်လာရသည်။ကျမမြင်နေကြားနေရတာက ကမ္ဘာအ၀ှမ်းမှ ကံဆိုးသူလူသား များ၏ နာကျင်ပူဆွေးငိုကြွေးသံများနှင့်ပုံရိပ်တွေဖြစ်သည်။ ထိုအသံတွေပုံရိပ်တွေဖြစ်လာအောင် ဘယ်သူဖန်တီးနေတာလဲ။ ဒါမှမဟုတ် ကျမတို့ကပဲဖန်တီးခွင့်ပြုနေတာလား။ 

အိပ်မက်နှင့်လက်တွေ့ဘ၀တွေကဆင်တူရိုးမှားတွေဖြစ်နေသည်။ ကျမတို့တတွေက ကျမတို့ဖြစ်စေချင် သလိုမဖြစ်ပဲ ဖြစ်ချင်သလိုဖြစ်နေသောကမ္ဘာကြီးထဲတွင် နေနေရသောသူတွေဖြစ်သည်။ ဖြစ်စေချင်သလိုဖြစ်မလာသောဘ၀များအတွက် ဘာကိုမှန်းမသိ၊ ဘယ်သူ့ကိုမှန်းမသိ မုန်းမိသော အမုန်းက ကျမကိုနာကျင်ပင်ပန်းစေသည်။ သို့သော်ရင်ထဲတွင်ရှိနှင့်ပြီးသောချစ်ခြင်းတရားက ထိုအမုန်း နတ်ဆိုးများကို တဖန်တိုက်ခိုက်မောင်းနှင်ထုတ်နေပြန်သည်။

ကျမခန္ခာကိုယ်သည်စောင်ပုံကြီးအောက်တွင်တုတ်တုတ်မလှုပ်ငြိမ်သက်နေသော်လည်း ကျမရင်ထဲတွင် တော့ နာကျင်ဝမ်းနည်းမှုများ၊ စိုးရိမ်သောကများ၊ အမုန်းများအချစ်များဖြင့်လှိုင်းထန်လှုပ်ရှားလျှက်ရှိသည်။ 

ဒီလိုဆိုလျှင်ဖြင့်ကျမကိုယ်တိုင်ကညရေစီးတခုဖြစ်နေပြီပေါ့။ ကျမရင်တွင်းမှညရေစီးသည် ကျမအခန်း 
ဘေးမှအိုင်အိုဝါမြစ်မှညရေစီးနှင့်အပြိုင်တိတ်ဆိတ်သောဆူညံရုန်းကန်မှုများနှင့် လှုပ်ရှားစီးဆင်းလျှက် ရှိသည်။

ကျမတို့တတွေက မြစ်တစင်းအတွင်းအတူစီးဆင်းသောရေစီးကြောင်းတွေဖြစ်ကြမည်ဆိုလျှင် ကျမက မြစ်အောက်ခြေမှစီးဆင်းသော ညရေစီးကြောင်းတခုဖြစ်ပါရစေ။ 

ကျမကြားနေရသောငိုကြွေးသံပိုင်ရှင်လူသားများကိုတော့ ညဖက်စီးဆင်းသောမြစ်ရေစီး၏မျက်နှာပြင်လို နုညံ့ငြင် သာစွာစီးဆင်းခွင့်ရစေချင်ပါသည်။ အေးမြသောရေလို ငြိမ်းချမ်းခွင့်ရစေချင်ပါသည်။