Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, October 28, 2013

ညရေစီး - ခက်မာ



                                         Illustrated by Than Htay Maung

အရိုးထိအောင်အေးသောညဥ့်လေထုဒါဏ်ကိုပခုံးကြုံ့ကွေးရင်းလက်သီးတင်းတင်းဆုတ်ရင်းနှင့်သူတို့က မြစ်ဟုခေါ်သောရေစီးကြောင်းတခုဘေးတွင် ကျမမိုက်မိုက် ကမ်းကမ်းနှင့်မတုန်မလှုပ်ထိုင်နေမိသည်။ တဆတ်ဆတ် ရိုက်နေသောသွားများကို လည်းငြိမ်သက်အောင် အံကိုတင်းတင်း ကြိတ်ကာကွယ်ရ 
သေးသည်။

ကျမထိုင်နေသော ကျောက်သားခုံဖြူကလေးသည်ခပ်နောက်နောက်ရေခဲတုံးတတုံးလိုဖြူဖွေးအေးစက် 
နေသည်။ မြစ်ကိုတိုက်ခတ်လာသောလေကအကာအကွယ်မဲ့သောမျက်နှာနှင့်လည်ပင်းများကို တိုးဝှေ့ လာသောအခါ ကြက်သည်းတွေဖြန်းဖြန်းထရသည်။

ကျမရှေ့တည့်တည့်ရှိရေစီးငြင်သာသောအိုင်အိုဝါမြစ်သည် ကျမငယ်ငယ်ကနေထိုင် ကြီးပြင်းခဲ့သော ကျေးလက်ခြေတံရှည်အိမ်ကလေး၏နောက်ဖေးရှိချောင်းနှင့်အရွယ်တူလောက်ရှိသည်။ ကျီလောင်လောင် မြစ်ရေကတော့ ချောင်းကလေးထဲမှာနွေရာသီစီး ဆင်းသောအင်းရေနှင့်တူသည်။ ချောင်းနံဘေးမှာ လယ်ကွင်းတွေ၊ငရုတ်ခင်းတွေ၊ နေကြာ ခင်းတွေရှိသည်။ အဲဒီစိုက် ခင်းတွေထဲမှာအလုပ်လုပ်နေကြသူ 
တွေက ကျမ၏ သူငယ်ချင်းတွေ။ နွေရာသီကျောင်းပိတ်ရက်ဆို ကျမတို့ညီအမလည်းငရုတ်သီးခူး ထွက်ရသည်။

မီးစနှင့်ထိုးထားသလိုပူလောင်သောနေရောင်အောက်တွင်ပူလောင်သောငရုတ်သီးတွေကို တနေကုန် တကုတ်ကုတ်ခူးဆွတ်ရသည်။ နေ့လည် ၁၂နာရီလောက်ဆိုအလုပ်နားပြီး ထမင်းစုစားကြသည်။ ဒန်ချိုင့် နှင့်ထည့်လာသောထမင်းနှင့်ငါးပိရည်၊ အင်ဖက်နှင့်ထုတ်လာသောထမင်းဟင်းနှင့်အသီးအရွက်များကို 
ဝေမျှစားကာထွေရာလေးပါးပြောကြရသော ထိုအချိန်ကတနေ့တာအတွင်း ကျေနပ်ဖွယ်ရာအကောင်း ဆုံးသာအချိန်ဖြစ်သည်။ ထမင်းစားပြီး ချိန်ဆို စိုက်ပျိုးမြေပြင်တလျှောက်ထမင်းထုတ်ခဲ့သော အင်ဖက်တွေ ပျံ့ကျဲကျန်ရစ်တော့သည်။ ယခုအချိန်တွင် ထိုစိုက်ပျိုးမြေထဲပျံ့ကျဲနေတာကတော့အင်ဖက်များမဟုတ် 
တော့ပါ။ ကျွတ်ကျွတ်အိတ်များပင်။ တချို့ဆိုလေထဲမှာ ယိမ်းနွဲ့ကာ ကခုန်နေကြသေးသည်။

"ဒီလိုစိုက်ပျိုးမြေပေါ်မှာ ဘာဖြစ်လို့ကျွတ်ကျွတ်အိတ်တွေပစ်ကြတာလဲ"

ကျမကသူငယ်ချင်းမခင်မော်ကိုအဲဒီလိုမေးတော့သူငယ်ချင်းကကျမကိုအရူးတယောက်လိုကြည့်သည်။

"ဒီနေရာမှာမပစ်လို့ ဘယ်နေရာမှာပစ်ရမလဲ"

ကျမကသူ့ကိုအရူးတယောက်လိုပြန်ကြည့်မိသည်။ပြီးတော့မှကျမအမှားအတွက်နောင်တရသွားသည်။ ကျွတ်ကျွတ်အိတ်တွေက ဘာတွေဖြစ်လာနိုင်သလဲသူတို့မသိပါ။စီးပွားရေးသမားတွေအမြတ်များများ ရအောင် မီးသွေးဖုတ်ရောင်းကြသောဒီရေတော သစ်ပင်တွေကို သူတို့ကချွေးနှင့်ရင်း၍ခုတ်ပေးနေကြသည့် အတွက်ဘာတွေဖြစ်လာနိုင်သလဲသူတို့မသိပါ။ သူတို့သိတာကဒီနေ့အလုပ်လုပ်မှဒီနေ့ ထမင်းစားရမည်။ 
နေ့စဉ် ထမင်းနပ်မှန်နိုင်ဖို့ နေ့စဉ်အချိန်ပြည့်အလုပ်လုပ်နေရသဖြင့် သူတို့ဘာမှမလေ့လာနိုင်ပါ။ ကမ္ဘာကြီး ၏အပြောင်းအလဲတွေကို သူတို့မကြားနိုင်မမြင်နိုင်ပါ။ သူတို့မြင်နေရသောစိုက်ပျိုးမြေထဲမှာ လွင့်ဝဲနေသည့် ကျွတ်ကျွတ်အိတ်တွေကိုလည်း အန္တရာယ် ရှိသောအရာများဟု သတ်မှတ်ရကောင်းမှန်းသူတို့မသိကြပါ။

အခုတော့ ကျွတ်ကျွတ်အိတ်တွေဝေ့၀ဲနေတာမဟုတ်သည့်အမေရိက၏တောရိုင်းမြေပြင်ကို ကျမရောက် ခဲ့ပြီ။ အိုင်အိုဝါကိုရောက်ပြီးနောက်တနေ့မှာပဲ ငှက်နီခြံ ( Red Bird Farm) ကို Nature walk အနေနှင့် ကျမတို့ သွားရသည်။ Red Bird Farmသည်ကျွတ်ကျွတ်အိတ်တွေဝေ့၀ဲမနေတာကလွဲလျှင် မြန်မာပြည်ကတောအုပ်မြေများနှင့်သိပ်မကွာခြားလှပါ။ ကျမရှေ့မှ သွားနေသောစာရေးဆရာ တဦးက 
ရေသန့်ဗူးအလွတ်တခုကို မြက်ရိုင်းအုပ်တွေထဲလွှင့်ပစ်လိုက်သည်။ 

"ဒါ ဘယ်သူပစ်လိုက်တာလဲ"

ချက်ခြင်းပဲမေးမြန်းသံတခုထွက်ပေါ်လာသည်။

" I am sorry"

"ဒီလိုမလုပ်ပါနဲ့ "

နှာခေါင်းမှာဖန်စီနားကပ်လေးတပ်ထားပြီးဆံပင်ကိုအမည်းရောင်ဆိုးထားသောဂျာမာန်မလေးက မျက်နှာ ထားတင်းတင်းနှင့်ထိုသို့ပြောသည်။ပြီးတော့အဖိုးတန်သစ်ခွခင်းထဲကျသွားသောကျောက်တုံးတတုံးကို 
ကောက်ယူသလို ရေသန့်ဗူးခွံကိုကောက်ယူလိုက်သည်။


ကျမဆယ်ကျော်သက်အရွယ်မှာတော့ငါးတွေကောက်ခဲ့ရသည်။ ကျောင်းအားချိန်ရောက် တိုင်းအိမ်နောက် ဖေးချောင်းကလေးမှာ ကျမတို့ငါးမျှားခဲ့ကြသည်။ ငါးမျှားရာမှာကျမပါနိုင်ပေမယ့်ချောင်းရေထဲငုတ်ပြီးငါးစမ်း ရာမှာတော့ ကျမမပါနိုင်ခဲ့ပါ။ ကျမ၏ အိမ်နီးခြင်းသူငယ် ချင်းမေသင်းလဲ့နှင့်မေတင်အေးက ရေနည်းသော နွေရာသီကာလ၏နောက်ကျိနေသောချောင်းထဲမှာရေငုတ်ပြီးငါးစမ်းသည်။ အခါများစွာတွေမှာ ရေထဲငုတ် သွားပြီးပြန်ပေါ်လာချိန်ဆို သူတို့လက်ထဲမှာငါးတကောင်ပါလာတတ်မြဲဖြစ်သည်။

"ဒီတခါတော့ကပ်သပိုးဟေ့"

"ငါးဇင်ရိုင်းတကောင်လာတော့မယ်နော် သတိထားကောက်"

"ငါးခူနော်၊ ငါးခူ.."

ချောင်းရေပြင်အောက်ကနွံနုန်းအနည်တွေကြားမှာငါးတကောင်ကိုစမ်းမိဆုတ်ကိုင်ထားရုံရှိသေး သူတို့က မိထားတာဘာငါးလဲသိနေပြီ။ စိတ်ညစ်စရာကောင်းအောင်အံ့သြ ရတာက သူတို့ပြောတာဘယ်တော့မှ မလွဲခြင်းပင်။ သူတို့ ကမ်းပေါ်ပစ်တင်ပေးသော ရွှံ့နုန်းအနည်များနှင့်လုံးထွေးနေသည့်ငါးတွေကို ကျမက ကမ်းပေါ်မှဆီးကောက်ကာ ၀ါးပလိုင်းထဲထည့်ပေးရသည်။ ငါးတွေ၏ အသက်ကိုသတ်ဖြတ်ရာမှာကူညီ 
ပေးနေသည့် ကျမကိုအဘွားကဆူလေ့ရှိသည်။ ဒါပေမယ့် နုန်းအနည်အနှစ်တွေနှင့်ရောထွေးပြီး တဖြတ် ဖြတ်ခုန်နေသည့်ငါးကိုရင်တထိတ်ထိတ်နှင့်ကောက်  ဖမ်းရသည့်အရသာက အဘွားအဆူခံရတာထက် ပိုရင်ခုန်စရာကောင်းလေတော့ကျမလည်းတံငါနားနီး တံငါဖြစ်တော့သည်။ 

ကျမသူငယ်ချင်းတွေလိုမျက်နှာကလေးပဲရေပြင်ပေါ်ဖော်ပြီး၊တခါတရံရေအောက်ငုတ် ပြီးခြေလက်တွေနှင့် ချောင်းရေပြင်အောက်ပိုင်းရွှံ့နုန်းအနည်တွေကြားမှာယိမ်းနွဲ့ကူး ခတ်နေသည့်ငါးတွေကိုမိအောင်ဖမ်းရလျှင် ဘယ်လောက်များစိတ်လှုပ်ရှားစရာကောင်းလိုက်လေမလဲ။ ပီတိကို စိတ်ကူးနှင့်ပုံဖော်နေစဉ် ကျမညာဖက် ခြေမထိပ်မှာအောင့်ကနဲဖြစ်သွားသည်။ ဖြစ်မှဖြစ်ရလေ။ မေတင်အေးလှမ်းပစ်ပေးသော ငါးဇင်ရိုင်း၏ 
ဘေးဆူးတောင်က ကျမညာဖက်ခြေမထိပ်ကိုမှ တည့်တည့်ဝင်စိုက်ရသတဲ့။ တစစယောင်ရမ်းကာကိုက်ခဲ လာသည့်ခြေမကိုကိုင်ရင်း ကျမတည လုံးအော်ဟစ်ငိုခဲ့ရသည်။ အဘွားကအဆိပ်နိုင်ဆေးရွက်ဟုခေါ်သော အရွက်တမျိုးကိုကြိတ်ခြေကာ ဒါဏ်ရာပေါ်မှာအုံပေးသည်။

"အဲဒါငရဲကြီးတာပေါ့။ ကိုယ့်ခြေမထိပ်ကလေးထိတာတောင်ဒီလောက်နာရင် သူများ အသက်တွေ တဖြတ် ဖြတ်နဲ့ လူးလွန့်ရုန်းကန်ပြီးမှသေအောင်လုပ်တာဘယ်လောက် ခံစားရမလဲစဉ်းစားကြည့်"

အော်ရင်းဟစ်ရင်း အဘွားအဆူကိုခံရင်းမှပင် ပလိုင်းထဲမှတဖြတ်ဖြတ်ခုန်နေသောငါးတွေကိုမြင်ယောင်လာ သည်။  ကျမက ငါးမဟုတ်လေတော့ငါးတွေသေကာနီး ဘယ်လောက်ခံစားရမလဲဆိုတာမသိနိုင်ပါ။ ဒါပေ မယ့် တနေကုန်နီးပါးချောင်းထဲမှာ ငါးစမ်းခဲ့ရသောကျမသူငယ်ချင်းများ၏ ထမင်းဝိုင်းကိုခံစားမိခဲ့တာတော့ အမှန်ပင်။ သူတို့ထမင်း ၀ိုင်းမှာ သူတို့စမ်း၍ရခဲ့သောငါးများမပါပါ။ သူတို့ရခဲ့သောငါးတွေကိုရောင်း၍ ပိုက်ဆံဖြစ်၊ အဲဒီပိုက်ဆံကဆန်ဖြစ်။ အဲဒီဆန်ကဖြစ်သောထမင်းနှင့် သူတို့ အိမ်နောက်ဖေးကွက်လပ်မှာ သဘာဝအတိုင်းပေါက်နေသောကန်စွန်းရွက်တွေကို ဟင်းအဖြစ်ဖန်တီးလိုက်တော့ သူတို့အတွက်အသက် ဆက်နိုင်သောညစာဖြစ်ခဲ့ပြီ။

ကျမကတကိုယ်ကောင်းဆန်စွာပင် ငါးတွေသေရတာကို ကိုယ်ချင်းမစာနိုင်ပေမယ့် ငါးဖမ်းရင်းအသက်မွေး ရသော ကျမသူငယ်ချင်းတွေထမင်းဝိုင်းမှာငါးဟင်းမစားနိုင် တာကိုတော့ရင်နာရသည်။ သူတို့လိုဘ၀ခြင်း ဆင်သူ ကျမသူငယ်ချင်းတွေအများကြီးရှိသည်။ သူတို့လိုဘ၀မျိုးနှင့် ကျမသူငယ်ချင်းမဟုတ်သူတွေလည်း အများကြီးရှိသည်။ သူတို့ ထမင်းဝိုင်းတွေကိုရင်နာနေမိတာနှင့်ပဲကျမခြေထောက်ဆီအာရုံပြန်ရောက်ချိန် မှာတော့ ခြေထောက်မှတစစ်စစ်အနာကလျော့ပါးစပြုနေပြီ။ ပြီးတော့ပူလောင်နေရာမှတဖြည်းဖြည်းနွေး လာ၊ တော်ပါသေးရဲ့။


ကျမခြေထောက်မှာနောက်တခါနွေးထွေးမှုကိုခံစားရချိန်မှာတော့ ငါးဇင်ရိုင်းအဆိပ်ပျယ်သဖြင့်ခံစားရသော နွေးထွေးမှုမဟုတ်ဘူးဆိုတာသိလိုက်သည်။ ကျမလည်း ရွာနောက်ဖေးချောင်းရိုးကနေအိုင်အိုဝါမြစ်နံဘေး ကိုပြန်ရောက်ခဲ့ပြီ။ ငါးဘေးဆူးတောင်စူးခဲ့သောခြေမ၏ထိပ်မှာပင်ညှင်းသက်သက်၊ယားကျိကျိနွေးထွေးမှုကို ခံစားရသည်။ ငုံ့ကြည့်လိုက်တော့ ပေနှစ်ဆယ်ခန့်အကွာရှိမီးတိုင်အလင်းရောင်ကြောင့်ကျမခြေမကိုတရှုံ့ရှုံ့ နမ်းနေသောယုန်ကလေးတကောင်ကိုမြင်ရသည်။ အိုး.မီးခိုးရင့်ရောင်ကလေး။ မျက်လုံးကြောင်တောင်၊ နားရွက်ထောင်ထောင်နှင့် ကျမခြေထောက်ကိုစူးစူးစမ်းစမ်း ကြည့်နေသည်။ငါးများ၏အထိအတွေ့နှင့် ကွာသောထူးထူးဆန်းဆန်း အထိအတွေ့ကြောင့် ကျမကျောက်ရုပ်လိုငြိမ်ငြိမ်လေးဆက်ထိုင်နေမိသည်။ 
တော်ကြာသူထွက်သွားဦးမယ်။ ယုန်ကလေးကကျမခြေထောက်ကို သူ့အစာမဟုတ်မှန်းသိသွားချိန်မှာ
တော့ ခပ်လှမ်းလှမ်းက နှင်းစိုနေသောမြက်ဖုတ်တွေကြားပြေးဝင်ပျောက်ကွယ်သွားခဲ့သည်။

ညနေကလည်းအမြီးတဖွားဖွားနှင့်ရှဥ့်ကလေးတွေကို လူသွားလမ်းနံဘေးမှာပဲတလွှားလွှားတွေ့ရသေး သည်။ အိုင်အိုဝါမြစ်တလျောက်မှာလည်းဘဲတွေကအေးအေးလူလူ အစာရှာလို့။ တချို့ကအစာလုရင်း၊ တချို့ကချစ်သူလုရင်း ရန်ဖြစ်လို့။ တချို့ကတော့ စိတ်သဘောတူမျှချစ်ခွန်းတုန့် လှယ်လို့။ ကျမရောက်နေ တာအမေရိကားတဲ့လား။ ဒါးမ တချောင်းနှင့်သစ်ပင်တွေကြားတိုးဝင် ကာအဘွားခေါင်းလျှော်ဖို့တရော် 
ချောင်း လတ်လတ်ဆတ်ဆတ်ရအောင်ရှာ ခုတ်ခဲ့ရသည့်ရွာနဘေးကတောအုပ်ကလေးထဲရောက်နေသလို ခံစားရသည်။ ဒါပေမယ့် ဒါဟာအမေရိကားအစစ်ပါပဲ။ 

"အိုင်အိုဝါကဘယ်လိုနေသလဲ"

ညဆယ့်နှစ်နာရီလောက်ကြီးမှာGtalkကတဆင့်စကားပြောခဲ့ရသည့်မြန်မာပြည်တွင်းမှ 

သူငယ်ချင်း၏မေးခွန်းဖြစ်သည်။ 

"အိုင်အိုဝါကသိပ်အေးချမ်းတာပဲ။ မြစ်ဘေးမှာသဘာအတိုင်းလျှောက်သွားနေတဲ့ဘဲတွေအများကြီး၊  ရှဥ့်ကလေးတွေလည်းအများကြီး၊ ယုန်ကလေးတွေကလည်းလမ်းဘေးတွေမှာလျှောက် သွားနေကြတယ်"

"မြန်မာပြည်မှာအဲဒီအတိုင်းဆိုသိပ်ကောင်းမှာပဲ"

ကျမကငြိမ်းချမ်းမှုကို သူခံစားသွားရပြီဟုထင်ကာမေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ချက်စားမှာပေါ့ဟ။ ယုန်သားကသိပ်ချိုတာ။ ဘဲသားကလည်းသိပ်ကောင်းတာ။"

ကျမရုတ်တရက်ဘာပြန်ပြောရမှန်းမသိလိုက်ပါ။ မြန်မာလူမျိုးများ၏သနားကြင်နာတတ်မှုနှင့်အကုသိုလ် ကင်းစင်လိုမှုစရိုက်ကောင်းများကို ဘယ်သူတွေ၊ဘာတွေကများဖျက်ဆီးပစ်လိုက်တာလဲ။ သေချာတာက 
တော့ သူတို့မှာစားစရာလုံလုံလောက်လောက် ရှိနေလျှင် အေးချမ်းစွာပျော်ပါးနေသည့်တရိစ္ဆာန်လေးတေ ကို သတ်ဖြတ်စားဖို့စိတ်ကူးမိမှာမဟုတ်ဘူးထင်သည်။ သူငယ်ချင်းစကားကိုရယ်မောမိလိုက်ပေမယ့် ကျမငိုချင်နေသည်။ ဘာကြောင့်များ အိုင်အိုဝါရောက်မှခဏခဏငိုချင်နေမှန်းမသိတော့ပါ။ 

မနေ့ညကလည်းကျမငိုခဲ့သည်။ ညဦးပိုင်းမှာကျင်းပသည့်ပါတီကလေးမှာကျမ၀ိုင်ဖြူနှစ်ခွက်သောက်ခဲ့ သည်။  ရုတ်တရက်ကြီးအေးစိမ့်လာသောအိုင်အိုဝါ၏ရာသီဥတုက ၀ိုင်ဖြူကြောင့်နွေးထွေးခဲ့ရသည်။ 
နေရောင်နှင့်တွေ့တော့ရေခဲတွေအရည်ပျော်သလို ကျမရင်ထဲတွင်အေးခဲနေသည့် ၀မ်းနည်းမှုတွေက ၀ိုင်ဖြူနှင့်တွေ့တော့မျက်ရည်များ အဖြစ်ပျော်ကျလာသည်။မျက်ရည်စက်လက်နှင့်ပင်အေးစက်နေသည့် ညထဲမှာနွေးထွေးသောလက်တွေကိုကျမဆုတ်ကိုင်နိုင်ခဲ့သည်။တကမ္ဘာလုံးက လက်တွေကိုကိုယ်စားပြု သည့်လက်တွေ။ အာဂျင်တီးနားက၊ ရုရှားက၊ ချက်က၊ မွန်တာနီဂရိုက၊မလေးရှားက၊ ဟောင်ကောင် က...။...က။ သူတို့လက်တွေထဲကမေတ္တာတရားနှင့်စာနာနားလည်မှုက ကျမ ခန္ဒာကိုယ်ထဲကိုအင်အား များအဖြစ်စီးဝင်ကုန်သည်။ သူတို့က ကျမခံစားမှုကိုသိသတဲ့။ ကျမကိုနားလည်သတဲ့။ ကျမကိုသိတာ မြန်မာလူမျိုးတွေကိုသိတာပဲပေါ့။ ကျမကိုနားလည်တာမြန်မာ လူမျိုးတွေရဲ့ဘ၀ကိုနားလည်တာပဲပေါ့။

ကျမ၏မြန်မာသူငယ်ချင်းတယောက်အကြောင်းပြောပြလျှင်လည်း သူတို့စာနာနားလည်မှာပါပဲ။ နော်ဝေ မှာနိုင်ငံရေးခိုလှုံခွင့်နှင့်နေထိုင်နေသည့်သူငယ်ချင်းကကျမအမေရိကားရောက်နေသည်ဆိုတာသိသည် နှင့်ဆက်သွယ်လာသည်။ မိခင်မြေကိုဘယ် အချိန်ရောက်မှပြန်ခွင့်ရမည်မသိနိုင်ရှာသောသူငယ်ချင်းက သူမခံစားရမှုတွေကိုဖွင့်ဟလာသည်။ သူမအတွေ့အကြုံတွေကိုပြောပြလာသည်။ သူမနေထိုင်သည့်တိုင်း ပြည်ကဘယ်လောက်အေးကြောင်း၊ သူမဘယ်လိုပညာသင်ရပုံ၊ ဘယ်လိုရပ်တည်ရပုံ၊ ဘယ်လိုပျော်အောင်  နေရပုံတွေကိုပြောရင်းမှ မိသားစုပါတီလေးတခုဆီသူမရောက် သွားရပုံကိုပုံဖော်ပြ သည်။ 

"ရင်းနှီးသူတွေချည်းပဲစုလုပ်တဲ့ပါတီသေးသေးလေးပါဟာ။သိပ်စိတ်ချမ်းသာစရာကောင်းတယ်။ ကလေးတွေ ကမြက်ခင်းပေါ်မှာအပူအပင်မဲ့ဆော့လို့။ လူကြီးတွေကလည်းဝိုင်သောက်ရင်းစကားစမြည်ပြောလို့။ ဒီလိုဆို တော့လည်းလူ့ဘ၀ကြီးကနေပျော်စရာပါလားလို့တွေးနေရင်း ဗြုန်းကနဲငါ့တိုင်းပြည်အကြောင်းကို သတိရ သွားတယ်။ ငါ့မိသားစုဝင်တွေ၊ င့ါသူငယ်ချင်းတွေအကြောင်းကိုသတိရသွားတယ်။ ငါကဒီမှာ အေးအေး ချမ်းချမ်း ၀ိုင်သောက်ရင်းကြည်နူးနေတယ်။ ဒီအချိန်မှာငါ့ အမေကဈေးရောင်းနေရတယ်။ ငါ့ သူငယ်ချင်းရဲ့ သမီးလေးက နို့ဆာလို့တကျီကျီငိုနေရတယ်။သမီးကလေးရဲ့အမေငါတို့ သူငယ်ချင်းကတော့တောင့်တင်း နာကျင်နေတဲ့နို့အုံကခံစားမှုသမီးကလေးကိုလွမ်းဆွတ် ရင်းကပဲဒီကနေ့ညအဖမ်းခံရမယ့်ဘေးကလွတ် 
အောင်ဘယ်မှာသွားအိပ်ရပါ့ မလဲလို့ ပူပင်စိုးရိမ်နေရရှာတယ်။ တခြား ငါတို့သူငယ်ချင်းတွေကလည်း အချုပ်ခန်းတွေထဲမှာ၊ စစ်ကြောရေးစခန်းတွေထဲမှာ၊ ထောင်တွေထဲမှာ။ ငါမခံစားနိုင်တော့ဘူးသူငယ်ချင်း ရယ်။"

သူငယ်ချင်းကေသီ၏ရိုက်သံများသည် လေထုကိုဖြတ် ဂြိုလ်တုစလောင်းကိုကျော်၍ လျှပ်စစ်နားကြပ်မှ တဆင့် ကျမ ရင်ထဲဝင်ရောက်လာခဲ့သည်။ကျမလည်းခုတော့သူ့လို ခံစားနေရပြီ။ ဒါပေမယ့်ကျမမှာသူ့လို ကိုယ့်ဘာသာစကားနှင့်စေးစေးပိုင်ပိုင်ပြောပြ တိုင်တည်စရာသူငယ်ချင်းတယောက်မှအတူရှိမနေပါ။ ကျမမမြင်ရပေမယ့်မည်းမှောင် ကော့ရွှန်းသောမျက်တောင်ထူထူများကြားမှယိုစီးကျလာမည့်ကေသီ့ မျက်ရည်တွေကိုနှလုံးသားနှင့်တို့ထိခံစားနိုင်လေသည်။ လောလောဆယ်ကျနေသည့် ကျမမျက်ရည်
တွေကိုတော့မတူကွဲပြားသောကမ္ဘာမြေ၏အစိတ်အပိုင်းအရပ်ရပ်မှရောက်လာကြသော သူငယ်ချင်းတွေ ခံစားတို့ထိနိုင်ကြလေသည်။

"ခက်ရေ.. ဘာဖြစ်လို့လဲကွယ်..။"

မွန်တာနီဂရိုကသူငယ်ချင်းရဲ့ချစ်ခင်ဖွယ်အပြုံးနဲ့စကားသံ။

"သူငိုဖို့လိုတယ်။ ငိုပါစေ။"

ရုရှားကသူငယ်ချင်းရဲ့စာနာနာလည်မှု..။

"မင်းနဲ့အတူ ငါတို့အားလုံးရှိတယ်။ အိုကေနော်..။"

အာဂျင်တီးနားကသူငယ်ချင်းရဲ့အားပေးသံ..။

ဒါဟာငါ့မိသားစုပဲဟုတွေးမိသည့်ခဏမှာ ရုတ်တရက်ကြည်နူးသွားပေမယ့်ဒါဟာငါ့ရဲ့တကယ့်မိသားစု မဟုတ်ဘူးဟု ဆန်းစစ်မိသွားသည့်အချိန်မှာတော့ကြည်နူးမှုကို နာကျင်မှုကဖုံးလွှမ်းသွားပြန်သည်။ ကျမတို့တတွေကလောလောဆယ်အခိုက်အတန့် မှာတော့မိသားစုဖြစ်ကောင်းဖြစ်မည်။ သို့သော် တိုတောင်းသောအခိုက်အတန့်ဖြစ်သည်။ တွေ့ကြုံဆုံကွဲတဲ့။ မကြာခင်ခွဲခွာကြရဦးမည်။ ဒါပေမဲ့လောလော ဆယ်အခိုက် အတန့်အတွင်းကျသည့်မျက်ရည်များ အတွက်အားပေးဖော်တွေရှိနေတာကပဲကျမ၏ ကံကောင်းမှုဖြစ်သည်။ 

မြန်မာပြည်မှကျခဲ့သည့်မျက်ရည်တွေအတွက်ရော။ ဟင့်အင်း.။ မြန်မာပြည်မှာကျမငိုလေ့မရှိပါ။ မြန်မာပြည်တွင်းမှာရှိစဉ်ကဘာကြောင့်များမျက်ရည်ကျလာလောက်အောင်ကိုအင်အား မရှိရတာလဲ။ တခါတရံဘေးနားကသားကလေးနိုးသွားမှာစိုးပြီးတိတ်တိတ်ကလေးကြိတ်ရှိုက်ခဲ့ရဖူးသည်။ ကြေမွနာကျင် နေသော အတွေးတွေကကောင်းကင်အနှံ့ပျံ့ကျဲနေသောလည်းလူကသင်ဖြူးဖျာခင်းထားသော  အိပ်ရာ ကလေးပေါ်မှာ တုတ်တုတ်မလှုပ်ငြိမ်သက်လျှက်။ သက်ပြင်းဖြည်းဖြည်းချ၊ ကြိတ်ရှိုက်။

ဒီအိုင်အိုဝါမှာတော့ဖြင့် အားရပါးရငို။ အားရပါးရမျက်ရည်သုတ်၊အားရပါးရရှိုက်။ငိုရလွန်းသဖြင့်မောပန်းပြီး မျက်ရည်တွေအလိုလိုခြောက်ကာနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားခဲ့သည်။

မနက်လင်းအားကြီးသုံးနာရီခွဲလောက်မှာတော့အာရုံတွေရုတ်တရက်နိုးကြားလာသည်။
အိပ်ရေးဝသွားပြီ၊ စာထရေးမယ်ဟုစဉ်းစားလိုက်ချိန်မှာပဲ ထိုအဘွားအိုကိုမြင်လိုက်တာဖြစ်သည်။ အနက်ရောင်ဝတ်စုံဝတ်ထားသောအဘွားအိုက ကျမကုတင်ဘေးမှာ ဒူးတချောင်းထောင်၍ အကျအန ထိုင်နေသည်။ ကျမကိုမမိတ်မသုန်ကြည့်လျှက်။ အား.. သူဘယ်သူလဲ။ 

ပြတင်းပေါက်ဘေးမှာနောက်တယောက်။ သူမကတော့သက် လတ်တမ်းလောက်။အနီရောင်အင်္ကျီဝတ် ထားသည်။ ပြတင်းပေါက်ဘောင်ကိုမှီရင်း ကျမကိုခပ်ပြုံးပြုံးကြည့်နေသည်။ သူတို့ဘယ်သူတွေလဲ။ 

ကျမအိပ်နေရာမှဝုန်းကနဲ ထထိုင်လိုက်သည်။ အိပ်ရာဘေးကမီးအုပ်ဆောင်းကိုဖွင့်လိုက်သည်။ လှုပ်ခတ်ဝေ့၀ဲ စရာခန်းဆီး မရှိသောပြတင်းပေါက်မှန်တံခါးများမှတဆင့် မြစ်နံဘေးမီးတိုင်များမှ အလင်းရောင်ဝါကျင့်ကျင့်တွေထိုးဖောက်ဝင်နေတာကိုသာမြင်ရသည်။ ကျမအိပ်ရာခြေရင်းကအနက်ရောင် ရေခဲသေတ္တာကို အနက်ရောင်ဝတ်အဘွားအိုဟု ထင်မိတာလည်း မဖြစ်တန်ရာပါ။ ဒါဆို သူတို့ဘယ်သူတွေ လဲ..။

သူတို့လိုပဲ ကျမကိုမမိတ်မသုန်စိုက်ကြည့်နေသည့်အဘွားအိုတဦးကို လွန်ခဲ့သည့် ၁၅ နှစ်ခန့်က ကြုံဖူး သည်။ ပုသိမ်မြို့က၀ိပဿနာတရားစခန်းတခုမှာဖြစ်သည်။ ကျမကထိုင်ပြီးရှုမှတ်ချိန်တွင် ငိုက်မြည်းတတ် သလောက် စင်္ကြန်လျှောက်ရှုမှတ်ချိန်တွင်စိတ်ကြည်လင်တတ်သမို့စင်္ကြလျှောက်ရှုမှတ်ဖြစ်တာများသည်။ 

အဲဒီလိုရှုမှတ်နေတုန်းမှာပေါ့။ တရားရိပ်သာစင်္ကြလမ်း၏ တခုသောတိုင်လုံးကိုမှီ၍ရပ်နေသော ထိုအဘွားအို ကိုကျမမြင်လိုက်တာဖြစ်သည်။ တကယ်တော့သူမကိုကျမကြည့်နေတာမဟုတ်ပါ။ လမ်းလျှောက်ရှုမှတ်ရင်း အာရုံအရ မလှမ်းမကမ်းမှာယောဂီရောင်ဝတ်စုံနှင့် အဘွားအိုတယောက်ရပ်နေတာသိနေခြင်းဖြစ်သည်။

ကြွတယ်၊ လှမ်းတယ်၊ ချတယ်။
ကြွတယ်၊ လှမ်းတယ်၊ ချတယ်။

မှတ်သားရင်းကပင်သူမအနား ကျမနီးလာပြီ။ လက်တကမ်းအကွာရောက်မှာ သူမ လက်ကကျမပခုံးကို လာထိသည်။ ကျမသတိလက်လွတ်လှည့်ကြည့်လိုက်မိသည်။ ဟင်...အဘွားအိုမှမဟုတ် တာပဲ။ ပီပြင်ထင်ရှားလွန်းသောအရိုးစု တခုကကျမပခုံးကို လာထိလိုက်တာတော့မဟုတ်တန်ရာပါ။ ဒါထင်တာပဲ၊ မြင်တာမဟုတ်ဘူး။ တကယ်မဟုတ်ဘူး။ ပြန်မှတ်။

ဝင်တယ်၊ ထွက်တယ်။
ဝင်တယ်၊ ထွက်တယ်။


ကျမက မနက်လင်းအားကြီးမှာမြင်ခဲ့ရသော မြန်မာမဟုတ်သည့်အမျိုးသမီးနှစ်ဦးအကြောင်းကို ကျမ၏ ဥရောပသားသူငယ်ချင်းကိုပြောပြတော့ သူကမေးသည်။

"သူတို့ကိုမြင်ရတဲ့အချိန်မှာ မင်းမျက်စိဖွင့်ထားလား၊ မျက်စိမှိတ်ထားလား။"

"ကျမ မမှတ်မိဘူး။"

"မင်းအိပ်မက်မက်နေတာပါ။"

သူကသည်လိုပြောရင်း ကျမမျက်နှာကိုစူးစူးစမ်းစမ်းကြည့်နေချိန်မှာကျမကတော့လွန်ခဲ့သော ၁၅နှစ်ခန့်က ကြားခဲ့ဖူးသည့်စကားတခွန်းကိုပြန်အမှတ်ရလာသည်။

"ငါ့ညီမကို မမြင်ရတဲ့အရပ်ဒေသက အမျိုးသမီးကြီးတွေကစောင့်ရှောက်တယ်။ ညီမရဲ့ အိပ်မက်ထဲမှာဖြစ် စေ၊ အာရုံထဲမှာဖြစ်စေ အမျိုးသမီးကြီးတွေကိုမကြာခဏမြင်ရလိမ့်မယ်။"

ကျမကိုအဲဒီလိုပြောသူကိုယ်တိုင်က ကျမအားဖေးမကူညီနေကျအမျိုးသမီးကြီးတဦး ပင်။

"ဟုတ်တယ်။ ကျမအိပ်မက်တွေထဲမှာ အမျိုးသမီးကြီးတွေကိုခဏခဏတွေ့ရတယ်။ ကျမရဲ့ အဘွား အပါအ၀င်ပေါ့။ သူတို့ကကျမကိုစောင့်ကြည့်နေကြတယ်။ သူတို့က ကျမကိုဘာကြောင့်စောင့်ကြည့်နေ ကြတာလဲ။"

"ညီမကိုစောင့်ရှောက်ချင်လို့ပေါ့။ ဒါမှမဟုတ် ညီမဆီကတခုခုတောင်းဆိုချင်လို့ဖြစ်လိမ့်မယ်။"

" ရှင်.."

ကျမ ကြည်သည်းနည်းနည်းထသွားသည်။ ကျမကအမိုက်အမှားတွေပြုလေ့ရှိတတ်သူမို့ ကျမကိုဖေးမလမ်း ညွှန်စောင့်ရှောက်ပေးချင်တာများလား။ ကျမဆီကသူတို့တောင်းဆိုစရာတော့ ဘာမှရှိမည်မထင်ပါ။ ကျမ ညစဉ်ပဌာန်း ရွတ်ပြီး မေတ္တာပို့။ အမျှပေးဝေနေကျပဲ။ ကျမမှာ ပေးစရာဒါပဲရှိသည်။ ကျမကိုအမျိုးသမီး တွေကစောင့်ရှောက်သတဲ့လား။ ကျမကိုကူညီဖေးမစောင့်ရှောက်သော အမျိုးသားတွေလည်းအများကြီး ရှိနေပါသည်။ ဒါဆို ကျမကကံကောင်းသူပေါ့။ သို့သော် ကျမကိုချစ်ခင်ဖေးမလို၍မဟုတ်ပဲစောင့်ကြည့် 
နေသောအမျိုးသမီးအမျိုးသားတွေလည်းရှိနေပါသည်။ 


အိုင်အိုဝါသည်ပဉ္စလက်ဆန်စွာ နွေခေါင်ခေါင်မှဆောင်းဦးကိုကျော်၍ ဆောင်းစစ်စစ်ဖြစ်သွားပြန်သည်။ 
နွေရာသီ အပူချိန်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်မှလာသောမြန်မာမလေးသည် ၃၀ ဒီဂရီ ဖာရင်ဟိုက် 
အောက်အအေးထဲတွင် အနေရခက်လှသည်။အခန်းထဲမှာနေတာနည်းနည်းကြာလာတာနှင့် ခြေဖျား လက်ဖျားတွေအေးစက်လာသည်။ အပြင်ကိုလှမ်းကြည့်လိုက်ပြန်တော့နေရောင်က၀င်းပနေသည်။ မြန်မာပြည်မှာတုန်းက ပူပြင်းလွန်းသဖြင့် ကျမမုန်းသောနေရောင်ခြည်ကို အိုင်အိုဝါမှာတော့ မက်မော ရလွန်းပြန်သည်။ အိုင်အိုဝါမှာပူသောနေက အအေးဒါဏ်ကိုသက်သာသလိုခံစားရစေသည်။ သို့သော် 
နေရောင်ခြည်အောက်မှာတိုက်ခတ်လာသောလေကစိမ့်နေပြန်သည်။ နေပူတာကသပ်သပ်၊ လေအေး တာကသပ်သပ်။

အခါများစွာမှာတော့ ကျမအခန်းထဲမှလှမ်းမြင်နေရသောအိုင်အိုဝါမြစ်ကိုငေးကြည့်မိတတ်သည်။ သည်လို 
ငေးကြည့်မိသည့်အခါတိုင်း အေးစိမ့်သည့်ညတညမှာ ကျမနှင့် အတူမြစ်နံဘေးမှာထိုင်ရင်းပြောခဲ့သည့် ကျမသူငယ်ချင်းကိုးရီးယားက ကဗျာဆရာမ ရာဟီဒေါက်ပြောခဲ့သောစကားတွေကိုပြန်ကြားယောင်သည်။

"မင်းက မြစ်ကိုတကယ်ချစ်တာပဲ။ ဒီမြစ်ကမ်းနံဘေးကနေငေးကြည့်နေရတာကို သိပ်ကြိုက်တာပဲနော်။" 

"ဟုတ်တယ်။"

ရာဟီဒေါက်က ကျမကိုပြုံးကြည့်ရင်းပြောသည်။

"ညဖက်မှာစီးဆင်းတဲ့မြစ်ရေဟာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ မင်းမြင်တဲ့အတိုင်းပဲ။ အပေါ်ယံမျက်နှာ ပြင်မှာတော့ရေစီးကငြင်သာနုညံ့နေတယ်။ဒါပေမယ့်မြစ်အောက်ခြေအတွင်းသားကတော့လှုပ်ရှားရုန်းကန် နေတယ်။ အဲဒီလှုပ်ရှားရုန်းကန်နေမှုကမမြင်သာဘူး။ မြစ်ကိုယ်တိုင်နဲ့မြစ်ရေစီးအကြောင်းလေ့လာနေသူ 
တွေပဲ သိနိုင်တယ်။"

မြစ်တဖက်တချက်မှအ၀ါရောင်မီးတိုင်များ၏အလင်းကြောင့်လှိုင်းမွမွလေးတွေကိုမြင်နေရသော အိုင်အိုဝါ မြစ်၏မျက်နှာပြင်ကိုငေးကြည့်ရင်း ရာဟီဒေါက်ကပြောခဲ့တာဖြစ်သည်။ ကျမကတော့ ကဗျာဆရာမပီသ 
သောသူမမျက်နှာကို ငေးကြည့်နေခဲ့မိသည်။မြစ်ကိုငေးကြည့်၍၀ချိန်မှာတော့ ကျမအခန်းထဲ ပြန်၍ မျက်နှာမူလိုက်သည်။

အခန်းထဲမှာ စာရေး၊ စာဖတ်၊ တီင်္ဗီကြည့်။
အတွေးတွေရွက်လွှင့်၊ သတင်းနားထောင်။
ငိုကြွေး၊ သက်ပြင်းရှိုက်၊ ဂူးဂဲလ်တော့ခ်ပြော။

စောင်ပုံကြီးအောက်တိုးဝှေ့ပြီး အိပ်ဖို့ကြိုးစားချိန်မှာတော့ကျမနားထဲမှာအသံတွေကြားလာရသည်။ ကျမမျက်စိထဲ မှာပုံရိပ်တွေမြင်လာရသည်။ကျမမြင်နေကြားနေရတာက ကမ္ဘာအ၀ှမ်းမှ ကံဆိုးသူလူသား များ၏ နာကျင်ပူဆွေးငိုကြွေးသံများနှင့်ပုံရိပ်တွေဖြစ်သည်။ ထိုအသံတွေပုံရိပ်တွေဖြစ်လာအောင် ဘယ်သူဖန်တီးနေတာလဲ။ ဒါမှမဟုတ် ကျမတို့ကပဲဖန်တီးခွင့်ပြုနေတာလား။ 

အိပ်မက်နှင့်လက်တွေ့ဘ၀တွေကဆင်တူရိုးမှားတွေဖြစ်နေသည်။ ကျမတို့တတွေက ကျမတို့ဖြစ်စေချင် သလိုမဖြစ်ပဲ ဖြစ်ချင်သလိုဖြစ်နေသောကမ္ဘာကြီးထဲတွင် နေနေရသောသူတွေဖြစ်သည်။ ဖြစ်စေချင်သလိုဖြစ်မလာသောဘ၀များအတွက် ဘာကိုမှန်းမသိ၊ ဘယ်သူ့ကိုမှန်းမသိ မုန်းမိသော အမုန်းက ကျမကိုနာကျင်ပင်ပန်းစေသည်။ သို့သော်ရင်ထဲတွင်ရှိနှင့်ပြီးသောချစ်ခြင်းတရားက ထိုအမုန်း နတ်ဆိုးများကို တဖန်တိုက်ခိုက်မောင်းနှင်ထုတ်နေပြန်သည်။

ကျမခန္ခာကိုယ်သည်စောင်ပုံကြီးအောက်တွင်တုတ်တုတ်မလှုပ်ငြိမ်သက်နေသော်လည်း ကျမရင်ထဲတွင် တော့ နာကျင်ဝမ်းနည်းမှုများ၊ စိုးရိမ်သောကများ၊ အမုန်းများအချစ်များဖြင့်လှိုင်းထန်လှုပ်ရှားလျှက်ရှိသည်။ 

ဒီလိုဆိုလျှင်ဖြင့်ကျမကိုယ်တိုင်ကညရေစီးတခုဖြစ်နေပြီပေါ့။ ကျမရင်တွင်းမှညရေစီးသည် ကျမအခန်း 
ဘေးမှအိုင်အိုဝါမြစ်မှညရေစီးနှင့်အပြိုင်တိတ်ဆိတ်သောဆူညံရုန်းကန်မှုများနှင့် လှုပ်ရှားစီးဆင်းလျှက် ရှိသည်။

ကျမတို့တတွေက မြစ်တစင်းအတွင်းအတူစီးဆင်းသောရေစီးကြောင်းတွေဖြစ်ကြမည်ဆိုလျှင် ကျမက မြစ်အောက်ခြေမှစီးဆင်းသော ညရေစီးကြောင်းတခုဖြစ်ပါရစေ။ 

ကျမကြားနေရသောငိုကြွေးသံပိုင်ရှင်လူသားများကိုတော့ ညဖက်စီးဆင်းသောမြစ်ရေစီး၏မျက်နှာပြင်လို နုညံ့ငြင် သာစွာစီးဆင်းခွင့်ရစေချင်ပါသည်။ အေးမြသောရေလို ငြိမ်းချမ်းခွင့်ရစေချင်ပါသည်။

ငှက်စုန်း - နေ၀င်းမြင့်


(၁)
သည်ရွာကလေးကို လူတွေက လက်ပဒေါ လို့ပဲခေါ်တယ်။ တကယ်စာနဲ့ပေနဲ့ ရေးရင်တော့ လက်ပံတော ဖြစ်ရမှာပေါ့လေ။ ဖိတ်စာတွေဘာတွေမှာ လက်ပံတော ရွာနေ အဘဦးဖိုးဂေါင်ကို အမှူးထား၍…. ဘာညာစသည်ဖြင့် ရိုက်ရင်တော့ လက်ပံတောလို့ ရိုက်ကြတာပေမယ့် လူတွေပါးစပ်ကတော့ လက်ပဒေါ ခေါ်တာပါပဲ။ လက်ပဒေါ ဆိုရင်လည်း သည်ရွာကို ညွှန်းမှန်းသိတယ်။ ခက်တာက ရွာကိုသာသိတာပါ ၊ သွားတာတော့ ဘယ်သူမှ မသွားချင်ဘူး။ သွားရတာလည်း လွယ်တာမဟုတ်ဘူး။
         ဆည်မြောင်းလက်တံမြောင်းကို ကန့်လန့်ဖြတ်ရတာလည်း ရှိတယ်။ လက်တံမြောင်းကြီးကလည်း တစ်ခါတစ်ခါ ပဲချိန် ၊ နှမ်းချိန် ရေလွှတ်ထားရင် လူ့ခါးစောင်းလောက် ရေရှိနေတာဆိုတော့ တော်ရုံလူက တော်ရုံကိစ္စနဲ့ မဖြတ်ကြဘူး။ တော်တော်ဝေးတဲ့ နေရာမှာတော့ မြောင်းကူးအုတ်တံတားဟောင်းကြီး ရှိပေမယ့် ဘယ်သူက အဲသည့် သွားကူးနေမှာတုန်း။ ဝေးသမှ တော်တော့်ကိုဝေးတာ။ ကူးပါပြီတဲ့။ တစ်ဖက်ကမ်းရောက်လို့ ပြီးသေးတာ မဟုတ်ဘူး။ ပြောင်းတောကြီးဖြတ်ရသေးတာ။ ပြောင်းတောထဲ မရောက်ခင် ပတ်ကြားအက်နေတဲ့ လယ်တောခြောက်ခြောက်ကြီးထဲကို တော်တော်လေး ဆင်းရသေးတယ်။ ပြီးမှ ပြောင်းခင်းထဲ ရောက်တယ်။ ပြောင်းခင်းကို ဖြတ်ပြီးရင် လက်ပဒေါရွာစပ်ကို ရောက်ပြီ။ ယာခင်းမြေနီစပ်က ကိုလုံးထန်းရွက်တဲဟာ လက်ပံတောရဲ့ ရွာဦးဆိုင်းဘုတ်ပဲ။
          ဒါပေမယ့် ပါးစပ်က ပြောရတာ လွယ်တာကလား။ တကယ်သွားတော့ သည်လောက် လွယ်တာမဟုတ်ဘူး။ ဒါဖြင့်ရင် စက်ဘီးနဲ့ သွားပါလား ဆိုတော့လည်း စက်ဘီးစီးစရာကိုပဲ လမ်းမရှိတာ။ မြင်းလှည်းတော့လည်း ဖြစ်ဖြစ်မည် သွားရင် ရပေမယ့် အုတ်တံတားရှိတဲ့နေရာထိက ဝေးတော့ မြင်းလှည်းက လက်ပဒေါ ဆိုတာနဲ့။ “အားပေါင်ဗျာ” လုပ်တော့တာ။ ဒါက လက်ပဒေါကို သွားဖို့ ကိုယ့်ဘက်က စဉ်းစားတာ။ လက်ပဒေါ ဘက်ကတော့ စဉ်းစားနေတာ မဟုတ်ဘူး။ မြောင်းလက်တံကြီးကျော်ပြီး ကမ်းပေါ်တက်လိုက်မှ မြစ်လောင်း ဧရိယာထဲ ရောက်တာဆိုတော့ လာရတာပဲ။ ကူးရတာပဲ။ ကျားတံဆိပ် မီးခြစ်တစ်ဖာနဲ့လည်း မြောင်းရေထဲ ကူးရတာပဲ။ ဘီအိုစီဖယောင်းတိုင်လေး တစ်တိုင်နဲ့လည်း ပြောင်းခင်းထဲ မြွေမကြောက် ၊ ကင်းမကြောက် ကူးရတာပဲ။ လင်က ကွင်းကြိုကွင်းကြားထဲက ထိုးလာတဲ့ကြွက်ကို ခုတ်ထစ်ပြီး ရင်နှစ်ခြမ်းခွဲ ၊ မီးရဲရဲမှာကင်ပြီးရင် ကင်ထားတဲ့ တုတ်တံမည်းမည်းနဲ့ပင် ထမီရင်လျားကြီးနဲ့ မြစ်လောင်းကို ပြေးရောင်းရတာကလည်း ကြွက်ရရင် ရသလိုကိုး။
          မီးခြစ်တစ်ဖာ ၊ ဖယောင်းတစ်တိုင်နဲ့ မြစ်လောင်းသွားရလို့ လက်ပဒေါမှာ အိမ်ဆိုင်မရှိဘူးလားဆိုတော့လည်း မရှိဘူး။ အိမ်ဆိုင်နေနေသာသာ ဖျားလို့ ၊ နာလို့ ဆေးခန်း၊ ဆေးရုံ မရှိတာထား ၊ ကျားခေါင်းလေး ၊ ချမ်းအေးလေး တစ်ထုပ်လောက် ဝယ်ချင်လို့တောင် ကိုယ်ခွဲမရှိရင် အဖျားတက်ကြီးနဲ့ ပြေးရတဲ့ရွာကိုး။ လက်ပဒေါရဲ့ နာမည်ကျော် ရောင်းကုန်ကတော့ လယ်ကြွက် ၊ ကွင်းကြွက်ကို တုတ်နှစ်ချောင်း ထိပ်ဆိုင်ချည်ပြီး ကင်ထားတဲ့ကြွက်ကင်ပဲ။ ကြွက်ကင်သွားရောင်း ၊ ရောင်းရတဲ့ ပိုက်ဆံနဲ့ ဆန်နို့ဆီနှစ်ဘူး ၊ သုံးဘူး ဝယ်ပြီး ပြန်လာတာဟာ မြစ်လောင်းနဲ့ လက်ပဒေါရဲ့ ကုန်ကြမ်းပေး ၊ ကုန်ချောယူ ဆက်ဆံရေးပဲ။ မြစ်လောင်းက လူတွေကလည်း လက်ပံတော ကြွက်ကင်များတော့ ကြိုက်တယ်။ ကြိုက်တဲ့ အချိန်ယူသာလာခဲ့။ နောက်ဆုံး လူတွေအိပ်ချိန်ဆိုရင်တောင် ဘုံဆိုင်ကိုသာ နှိုး ၊ ယူတယ်။ ပိုက်ဆံမယူချင်ပါဘူး ဆိုရင် ဆန်နှစ်ဘူး ချင်ပေးတယ်။ လက်ပဒေါမှာ ကြွက်ကင်ဟာ ပိုက်ဆံပဲ။ လက်ပံတောမှာ ကြွက်တွင်းရှာတာဟာ ပိုက်ဆံရှာတာပဲ။ ဒါမှမဟုတ် ဆန်ရှာတာပဲ။
         မြစ်လောင်းဆိုတာကတော့ သည်နားတကြောမှာ တိုက်နယ်ရွာကြီးဆိုတော့ ဂတ်တဲရှိတယ်။ စာသင်ကျောင်းရှိတယ်။ တူတူတန်တန်ဈေးကလေး ရှိတယ်။ ကျေးလက်ကျန်းမာရေး ဆေးခန်းရှိတယ်။ ဆန်စက်တောင် တစ်လုံးလား ၊ နှစ်လုံးလားရှိတယ်။ ထားပါတော့။ သောင်သာတယ်။ ဆိုတော့ကာ မြစ်လောင်းသူ ၊ မြစ်လောင်းသားက ဈေးထဲမှာ ယောက်ျား၊ မိန်းမ အရောင်မွဲမွဲတွေ့ရင် ဒါ လက်ပဒေါက ဆိုတာ သိတော့ ၊ သူတို့ အချင်းချင်း စကားပြောရင်တောင် “လူကိုက လက်ပဒေါကာလာနဲ့” လို့ ပြောတတ်ကြတာတွေလည်း ရှိတယ်။ လက်ပဒေါက လူတွေဟာ ဆင်းရဲကြတာကို ပြောချင်တာပါ။ ဆင်းရဲပေမယ့် လက်ပဒေါသားတွေဟာ ရိုးသားကြတယ်။ မြစ်လောင်းဂါတ်တဲက လက်ပဒေါကို တရားခံသွားဖမ်းရတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ လက်ပဒေါက တဲကလေးတွေဟာ ဘာတံခါးမှ မရှိတာတောင်မှ သစ်သားယောင်းမတစ်ချောင်း မပျောက်ဖူးဘူး။
         ရွာသားအားလုံးကတော့ ကြွက်ထိုးစားတာ မဟုတ်ပါဘူး။ သည်ဆည်မြောင်း လက်တံကြီးကို ဖာဖို့ ထေးဖို့ ပြုဖို့ ပြင်ဖို့ ရာသီအလိုက် ခန့်ထားတဲ့ အလုပ်သမားတွေလည်း ရှိတယ်။ သူတို့ကို သည်အရပ်က “မြောင်းလျှောက်” လို့ ခေါ်တယ်။ မြောင်းကြီးတလျောက် လမ်းလျှောက်ရင်း မြောင်းကျိုးတာ ၊ မြောင်းပဲ့တာ လိုက်ဖာရတဲ့လူတွေဆိုတော့ မြောင်းလျှောက်လို့ ခေါ်တာလည်း မမှားဘူး။ ခက်တာက သည်အလုပ်က မိုးတွင်းမှာမှ ခဏလေးခန့်တာ။ နွေမှာ အလုပ်မရှိဘူး။ ကိုယ့်ဟာကိုယ်ရှာလုပ်ပဲ။ ရှာစားပဲ။ ရှာသောက်ပဲ။ လက်ပဒေါကို ခရီးကြုံမှာရင်လည်း ရတယ်။
          “လက်ပဒေါက မြောင်းဆောက်ဘုံတီးကို ပြောလိုက်စမ်းပါကွာ၊ နက်ဖျင်ညှ အဆေ့ကျောင်းကို လာပါလို့….. မြင့်လောင်းက စံထွန်းအလှူမတိုင်ခင် မြေညှိချင်လို့ လို့ …. နှော” လို့ မှာလိုက်ရုံပဲ။ မြောင်းဆောက်ဆိုတာ မြောင်းလျှောက်လို့ ပြောတာပါ။ နက်ဖျင် ဆိုတာ မနက်ဖြန်။ ညှ ဆိုတာ ည။ အဆေ့ကျောင်းဆိုတာ အရှေ့ကျောင်း ၊ နှော…ဆိုတာက နော….ကိုပြောတာပါ။ သူတို့ချင်းကတော့လည်း အဆင်ကိုပြေလို့ပါ။ ဒါဆို လက်ပံတောက မြောင်းလျှောက်ကိုဘုံတီးက ပေါက်တူးကိုင်ပြီး မြစ်လောင်းကို သုံးလေးရက် ကူးသွားတာပါပဲ။ ပြောချင်တာက လက်ပဒေါက လူတွေဟာ အဲသလို လူတွေ။ လက်ပဒေါဟာ အဲသလို ရွာကလေး။

(၂)

          လက်ပဒေါဟာ ရှိလှရင် အိမ်ခြေ ၂၀ ကျော်ပါပဲ။ လက်ပံပင်ကြီးတစ်ပင်တည်း ရွာထိပ်ရှိနေတာကို ဘယ်သူက လက်ပံတောလုပ်ထားတာလဲ ဘယ်သူမှ မသိဘူး။ ဒါက အကြောင်းလည်း မဟုတ်ပါဘူး။ နာမည်ရှိတာပဲ တော်လှပြီ။ နောက် ရွာအနောက်က သင်္ဂျိုင်းရာကလေးရှိတယ်။ သည်သင်္ဂျိုင်းရာကလေးက လက်ပဒေါသင်္ဂျိုင်းသက်သက်တော့ မဟုတ်ဘူး။ လက်ပဒေါနောက်ဝေးဝေးက ကြက်ဆူပင် ၊ မိုးနှံကုန်း ၊ ပျဉ်းမကုန်း ရွာတွေကလည်း လူမှသေရင် ဒီသင်္ဂျိုင်းလာတာပဲ။ သင်္ဂျိုင်းစပ်မှာ ညောင်ပင်အိုကြီး တစ်ပင်ရှိတယ်။ တစ်ခြမ်းးက ခြောက်တောင်နေပါပြီ။ တစ်ခြမ်းက ခြောက်လို့ တစ်ခြမ်းက စိမ်းလို့။ ထားပါတော့ ၊ အပင်ကလည်း ကြီးကြီးဆိုလို့ လက်ပံတောမှာ သည်လက်ပံပင်နဲ့ ဒီညောင်ခြောက်ပင် နှစ်ပင်ပဲရှိတယ်။
          တစ်နေ့တော့ လူဦးရေ တစ်ရာကျော်လောက် ဆင်းဆင်းရဲရဲနေရတဲ့ ၊ သစ်ပင်ကြီးနှစ်ပင်နဲ့ လက်ပဒေါမှာ လူသေမှုစဖြစ်တယ်။ လူသေမှုကို ပြောတာနော်။ လူသတ်မှုမဟုတ်ဘူး။ သူ့ဟာသူ နေရင်းထိုင်ရင်းသေတာကို ပြောချင်တာ။ ဟ… လူနေတဲ့ရွာပဲ ၊ လူသေတာပြောစရာရှားလို့ မေးချင်ရင်လည်း မေးဖို့ပဲ။ ဒါပေသိ လက်ပဒေါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ၊ အစိတ်ကတည်းက ကနေ့ထိ တစ်ခါမှ လူသေဖူးတာမဟုတ်ဘူး။ နာမည်ကသာ လက်ပဒေါသင်္ဂျိုင်း ၊ လက်ပဒေါသား၊ လက်ပဒေါသူ တစ်ယောက်မှ မြေကျဖူးတာ မဟုတ်ဘူး။ နှစ်အစိတ် ဟိုဘက်ကတော့လည်း ရှိချင်ရှိမယ်။ ဒါတော့ဘယ်သူမှ မပြောနိုင်ဘူး။ မှတ်မိသလောက်တော့ သည်နှစ်ပေါင်း အစိတ် သုံးဆယ်လောက်ထဲမှာတော့ မသေဖူးသေးဘူး။ ဒါတော့ သေချာတယ်။
          တစ်ညတော့ လက်ပဒေါရွာကို ကန့်လတ်ဖြတ် ပျံသွားတဲ့ ငှက်တစ်ကောင်က စူးစူးကြီးအော်ရင်း လက်ပဒေါညကို ခပ်ပြင်းပြင်းပုတ်နှိုးလိုက်တယ်။ သည်ငှက်အော်သံမျိုးကို လက်ပဒေါက အင်မတန်ဆင်းရဲတဲ့လူတွေ မကြားဖူးတာကြာပြီ။ သည်ရွာက လူတွေကလည်း ဟိုဘက်က တစ်တဲ ၊ သည်ဘက်က တစ်အိမ် ၊ လက်ပဒေါလာစုရင်းက နေကြရတာဆိုတော့ ကိုယ်ဖြတ်သန်းကြီးပြင်းခဲ့ရာ ငယ်ဘဝတုန်းကတော့ ကြားဖူးကြတာချည်းပေါ့။ ဒါဟာ ငှက်စုန်းတစ်ကောင်ရဲ့ အော်သံဆိုတာလောက်တော့ သိတာပေါ့။ သည်ကောင်မှ အပေါ်ကဖြတ်အော်ရင် ၊ ဒါမှမဟုတ် လူမမာအိမ်ခေါင်က ဖြတ်အော်ရင် ဒါဟာ မင်္ဂလာမရှိဘူး ဆိုတာလောက်တော့ သိတာပေါ့။ ကျက်သရေ မရှိဘူးဆိုတာလောက်တော့ သိတာပေါ့။ အဲသည်ညက သိခြင်းနဲ့ ကြောက်ခြင်းဟာ တစ်ချိန်တည်းဖြစ်တယ်။
         အဲသည်မှာတင် တစ်ရွာလုံးက ငှက်စုန်းသံကြားတာနဲ့ အိပ်ယာထဲ လှဲနေရာက ထကြတယ်။ ပါးစပ်ကလည်း “ဖွဟဲ့…. နင့်ဒဏ်နင်ခံ … နင့်ဒဏ်နင်ခံ” လို့ ရေရွတ်ကြတယ်။ ပြီးတော့ မိသားစုတွေဟာ မီးတိုင်ခွက်ရောင်နီကျင်ကျင် ၊ မှုန်တိမှုန်မွှားထဲမှာ တစ်ယောက်ရဲ့မျက်နှာ တစ်ယောက် လိုက်ကြည့်နေကြတယ်။ မိန်းမကလည်း ယောက်ျားကို “တော်နေကောင်းပါတယ်နော်” ဆိုတဲ့ မျက်နှာနဲ့ ကြည့်တာ။ ယောက်ျားကလည်း “နင် နေရထိုင်ရတာ ကောင်းရဲ့လား မိသေးရာ” ဆိုတဲ့ မျက်နှာနဲ့ ကြည့်နေတာ။ နီးစပ်ရာ ကိုယ့်ကလေးတွေရဲ့ နဖူးတွေကိုလည်း မှတ်မှတ်ရရကြီး စမ်းလိုက်ကြတာလည်း လက်ပဒေါက တဲကလေးတွေထဲမှာ အားလုံး အတူတူလောက် နေမှာပါပဲ။
          အေးလေ။ ညဘက်ထွက်တဲ့ ညငှက်တစ်ကောင်က သူ့ဟာသူ သူ့ငှက်လမ်းကြောင်းပေါ်မှာ ပျံသန်းရင်း အော်ဟစ်လိုက်တဲ့အသံဟာ လူတွေအားလုံး ငုတ်တုတ်ထ ထိုင်ကြရတယ်။ ပါးစပ်ကလည်း ပြိုင်တူ တစ်စုံတရာ ရေရွတ်လိုက်ရတယ်။ သည်ငှက်သံကပဲ သေခြင်းတရားကို ကိုက်ချီပြီး ရွာကလေးပေါ်မှာ ပစ်ချထားခဲ့တာမျိုးလို့ မျက်နှာထားတွေ ဖြစ်သွားကြရတယ် ဆိုတာကလည်း စဉ်းစားကြည့်ရင် ရယ်တော့လည်း ရယ်စရာကြီးပေါ့လေ။

(၃)

          ဒါပေမယ့် ဒါဟာ ရယ်စရာ မဟုတ်ပါဘူး။ လက်ပဒေါမှာ နှစ်တော်တော်ကြာကြာ ပျောက်ကွယ်နေတဲ့ သေခြင်းတရား ရုတ်တရက်ရောက်လာတာဟာ ရယ်မောစရာ ကိစ္စမဟုတ်ပါဘူး။ လူသေတာဟာ နှစ်သက်စရာ မဟုတ်ဘူး။ ဒါပေသိ လက်ပဒေါမှာ လူက တကယ့်ကို အဲ့သည်ညက သေတယ်။ သေတဲ့လူက လှတင် လို့ ခေါ်တယ်။ မြောင်းလျှောက်ပါပဲ။ လက်ပဒေါကို ငှက်စုန်းဖြတ်သွားပြီး လူတွေအားလုံးက အိပ်မောကျနေချိန်မှာ လှတင် ကြွက်ထိုးတဲ့ မှိန်းကိုထောက်ရင်းသူ့တဲကို ပြန်ရောက်လာတယ်။
          “မြမေ… ထစမ်း ၊ ငါ့ကို အကောင်ကိုက်လိုက်လို့”
ဒါပဲ ပြောနိုင်တယ်။ တဲဝမှာ ဝုန်းကနဲ လဲသွားတယ်။ သူ့မိန်းမ မြမေက နိုင်သလောက်ပွေ့ပြီး တဲအတွင်းဘက်ကို သွင်းတယ်။ အကောင်ကိုက်လိုက်တယ် ဆိုတဲ့နေရာတွေကို ရှာကြည့်တယ်။ လယ်ထဲ ကွင်းထဲ ကြွက်သွားထိုးတဲ့သူ အကောင်ကိုက်တာ ခြေဖျားဘက်ဖြစ်ရမှာပေါ့လို့ တွက်ရင်း ကြည့်လိုက်တော့ ဆေးလိပ်မီးနဲ့ထိုးထားလို့ အသားစတွေလန်နေနဲ့ ညာဘက် ခြေဖခုံဟာ မောက်မောက်ကြီးယောင်ကိုင်းနေတယ်။
“ကိုလှတင်… ကိုလှတင်…”
မရဘူး။ ခေါ်လို့ မရတော့ဘူး။ တော်တော့်ကို ဝေးတဲ့နေရာလောက်က ငှက်စုန်းထိုးသံကြီး တစ်ချက်ကြားပြီး ဘာကြာတုန်း လှတင်သေရော။ မမြမေ ငိုသံက ငှက်စုန်းထက်ကျယ်တော့ အားလုံးနှိုးကုန်ကြရော။ မမြမေတို့ တဲကလေးရှေ့ကို စုစုဝေးဝေးရောက်လာကြတယ်။ မိုးမလင်း တလင်း ညကြီးသန်းလွဲမှာ လက်ပဒေါက လူတွေဟာ သေသူရဲ့ခြေထောက်က ဒဏ်ရာကိုမကြည့်ဘူး။ မဲနက်နေတဲ့ကောင်းကင်ကို မော့ကြည့်နေကြတယ်။ ငှက်တစ်ကောင်ကို ရှာနေကြတာထင်ပါရဲ့။
“မနက် မြစ်လောင်းက ဘုန်းကြီးပင့်ဖို့စီစဉ်ကွာ”
တစ်ယောက်က အကြံပေးတယ်။ လက်ပဒေါမှာ သရဏဂုံတင်စရာ ဘုန်းကြီးမှ မရှိတာကိုး။

(၄)

လက်ပဒေါမှာ ငှက်စုန်းကြီးအော်လို့ ငါးရက်တောင် မပြည့်သေးဘူး။ လက်ပဒေါမှာပဲ နောက်တစ်ယောက်သေပြန်ရော။ သေတဲ့လူက ကျင်စိန်တဲ့။ အရက်သမားပါ။ လက်ပဒေါမှာ လူကောင်းသူကောင်းချည့် ရိုးရိုးသားသားနေတယ် ဆိုပေမယ့် အရက်ကလေးတမြမြနဲ့ လူလည်းရှိတာပေါ့လေ။ ပြီးတော့ရွာမှာ ဘုန်းကြီးကျောင်းသာမရှိတယ်။ ဘုံဆိုင်ကလေးတော့ရှိတယ်။ ကျင်ဆိုင်သေတာကလည်း ဆန်းတယ်။ အဲ့သည် ညဦးက ကျင်စိန်အရက်ကလေးထွေထွေနဲ့ သီချင်းတွေဆိုရင်းက တဲရှေ့ကွပ်ပျစ်ကလေးမှာ လှဲရင်းက မူးမူးနဲ့ အိပ်ပျော်သွားတာပါ။ မနက်မိုးလင်းတော့ ကွပ်ပျစ်ပေါ်မှာပဲ သေနေတယ်။ မနက်ခင်း ကျင်စိန်နဲ့ သိုးကျောင်းသွားနေကျ ထွန်းပေါ် လာနှိုးတော့ နှိုးမရတော့ဘူး။ စမ်းကြည့်တော့ မာတောင့်နေပြီ။
“ကျင်စိန်တော့ သေပြန်ပြီ… အင်း… ငါထင်တယ် ၊ ညက ငှက်စုန်းထိုးကတည်းက တစ်ခုခုတော့ ဖြစ်တော့မှာပဲ ဆိုတာ”
“ဟာ… ဘကြီးကလည်း ဘယ်တုန်းက ထိုးလို့တုံး ၊ ညက မထိုးပါဘူး”
“ထိုးပါသော်ကော မောင်ရာ ၊ ညက လေတွေ တဝူးဝူး အော်တိုက်နေတာ အကြာကြီး ၊ လေလေးလည်း ငြိမ်ရော ငှက်စုန်းထိုးလိုက်တာ သံပြာကြီးနဲ့”
ကျင်စိန့် အလောင်းရှေ့ရောက်နေတဲ့ လက်ပဒေါသားတွေ အားလုံး ငိုင်သွားကြတယ်။ အင်မတန် ကြမ်းတမ်းခက်ခဲတဲ့ သည်နေရာကလေးကို အင်မတန် ဆင်းရဲကျပ်တည်းကြတဲ့ သည်နေရာစုကလေးကို သေမင်းက ဘယ်လိုရှာတွေ့သွားရတာတဲ့လဲ။ သည်ငှက်စုန်းကကော ဘယ်သူက လွှတ်လိုက်တာလဲ။ နှစ်ပေါင်းများစွာ တစ်ခါမှတောင် မကြားဘူးတဲ့ ငှက်အော်သံကြီးဟာ ဘယ်က ဘယ်လို ရောက်လာရတာတဲ့လဲ။ မသိဘူး။ သူတို့ ဘာမှကို မသိတာပါ။ သူတို့ ဘယ်လိုမှကို ဥာဏ်မမီနိုင်တာကိုပဲ တွေးနေကြတာ အကြာကြီး။ ပြီးတော့ ကိုယ့်တဲကလေးတွေဆီကို ကိုယ်ပြန်ကြတယ်။
လက်ပဒေါသားတွေ ကြွက်ကောင်းကောင်းမထိုးနိုင်ဘူး။ မြောင်းကောင်းကောင်း မလျှောက်နိုင်ကြဘူး။ သည်ညကော ငှက်စုန်းလာဦးမှာလား ၊ လာရင်ကော အော်ဦးမှာလား ၊ အော်ရင်ကော သေဦးမှာလား ၊ သေရင်ကော … ဘယ်သူလဲ။

(၅)

ကျင်စိန်သေလို့ တစ်လကျော်ကျော်ကြာတော့ လူတွေဟာ ငှက်စုန်းကို မေ့သွားကြတယ်။ လက်ပဒေါမှာ လူသေတာဟာ ပြောစရာတော့ဖြစ်သွားတာပေါ့လေ။ လက်ပဒေါသားတွေဟာ သည်အကြောင်းကို အခုတွေးရင် အခုကြောက်ကြတယ်။ ငှက်စုန်းကလည်း မလာပြန်ဘူး။ တချို့ညတွေကျတော့လည်း ရွာစပ်ကဖြတ်ပျံသွားရင်း ခပ်ဝေးဝေးက အော်သံလောက်နဲ့ ပြီးသွားတာမျိုးပဲရှိတယ်။ သည်အတောအတွင်း လက်ပဒေါက ကလေးတွေအားလုံးရဲ့လည်ပင်းမှာ ကနုကမာခွံလိုလို လက်မလောက် ယောက်သွားခွံကလေးတွေ တပ်ကြလို့။ သည်လိုနဲ့ နေလာကြရာက တစ်ညတော့ အားလုံးက မေ့နေကြတဲ့ ငှက်စုန်းဟာ လက်ပဒေါရွာပေါ်က တည့်တည့်ကြီးအော်သွားပြန်ရော။ အော်တာမှ စူးစူးရဲရဲကြီး။ ဂီး ကနဲအော်သံဟာ တော်ရုံလူမမာရဲ့အသက်ဝိညာဉ်ကို ကိုင်ညှစ်ပြီး သူ့နှုတ်သီးကြီးနဲ့ တပေါက်ပေါက် ထိုးဆိတ်လိုက်သလိုအော်သွားတာမျိုး။
“ဖွဟဲ့… နင့်ဒဏ်နင်ခံ… နင့်ဒဏ်နင်ခံ”
နင့်ဒဏ်နင်ခံသာပြောတာ။ ငှက်စုန်းက ခံဖို့သာ လက်ပဒေါသားတွေက တဖွဖွရွတ်နေတာ။ တကယ်ခံနေရတာက သူတို့ပဲ။ အဲ့သည်ညက လ က လက်သည်းခြစ်ရာလောက်ကလေးနဲ့ ည။ ပြောင်းခင်းဘက်က ကွင်းလေက တသွေးသွေးနဲ့ည။ ဆည်မြောင်းလက်တံကြီးထဲမှာ ရေမရှိချိန်ဆိုတော့ ကလေးတွေတောင် ပြောင်းခင်းကြီးကျော်ပြီး မြောင်းခြောက်ထဲ ကစားနေတဲ့ည။ ငှက်စုန်းထိုးသံကြီးဟာ လက်တံမြောင်းတဲကလေးတွေပေါ်ကို ဗုံးကြဲလိုက်သလို ၊ မိုးကြိုးများပစ်ချလိုက်သလို ကျလာတော့ ကလေးတွေအားလုံးဟာ လက်တံမြောင်းနှုတ်ခမ်းပေါ်ပြေးတက်ရင်း ပြောင်းခင်းကို ညမှောင်မှောင်ထဲမှာ ကျော်ဖြတ်ရင်း တဲစုကလေးတွေရှိရာကို ပြေးလာကြတယ်။ မိဘတွေကလည်း ပြောင်းစပ်ခင်းက ကြိုရင်းက ပြေးလာတဲ့ကလေးတွေရဲ့ ရင်ပတ်က ကမာခွံကို အရင်စမ်းကြည့်ကြတယ်။
“ဟဲ့… ငကွန်း … ဘယ်မှာလဲ … နင့်”
မအေလုပ်သူတွေထဲက အော်လိုက်သံဟာ လက်ပဒေါညထဲမှာ တုန်ခါနေတယ်။
“ဘယ်မလဲ ငါမေးနေတယ်လေ… ဘယ်မလဲ”
ငကွန်းက မျက်လုံးတွေကြောင်နေပြီး မအေလုပ်သူကို ကြည့်နေတာကလွဲရင် သူ့လည်ပင်းကို သူစမ်းနေတာပဲရှိတယ်။ ဘာမှ မပြောဘူး။ မပြောနိုင်ဘူး။ သည်လိုနဲ့ လက်ပဒေါဟာ ခဏလေး ငြိမ်သက်သွားတယ်။ အဲ့သည်ညက ကိုယ်တွေခြစ်ခြစ်တောက်ပူပြီး ငကွန်းကလေးသေတယ်။
သည်တစ်ခါတော့ လက်ပဒေါဟာ ချောက်ချားသွားခဲ့ကြတယ်။ ထိတ်လန့်ကြောက်ရွံ့နေကြတယ်။ ညမှောင်ပြီဆိုတာနဲ့ လက်ပဒေါမိုးကောင်းကင်ပေါ်က ဖြတ်သန်းသွားမယ့် ငှက်တိရစ္ဆာန် တစ်ကောင်ကို ဘာမဟုတ်ညာမဟုတ် ကြောက်နေကြတယ်။ သည်ငှက်ကပဲ လက်ပဒေါကို သေခြင်းလက်ဆောင်တွေ ကောင်းကင်က ချချပေးနေတာကိုး။
ပထမ လှတင်သေတယ်။ နောက် ကျင်စိန်သေတယ်။ ခုတစ်ခါ ငကွန်းကလေးသေပြန်ပြီ။ နောက်ဘယ်သူသေဦးမှာလဲ။ လက်ပဒေါသင်္ဂျိုင်းမှာ လက်ပဒေါသား သုံးယောက်တောင် ရောက်နေပြီကော။ လက်ပဒေါသင်္ဂျိုင်းက နောက်ဘယ်သူ့ကို မျက်စပစ်နေပြန်ပြီလဲ။ ဘယ်သူမှ မပြောနိုင်ဘူး။ သည်ငှက်စုန်းကြီးအော်နေသ၍ လက်ပဒေါသူ လက်ပဒေါသားတွေဟာ နေ့လား ညလား ၊ သူလား ငါလား ဘယ်သူမှ မပြောနိုင်ဘူး။

(၆)

တစ်ရွာလုံးမှာ အသက်အကြီးဆုံးဖြစ်တဲ့ ဘကြီးသောင်က ပရိတ်တွေရွတ်တယ်။ မေတ္တာတွေပို့တယ်။ မျက်စိမမြင် ဘာမမြင်နဲ့ ရွာကို တတ်သမျှ မှတ်သမျှ စည်းချပေးတယ်။ လက်ပဒေါသူ လက်ပဒေါသားတွေကလည်း ကွင်းကြို ကွင်းကြား ကြွက်ထိုးနေရလို့ မေ့နေတဲ့ ဘုရားရှိခိုးအမျိုးမျိုးကို ရတတ်သမျှရွတ်ကြတယ်။ သည်လိုနဲ့ တစ်နေ့တော့ ဘကြီးသောင်က လက်ပဒေါသားတွေကို လူစုတယ်။ သူ့သဘောထားကို ပြောတယ်။
“ဘကြီးတော့ အိပ်မက်တွေလည်း မကောင်းဘူး။ အတိတ်နမိတ်များလည်း မကောင်းဘူး။ သည်တော့ ဘကြီးတတ်သမျှ မှတ်သမျှ စည်းတော့ချပြီးပြီ။ ဒါပေမယ့် သည်ငှက်တွေ ရောက်မလာဘူး ဘယ်သူမှ မပြောနိုင်ဘူး။ သည်တော့ ငါတို့ ဘာလုပ်ကြမလဲ။”
မြောင်းလျှောက်သမား ကိုခင်ကလည်း သူ့သဘောထားကို ချပြတယ်။
“ငှက်အော်လို့ သေတာမဟုတ်ဘူး… ဘကြီးရာ လူသေတာ သေနေ့စေ့ သေတာပါပဲ။ ငှက်က လူ့ဝိညာဉ်ကို မနှုတ်နိုင်ပါဘူး။ ဒါ ဘကြီးတို့က ဥပါဒ်ဒါန်စွဲနေတာ။ ဒါကြောင့် ဥပါဒ်ပြန်ဖြစ်နေတာ”
ဆိုတော့ လာစုမိတဲ့ လက်ပဒေါသူ လက်ပဒေါသားတွေက ကိုယ်ခင့်ကို ဒေါကန်ကြတယ်။ အရေးထဲမှာ ရွာလာပြီး ကန့်လန့်တိုက်နေတဲ့ ကောင်ပါလားဆိုတဲ့ မျက်နှာနဲ့ ကိုခင့်ကို ဝိုင်းကြည့်ကြတယ်။ ကိုခင်ကတော့ ဂရုမစိုက်ပါဘူး။ ဆင်နှစ်ကောင်ဆေးလိပ်တောင် တထောင်းထောင်းဖွာနေလိုက်သေးတယ်။ သူ့လေးထောင့်မျက်နှာကြီးထဲက မျက်ပေါက်ကျဉ်းကျဉ်းကလေးတွေနဲ့ လူတွေကိုတောင် ပြန်ကြည့်နေလိုက်သေးတယ်။
ခက်တာက ဘကြီးသောင်ကသာ ဘာလုပ်မလဲ မေးနေတာ ဘယ်သူက ဘာလုပ်တတ်မှာတုန်း။ ငှက်စုန်း ဘယ်နားနေမှန်းသိရင်လည်း ကောင်းသားကလား။ ညှိလို့နှိုင်းလို့ ရရင်လည်း ကောင်းသားကလား။ တောင်းပန်လို့ တိုးလျှိုးလို့ ရရင်လည်း ကောင်းသားကလား။ ဒါပေမယ့် ဒါက လူလူချင်းကိစ္စ မဟုတ်ဘူး။ ငှက်နဲ့ လူတွေ ရဲ့ နားမလည်နိုင်တဲ့ ကိစ္စ။ ဒါက မြစ်လောင်းဂါတ်တဲနဲ့လည်း မဆိုင်ဘူး။ မြစ်လောင်းသူကြီးနဲ့လည်း မပါတ်သက်ဘူး။ မြေကျင်းထဲက ကြွက်ကိုသာ မှိန်းနဲ့ထိုးတတ်ကြတဲ့ လက်ပဒေါသားတွေဟာ ကောင်းကင်က ငှက်ကို ဘာလုပ်ရမှန်းမသိဘူး။
“သည်လိုလုပ်ချင်တယ်”
တစ်ကိုယ်လုံးပွေးတွေနဲ့ အကွက်လည်နေတဲ့ စံမြက စကားစတယ်။ အားလုံးက စံမြကို အာရုံရောက်သွားကြတယ်။ စံမြက လက်ဖျံပေါ်က ပွေးဒင်္ဂါးတွေကို လက်သည်းနဲ့ ကုတ်ဖဲ့နေရင်းကပြောတယ်။
“ကျုပ်တို့ရွာမှာ ငှက်ခိုလို့ရတာ သစ်ပင်ကြီးနှစ်ပင်ပဲရှိတယ်။ ရွာထိပ်က လက်ပံပင်နဲ့ သင်္ဂျိုင်းစပ်က ညောင်ခြောက်ပင် ၊ သည်နှစ်ပင်မရှိရင် ငှက်မနေနိုင်ဘူး။ ငှက်စုန်းဟာ ညောင်ပင်မှာရှိရင်ရှိ ၊ မရှိရင် လက်ပံပင်မှာ ရှိမယ်။ သည်တော့…”
စံမြက စကားတွေကို ရပ်ထားတယ်။ သည်တော့ ဘာဖြစ်သလဲ … ဘာဖြစ်သလဲ…။ လက်ပဒေါသားတွေက စံမြကိုပဲ ငေးနေကြတယ်။
“သည်တော့ ဒီနှစ်ပင်ကို လှဲချင်တယ်”
ဒါပါပဲ။ စံမြက ဒါပဲ ပြောပြီး ပွေးစတွေကို တောက်ထုတ်နေတယ်။ လူတွေအားလုံးဟာ ဘာမှ မပြောနိုင်တော့ဘူး။ ဟုတ်သားပဲ။ စံမြလောက်တောင် ငါတို့ ဘာလို့ မတွေးမိရတာလဲ။
“ကောင်းတယ်ကွာ ၊ စံမြ မင်းတာဝန်ယူနိုင်မလား”
“ယူနိုင်ပါတယ်။ ဒါက သုံးလေးယောက်ဝိုင်းလိုက်ရင် ပြီးတဲ့ကိစ္စပဲ ၊ ဒါပေမယ့်… ”
လူတွေကတော့ နားမလည်ဘူး။ ခုတ်လိုက်ရင်ပြီးမယ့် ကိစ္စပဲ။ ဟာ ဒါပေမယ့်လည်း….။ ဘာလဲ မလုပ်ချင်တာလား။ မလုပ်ချင်ရင် ဘေးဖယ်နေ။ ငါတို့ လုပ်စမ်းမယ်။ သစ်ခေါင်းထဲတွေ့မယ့် ငှက်စုန်းတော့လား မြစ်လောင်းအရက်နဲ့တွေ့ပြီပေါ့။ လူတွေက ဒေါသနဲ့ တွေးနေကြတာပါ။
“ဒါပေမယ့်… ညောင်ပင်ကို ဘယ်သူ ခုတ်ရဲလို့လဲ ၊ ကျွန်တော်မခုတ်ရဲဘူး။ ညောင်ပင်မှာ တစ်ရွာလုံးက ကိုးကွယ်ထားတဲ့ နတ်ကွန်းတွေပြည့်နေတာ၊ ကျုပ်မလုပ်ရဲဘူး။”
ဟာ… ဒါလည်း ဟုတ်သားပါလား။ လူတွေအားလုံးငိုင်သွားလိုက်ကြတာ တော်တော့်ကိုကြာတယ်။ သည်ညောင်ပင်ကလည်း တစ်ခြမ်းသာခြောက်နေတာ တစ်ရွာလုံးက စင်ကလေး နေရာလပ်မကျန်အောင် ရိုက်ထားပြီး ကိုယ့်အစွဲနဲ့ကိုယ် ကိုးကွယ်နေကြရတဲ့ညောင်ပင်။ ညနေမှောင်ပြီဆိုတာနဲ့ မီးကလေး တလက်လက် နဲ့ ရှိနေတတ်တဲ့ ညောင်ပင်။ တစ်နှစ် တစ်ခါ ကိုယ်တတ်နိုင်သလောက်နဲ့ မိသားစု ဝတ်မပျက် ပူဇော် ပ သ နေရတဲ့ ညောင်ပင်။
ဒါကို ခုတ်ရမယ်လို့ ဖြစ်လာတော့ ခုတ်ဖို့ နေနေသာသာ ဘယ်သူမှ စိတ်တောင်မကူးရဲဘူး။ သည်ညောင်ခေါင်းထဲမှာ ငှက်စုန်းရှိမယ် မရှိမယ်ကလည်း သေချာတာမဟုတ်ဘူး။ ညောင်ပင်က ရွာကို မီးနဲ့တိုက်မှာက အရင်ကိုး။ သည်လိုနဲ့ လက်ပဒေါသူ လက်ပဒေါသားတွေဟာ ငှက်စုန်းရှာမလား။ ညောင်ပင်ခုတ်မလား ဆိုတဲ့ ပြဿနာကြီးနဲ့ တွေ့နေကြတယ်။
“ကျုပ်ခုတ်မယ်… ညောင်ပင်ကို ကျုပ်ခုတ်မယ်”
ကိုခင်။ သူ့လေးထောင့် မျက်နှာကြီးနဲ့ မျက်ပေါက်ကျဉ်းကျဉ်းကို မှေးထားရင်းက တစ်ခွန်းတည်း ထ အော်တယ်။ လူတွေအားလုံးဟာ ညောင်ပင်ခုတ်ဖို့ကိစ္စ ကိုယ်က ခုတ်ဖို့နေနေသာသာ ခုတ်ကွာ… လို့တောင် မပြောရဲတဲ့လူတွေကိုး။ ကိုခင်က ခုတ်မယ်ဆိုတော့ ဝမ်းထဲက ကျေနပ်ကြပေမယ့် ပါးစပ်က မပြောရဲဘူး။
“ကျုပ်ဒါတွေ ယုံတာမဟုတ်ဘူး။ ငှက်အော်လို့ လူသေတာလည်း ကျုပ်မယုံဘူး။ ဒါပေမယ့် ခင်ဗျားတို့ ယုံတယ်မဟုတ်လား။ ယုံလို့လည်း ငှက်နေတယ်လို့ ထင်ရတဲ့ညောင်ပင်ကျတော့ ခင်ဗျားတို့ မခုတ်ရဲကြပြန်ဘူး ၊ ဘာတွေလဲ ခင်ဗျာတို့ ၊ ကျုပ်ခုတ်ပေးမယ်။ အိုဗျာ… ကျုပ်က ခုတ်နေမှာမဟုတ်ဘူး ၊ ခင်ဗျားတို့ တစ်ခုပဲ ပြောလိုက်မယ်။ ခင်ဗျားတို့ ကိုးကွယ်ထားတဲ့ နတ်ကွန်းစင်တွေ ကနေ့ညနေစောင်း အပြီးဖြုတ်ထား။ မနက်ဖြန်မနက် ကျုပ်က ညောင်ပင်ခေါင်းထဲ ရေနံထည့်ပြီးမီးရှို့မှာ။ ကန်တော့ချင်တဲ့သူ ကနေ့ အပြီးကန်တော့ထား။ လက်ပဒေါမှာ မနက်ဖြန် ညောင်ပင်လည်းမရှိစေရဘူး။ ညောင်ခေါင်းထဲ ငှက်စုန်းနေတယ်ဆိုရင် ငှက်စုန်းလဲ မသာပေါ်ပြီသာမှတ်”

(၇)

အဲသည်တုန်းက တကယ်လည်း လက်ပဒေါသားတွေက လက်ပံပင်ကို ခုတ်တယ်။ ကိုခင်က ညောင်ပင်ကို မီးရှို့တယ်။ လက်ပံပင်ကတော့ ငုတ်တိုတောင် မကျန်တော့ပါဘူး။ ထင်းဖဲ့စိုက်ကြတာနဲ့ကို နောက်ခေတ်ကလေးတွေက ကြည့်ချင်လို့တောင် မရှိတော့ဘူး။ ညောင်ပင်ကတော့ ဘယ်လိုပြောရမလဲ။ ကိုခင်ကလည်း ညောင်ခေါင်းထဲ ရေနံထည့်ပြီး မီးရှို့ခဲ့တာပါပဲ။ ညောင်ပင်တစ်ပင်လုံးလည်း မည်းချိတ်ပြီး နလန်မထူဘဲ သေသလိုဖြစ်သွားခဲ့တာပါပဲ။ ဘာငှက်တစ်ကောင် တစ်မြီးမှလည်း မတွေ့ခဲ့ဘူးလို့ ပြောကြတာပါပဲ။ အခုတော့ ကိုခင်တောင် လက်ပဒေါမှာ ဘကြီးခင် ဖြစ်နေပါပြီ။ နှစ်ပေါင်းကလည်း သုံးဆယ်သီသီ ကျော်ခဲ့ပြီကိုး။ နှစ်ကလည်း နည်းတော့တာမှ မဟုတ်ဘဲလေ။
ဒါပေမယ့် အဲသည် ညောင်ပင်က မသေဘူး။ အငုတ်က ပြန်တက်လာတဲ့ အကိုင်းလေးကနေ စလိုက်တာ အခုတော့ ရွက်အုပ်ဖားဖားနဲ့ ဝေဝေဆာဆာကြီးကို ဖြစ်လို့။ ထုံးစံအတိုင်းပါပဲ နတ်ကွန်းကျောင်းဆောင်ကလေးတွေလည်း ပြန်ရောက်လာပြီ။ ညဘက်မီးကလေး တလက်လက်နဲ့လည်း ဘယ်သူ့ကိုမှန်းတော့ မသိဘူး ပူဇော်သူက ပူဇော်လို့။
အေးလေ။ လက်ပဒေါကလည်း အရင် လက်ပဒေါမှ မဟုတ်တော့တာ။ ဗီဒီယိုတွေ ဘာတွေနဲ့ လက်ပဒေါ ဖြစ်သွားခဲ့ပြီကိုး။ နှစ်ပေါင်း သုံးဆယ်အတွင်းမှာ လက်ပဒေါလည်း ဘာသားမို့လို့တုံး။
မနေ့တစ်နေ့ကတော့ လက်ပဒေါမှာ ဘကြီးခင်သေတယ်။ လူတွေက ဘကြီးခင်သေတာ လူကြီးပဲ လူကြီးရောဂါပဲပေါ့လေ။ ဘယ်သူမှ သိပ်လည်း ခံစားမနေပါဘူး။ ဒါပေမယ့် သတိထားမိတဲ့လူတွေပြောတာက ဘကြီးခင်သေတဲ့ညက ငှက်စုန်းထိုးသေးသတဲ့။ ငှက်စုန်းကလည်း ညောင်ခေါင်းကလေးထဲက ထွက်တာတဲ့။
သေတော့ မသေချာပါဘူး။ လက်ပဒေါက နောက်ပေါက်တွေက အဲ့သည်ညက ဗီဒီယိုရုံထဲရောက်နေကြတာကိုး။
~~~~~~~~~~~~~~~~~~

ရွှေအမြုတေမဂ္ဂဇင်း ၁၉၉၆ ၊ ဖေဖော်ဝါရီလ မှာ ဖော်ပြသွားတဲ့  ဆရာနေဝင်းမြင့်ရဲ့ဝတ္ထုတိုလေးပါ။

Wednesday, October 2, 2013

ကိုယ်ရေးရာဇ၀င်





၁၉၇၉ မှာမွေး။ အမည်ရင်း အောင်တေဇာဦး။ အကောက်ခွန်အရာရှိဖခင်ရဲ့ လွှမ်းမိုးအုပ်ချုပ်မှုကို
ခံရကာ၊ မိခင်က အလိုလိုက်ဖျက်ဆီး။
၁၉၀၃ မှာ ဖခင်သေဆုံး။ ကျောင်းကထွက်။
၁၉၈၇ မှာ အကပညာဆည်းပူး။
၁၉၉၃ မှာ ခရစ္စတီးနားအဂီလယ်ရား၊ ဂျပ်စတင်တင်းဘာလိတ်တို့နှင့်အတူ ‘မက်ကီမောက်ကလပ်’
ရုပ်သံအစီအစဉ်မှာပါဝင်။
၁၉၀၇ မှာ ပန်းချီဆရာဘ၀ ရယူရန် ဗီယင်နာကို ပြောင်းရွှေ့။ ပါရမီက မပါတော့ ပန်းချီကျောင်းက
လက်မခံ။
၁၉၀၈ မှာ မိခင်သေဆုံး။
၁၉၉၈ မှာ ‘ချစ်ကလေးရေ..နောက်တစ်ခေါက် (Baby, One More Time)’  သီချင်းကို ထုတ်လုပ်
ဖြန့်ချိ။
၁၉၁၃ မှာ မြူးနစ်မြို့ကိုရောက်ကာ ပန်းချီဆရာအဖြစ်အသက်မွေး။
၁၉၁၄ မှာ ပထမကမ္ဘာစစ်ဖြစ်ပွား။ Peps; ကုမ္ပဏီနဲ့စာချုပ်ချုပ်။
၁၉၁၉ မှာ ဂျာမာန် အလုပ်သမားပါတီ ကို ၀င်ရောက်။  MTV  ဂီတဆုပေးပွဲ မှာ ‘အပျိုစင်လေးလို
(Like a Virgin)’ သီချင်းကို မက်ဒေါနားနဲ့တွဲဆိုရင်း နှုတ်ခမ်းချင်းအနမ်းဖလှယ်။
၂၀၀၄ မှာ ဟောလီးဝုဒ် ကျော်ကြားသူများ လျှောက်လမ်းပေါ်မှာ ကြယ်တစ်ပွင့်ရရှိ။  လေစီလူး
အမည်ရ ခွေးပေါက်ကလေးကိုဝယ်ယူ။ စစ်ရှုံးတာ ဂျူးတွေနဲ့မာ့က်စ်ဝါဒီတွေကြောင့်လို့ယုံကြည်။
၁၉၂၀ မှာ အလုပ်သမားပါတီကို အမျိုးသားဆိုရှယ်လစ်ပါတီ(နာဇီ)ဟုပြောင်းခေါ်။ စင်္ကြာတံဆိပ်ကို
ပါတီ၏ တရားဝင် အမှတ်အသားအဖြစ် အတည်ပြုသတ်မှတ်။
၁၉၃၄ မှာ အန္တိမအာဏာရှင် ဖြစ်လာ။ Mein Kampf (ကျွန်ပ်၏ ရုန်းကန်တိုက်ခိုက်မှု)  စာအုပ်ကို
ကျောင်းသုံးအဖြစ်ပြဌာန်း။ ချီဝှားဝှားခွေးတစ်ကောင်ကိုဝယ်ကာ‘ဘစ်ဘစ်’လို့မှည့်ခေါ်။ လာ့စ်ဗီးဂတ်စ်
က နာမည်ကျော်စားသောက်ဆိုင်ကို ခေါ်ပြီး ဒေါ်လာ ၁၈၀ တန်အသားဟင်းကို ၀ယ်ကြွေး။
၁၉၃၉ မှာ အီဗာရွန်းနဲ့လက်ထပ်။ နောက် ၅၅ နာရီအကြာမှာ ကွာရှင်းပြတ်စဲ။ မိန်းမသုံးယောက်နဲ့
ဘ၀တစ်လျှောက် ပတ်သက်ခဲ့ပြီး ထိုသုံးယောက်စလုံး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစား။
နှစ်ယောက်အောင်မြင်။ ပရိသတ်တစ်ယောက်က သူဝါးပြီးသားပီကေကို ebay မှာ လေလံတင်။
၂၀၀၅ မှာ ကိုယ်ဝန်ရ။ ရေကူးကန်ထဲ အန်ချ။
၂၀၀၇ မှာ ခင်ပွန်းနဲ့ကွာရှင်း။ အရင်းနှီးဆုံးအဒေါ်ဖြစ်သူ သားအိမ်ကင်ဆာကြောင့် သေဆုံး။ မူးယစ်
ဆေးပြတ်ဌာနကိုရောက်။
၁၉၄၅ ဧပြီ ၃၀ မှာ စစ်ရှုံး။ ကတုံးတုံးပြီး မကောင်းဆိုးဝါးရဲ့နံပါတ်(၆၆၆)ကို ခေါင်းမှာဆေးမင်ကြောင်
ထိုး။ ကိုယ့်ကိုယ်ကို သေနတ်နဲ့ ပစ်ခတ်ပြီး အဆုံးစီရင်။  လက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ
နေထိုင်လျက်။
မောင်ဒေး
အစွန်းထွက်ဇီဝဗေဒ ကဗျာစာအုပ်မှ

အယ်ဒီတာမှတ်ချက်။   ။ ယခုဖော်ပြထားသော ကဗျာသည် စာပေစိစစ်ရေးမှ အချို့လိုင်းများ ဖြုတ်ပယ်
                             ခိုင်းသဖြင့် တပုဒ်လုံးဖြုတ်ချန်ပစ်ခဲ့သော ကဗျာဖြစ်ပါသည်။
                    

ပို့စ်မော်ဒန်ကဗျာ၊ ဘာသာစကားကဗျာနဲ့ယနေ့ မြန်မာကဗျာဆိုင်ရာ ပြဿနာ



     ဟိုတလောက ရန်ကုန်ကလာတဲ့ မိတ်ဆွေတစ်ယောက်နဲ့ ဘန်ကောက်မှာ ဆုံဖြစ်တယ်။ တကယ်တော့ အဲ့ဒီကျမှ မိတ်ဆွေဖြစ်ကြတာ။ အရင်က မဆုံဖူးဘူး။ သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို့ သူနဲ့ စကားစမြည် ပြောရင်း ခင်သွားတာ။ သူက ကျွန်တော့ ကဗျာတွေကို ဖတ်ဖူးကြောင်းပြောပြီး  စာအုပ်အသစ် ထွက်ဖို့ရှိသလားလို့မေးပါတယ်။စာအုပ်ထုတ်ဖို့ ကြိုးစားနေကြောင်း ကျွန်တော်က ပြောတော့ LP တွေပဲလားလို့ သူက ထပ်မေးတယ်။ ကျွန်တော် ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားတယ်။ ဒီနောက်ပိုင်း ရေးဖြစ်တာတွေပါ လို့ ပြန်ဖြေလိုက်တယ်။
     ဒါ ပထမဆုံး အတွေ့အကြုံတော့မဟုတ်ပါဘူး။ အရင်ကလည်း ကျွန်တော့်ကဗျာကို LP နဲ့တွဲပြီး ပြေတာ ကြားဖူးတယ်။ ဘာ့ကြောင့်အဲသလိုပြောနိုင် ကောက်ချက်ချနိုင်သလဲ ဆိုတာကို ကျွန်တော် စိတ်ဝင်စားမိတယ်။ အခုဒီ စာတမ်းကို ရေးဖို့ ကြိုးစားခဲ့တာကလည်း ကနေ့မြန်မာကဗျာရဲ့ ပြဿနာ လို့ ကျွန်တော်မြင်တဲ့ တချို့ အကြောင်းအရာလေးတွေ ဆွေးနွေးကြည့်ချင်လို့ပါ။ လူတိုင်းက ပြဿနာလို့ မြင်တဲ့ အရာတွေ ဟုတ်ချင်မှ ဟုတ်မယ်။ ဟုတ်ချင်လည်း ဟုတ်မယ်။ အနည်းဆုံးတော့ ကျွန်တော့်အတွက် ပြသာနာရယ်လို့ မြင်မိတာတွေပဲပေါ့။

ပို့စ် မော်ဒန်ကဗျာ
     ပို့စ်မော်ဒန်ကဗျာဟာ ပို့စ်မော်ဒန်နစ်ဇင်မ်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ ကဗျာဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ အထွေထွေသော စမ်းသပ်မှုအခြေခံ ကဗျာလမ်းကြောင်းတွေ ကို ခြုံငုံခေါ်ဝေါ်တဲ့ စကားလုံးဖြစ်ပါတယ်။ ဒီနေရာမှာ ပို့စ်မော်ဒန် နစ်ဇင်မ်နဲ့ ပို့စ်မော်ဒန်ကဗျာကို ချိတ်ထားတဲ့ သာ့ချက်စကားလုံး အချို့ကို ဝေဖန်ရေးဆရာ ဖရက်ဒရစ် ဂျိမ်ဆမ် ဆီက ငှားယူသုံးစွဲပါမယ်။ “၁၉ ရာစု ရိုမန်တစ်စစ်ဇင်မ်နဲ့ ၂၀ ရာစုအစောပိုင်း မော်ဒန်နစ်ဇင်မ်တို့ကနေ စွန့်ခွာခွဲထွက်ခြင်း” “ရသဗေဒဆိုင်ရာ အများ ကြိုက်ဖြစ်ရေး အယူအဆ" “(အတွေးနဲ့ခံစားချက်) ဖွင့်ဟမှုကို ဖျဉ်ယူခြင်း” “လွှမ်းမိုးချုပ်ကိုင်လိုသော အာသီသ ချိနဲ့ လာခြင်း ” “ဘူဇွာအတ္တ အဆုံးသတ်မှု” “ပျောက်ကွယ်ပြီးသော ပုံသဏ္ဍာန်များကို(နေရာစုံမှ ရယူမွှေနှောက်ခြင်းအားဖြင့်) တုပခြင်း” စတဲ့ စကားလုံးတွေဖြစ်တယ်။ ဒီနေရာမှာ “(အတွေးနဲ့ခံစားချက်) ဖွင့်ဟမှုကို ဖျဉ်ယူခြင်း” ဆိုတာက စားသုံးသူဝယ်ယူမှုအခြေပြု လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း တသီးပုဂ္ဂလ အတ္တ ပျောက်ဆုံးခြင်းရဲ့လက္ခဏာဖြစ်ပြီး ကိုလိုနီ ၀ါဒ နဲ့ဗဟို ချုပ်ကိုင်မှုစံနစ်တို့ ကျဆုံးခြင်း ကို ရောင်ပြန်ဟပ်တဲ့ “ရေးသားသူ သေဆုံးခြင်း” အယူအဆကိုလည်း ပံ့ပိုးပါတယ်။ “ရသဗေဒ ဆိုင်ရာအများကြိုက်ရေး” အယူအဆကတော့“အရေးဘာသာစကား” အပေါ် လွှမ်းမိုးချုပ်ကိုင် အနိုင်ယူလာတဲ့ လူထုဆက်သွယ်ရေး ပုံစံအသစ်တွေကို ရည်ညွှန်းပါတယ်။
      ဂျိမ်ဆမ်ရဲ့အဆိုကို ဆန့်ကျင်ဆွေးနွေးကြတာတွေလဲရှိပါတယ်။ အဲဒီ ငြင်းခုံသူတွေက ပို့စ်မော်ဒန် နစ်ဇင်မ်ဟာရိုမန်တစ်စစ်ဇင်နဲ့ မော်ဒန်နစ်ဇင်တို့ကနေ ခွဲထွက်လာတာမဟုတ်။ စန့်ထွက် လာတာ သာဖြစ်တယ်လို့ဆိုတယ်။ ဂျိမ်ဆမ်ပြောတဲ့ (နေရာစုံမှ ရယူမွှေနှောက်ခြင်း အားဖြင့်)  တုပခြင်း ( Pastiche ပေါ့။ Me’langeလို့ခေါ်တာလဲ တွေ့ဖူးတယ်။) ဟာ မော်ဒန်နစ်စ်တွေသုံးတဲ့ collage ကနေ  ဆက်လက်ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်တယ်လို့ ဆိုကြတယ်။ သူတို့ပေးတဲ့ဥပမာတစ်ခုက ဂျွန်အက်ရှ်ဘရီရဲ့ ကဗျာ ဟာ ပို့စ်မော်ဒန်ဖြစ်တယ်။ ဒါပေမယ့် သူဟာ မော်ဒန်နစ်(စ) ရိုမန်တစ် ကဗျာဆရာဝေါလေ့စ် စတီဗင်န်၊မ်ာဒန်နစ်(စ)သြဂတ်စတန် ကဗျာဆရာ ဒဗ်လျူအိပ်ခ်ျ အော်ဒင်န်နဲ့ ပြင်သစ် အာဗွန်ဂါ့ စာရေးဆရာရေမွန်ရူးဆဲလ် တို့ရဲ့လွှမ်းမိုးမှုကို ခံရတယ်ဆိုတဲ့ အချက်ကိုထောက်ပြကြတယ်။ သြဂတ်စတန် (Augustan)ဆိုတာကတော့ သေသပ်လွန်းပြီး ဂန္တ၀င်မြောက်တယ်လို့ စာပေသမိုင်းမှာ လက်ခံထားတဲ့ ၁၇ ရာစုနဲ့ ၁၈ ရာစု အင်္ဂလိပ်စာပေပုံစံတစ်မျိုးနဲ့ ဆက်နွှယ်နေတာကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကဗျာဆရာ အလက်ဇန္ဒားပုပ်၊ကဗျာဆရာ ဂျိုးဇက် အက်ဒီဆန် နဲ့ ၀တ္ထုရေးဆရာ ဂျွန်နသန်ဆွစ်ဖ် တို့ဟာ သြဂတ်စတန်  စာပေသမိုင်းမှာ ထင်ရှားသူတွေဖြစ်ကြပါတယ်။ Postmodern American Poetry စာအုပ်ကို တည်းဖြတ်စီစဉ်သူ အမေရိကန် ကဗျာဆရာ ပေါလ်ဟူးဗားကတော့ အက်ဇရာပေါင်းဒ်ရဲ့ Cantos မှာ တွေ့ရတဲ့ ကဗျာရေးသားပုံ အပြောင်းအလဲ၊ ပြီးတော့ ဘာသာစကား ကဗျာ ဆိုက်ရောက် လာခြင်းတို့နဲ့ အတူ ပို့စ်မော်ဒန် နစ်ဇင်မ်ဟာပုံသဏ္ဍာန်လမ်းကြောင်းတစ်ခုတည်းမဟုတ်ပဲ ပင်မရေစီး ရဲ့အယူဝါဒ ကို တွန်းလှန်ဖို့ အားထုတ်တဲ့ ဆက်လက်ပေါ်ပေါက်ဆဲ ဖြစ်စဉ်တစ်ရပ်လို့ သူ့အမှာစာမှာ ဆိုထား တယ်။ သူ့စကားအတိုင်းပဲ အဲဒီစာအုပ်ထဲမှာမြောက်များ စွာသောကဗျာလမ်းကြောင်း၊ ကဗျာလှုပ်ရှားမှု၊ ကဗျာဂိုဏ်းတွေ ပါဝင်ပြီးဘာသာစကား ကဗျာက အဲ့ဒီ အထွေထွေ သော ကဗျာလှုပ်ရှားမှုတွေ အနက်က တစ်ခုသာ ဖြစ်ပါတယ်။

ပို့စ်မော်ဒန်မြန်မာကဗျာ

      မြန်မာနိုင်ငံမှာ ပို့စ်မော်ဒန်ကဗျာရှိသလားဆိုရင် ကျွန်တော်ကတော့ ရှိတယ်လို့ပဲ  ဖြေမယ်။ ဂျိမ်ဆမ်ရဲ့ သော့ချက်စကားလုံးတွေနဲ့ ချိန်ထိုးကြည့်ရင်လည်းရတယ်။ ပို့စ်မော်ဒန် အမေရိကန် ကဗျာနဲ့ ဖြစ်စဉ်ခြင်းမတူပေမယ့် မြန်မာကဗျာရှုခင်းမှာ သူ့နည်းသူ့ဟန်နဲ့ပေါ်ပေါက်လာတဲ့ ပို့စ်မော်ဒန် ကဗျာရှိပါတယ်။ ပြင်သစ်မှာဆိုလည်း ပိုစ်မော်ဒန်ကဗျာ ပေါ်ပေါက်လာပုံက ပို့စ်မော်ဒန်အမေရိကန် ကဗျာနဲ့မတူပါဘူး။ ၁၉၁၆ နဲ့ ၁၉၃၀ အတွင်း ပင်သစ်မှာ သြဇာကြီးခဲ့တာက ဒါဒါနဲ့ဆူရီယယ်လစ်(စ်) ကဗျာဆရာတွေ (လူဝီ အာရဂွန်၊ အန်တိုနင်အားတိုး၊ အန်းဒရေး ဘရက်တွန်း၊ ကလော့ကဟွန်း အစရှိသဖြင့်.. )ဖြစ်ကြပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်ခင်နဲ့ စစ်အတွင်းကာလတွေမှာလည်း ဆူရီယယ်လစ်ဇင်မ် အားကောင်းနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်စစ်ကြောင့် ပြင်သစ်ကဗျာမှာ အပြောင်းအလဲတွေ ပေါ်ခဲ့ တယ်။ အသက်အငယ်ဆုံး ဆူရီယယ်လစ်(စ်)ကဗျာဆရာ ရနေးရှားက သူ့ကဗျာရေးဟန်တွေကို စတင်ပြောင်းလာတယ်။ အချစ်ကဗျာကနေ တ်ာလှန်ရေးကဗျာတွေ အထိကဗျာပုံစံနဲ့ အကြောင်းအရာ မျိုးစုံကို စမ်းသပ်ရေးသားလာခဲ့တယ်။ ဒီကာလမှာ ပြင်သစ်ကို ပြောင်းရွှေ့အခြေချလာတဲ့ ရွှေ့ပြောင်း ကဗျာဆရာတွေရဲ့ အသွင်ကွဲ ကဗျာပုံစံတွေကလည်း နေရာရလာတယ်။ဥပမာအားဖြင့် ကဗျာဆရာ အက်ဒ်မွန့်ဂျာ ဘဲဟာ လူသားရဲ့ အကျင့်စာရိတ္တကို မးခွန်းထုတ်တာ၊ အခြား တစ်ပါးနိုင်ငံမှာ လာရောက် အခြေချသူတွေရဲ့ လူမှုရေး အတွေ့ အကြုံစတာတွေကိုအခြေခံပြီး ဒိုင်ယာလော့ဂျစ် ကဗျာပုံစံကို ရေးခဲ့တယ်။ ဒိုင်ယာလော့ဂျစ် (Dialogic) ဆိုတာကတော့ ရုရှား ဒဿန ပညာရှင် မစ်ခေးလ်ဘက်ခ်တင်ရဲ့စာပေသီအိုရီထဲက အယူအဆတစ်ရပ်ဖြစ်ပြီး ဒိုင်ယာလော့ဂျစ် စာပေလက်ရာတစ်ခု (Dialogic Work) ဟာ အခြားသော စာရေးသူတွေ၊ အခြားသော စာပေလက်ရာတွေနဲ့ စဉ်ဆက်မပြတ် ဒိုင်ယာလော့ပြုခြင်းကို သယ်ဆောင် ထားတဲ့လက်ရာလို့ ဒီနေရာမှာ အကြမ်း ဖျဉ်းပြောခဲ့ပါရစေ။
      အဲဒီကမှ အန်းဒရေး ဘရက်တွန်း ကွယ်လွန်ပြီးနောက်ပိုင်း ၁၉၄၆နဲ့၁၉၆၆ခုနှစ်အတွင်းမှာ ပြင်သစ်ကဗျာဟာ  စမ်းသပ်ကဗျာဖက်ကို ယိမ်းလာခဲ့တယ်။ စာဖတ်သူရဲ့ပါဝင်မှု အခန်း ကဏ္ဍ ကို မြှင့်တင်ပြီး ကဗျာရေးသူရဲ့ သြဇာကြီးစိုးမှုကို လျော့ချ တဲ့ပုံစံတွေ ရေးလာကြတယ်။ ဥပမာအားဖြင့် စကားလုံးနဲ့ ဘာသာ စကားရဲ့ အသား သဘောကိုပရိုဂရမ်တွေထဲ ထည့်သွင်းစမ်းသပ်တဲ့ OULIPO ကဗျာ အမျိုးအစားဟာ ၁၉၆၀ မှာ ပေါ်လာခဲ့တာဖြစ်တယ်။ ဒီအချိန်မှာပိုစ့် မော်ဒန် ပြင်သစ်ကဗျာ စနေပြီလို့ ဆိုနိုင်တယ်။ ၁၉၆၇ နောက်ပိုင်းမှာတော့ ပြင်သစ်ကဗျာက ပို့စ်မော်ဒန် နစ်ဇင်မ်ဖက်ကို လုံးလုံး လျား လျားရောက်လာပြီး ပို့စ်မော်ဒန်အမေရိကန်ကဗျာ နဲ့လည်းဖွံ့ဖြိုးတိုးတက်ပုံ တူညီလာ ခဲ့တယ်။ အန်းမရီ အာလ်ဘီယက်တို့၊ ကလော့ရိုယေးဟွားနော့ တို့ဟာ ဘာသာစကားရဲ့ ‘ရုပ်’ ဖြစ်မှု သဘောကို ဝေဖန် ဆန်းစစ်လာကြတယ်။ သူတို့ရဲ့ ကဗျာတွေဟာ ဘာသာစကားကဗျာနဲ့ ကဗျာ အယူအဆမှာ ဆက်နွယ်လာ သလို အမေရိကန် ကဗျာဆရာတွေနဲ့ လူချင်းလည်း ဆက်သွယ်မှုတွေ ရှိလာကြတယ်။
     မြန်မာကဗျာဖက်ကို ပြန်သွားရရင် မြန်မာနိုင်ငံမှာလည်း သရဖူမဂ္ဂဇင်းကာလ(၁၉၉၀များ) မှာကတည်းက ပို့စ်မော်ဒန်စာပေနဲ့ကဗျာကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေး ခဲ့ကြ ပါ တယ်။ ဒါပေမယ့် အခြေခံ သဘောတရား(Principle)အပိုင်းမှာ ရှုပ်ထွေးနေသေးတာ တွေ့ခဲ့ရ သလို၊ ရေးသားဖန်တီးမှု (Practice) အပိုင်းမှာကျတော့လည်း ပို့စ်မော်ဒန် အခြေခံ သဘော တရား တွေကို သေသေချာချာ ထည့်သွင်း စမ်းသပ်နိုင်ခဲ့တာမဟုတ်ပဲ ကဗျာတွေထဲမှာရိုမန် တစ်ကျောရိုးကြီးတစ်ငေါငေါဆိုတာလို သိသိသာသာ ထိုးထောင်ထွက်နေခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာဇေယျာလင်း က ပို့စ်မော်ဒန် အမေရိကန် ကဗျာ အရေးအသားတွေနဲ့ နိင်ငံတကာပို့စ်မော်ဒန် ကဗျာ အကြောင်းတွေ ရေးသားလာရာကစပြီး အခုဆို မြန်မာနိုင်ငံမှာ ပို့စ်မော်ဒန် ကဗျာရှိနေပြီလို့ ကျွန်တော်ယူဆပါတယ်။ ဒါပေမယ့် အခြေခံ သဘောတရားကိုလည်းနားလည်၊ ဖန်တီးမှုအပိုင်းမှာလည်း အခြေခံ သဘော တရား နဲ့ ရှေ့နောက်ညီညွတ်တယ်လို့ ပြောလို့ရတာက ကဗျာဆရာ အနည်းငယ် မျှသာဖြစ်ပါတယ်။ တစ်ခုရှိတာ က စောစောကပြောသလို ပို့စ်မော်ဒန်မြန်မာကဗျာရဲ့ သဘောသဘာဝတွေဟာ အမေရိကန် ပြည်ထောင်စ၊ု ပြင်သစ်တို့နဲ့မတူတာတွေရှိတယ်။ ဖွင့်ဟမှုကို ဖျဉ်ယူတာတို့၊ တစ်သီး ပုဂ္ဂလ အတ္တကို ဖြိုချတာတို့မှာတူပြီး ချုပ်ကိုင်လွှမ်းမိုးမှု သို့မဟုတ် ပါဝါကို ကိုင်တွယ် တဲ့နေရာမှာတော့ သဘောသဘာဝ ကွာခြားပါတယ်။ အမေရိကန်ပြည်ထောင်စုလို အ၀လွန် သူ တွေပေါများတာတို့ ၀ယ်ယူ စားသုံးမှုဝါဒကြီးစိုး တာတို့ နယ်ချဲ့စံနစ်ကို အခြား နည်းနဲ့ ကျင့်သုံးလာတဲ့ အစိုးရမျိုး ရှိနေတာ တို့ ကျွန်တော်တို့ဆီမှာ မရှိပေမယ့်၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပညာရေးအပါအ၀င်အခြားသော က ဏ္ဍတွေမှာပါ ချုပ်ကိုင် လွှမ်းမိုးမှု့တွေကတော့ တောက်လျှောက်ရှိနေခဲ့ပါတယ်။ ကျွန်တော်ရည်ညွှန်းလိုတဲ့ ပို့စ်မော်ဒန်စ်မြန်မာ ကဗျာမှာ အဲ့ဒါတွေကို ကိုင်တွယ်ရေးသားတာကို အထင်အရှားနဲ့ ကျယ်ကျယ်ဝန်းဝန်း တွေ့နိင်ပါတယ်။

ဘာသာစကားကဗျာနဲ့ ဇေယျာလင်း ဆန်မှု
      ဘာသာစကားကဗျာဟာ ၁၉၇၀ နှစ်များရဲ့နှောင်းပိုင်းကာလမှာ အမေရိကန် ပြည်ထောင်စု အတွင်း ပေါ်ပေါက်လာခဲ့ပြီး ရှေ့တန်းက ပါဝင်ရေးသားသူ ဘရုစ် အန်းဒရူးစ်နဲ့ ချားလ်စ် ဘန်းစတိုင်းန် တို့ရဲ့ ကဗျာဂျာနယ် L=A=N=G=U=A=G=E ကို အစွဲပြုလို့ “L=A=N=G=U=A=G=E Poetry”  “Language Poetry” စတဲ့ နံမယ်တွေနဲ့ လူသိများ လာခဲ့တယ်။ ဒါ့အပြင် “Minimalism of Language” “Language Writing” “Language Centered Poetry” “Non Referential Formalism” စတဲ့ အခေါ်အဝေါ်တွေ ရှိခဲ့သလို ရွန်ဆီး လီးမန်း က သူ့ရဲ့ ကဗျာရေးသားမှုလုပ်ငန်းစဉ်ကို The New Sentence လို့ အမည်တပ် ခဲ့ပါ တယ်။ ဒီကဗျာလှုပ်ရှားမှုမှာ ပါဝင်တဲ့ကဗျာဆရာတွေဟာ အခြေခံသဘော တရား နီးစပ်တာ၊ ဆင်တူတာ ရှိပေမယ့် ဖန်တီးရေးသားပုံနဲ့ ကိုင်တွယ်တဲ့အကြောင်းအရာ နယ်ပယ်တွေကွာ ပါတယ်။ ဘာသာစကား ကဗျာဆိုတဲ့ စကားလုံးအပေါ်မှာ ၄င်းတို့ကိုယ်တိုင် ဘ၀င် မကျကြောင်းနဲ့ လူအများက မိမိတို့ကို အုပ်စုဖွဲ့တယ်လို့ အတင်းသမုတ်ကြတာကို မနှစ်မြို့ ကြောင်း ချားလ်စ် ဘန်းစတိုင်းန်နဲ့ ဘော့ဘ်ပရဲလ်မန် တို့က လူသိရှင်ကြား ပြောကြား ပြောခဲ့ဖူးပါတယ်။ ရွန်ဆီးလီးမန်းက ကဗျာဆရာ ၉ ဦးပါဝင်တဲ့ “The Dwelling Place” ဆိုတဲ့ ကဗျာစာအုပ်ကို တည်းဖြတ်တော့ ‘ အုပ်စုတစ်စု’ ကို ကိုယ်စားပြုတာမဟုတ်၊ “တိမ်းညွတ်မှု တူခြင်း” ကိုသာအခြေခံပါတယ် လို့ အမှာ စာမှာ ရေးခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် ကနေ့အခါမှာ ဘာသာစကားကဗျာ ဆိုတဲ့ အခေါ်အဝေါ်ကတော့ ကဗျာသမိုင်းမှာ တွင် ခဲ့ပြီဖြစ် သလို၊ ဘာသာ စကားကဗျာရဲ့ အခြေခံ သဘော တရား ဆိုပြီး အခိုင်အမာဖြစ်လာတဲ့ ကဗျာဆိုင်ရာ အယူအဆတွေ အရေးအသား တွေလဲ နိုင်ငံတကာကဗျာ လောကမှာ ရှိခဲ့ပါပြီ။
      မြန်မာကဗျာလောကမှာကော ဘာသာစကားကဗျာဆိုတာရှိသလား။ ရှိရင်ဘယ်သူတွေရေး ကြပါသလဲ။ကျွန်တော့်ရဲ့အဖြေကတော့ မြန်မာကဗျာလောကမှာဘာသာ စကားကဗျာရဲ့ အခိုင်အမာဖြစ်ပြီးသား အခြေခံသဘောတရားတွေကို ရာနှုန်းပြည့် ထည့်သွင်း ရေးသားသူမရှိဖူးသေးပါဘူး။ ဘာသာစကားကဗျာနဲ့ အနည်းနဲ့အများဆိုသလို ငြိစွန်းဆက်  နွယ်မှုရှိတဲ့ ကဗျာမျိုးရေးသူ အနည်းငယ်ပဲ ရှိပါတယ် လို့ပြောချင်ပါတယ်။ အဲဒီ ကဗျာဆရာ  တွကတော့  ဇေယျာလင်း၊ မိုးဝေး၊အောင်ပြည့်စုံ၊ လူဆန်း၊ မောင်ယုပိုင်နဲ့ ကျွန်တော် ကိုယ်တိုင်ပါပဲ။ ဒါပေမယ့် သူတို့ကဗျာတွေနဲ့ဘာသာစကားကဗျာ ငြိစွန်း ဆက်နွှယ်မှု ဒီဂရီတွေကျတော့ တစ်ယောက်နဲ့တစ်ယောက် ကွာပါတယ်။ ကျွန်တော်တစ်ဦးတည်း သဘောအရ ပြောရရင် ဇေယျာလင်းရဲ့ ကဗျာတွေမှာ ဘာသာစကားကဗျာရဲ့ အခြေခံသဘော ကို အများဆုံးတွေ့ရပြီး မိုးဝေး ရဲ့ ၂၀၀၀ခုနှစ်နောက်ပိုင်း လက်ရာတွေမှာလဲ ဘာသာ စကား ကဗျာရဲ့ အခြေခံသဘောကို တွေ့ခဲ့ရ ပါတယ်။ ဒါပေမယ့် သူ့ရဲ့ နောက်ပိုင်း လက်ရာတွေ မှာ တော့ ဒါကို လျှော့ချလာတာ သတိထားမိတယ်။ အလားတူပဲ မောင်ယုပိုင်ရဲ့ “တီဗီဖန်သားပြင်ကြီးဖွင့်လျက်” ကဗျာ ဘာသာစကားကဗျာနဲ့ စာအုပ်မှာ ဇေယျာလင်းရဲ့ လွှမ်းမိုးမှုကိုတွေ့ရတယ်။ အောင်ပြည့်စုံ၊ လူဆန်းနဲ့ ကျွန်တော်ရဲ့ ကဗျာတွေမှာတော့ ဘာသာစကားကဗျာရဲ့အခြေခံ သဘောတရား အနည်းအကျဉ်းသာ ပါဝင်ပါတယ်။ ဒီနေရာမှာ ထည့်ပြောရမှာက ၂၀၁၁ ခုနှစ် မှာ ထုတ်ဝေခဲ့တဲ့ ခင်အောင်အေးရဲ့ “ကင်းရှင်းတဲ့စိတ် ရဲ့ နှုတ်တိုက်ချပေးမှု စာကြောင်းရေ ၅၄” ကဗျာ စာအုပ်မှာ ဘာသာစကားကဗျာ ရဲ့ အခြေခံသဘောတရားတွေကို အားစိုက်ထည့်သွင်းစမ်းသပ်ထားတာ တွေ့ ရတာ ပဲဖြစ်ပါတယ်။
      ကျွန်တော့်အနေနဲ့ ဘာသာစကားကဗျာရဲ့ ဘာသာစကားလျှော့ချသုံးစွဲမှု၊ ညွှန်းဆိုချက်တွေ ထွေပြားမှုနဲ့ ဘာသာ စကားရဲ့နိုင်ငံရေးကို ဆန်းစစ်ခြင်း အစရှိတာတွေကို နှစ်သက်ပေမယ့် ကဗျာနဲ့ ကဗျာအယူအဆ အားဖြင့်ကျတော့ ပို့စ်မော်ဒန်ကဗျာရဲ့ ယေဘုယျသဘောတရားတွေနဲ့ ပိုပြီးကျယ်ဝန်းတဲ့နေရာ တစ်ခုမှာ သွားရောက်ပတ်သက်နေတယ်လို့ပဲ ကျွန်တော့်ကိုယ် ကျွန်တော် လက်ခံထားပါတယ်။ ကျွန်တော့်ကဗျာတွေကို ဘာသာစကားကဗျာ လို့ သတ်မှတ်တာကို ကျွန်တော် မနှစ်သက်ပါဘူး။ ဘာသာစကားကဗျာနဲ့ ပတ်သက်ပြီး ပြဿနာရှိနေတာကတော့ ကဗျာဖတ်သူနဲ့ဘာသာစကား ကဗျာကို ကိုယ်တိုင်အားထုတ် ရေးသားနေသူအတော်များများက ဘာသာစကားကဗျာကို “ကဗျာသဘောတရားအစု တစ်ခု” “ကဗျာလှုပ်ရှားမှုတစ်ခု” လို့ မမြင်ပဲ ကဗျာပုံသဏ္ဍာန်(Form) တစ်ခုလို့ မြင်နေခြင်း ပါပဲ။ တကယ်တော့ ဘာသာစကားကဗျာကို ကျေကျေညက်ညက် ထဲထဲ ၀င်ဝင် နားလည်သူ ကလည်း အတော့်ကို ရှားပါတယ်။အခုနောက်ပိုင်း Facebook နဲ့ Blog တချို့မှာတွေ့လာရတဲ့ မြန်မာကဗျာ တွေဟာ ဘာသာစကားကဗျာကို ပုံသဏ္ဍာန်တစ်ခု အဖြစ်ယူပြီး၊ ဘာသာစကား ကဗျာလို့ သူတို့ယူဆထားတဲ့ အရေးအသား တွေထဲက ရေးဟန်တွေ၊ ရေးချက်တွေကို ထုတ်ယူ ကျင့်သုံးဖို့ကြိုးစားထားကြတာကို တွေ့ရပါတယ်။ အဲ့ဒီ ဘာသာစကားကဗျာ အရေးအသားလို့ သူတို့ယူဆထားတာတွေကလည်း အများအားဖြင့် ဇေယျာလင်းရဲ့ ကဗျာတွေသာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရနိုင်တာ၊ ရလိုက်တာ ကတော့ “ဇေယျာလင်း ဆန်မှု” သာဖြစ်ပါတယ်။ အဲ့ဒီ ကဗျာရေးသူတွေရဲ့ကဗျာတွေထဲမှာ အခြေခံသဘောတရားနဲ့ စိတ်ဝင်စားဖွယ်သီးခြားချဉ်းကပ်ပုံတွေတော့ ပါ မလာခဲ့ဘူး။

အားသာချက်နဲ့အားနည်းချက်

အားသာချက်။   ။လူငယ်တွေ အခုလို စမ်းသပ်ရေးသားလာတာ ကောင်းတဲ့ကိစ္စဖြစ်တယ်။ စမ်းသပ်ကဗျာ အမျိုးအစားတွေဟာ ပင်မရေစီးရဲ့အပယ်ခံကဗျာအမျိုးအစားတွေ ဖြစ်ပါတယ်။ဒါက ကဗျာမှာ သာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံးမှာ အနည်းစုအပေါ်အများစုကပယ်ပုံ၊ ဖိနှိပ်ပုံကို လည်း ကိုယ်စားပြုတာမို့ အခုလို လူငယ်တွေအုံနဲ့ကျင်းနဲ့ စမ်းသပ်ရေး လာတာဟာ အပယ်ခံရဲ့အသံနဲ့ ပင်မရေစီးကို တွန်းလှန်တဲ့သဘောဆောင်ပါတယ်။

အားနည်းချက်။ ။အကယ်၍ မိမိရဲ့ကဗျာရေးသားထုတ်လုပ်မှုကို ဖန်တီးမှုရှုထောင့်၊ သဘောတရား ရှုထောင့်တို့ကနေ စောင့်ကြည့်ဝေဖန်မလေ့လာဘူးဆိုရင် ဒါဟာ မနှစ်သက်ဖွယ်ဦးတည်ရာဆီ သွားနေ တာပဲ။ အဲဒီလိုဆို တစ်နေရာမှာ တန့်သွား ၊ ရပ်သွားမှာ ပဲဖြစ်တယ်။

ပြဿနာရဲ့ထွက်ပေါက်တချို့
၁။ ၁၉၇၀ ခုနှစ်များနှောင်းပိုင်းမှာ ဘာသာစကားကဗျာပေါ်လာတော့ သူ့ချည်းပေါ်ပေါက်လာခဲ့တာ မဟုတ်ပါဘူး။ ဆူရီယယ်လစ်ဇင်မ်ရဲ့လွှမ်းမိုးမှုကို ယူပြီး စကားပြေကဗျာကို ချဲ့ထွင်စမ်းသပ်တဲ့ ရပ်ဆဲလ်အက်ဒ်ဆန်တို့ မက္ကဇင်ရှားနော့ဖ်တို့ လည်းပေါ်ခဲ့တယ်။ နယူးယောက်ခ်ဂိုဏ်းဒုတိယမျိုးဆက်၊ ဘိ(ထ်) ဒုတိယမျိုးဆက်နဲ့ ပါဖောမန့်စ်ကဗျာတွေလဲထွန်းကားလာ တယ်။ အခြားများမြောင်စွာသော ကဗျာ အယူအဆတွေနဲ့ကဗျာလှုပ်ရှားမှုတွေ ပေါ်ခဲ့တယ်။ ကျွန်တော်တို့မြန်မာကဗျာလောက မှာလဲ ပို့စ်မော်ဒန်ကဗျာကို စိတ်ဝင်စားသူ ရေးသားဖန်တီးလိုသူတွေအတွက် ရွေးချယ်စရာ အမျိုးအစားတွေ ခုထက်ပိုပြီး များများရှိဘို့ ရှာဘို့လိုတယ်။

၂။ မိမိရဲ့ကဗျာကိုဖန်တီးမှုရှုထောင့်နဲ့သဘောတရားရှုထောင့်ကနေ ကြည့်နိုင်ဘို့ ကြိုးစား ရမယ်။ ကဗျာရေးသူ အချင်းချင်းကြားမှာလည်း ကဗျာရေးသားမှု့  ဖြစ်စဉ် အပေါ်ဆွေးနွေးတာမျိုး တွေတတ်အားသရွေ့ လုပ်ကြရမယ်။

၃။ ကဗျာရေးသူတွေနဲ့စာပေပညာရှင်တွေက ကဗျာရေးသူတစ်ဦးချင်းအပေါ် ဝေဖန်သုံးသပ် တာမျိုးတွေ လုပ်နိုင်ရင်ကောင်းပါတယ်။ ကဗျာရေးသူနဲ့ အင်တာဗျူးတွေကလည်း အကျိုး ရှိစေမှာပါ။

 ၄။ ကဗျာဖတ်သူနဲ့ ကဗျာရေးသူတို့ဟာ ကဗျာဆိုင်ရာဆောင်းပါးတွေကို သတိကြီးကြီးနဲ့ ဖတ်ဖို့ လိုပါမယ်။ ပိုင်းပိုင်းခြားခြားနဲ့ စာကြောင်းရဲ့ပြင်ပက အခြေအနေတွေကို လှမ်းကြည့် နိင်ရမယ်။ ဆောင်းပါးတွေထဲမှာ ချောင်ပိတ်မခံပဲ ကိုယ့်ရဲ့အရှိတရား ကိုယ့်လူ့အဖွဲ့အစည်း ထဲက အရှိတရားတွေနဲ့ ချိန်ထိုးကြည့်ကြရပါမယ်။

၅။ ကဗျာအရေးအသားတွေ ကဗျာဆိုင်ရာဆောင်းပါးတွေ ဖတ်ဘို့ဆိုရင် အခြားစာပေ ဆိုင်ရာ အယူအဆတွေကို လည်းလက်လှမ်းမီသလောက် ရှာဖွေဖတ်ရှုဘို့ လိုအပ်ပါတယ်။ သီအိုရီ အခြေပြုကဗျာအယူအဆတွေဖြစ်တာမို့ စာပေ၊ ကဗျာ၊ စိတ်ပညာ၊ ဒဿနပညာ၊ သမိုင်းအစရှိတဲ့ နယ်ပါယ်မျိုးစုံနဲ့ပါ နီးစပ်မှုရှိမှ အဆင်ပြေမှာဖြစ်ပါတယ်။(ဥပမာ- Critical Theory လို ဘာသာရပ်မျိုးကို တီးမိခေါက်မိရှိတာမျိုးကို ဆိုလိုပါတယ်။ အဲဒါမျိုးကို Initiated Readership လို့ခေါ်ကြပါတယ်။)
၆။ အမျိုးသမီး “မ” ကဗျာရေးသူတွေကို နေရာပေးဘို့လည်း လိုပါမယ်။ ‘ဖို’ ဦးစီးတဲ့ ကဗျာလောက ဖြစ်မနေဘို့အရေးကြီး တာပေါ့။ တိုင်းရင်းသားတွေနဲ့အခြားလူနည်းစုတွေထံက ကဗျာအယူအဆတွေ၊ သူတို့ရေးတဲ့ ကဗျာတွေလည်း ပေါ်ပေါက်လာဘို့လိုပါတယ်။ အသွင်ကွဲ ကဗျာမျိုးစိပ်တွေ ပါဝင်တဲ့ ကဗျာရှုခင်းတစ်ရပ်ကို ဖော်ထုတ်နိုင်ကြရမယ်။ ဒါမှ အများလည်း ပါဝင်ခွင့်ရ (Inclusive) ပြီး အမယ်လည်းစုံ(Diverse) မှာဖြစ်ကြောင်း တင်ပြဆွေးနွေးလိုက် ရပါတယ်။

မောင်ဒေး

Ref:

• ‘Postmodern American Poetry’ edited by Paul Hoover
• ‘The Yale Anthology of Twentieth-Century French Poetry’ edited by Mary Ann Caws
• ‘The Dwelling Place’ edited by Ron Siliman

ဆောင်းတစ်ည



မုန်တိုင်းကသူ့ရဲ့ပါးစပ်ပေါက်ကို အိမ်ရဲ့ကိုယ်ပေါ်မှာတပ်ဆင်လိုက်ပြီး
အသံဂုဏ်ရည်တစ်ခုကိုရဖို့အတွက် လေကိုမှုတ်ထုတ်တယ်။
ငါကအိပ်ရာပေါ်မှာဘယ်ညာလှိမ့်။ ပိတ်ထားတဲ့ငါ့မျက်လုံးတွေဟာ
မုန်တိုင်းရဲ့စာသားကို ဖတ်နေခဲ့တယ်။

ကလေးငယ်ရဲ့မျက်လုံးတွေက အမှောင်ထဲမှာပြူးကျယ်လာ။
မုန်တိုင်းက သူ့အတွက်တစ်ဝေါဝေါအ်ာတယ်။
ခါယမ်းနေတဲ့မီးအိမ်တွေကို သူတို့နှစ်ဦးစလုံးသဘောကျတယ်။
နှစ်ဦးစလုံးဟာ စကားပြောဆိုနိုင်ခြင်းဆီရောက်ဖို့ လမ်းတစ်ဝက်မှာ။

မုန်တိုင်းမှာ ကလေးတစ်ယောက်ရဲ့လက်တွေ၊အတောင်ပံတွေရှိတယ်။
အဝေးတစ်နေရာမှာတော့ ခရီးသွားတွေဟာ လေကွယ်ရာဆီအပြေးအလွှား။
အိမ်ဟာ ၎င်းရဲ့နံရံတွေကိုစုစည်းထိန်းချုပ်ထားတဲ့
အိမ်ရိုက်သံ ကြယ်အစုအဝေးကို ထိစမ်းခံစားကြည့်နေတယ်။

ငါတို့ရဲ့အခန်းတွေထဲမှာ ညကငြိမ်သက်လျက်။
အဲဒီမှာ ခြေသံတွေရဲ့ပဲ့တင်ခြေသံတွေဟာ
ရေကန်တစ်ခုအောက်မှာနစ်မြုပ်နေတဲ့ သစ်ရွက်တွေလို အနားယူလျက်။
ဒါပေမယ့်အပြင်ကညဟာတော့ စိတ်ကြမ်းလူကြမ်း။

ပိုပြီးမှောင်မိုက်တဲ့မုန်တိုင်းတစ်ခုက ငါတို့ရဲ့ကမ္ဘာပေါ်မှာမားမားရပ်နေတယ်။
သူ့ရဲ့ပါးစပ်ပေါက်ကို ငါတို့ရဲ့ဝိညာဉ်ပေါ်မှာတပ်ဆင်လိုက်ပြီး
အသံဂုဏ်ရည်တစ်ခုကိုရဖို့အတွက် လေကိုမှုတ်ထုတ်တယ်။ မုန်တိုင်းကငါတို့ကို
ဗလာကျင်းသွားအောင်မှုတ်ထုတ်လိုက်မလားဆိုပြီး ငါတို့ထိတ်လန့်ကြတယ်။

ထောမတ်စ် ထရန်စ(ထ)ရိုးမား
မြန်မာပြန်-မောင်ဒေး

(ဆွီဒင်ကဗျာဆရာ Tomas Transtromer ရဲ့ A Winter Night ကဗျာကိုပြန်ဆိုပါတယ်)

Tuesday, October 1, 2013

ဝိညာဉ်



ငါ့ခြေသံတွေ ငါ့ဆီပြန်လာတဲ့နေ့
ငါ့ခရီးကို ငါစခဲ့တယ်
ငါ့သီချင်းတွေ ငါ့ဆီပြန်လာတဲ့နေ့
ငါကဘဝကို ငါဆိုခဲ့တယ်
ငါ့အိပ်မက်တွေ ငါ့ဆီပြန်လာတဲ့နေ့
ငါ့အဓိပ္ပယ်ကို ငါတွေ့ခဲ့တယ်
ငါဟာ ငါ့အတွက်တော့
တစ်ဦးတည်းဖက်တွယ်ရာ
ငါ့ပင်လယ်ထဲမှာ ငါအော်ဟစ်ပြီး
ရွက်တိုင်တင်လိုက်တယ်
ကဲ .... ငါဒုက္ခဆီသွားဖို့
ငါ့နောက်မှာ ဘယ်သူရှိသေးလဲ ။ ။

ပိုင်
REF : ZAWGYI
( AD 1907 - AD 1990 )

ကောင်းပါတယ် ယခုလို သရုပ်ဆောင်ခြင်းများ



ဘယ်တော့မှ ပစ်ချ
မသွားနဲ့တော့ ။
မလျှောက်တတ် လျှောက်တတ်
ငိုယို အငမ်းမရ ပြေးလိုက်နေပုံ
အမေရယ် ထားခဲ့ရ ။
“ ငြီးငွေ့ ပေါက်ကွဲသွားတာများလား ” ကိုယ့်ကိုယ်ကို
အယုံကြည့်မဲ့အခန်းထဲမှာ
ဝေးခဲ့တယ် ။
ပိတ်လှောင်နံ့နဲ့ခြောက်ကပ်
လက်ဆေးပန်းကန်
ပန်ကာလည်သမွတ်သံ
မရောက်လာတဲ့ ပြက္ခဒိန်ထံ ...... ။
ကြောက်မက်ဖွယ် လစ်ဟာမှုဟု
ဆန္ဒထက် ပိုသိပ်သည်း
ကျွန်တွေ
သခင်တွေကို မှီတွယ်သလိုလေ ။
ပြေလျော့နေမယ် ထင်ခဲ့ ။
ဒေါသဖြင့် အကြောက်အကန်
ကိုယ်လုံးတီးနေ့ တစ်နံတစ်လျားသားကြီးစိုးခဲ့ပုံများ ။ ။


လူဆန်း
ရနံသစ် ၊ မတ် ၊ ၁၉၉၉

အဆုံးအရှုံးများ



တစ်ခုခုတော့ မှားနေပြီထင်တယ် ကိုယ်လူ
ယာယီသရဖူလို
ခေါင်းပေါ်မှာ စီးကရက်ငွေ့တွေ ခွေပတ်လို့
ဓာတ်ကြီးလေးပါးပေါ်
ခြေထောက်ပစ်တင်ထားတဲ့ကောင်ဟာ ကဗျာဆရာဖြစ်တယ်
လူတိုင်းကို “ ဗော်တဲလ်ယား ” ဖြစ်ချင်လို့ ဘယ်ရမလဲလေ
အရက်သောက်တတ်ရုံ
သာမာန်လူတစ်ယောက်လို အခန်းဖွဲ့တတ်ရုံနဲ့
ဘယ်လိုလုပ် သူရဲကောင်းဖြစ်နိုင်ပါ့မလဲ
ဒါဒီလိုစဉ်းစားမိပါရဲ့
အနံ့ခံကောင်းတဲ့ သေခြင်းတရားဟာ
ငါ့လမ်းလျှောက်တုတ်ကို ခါးကုန်းအောင်လုပ်တယ်
အရွယ်ငယ်ငယ် အတွေးငယ်ငယ်နဲ့ သေဆုံးသွားရခြင်းဟာ
အသက်အရွယ်ကြီးရင့်ပြီး အိုမင်းမစွမ်းဖြစ်တာထက်
ပိုကောင်းရဲ့
လမ်းပေါ်က အမှိုက်စတစ်စလို
ငါ့ရုပ်ရည်ကို ဖြတ်ဖြတ်နင်း
သေခြင်းတရားဟာ အရပ်မြင့်မြင့်
ရင်အုပ်ကျယ်ကျယ်နဲ့ ကြံ့ခိုင်တယ်
“ ဝင်နီရေ ” ရေ မင်းငါ့ကို ချစ်နေတာပဲ ကျေးဇူးတင်ရဲ့
မနက်ဖြန်မှာ
ငါ “ ဗော်တဲလ်ယား ” မဖြစ်ချင်တော့ ။ ။

မောင်ဖီလာ
မြားနတ်မောင် ၊ အောက်တိုဘာ ၊ ၂ဝဝ၁

မိန်းမ



ဦးခေါင်းမီးစွဲလောင်တဲ့ကိစ္စထက် အရေးတကြီး
အရောင် ၊ အသံလှိုင်းများ စုတ်ယူတယ် ။
အမျိုးအစားကောင်းသီချင်းတွေ မျိုးကြဲဖို့
ချိတ်တွယ်စရာ ဓာတ်သတ္ထုအမျိုးမျိုးနဲ့
အက်ကြောင်းထစေရဲ့ ။
ယုံပါ
ကျောရိုးထဲ ရိုးတွင်းချဉ်ဆီ ပွက်ပွက်လောင်မြိုက်ကာ
ရေနစ်ပြီ ။

သြော် ........
မိန်းမ
အဆန်းတကျယ် ဒြပ်ထုအဖြစ် ဆိုက်ရောက်ရင်း
သဘာဝတရားကို ကျယ်ပြန့်စေတဲ့ သီးနှံမဟုတ်လား ။

ခိုင်မြဲကျော်စွာ

စတိုင်သစ် ၊ ဧပြီလ ၊ ၂ဝဝ၁

အင်္ဂါနေ့ တစ်နေ့မှာ သရုပ်ဆောင်ခန်း



လက်မှာပတ်ထားတဲ့ နာရီက ၊ အချိန်ကိုဖေါ်ပြတယ်
လက်မှာဝတ်ထားတဲ့ လက်စွပ်က ၊ တန်ဖိုးကိုဖေါ်ပြတယ်
သူတို့ကိုချွတ်လိုက်ပြီး လက်ချည်းကျန်တဲ့အခါ
ဘာကိုဖေါ်ပြမလဲ ။
ငါတက်တက်ကြွကြွမြှောက်လိုက်တယ်
အားအပြည့် ဝှေ့ရမ်းလိုက်တယ်
အသံဘာသာဗေဒမပါ ပေါ့ပါးလို့ ။
ငါ့ဖေါ်ပြမှု နဲ့ငါ
မရှိတဲ့ ကမ္ဘာ ကိုလက်ပြလို့ ။

သုခမိန်လှိုင်

အခွန်တော်မဲ့ရာသီဥတု (မောင်ချောနွယ်)



[၁]

လူ့ဘ၀တစ်ခုလုံးကို
ရှုမ၀ဖိနပ်လို စီးထားလိုက်တယ်၊
ခပ်ချောချောလှလှ ကောင်မလေးနဲ့
ဆက်ဆံရသလိုပဲ
ဟန်ပန်လည်းကျ
အရသာလည်းရှိ
လူ့ဘ၀ဟာ
သည်လောက်တော့ အရသာရှိမှာပေါ့။

မင်းဟာဝိုင်အရက်တစ်ပုလင်းပါပဲ
အငြိမ့်မင်းသမီးလေး “နှင်း” ရဲ့
အနုပညာလည်းရှိ
လိင်ခွန်အားလည်းရှိ
ဒါကိုမှ ငါမသိတတ်ရင်
မဟုတ်သေးပါဘူးကွယ့်
ပေါင်မုန့် ဖုတ်စားတတ်တာဟာ
မဟုတ်သေးပါဘူးကွယ့်
ဥစ္စာဓနခူးစားတာဟာ
မဟုတ်သေးပါဘူးကွယ့်
ရက်ကော်ဒါခလုတ်ဖွင့်တာဟာ
ဒါတွေဟာ
စိတ်ရဲ့ “အင်းနားကျွတ်” တွေပါကွယ့်
ကော်ဖီတစ်ခွက်နဲ့
အချစ်ကိုဆင်ခြင်မကြည့်ရင်
ကော်ဖီတစ်ခွက်နဲ့
မင်းသမီး “နှင်း” ကို ဆင်ခြင်မကြည့်ရင်
ပျော်ရွှင်မှုဟာ
လင်ကောင်းသားကောင်းရတော့မှာ မဟုတ်ဘူး
ကော်ဖီတစ်ခွက်နဲ့
အချစ်ကို ဆင်ခြင်ကြည့်ရအောင်
မောင်တို့ရဲ့ ။
ပျော်ရွှင်မှုတွေ
မုန်လာဥလုပ်နေလေပေါ့။

[၂]

စိတ်ဓာတ်ကျညောင်းရောဂါကို
အကနဲ့ ပျော့ပျောင်းပါစေကွယ့်
အသက်ဓာတ်ကို တပ်ဆင်ပြီးပျံဝဲကြ
ပန်းချီကားကို နားဆင်
ဂီတကိုကြည့်ရှု
ကဗျာတစ်ပုဒ်ဟာ
မသန်ရေတွေကို အလုပ်မလုပ်ပါစေနဲ့ကွယ်

အာရုံကိုဖောက်ခွဲပါ
ပေါက်ကွဲသွားပါစေ
မစားရက်ရင်
အိပ်မက်တွေ လေက်တက်ကုန်မှာပေါ့။

ဒန်ခွက်ပိန်ခြောက်ခြောက်နဲ့
ရေသောက်ခွင့်မပေးကြပါနဲပါနဲ့
သူဟာလည်း
လူတစ်ယောက်ပါပဲကွယ့်
ဝိုင်တစ်ခွက်လောက်ပဲဖြစ်ဖြစ်
စတိုင်နဲ့ သောက်ပါစေကွယ့်။

ဂျက်ကလင်းကို ကြည့်ရတာ
ထမင်းတော့ဆာတာပေါ့
ဒါပေမယ့်
ဣတ္ထိယကို မှီဝဲပါ
ကမ္ဘာကြီးရဲ့ ဆွဲင်အားကို
ပြန်ဆွဲငင်ထားမှ ဖြစ်ပေမယ်။

ဘ၀လွင်ပြင်ပေါ်မှာ
ရင်ခုန်သံတွေ သစ်တော်သီးဖြစ်ခဲ့ရင်
စစ်ဆိုတာ
အသည်းတစ်ခြား အူတစ်ခြားနဲ့
ဖွဲမျှသာဖြစ်သွားပေလိမ့်မယ်။

[၃]

ထိခြင်းငါးပါးဟာ
ဂီတရဲ့ သံမဏိကြိုးချောင်းတွေဖြစ်ရဲ့
ဟာဝိုင်ယီ နာနတ်ခင်းများဖို့
နှင်းထဲကလယ်ကွင်းများဖို့
သီချင်းဟစ်ပါ
စိတ်တွေ အက်ဆစ်ဖြစ်နေပေါ့
ပင်နယ်စလင်ဟာ
နှလုံးသွေးရပ်ခဲ့ပေါ့။

တတိယက်မ္ဘာဟာ
ဖိနပ်မှမပါဘဲကွယ်
ကြည့်စမ်း ပျော့စိစိနဲ့
ပက်ကျိလားကွယ့်
မာဆတ်ဆတ်နဲ့
ကျောက်ခဲညှပ်မုန့်တစ်ခုလားကွယ့်
မဟုတ်ဘူး – - မဟုတ်ဘူးထင်တယ်
သုတေသန စာတမ်းတစ်ခုပါတဲ့၊
မဟုတ်ဘူး – - မဟုတ်ဘူး
“ဂျွန်ဒင်းဗား” ရဲ့ သီချင်းတစ်ပုဒ်လားကွယ်
မဟုတ်ဘူး – - မဟုတ်လောက်ဘူး
အချစ်ရူးသူ “ဂျူးလိယက်”
မဟုတ်ပါဘူး
ဥက္ကလာဟိုးမားက ဂျုံခင်းတွေပါ
မဟုတ်ပါဘူးကွယ့်
“အာဆူလာ” ရဲ့ နှုတ်ခမ်းသားပါ
မဟုတ်ဘူးဟေ့ – - မဟုတ်ဘူး
ဆူးမရှိတဲ့ ဘိန်းပွင့်အလောင်းပါ
အို – - – - ဘာပဲဖြစ်ဖြစ်ပါ
လောကကိုဖျားယောင်းဖို့ပဲလိုတယ်
မကောင်းမှုမှာ နစ်ချေပေါ့
စိတ်ရဲ့ သိပ်သည်းမှုကို
သိပ္ပံပညာ အန်မတုနိုင်ပါဘူးကွယ့်။

[၄]

အမြောက်ကျည်ဆံဟာ
ပန်းအိုးအဖြစ်နဲ့ပဲ
အရိုးထုတ်တော့မယ်တဲ့ အချစ်ရေ
တို့တွေ
ကျောက်စရစ်ဖြစ်ဖို့ မလိုတော့ဘူးကွယ့်။

ဘ၀ရဲ့ပြတင်းပေါက်ကိုဖွင့်လိုက်ပ
နယူးယောက်မြို့ကြီး လမ်းလျှောက်နေခဲ့ပြီ
ပိတောက်တွေ ၀တ်လစ်စလစ်ခင်းကျင်းချေပေါ့
“ဒေစီကျော်ဝင်း” နဲ့ ဆစ်ဒနီတံတား
စီးဆင်းသွားနေပေါ့။

သီအိုရီအသေတစ်ခုနဲ့
လူ့မြေကို မပေကျံပါစေနဲ့ကွယ့်
ဂန္ဓမာပန်းတစ်ပွင့်လောက်မှ
အချစ်နဲ့အလှကို
သဘောမပေါက်ကြသူတို့ရဲ့
လောကရဲ့ အတွင်းပိုင်းကျကျမှာ
လောကဓံတရားဟာ
ကဗျာနဲ့မေထုန်မှီဝဲခဲ့ပေါ့
ဘဲသားမုန့်ပဲ ခေါင်းထဲရှိကြ
မုသားကျမ်းနဲ့ ညစ်ညမ်းမှုထုဆစ်ကြ
လောကရှိရှိသမျှ
အပွင့်အခိုင် အသီးတွေဟာ
[သစ်တောက ရတဲ့သစ်သားနဲ့သစ်တော]
သူတို့နဲ့ ဆိုင်တယ်ဆိုတာ
မသိကြချေဘူး။

ကာလသုံးပါးမရှိတဲ့ ကိတ်မုန့်ကိုစားကြပြီး
ကိတ်မုန့်လိုပဲ အစားခံကြနဲ့

အနုပညာတစ်ရပ်ကိုဖြင့်
ဆံပင်မညှပ်ခဲ့ကြပါနဲ့ကွယ်တို့ရဲ
လောကဓာတ်ဟာ
ကြည်လင်စွာ ကပ်ငြိခဲ့ချေပေါ့
အဲသည်မှာ။

[၅]

သီချင်းဆိုကြ မောင်တို့ရဲ့
တင်တင်ဝင်း မှာ လင်မရှိသေးပါဘူးကွယ့်
လိပ်ပြာလှလှနဲ့
အိပ်ရာခဲ့ကြပါကွယ့်
ကမ္ဘာကြီးကို အသစ်ပြန်စတင်ကြရအောင်။

ဥစ္စာဓနတွေနဲ့
ဘ၀ကို မပုပ်သိုးပါစေနဲ့ကွယ့်
အော်ဂင်ခလုတ်တွေနဲ့
ပုတ်တလုတ်ရေကန်လေးဟာ
အမှန်ပဲသာယာပါပေရဲ့။

စပျစ်ခိုင်တစ်ခိုင်တော့
သင်တို့ငါတို့ သီးနိုင်ကြတာပဲ
ဘ၀ရဲ့အဆင်းဟာ ထမင်းမဟုတ်ချေဘူး
မပုပ်သိုးအောင် ဆေးစီရင်ကြ
ပျော်ရွှင်မှုတွေရေရောတယ်။

ကြည်လင်မှုကို ခြေဆေးကြ
ကလေးတွေသောက်တဲ့ ရေမှာ
ငွေတွေကြေးတွေ မပါစေနဲ့
ကမ္ဘာကြီးဟာ မှန်မှန်လည်ပတ်နေတယ်။

လိုအပ်ရင်ထပ်လုပ်
မဟုတ်တာတွေဟာ ပုပ်သိုးတယ်။

ဟုတ်တာတွေဟာ သိုးသားမဟုတ်ချေဘူး
ပိုးတွေဘယ်လောက်ကုန်ကုန်
မောင်ပုံစောင်းတတ်စေရမယ်။

[၆]

အမြတ်ဆုံးတရားများ
ကပ်သုံးပါးကျော်ရုံတင်မဟုတ်
မြင်ရဲ့မဟုတ်လား မိတ်ဆွေ
ရွေ့လျားမှုစွမ်းအင်တွေ
မြင်ကွင်းကျယ်ဖြစ်ခဲ့ပေါ့။

ကိုလံဘတ်(စ်)သာ
ကမ္ဘာကြီးကျယ်တယ်လို့ မယူဆခဲ့ရင်
နယူးယောက်မြို့ကြီး
လှပခဲ့မှာ မဟုတ်ချေဘူး။

လူသားနဲ့ကမ္ဘာကြီးခင်ဗျား
မောင်ချောနွယ်ကို
ချိုမြိန်ဖွယ်အချိန်များအကြောင်
အိပ်မက်ခွင့်ပေးတော်မူပါ
၂၀ ရာစုနောက်ဆုံးပတ်မှာ
နိုင်ငံကျော် မင်းသမီးတစ်ယောက်နဲ့
လက်ထပ်ရမှာ ဖြစ်ပါတယ်။ ။

မောင်ချောနွယ်
[၁၉၇၇]
ပင်လယ်မဂ္ဂဇင်း အမှတ်(၂)
၁၉၉၃၊ဖေဖော်ဝါရီ