Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 29, 2013

ပြတိုက်





ပန်းခြံထဲမှာ သူ ထိုင်နေသည်။ ရေကန်နှင့် မလှမ်းမကမ်း ဖြစ်သောကြောင့် မြင်ကွင်းက သာသာယာယာ ရှိသည်။
ရေကန် တစ်ဝိုက်တွင် ငှက်မျိုးစုံ လူးလားခေါက်တုံ့ ပျံသန်းနေသည်။ ငှက်တွေအကြောင်း သိပ်မသိ။ ငယ်ငယ်တုန်းကတော့ လေးခွ တစ်လက်ဖြင့် ရွာအနီးတောစပ်တွင် ငှက်ပစ်ထွက်ဖူး၏။ တစ်ခါတစ်ရံရသည်။ တစ်ခါတစ်ရံ မရ။ ပျော်စရာတော့ တော်တော် ကောင်းသည်။ ပန်းခြံ ရေကန်စပ်တွင် မိသားစု တချို့ငါးစာ ကျွေးနေကြသည်။ ငါးတွေက မနည်းမနော။ အစာကို အလုအယက် တောင်း ကြ၏။ ရွာခေါင်းရင်းတွင် သင်္ချိုင်းရှိသည်။ တချို့က ရွာခေါင်းရင်းမှာ သင်္ချိုင်းရှိသည်ကို သဘောမကျ။

သင်္ချိုင်း၏ ခေါင်းရင်းမှာ အင်းတစ်ခု ရှိသည်။ ဆိုင်ရာမှ ခွင့်ပြု လိုင်စင်ရှိသူ တချို့ အင်းထဲက ငါးများကို ဖမ်းကာ စီးပွားရှာကြသည်။ အင်းကမ်းခြေ တစ်လျှောက်မှာ သူရွှံ့လိုက်ကောက်ဖူးသည်။ ထိုရွှံဖြင့် ကျွဲရုပ်၊ နွားရုပ်လုပ်သည်။ လောက်စာလုံး လုံးသည်။ အများအားဖြင့် သူ့ လောက်စာလုံးများသည် မလုံးဝန်း။ ဘဲဥပုံ၊ ဗိုလ်ချုပ်ခေါင်း အသီးပုံ ဖြစ်နေတတ်သည်။ တချို့က ထိုအသီးကို ဇော်ဂျီခေါင်းသီးဟု ခေါ်တတ်သေးသည်။ ပန်းခြံကန် ရေစပ်စပ်ကို ရှပ်တိုက်ဖြတ်ပြီး ပြေးလာသော လေပြည်က သူ့မျက်နှာပေါ် ဒရောသောပါး တိုးတိုက်သွားသည်။ သူ့စိတ်တွေ အေးကြည်သွား၏။ ငယ်ငယ်တုန်းက ရွာမှာ ဌေးသန်း၊ ကျော်တိုးတို့နှင့် အတူ သင်္ချိုင်းဂူတွေ အပေါ်လောက် စာလုံး ထိုင်လုံးစဉ် အင်းရေပြင်ဘက်ဆီမှ အမြဲလိုပင် လေတဖြူးဖြူး တိုက်နေသည်။ သူတို့ ကလေးများက နေ့ခင်းဘက်ဆို သင်္ချိုင်းကို သိပ်မ ကြောက်။ ကစားစရာနေရာ တစ်ခုအဖြစ် သဘော ထားကြသည်။ သို့ရာတွင် ညရောက်လျှင်တော့ သင်္ချိုင်းဘက်လှည့်ပြီးတောင် အပေါ့မသွားရဲ။

ပန်းခြံရေကန်၏ ဟိုမှာဘက်ဆီတွင် စုံတွဲ များရှိသည်။ လူငယ်စုံတွဲများကြားတွင် အသက် အတော်ကြီးနေသည့် စုံတွဲများကိုလည်း မြင်ရ သည်။ ရွာမှာတုန်းကတော့ ဒေါက်ချာဆောင်း ထားသော အသက်ကြီးကြီးရသေ့များကို မကြာ ခဏ သူမြင်ဖူးသည်။ ဆန်နို့ဆီဘူးတစ်လုံး ဆွမ်း လောင်းသည်။ ၀တ္ထုကပ်လှူတာလည်း ရှိသည်။ ရွာက ထွက်လာပြီးနောက် ဒေါက်ချာဆောင်းရ သေ့များကို သိပ်မမြင်ရတော့။ ယခုကောင်းကင် ကြီး ပြာနေသည်။ လူတွေက ပန်းခြံထဲမှာ အပူ အပင်မရှိသလို ပြောဆိုနေထိုင်လှုပ်ရှားနေကြ သည်။ တစ်ရက်တွင် ဌေးသန်းမျက်နှာက မုတ်ဆိတ် ပျားစွဲထားသလို ပျော်နေခဲ့သည်။ ကျော်တိုး ကတော့ မထုံတက်သေး။ ဌေးသန်း၊ ကျော်တိုးနှင့်သူ သုံးကောင်သား အစီအစဉ် တစ်ခုကို ဆွဲသည်။

ရုတ်တရက် ပန်းခြံကန်ပတ်လမ်းအတိုင်း ပြေးလာသော အဆော့သန်သည့် ကလေးတစ် ယောက် ခလုတ်တိုက်မှောက်လျက် လဲကျသွား ခဲ့သည်။ သူစိတ်အေးလက်အေးကြည့်နေမိသည်။ ကလေး၏နောက်တွင် ကပ်ပါလာသော မိခင်ဖြစ် ဟန်တူသူကကလေးကို ဆွဲထူလိုက်သောကြောင့် ဖြစ်သည်။ ထိုစဉ်က သူတို့သုံးယောက်ထဲမှ တစ်ယောက်သာ ခလုတ်တိုက် လဲမကျခဲ့လျှင် ဂျပန်ခေတ်လက်ကျန် သင်္ချိုင်းပျက်ကြီးထဲ စွဲနေ သော ပျားအုံကိုဖွပ်နိုင်မှာ သေချာသည်။ သို့ရာ တွင်တစ်ယောက်က ခလုတ်တိုက်လဲကျသွားခဲ့ သည်။ လက်ထဲတွင် ကိုင်ထားသော မီးစွဲနေ သည့်သက်ငယ်စကလည်း သင်္ချိုင်းမြေပေါ် ပြုတ်ကျသွားသည်။ မီးစက လျင်လျင်မြန်မြန်ပဲ ခြောက်သွေ့နေသော သင်္ချိုင်းမြေပေါ်မှ အမှိုက် သရိုက်များကို ကူးစက်လောင်စွဲသွား၏။ ဖျတ် ခနဲမြည်သံ ကြားလိုက်ရသည်။ ကင်မရာ မီးပွင့် တစ်ခုက သူ့ကိုလာစဉ်သည်။ ပန်းခြံထဲ ရောက် လာသော ဖော်ရိန်နာနှစ်ယောက် သူ့နားမှာ ဓာတ်ပုံ လာ ရိုက်နေခြင်း ဖြစ်သည်။ ရိုက်ပြီးသား ဓာတ်ပုံ က ကင်မရာကိုယ်ထည်ထဲကနေ အပြင်ကို ချက် ချင်းလျှောထွက်ကျလာ၏။ ပိုလာရိုက် ကင်မရာ အမျိုးအစားဖြစ်မည်။ ဖော်ရိန်နာကင်မရာမင်းက ဓာတ်ပုံကို ဆေးသားတက်လာအောင် နေရောင် တွင် လေးငါးခါလောက် လှုပ်ခါနေသည်။

ကျော်တိုးအစ်ကိုက ကျော်တိုး၏ ပခုံးနှစ် ဖက်ကို လှုပ်ခါရင်း အဝေးကို တွန်းလွှတ်လိုက် သည်။ ကံအလွန်ကောင်းခဲ့သည်။ ဌေးသန်း၊ ကျော်တိုးနှင့် သူ့အိမ်အပါအ၀င် သင်္ချိုင်းနှင့် အနီးဆုံး သုံးလေးအိမ်မှ ၀ိုင်းဝန်းပြီး မီးကိုတိုး တိတ်မြန်ဆန်စွာ ငြှိမ်းသတ်လိုက်နိုင်သည်။ မီးသည် ကစားစရာမဟုတ်မှန်း သူတို့သုံးယောက် ဘ၀တစ်သက်စာသင်ခန်းစာရသွား၏။ ထိုကိစ်္စကို ယနေ့ထိတိုင် တခြားသူတွေ မသိလိုက်ကြ။ ဟိုး တုန်းက လူတွေက နှုတ်လုံသည်။ ဖော်ရိန်နာနှစ် ယောက်က သူ မသိသော လိပ်စာတစ်ခုကို မေး သည်။ သူ ခေါင်းခါပြလိုက်သည်။ ပန်းခြံနေရာ အနှံ့အပြားတွင် ၀တ်ကောင်းစားလှဝတ်ထားသော လူများကို မြင်နေရသည်။ မွေးစဉ်ကတည်းက ၀တ်ကောင်းစားလှများဝတ်ပြီး မွေးလာသလို  တောင် ထင်ရ၏။ ရွာမှ လူအများစုက ဆင်းရဲကြ သည်။ ဌေးသန်း၊ ကျော်တိုးနှင့်သူ ရွာမြောက် ဘက် ကြံစိုက်ခင်းများထဲဝင်ကာ ကြံချောင်းတွေ ခိုးချိုးသည်။

စိုက်ခင်းစောင့်က လိုက်လျှင် ခွေး ပြေးဝက်ပြေး ပြေးကြသည်။ ကြံချောင်းတွေရလာ လျှင် ခုတ်ထစ်ဝေမျှ ယူကြပြီး ပိုပိုလျှံလျှံရ သည့်အခါ ကျော်တိုးက သူ့ညီမတွေကိုပေး သည်။ ဌေးသန်းက သူ့အစ်မတွေကို ပြန်ရောင်း သည်။ သူက အခြားကလေးတစ်ယောက်ဆီမှ ကာတွန်းစာအုပ်နှင့် လဲဖတ်သည်။ အနီးရှိ အရိပ် ကောင်းသည့် နေရာတွင် လူတစ်စုက အောက် အခင်းသန့်သန့်ခင်းပြီး ပါလာသည့် ချိုင့်များ ဖွင့်ကာ ထမင်းစုစားနေကြသည်။ ပန်းခြံထဲပျော်ပွဲ စားထွက်လာကြဟန်တူသည်။ ကြည့်ရသည်က ကြည်နူးစရာကောင်းနေသည်။ ရွာမှာ စွန်စလွှတ် တတ်စ မိုးကောင်းကင်ထက်က စက္ကူစွန်ကို ငေးကြည့်ကာ သူကြည်နူးဖူးသည်။ ထူးထူး ခြားခြားဌေးသန်းနှင့် ကျော်တိုးကတော့ စွန်လွှတ် ၀ါသနာမပါ။ အခုခေတ်လူငယ် အတော်များများ ကတော့ ဂီတကို ၀ါသနာပါကြပုံရသည်။ လူငယ် တချို့ပန်းခြံထဲ ဂစ်တာတွေ ယူလာကြကာ တီး ခတ်သီဆိုနေတာ မြင်ရ၏။ သောက်စားမူးယစ် ခြင်းမှ ကင်းပါရဲ့လားဟု သံသယဖြစ်မိသည်။

ထိုင်နေရာမှ သူ ထရပ်လိုက်ပြီး ပန်းခြံကန် ပတ်လမ်းအတိုင်း လျှောက်လာခဲ့သည်။ ပန်းတွေ က အရောင်ရော အနံ့ပါ စုံနေသည်။ နေရောင် ခြည်ထဲတွင်ကန်ရေပြင်က လက်လက်ထနေ၏။

ရွာမှာ တူတူပုန်းတမ်းကစားစဉ်က ရေ တွင်းပျက်တစ်ခုထဲ သူ လိမ့်ကျခဲ့ဖူးသည်။ အောက်ကိုလှမ်းကြည့်လိုက်တော့ ရေရောင် တလက်လက်က နက်မှောင်သော ရေတွင်းပျက် ထဲတွင် ကွက်ကွက်လေးပေါ်နေသည်။ သူ့အသံ ကို အသားကုန် ဟစ်အော်လိုက် သော်လည်း ဘယ်သူမှရောက်မလာ။ ပန်းခြံကန် ပတ်လမ်း ၀ဲယာတစ်လျှောက် ရွှေ့ပြောင်းစိုက်ပျိုးထားသော အရိပ်ရအပင်ကြီးများအောက်သို့ သူရောက် လာသည်။ သစ်ရွက်တစ်ရွက်က နှေးကွေးစွာ လမ်းလျှောက်နေသော သူ့ပခုံးပေါ်မှ တစ်ဆင့် ကန်ပတ်လမ်းပေါ် နှေးကွေးစွာ လွင့်ကျသွား သည်။ ရေတွင်းပျက်နှုတ်ခမ်းပေါ် ခက်ခဲလေးလံ စွာ သူ ကုတ်ကတ်တက်ရသည်။ ဌေးသန်းနှင့် ကျော်တိုးတို့ သိသွားတော့ မသေကောင်း မပျောက်ကောင်းဟု ပြောသည်။ မသေကောင်း မပျောက်ကောင်းဆိုသော စကားအဓိပ္ပာယ်ကို ထိုစဉ်က သူ နားမလည်။ သူ့အတွက် ထိုစကား က ထူးဆန်းနေခဲ့သည်။ လူဆိုသည်က အထူး အဆန်းဆိုလျှင် စိတ်ဝင်စားတတ်သည့်သတ္တ၀ါ ဖြစ်သည်။ ယခုသူက ထိုလူတွေကို ထူးဆန်းကာ နားမလည်နိုင်အောင် ပြန်ဖြစ်မိသည်။ ပန်းခြံထဲ တွင် ထူးဆန်းသောလူများက ဟိုနားစုစု၊ ဒီနား စုစု။ ရှေ့ဘက်ဆီသို့ သူတစ်ယောက်တည်း ဆက် လျှောက်လာခဲ့၏။

စုံတွဲများ ကျက်စားရာနေရာတစ်ခုကို ကျော်လွန်ဖြတ်သန်းမိသည်။ တချို့မိန်းကလေး တွေ ရည်းစားထားဖို့ သိပ်ငယ်လွန်းသေးသည်။ ဟိုမုန်း ဓာတ်ထကြွမှုက ထိတ်လန့်စရာ။ ကြား ထဲမှာ ရွာကို သူတစ်ခေါက်ပြန်ရောက်ခဲ့သေး သည်။ နှစ်အတန်ကြာခဲ့ပြီးမှ ရွာကို ပထမအကြိမ် ပြန်ရောက်သွားခြင်းလည်း ဖြစ်သည်။ ရွာက ခြုံ နွယ်ပိတ်ပေါင်းများ ထူထပ်နေသည်။ လမ်း အဆုံးတွင် ရွာကိုတော့ တွေ့သည်။ ရွာထိပ်က တရုတ်အတီး၏ ကုန်စုံဆိုင်ကို မတွေ့။ ကျော်တိုး ညီမတစ်ယောက်က ဟိုမုန်းဓာတ်ဖောက်လွဲမှု ကြောင့် စိတ်မနှံ့သလို ဖြစ်နေသည်။ ကျော်တိုးက ဆိုက်ကားနင်းစားသည်။ ဌေးသန်းက မိုးကုတ်မှာ ကျောက်သွားတူးနေရာ ဘာသတင်းမှ မရသဖြင့် ဌေးသန်း အစ်မတွေတငိုငို တရယ်ရယ်။ ရွာမှာ လူဦးရေတစ်ဝက်လောက် လျော့ကျသွားပြီး အလုပ် အကိုင်ရှားပါးနေသည်။ သူ့ကို ရွာကလူတွေ မမှတ်မိကြ။ ရွာကအစစအရာရာ ခေတ်နောက်ကျကျန်ခဲ့ပြီ။ ရွာခံလူအများ စုသည် သူမမြင်ဖူးသည့် မျက်နှာသစ်တွေ။

နည်းနည်းမောသလိုရှိသောကြောင့် ပန်းခြံထဲအသင့် တွေ့ရသော နှစ်ယောက်ထိုင် ခုံတန်းလျားတစ်ခုမှာ သူ ၀င်ထိုင်လိုက်သည်။ ခုံတန်းလျား၏ လွတ်နေသော နေရာတချို့တွင် မင် အမျိုးမျိုးဖြင့် ပေါက်တတ်ကရစာသားများ ရေးသားထားတာတွေ့ရ၏။ အမှတ်တရ ရှိစေချင်သည့်သဘော ဖြစ်မည်။ ရွာက အမှတ်တရနေရာတွေဆီ ကျော်တိုး နှင့်အတူ သွားကြည့်သည်။ တစ်ချိန်က ဗေဒါတွေပြည့်နေသော အင်းကြီးက ရေတွေ ခြောက်ခန်းနေပြီ။ ၀ါးရုံပင်ကြီးများ ဖုံးအုပ်ဝါးမျိုထား သည့် သင်္ချိုင်းက အခုမှတကယ့်ကို ကြောက်စရာ ကောင်းလွန်းသည့်အသွင်။ ယခင်ကြံစိုက်ခင်းများနေရာတွင် မြက်ရိုင်းလွင်ပြင်ကြီးတစ်ခု ရောက်နေသည်။

အသံတစ်ခုကြောင့် သူလှည့်ကြည့်ဖြစ်သွားသည်။ လက်ဆွဲဈေးသည် ချာတိတ်လေးတစ်ယောက်။ ပန်းခြံထဲတွင် ထိုချာတိတ်လေးတွေကို အလွယ် တကူတွေ့နိုင်သည်။ ချာတိတ်က ပါလာသောပစ္စည်းတွေ တစ်ခုချင်းထုတ်ပြ ကာ အသည်းအသန်ဈေးလာရောင်းသည်။ ရေသန့်တစ်ဘူးဝယ်လိုက်၏။ ထို့နောက်ရွာကနေ တိတ်တိတ်လေး သူထွက်ခွာလာခဲ့သည်။ ရွာနှင့်နောက်ထပ် နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရပြန်သည်။ မိသားစုစားဝတ်နေရေးထဲ လုံးပန်း ရင်း အသက်တွေ ကြီးရင့်လာခဲ့သည်။ တစ်ရက်မှာ ထူးဆန်းသောသတင်း တစ်ပုဒ်ကို သူ ဖတ်လိုက်ရ၏။ ထိုသတင်းကြောင့် ရွာကိုမေ့လျော့နေရာမှ  သူသတိပြန်လည်ကာလာသည်။ စောစောက ၀ယ်လိုက်သော ရေသန့်ဘူးထဲမှ ရေအနည်းငယ်ကို သူ ဖွင့်ဖောက် မော့သောက်ပစ်လိုက်သည်။

အတော်ကလေး အမောပြေသွားတော့ လမ်းဆက်လျှောက်ရန် သူပြင်ဆင်သည်။ ပန်းခြံကန်ပတ် လမ်းမှ ခွဲထွက်သွားသော လမ်းဆုံတစ်ခုကို လှမ်းမြင်နေရ၏။ လမ်းညွှန်ဆိုင်း ဘုတ်တစ်ခု စိုက်ထူထားတာကိုလည်း တွေ့သည်။ ရှားပါးသော လူမျိုး နွယ်တစ်စုကို တွေ့ရှိခြင်း။ သတင်းကို ဖတ်ရင်း သူ ပြာဝေသွားသည်။သတင်းအရ ရှားပါးသော လူမျိုးနွယ်စု၏ တည်နေရာသည် သူငယ်စဉ်က နေထိုင်ဖူးခဲ့သည့်ရွာ။ သတင်းဓာတ်ပုံထဲတွင် ရှားပါးလူမျိုးနွယ်စုထဲ အချို့ကို ဓာတ်ပုံမှတ်တမ်းဖော်ပြထားသည်။ အပေါ်ပိုင်းအ၀တ်ဗလာ အောက်ပိုင်း မှာတော့ သစ်ခက်အနည်းငယ် ဖုံးကွယ်ထားသော လူသုံးယောက်။ အသက် ကြီးကြီးတစ်ယောက်၏ မျက်နှာက ကျော်တိုးနှင့် ဆင်တူသယောင်ယောင်။ သူ သတင်းကို အလောတကြီးဆက်ဖတ်သည်။ ယခုအခါ ယင်းတို့တည်ရှိရာ အား အများပြည်သူနှင့် နိုင်ငံရပ်ခြား ခရီးသွားများ အပန်းဖြေလေ့လာနိုင် စေရန် အဆင့်မြင့်ပန်းခြံပြုလုပ်ကာ ကြွင်းကျန်သော ရှားပါးလူမျိုးနွယ်စုများ အား ပြတိုက်တစ်ခုတည်ဆောက်၍ ပုံမပျက် ဆက်လက်ရှင်သန် နေထိုင်စေမှာ ဖြစ်ကြောင်း ရေးသားထားသည်။ သူ လမ်းညွှန်ဆိုင်းဘုတ်ကို မော့ကြည့် လိုက်သည်။ လမ်းညွှန်ဆိုင်းဘုတ်ထဲမှ ပြတိုက်သို့ သွားရာလမ်းကို မှတ်သား ပြီး ဆက်လျှောက်လာသည်။ မကြာခင်မှာပဲ ပြတိုက်သို့သွားရာ လမ်းပေါ်ကို သူ ခြေချမိသွား၏။ သူရှေ့တွင် ပြတိုက်ဆီသို့ ခရီးနှင်နေကြသော လူအုပ်ကြီး က တဖွဲဖွဲ။               



လွန်းဆက်နိုးမြတ်
(Teen မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)

No comments:

Post a Comment