Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Thursday, April 25, 2013

ငုယင်ဗန်ထရွိုင်းညနေ

သက်သောင့်သက်သာဖြစ်မှုအတွက်
ရန်သူကိုအညံ့ခံခဲ့တဲ့စာရင်းထဲမှ
င် မပါဝင်ခဲ့ဘူး။

နာကျင်မယ်မှန်းသိရက်နဲ့ 
ရှေ့ ဆက်တိုးဝံ့သူများရှိခဲ့ရင်
ရေဆုံးရေဖျားဇွဲကောင်းသူများရှိခဲ့ရင်
သေမင်းကတောင်
ဒူးတုန်ရသူများရှိခဲ့ရင်
အဲဒီအမည်စာရင်းထဲမှာ
သင် ပါဝင်ခဲ့ပေရဲ့ ။

ဗီယက်နမ်က
တောက်ပတဲ့ကျောက်မျက်ရတနာ
ငုယင်ဗန်ထရွိုင်း
သင် နောက်ဆုံးဟစ်ကြွေးခဲ့တဲ့အသံဟာ
၁၉၆၄ ၊ အောက်တိုဘာကရေတွက်ရင်
နှစ်ပေါင်း ၄၁ နှစ်တိုင်ခဲ့ပြီ ။

၄၁ နှစ်ဆိုတဲ့ ကာလဟာ
မေ့လျော့ခံရဖို့ ရာ လုံလောက်ပေမယ့်
ကျွန်တော့်အသည်းနှလုံးထဲမှာတော့
သင့် တေးသံဟာ
ပဲ့တင်ထပ်နေဆဲပါလေ ။

နှင်းတွေဝေနေတဲ့
အကျဉ်းထောင်ဘောလုံးကွင်းထဲမှာ
လက်မရွံ့ တပ်ဖွဲ့ က
သင့်ကိုပစ်သတ်တော့မယ့်ဆဲဆဲ
သေရမှာ ၀မ်းမနည်းဘူးလားလို့ 
သတင်းထောက်တစ်ဦးကမေးမြန်းတော့
တုန်လှုပ်ခြင်းကင်းမဲ့တဲ့သင်ဟာ
အမေရိကန်ကာကွယ်ရေးဝန်ကြီး မက္ကနာရားမား ကို
မလုပ်ကြံနိုင်တာကိုပဲ ကျွန်တော် ၀မ်းနည်းပါသတဲ့။

ကာဘိုင်သေနတ်ပြောင်းများရှေ့မှောက်မှာ
အဖတိုင်းပြည်ကို နောက်ဆုံးကြည့်ရှုဖို့ 
မျက်လုံးပေါ်စည်းထားတဲ့အ၀တ်ကို
သင် ဆွဲချွတ်ပစ်ခဲ့တယ်။

အစတေးခံရတော့မယ့်
မိနစ်ပိုင်းကလေးမှာတောင်
တည်ငြိမ်ရင့်ကျက်လွန်းနေတဲ့
သင့်ဓာတ်ပုံကိုကြည့်ရင်း
မြတ်နိုးလေးစားစိတ်နဲ့ 
ကျွန်တော်မှင်တက်မိပေါ့ ။

ဘယ်အကြောင်းအရာကများ
သင့်နှလုံးသားထဲကို
ဒီလိုမျိုး တန်ခိုးစွမ်းပကားတွေ
ထည့်သွင်းပေးထားသလဲလို့ 
စေ့ငုမိတယ် ။

ငုယင်ဗန်ထရွိုင်းခင်ဗျား
ကမ ၻာႀကီးမွာ
ခေတ်တွေပြောင်းလဲသွားပေမယ့်
နှစ်တွေကွာဝေးသွားပေမယ့်
ဟိုချီမင်းရုပ်တုအောက်မှာ
ဘီလ်ဂိတ်ကိုတွေ့ လိုက်ရပေမယ့်
ဒီကနေ့ 
မိုးရွာပြီးစ ညနေ
မိုးရွာပြီးစ ညနေခင်းကလေးမှာပေါ့
၂၁ ရာစုရဲ့ 
အမေရိကန်စတိုင်လ်
ကဖေးဆိုင်ကလေးထဲကနေ
သင့်ကို သတိရ ဦးညွှတ်လိုက်ပါရဲ့  ။ ။

မိုဃ်းဇော်

၁ ။ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
နိုဝင်ဘာ ၊ ၂၀၀၆ ။

၂။ ကြေးစား (၂၀၀၉)

၃။ မောင်လင်းယုန်(ရှမ်းပြည်)၊ငုယင်ဗန်ထရွိုင်း(ဒုတိယအကြိမ်)

No comments:

Post a Comment