Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Friday, April 26, 2013

နိုင်ငံတော်သီချင်းကို သီဆိုပိုင်ခွင့်မရှိသောနိုင်ငံ သားများ

ငယ်စဉ်ကတည်းက
အားပါးတရ သံပြိုင်အော်ဟစ်လို့
တိုင်းပြည်ကိုချစ်ခဲ့ကြတဲ့ပြည်သူတွေ
ဒါတို့ပြေ ဒါတို့မြေ
ဘယ်မှာလဲလေ
ငါတို့မြေ
ကမ္ဘာမကြေသီချင်းကိုပင်
သီဆိုပိုင်ခွင့်မရှိတဲ့ဘဝများ.....။

နေ့တိုင်းစားတဲ့ထမင်းမှာ
သူတို့ကျေးဇူးမကင်းတာကို
စာနာတွေးကြည့်နိုင်ကြပါစေ
ကမ္ဘာမကြေသီချင်းကိုပင်
သီဆိုပိုင်ခွင့်မရှိတဲ့လယ်သမာများ....။

ဆန်စပါးစိုက်တယ်ဆိုတာလည်း
ကံတရားလိုက်မှဖြစ်ခဲ့ကြတာပါ
မိုးမဟုတ်ခဲ့ရင်
ပျိုးနှုတ်တော့မြေမာလို့
ရေဆာမြေပျက်ပတ်ကြားအက်ခဲ့ရ
မိုးဖျက် ပိုးပျက်
ဆည်ရေကန်းတဲ့အတွက်
လယ်နွမ်းလယ်ပျက်ဖြစ်ခဲ့ရသတဲ့
ကြက်ယက်သလိုရှာဖွေလုပ်ကိုင်ရသူတွေပါ
ဘဝကိုလောင်းကစားဆန်ဆန်နဲ့
သီးနှံဆန်စပါးတွေကို
ကံတရားနဲ့ အံခဲရင်ဆိုင်ထွန်ယက်ရင်း
ဒုက္ခတွင်းနက်ခဲ့ကြသူတွေ
ဘယ်မှာလဲလေ
ငါတို့မြေတဲ့
ကမ္ဘာမကြေသီချင်းကို
သီဆိုပိုင်ခွင့်မရှိတဲ့ဘဝများ။

ခေတ်စနစ်သက္ကရာဇ်
နယ်ချဲ့ချစ်တီးထက်ဆိုးတဲ့အဖြစ်တွေလား
'အခြေခံလူတန်းစား'တဲ့
ခြေထောက်အောက်မှာပိပြားခဲ့ကြတဲ့
လယ်သမားတို့ရဲ့မျက်ရည်တွေနဲ့
ထမင်းကိုနယ်ဖတ်စားသောက်နိုင်ကြသူတွေ
ဝမ်းဝင်ဖြောင့်ပါစေ
ဘယ်မှာလဲငါတို့မြေ
ကမ္ဘာမကြေသီချင်းကို
သီဆိုပိုင်ခွင့်မရှိတဲ့ဘဝများ....။

လယ်မြေသိမ်းပြသနာအထပ်ထပ်နဲ့
လက်ပံတောင်းတောင်အရပ်မှာ
လက်ခမောင်းတဖောင်ဖောင်မခတ်ကြပါဘူး
သတ်ရင်လည်းသေ
ထားရင်လည်းနေရမယ့်ဘဝအသိကြောင့်
ပြေးစရာမြေမရှိတဲ့ ပြည်သူများကို
တောင်သူလယ်သမားအရေးတော်လို့ တွေးမိနေ
'သေသော်မှတည့် သြော်ကောင်း၏'လို့
မိန့်ဆိုလေဦးမလား ဆရာတော်ဘုရား။

လူမမည်တော့တဲ့ဘဝတွေပါ
ဓားမဦးချလယ်ယာအခင်းတွေမှာ
ရိုးမြေပြာကျတွယ်တာခြင်းမရနိုင်တော့
ဘာကိုမှ ပိုင်ဆိုင်ခွင့်မရနိုင်တော့
ဘာကိုမှ ခိုကိုးရာမရနိုင်တော့ဘဲ
ခြေသလုံးကိုပဲ အိမ်တိုင်ထူလို့
လူနဲ့လူချင်းမတူညီ မမျှတတဲ့
နင်းပြားဘဝရဲ့အကြောင်းကံနဲ့
တို့ပြည်သူရဲ့အသံ
တို့ပြည်သူရဲ့ဆန္ဒ
တို့ပြည်သူရဲ့ မျှော်လင့်ချက်
ဘယ်လိုဖော်ဆောင်ရွက်ကြမှာလဲ
ဘယ်လိုရက်စက်ကြလေမလဲ
ဘယ်မှာလဲလေ ငါတို့မြေ
ကမ္ဘာမကြေသီချင်းကို
သီဆိုပိုင်ခွင့်မရှိတဲ့ဘဝများ....။

ဒီမြေကွက်တွေပေါ်မှာ
တောင်သူလယ်သမားဘိုးဘွားမိဘများစွာရဲ့
အိုစာမင်းစာ
နိမ့်ကျလှတဲ့ဇာတာတွေရှိတယ်။

ပွားစည်းတဲ့
သားသမီးရင်သွေးငယ်တွေရဲ့
ပညာရေးအလင်းတွေ
မှိန်မှိန်ပျပျရှိတယ်။

လူတစ်စုချမ်းသာရေးမဟုတ်တဲ့
လူထုဝမ်းစာရေးတွေ များစွာရှိတယ်။

မြေဧကပေါင်းများစွာနောက်မှာ
ဘဝပေါင်းများစွာတို့နိမ့်ကျသွားစေမယ့်
အနာဂတ်ကံကြမ္မာတွေကို
ဘယ်လိုနှလုံးသားမျိုးနဲ့ နင်းခြေချိုးဖျက်လို့
ပျက်စီးလွင့်စင်
လူရာမဝင်အောင် ပစ်ပယ်လိုက်ကြမှာလဲ
ဘယ်မှာလဲလေပိုင်တဲ့မြေ
ကမ္ဘာမကြေသီချင်းကို
သီဆိုခွင့်မရတဲ့ဘဝများ....။

ဒါငါတို့ နိုင်ငံတော်
သူတို့အပေါ်ဘယ်လိုစီရင်မှာလဲ

ဒါငါတို့ နိုင်ငံသား
သူတို့ဘဝများကိုဘယ်လိုစာနာမှာလဲ

ဒါ ငါတို့မြေ
ဒါ ငါတို့ရဲ့မြေ
မဟုတ်ခဲ့ဘူး မဟုတ်ဘူးလေ
ကမ္ဘာမကြေသီချင်းကို
သီဆိုပိုင်ခွင့်မရှိတော့တဲ့ ဘဝဆိုးများ....။ ။

ဇော်ဝေ

http://www.kaungkin.com/index.php?option=com_content&view=article&id=864%3Apoem&catid=48%3A2009-04-21-17-32-48&Itemid=78

No comments:

Post a Comment