ချစ်စိတ်သန်းနေတော့
စစ်ရိပ်စစ်ငွေ့ဟာ တိမ်ရိပ်တိမ်ငွေ့လိုသမ်းနေတာပေါ့
ရေတိုစီမံကိန်းနဲ့ ရေရှည်စီမံကိန်းနဲ့ အဏုမြူထိပ်ဖူးနဲ့ ဇီဝမာယာနဲ့
စကတ်ဒုံးကျည်နဲ့ စကတ်အတိုနဲ့ စကတ်အရှည်နဲ့ စကတ်အကွဲနဲ့
ဆံပင်အတိုနဲ့ ဆံပင်အရှည်နဲ့ ဆံပင်ရောင်စုံနဲ့ ဆံပင်အကောက်နဲ့ ဆံပင်အဖြောင့်နဲ့
အပြုံးလည်ဟိုက်နဲ့ အကြည့်နောက်ကွဲနဲ့ နျူကလီးယားနှုတ်ခမ်းနဲ့
နေ့စဉ်သုံးစကားလုံးနဲ့ ညစဉ်သုံးပြက်လုံးနဲ့
မျှားခေါ်ခဲ့ ချော့ခေါ်ခဲ့ စစ်မြှူခဲ့ စစ်ခင်းခဲ့
ငါဟာ တည်ကြက်လေးပါ မအူမလည်လေးပါ မထင်မရှားလေးပါ
မရူးမကောင်းလေးပါ မသေမရှင်လေးပါ
မင်းအခင်းအကျင်းထဲမှာ သာယာနေသူပါ မင်းပါးချိုင့်လေးထဲက
မလွတ်မြောက်နိုင်သူပါ မဟာဗျူဟာမြောက် မိုက်မဲသူပါ
ငါ ဆီနဲ့ ကျည် ဖြည့်နေချိန်မှာ မင်းအလစ်ဝင်တိုက်ခဲ့တာ
ငါဟာ ပုလဲဆိပ်ကမ်းပါအချစ်ရယ်
ငါဟာ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံပါ အချစ်ရယ်
ငါဟာ နော်မန်ဒီကမ်းခြေပါအချစ်ရယ်
မှားယွင်းသော မှတ်တမ်းပေါ်က ထင်ရှားသောကြယ်တစ်ပွင့်ရှေ့မှာ
ငါ ဒူးထောက်မိပါတယ်။
ရင်မြေကတုတ်ဟာ ပွင့်လို့လန်လို့
သက်စွန့်ဆံဖျားချစ်မိတယ်
အသေအကျေချစ်မိတယ်။ ။
ကိုရွေး
(ကြည်လင်သောရေတံခွန် – ကိုရွေး။ မတ် – ၂၀၁၁။ Unity)

No comments:
Post a Comment