တံခါးတွေ တစ်ခြမ်းပိတ်လို့
ရယ်မောခြင်းတွေ အသံတိတ်လို့
မျှော်လင့်ခြင်းတွေ ရပ်တန့်ပုပ်သိုးလို့
စိုးရွံ့ ခြင်းတွေ အဆုံးတိုင်တုန်ခါလို့
ခြောက်အိပ်မက်တွေ ရဲရဲစီးလို့။
ကျိုးပဲ့နေတဲ့ နေ့ရက်တွေထဲ
ထိုးကျလာတဲ့အရိပ်တစ်ခုဟာ သည်းသည်းမည်းမည်း
အပေါ်ဝတ်ရှပ်အင်္ကျီလေး ချုပ်ရိုးပြေလို့
အပေါစားတီရှပ်နွမ်းနွမ်းလေး အနားဖွာလို့
သားရေတုဖိနပ်ကလေး ထိပ်ဖျားလန်လို့။
အဖေက ပြန်မလာတော့ဘူး
အမေက ဘယ်ကိုထွက်သွားခဲ့တာလဲ
အဖျားက မပျောက်တော့ဘူးလား
ရေဆာတယ်။
မြှောက်ထားလိုက်တဲ့လက်အစုံက လေထဲမှာ
အဝေးကိုထိတဲ့ မျက်ဝန်းအကြည့်ထဲ
ရှုမျှော်ခင်းတွေ ကျိုးကြေလို့။
အနွေးဓာတ်ဆိုတာ ကြေးကြီးကြီးမှမိနိုင်သလား
အကြင်နာဆိုတာ ရွှေနဲ့အတိပြီးတဲ့ သရဖူလား
အနမ်းဆိုတာ ပွင့်မလာသေးတဲ့ နှင်းဆီနက်တစ်ပွင့်လား။
ခလုတ်တွေကို ဖွင့်ခဲ့ပါ
မှောက်နေတဲ့ခွက်နဲ့ ဖုံတက်နေတဲ့စာအုပ်ကလေး
နံပါတ်စဉ်ဘယ်လောက်အထိ
စောင့်ကြည့်နေကြဦးမှာလဲ။
ကြွေကျလာမယ့် သစ်ရွက်တစ်ရွက်
လွတ်နေတဲ့စာမျက်နှာ
ဆွေးရိပ်တစ်ခု
လေချွန်သံမှာ အဖျားတက်လို့
ဒုကတရားမှာ အသက်ငင်လို့
ဒီနာမည်ကို ဘယ်လိုဖြစ်ထုတ်ရမလဲ
လောကထဲ
အသံတွေ ခုန်ဝင်လာတယ်။
ဒီဘ၀ဟာ မပြီးသေးဘူး
ဒီဘ၀ဟာ မငြိမ်းသေးဘူး
ဒီဘ၀ဟာ ဖွဲမီးလိုတငွေ့ငွေ့
ဒီဘ၀ဟာ အရှိန်တညီးညီး
ဒီဘ၀ဟာ အနာတရတွေနဲ့
လောင်လို့ ။
ကိုထက်(ရေဦး)
No comments:
Post a Comment