ထွက်သွားလို့ ပြောလိုက်တဲ့အချိန်မှာ တစ်စုံတစ်ယောက်က ပေကပ်ကပ်ရပ်နေတာမြင်ဖူးသလား
တစ်ကိုယ်လုံး ယားယံနေတာတော့အမှန်ပဲ စိတ်ကိုစိတ်နဲ့ပဲ ပြန်သတ်လိုက်တယ်၊
ချော်ထွက်သွားအောင် ကုတ်ဖဲ့ ဒီလိုလေးလား အကွာအဝေးရယ် ပစ်မှတ်ရယ်က တစ်ပေါင်းတည်း၊
ရိုးရာပဲ ဟုတ်လား ရောဂါပဲ တစ်လွှာခြင်းစီ ဖြတ် ဆန့် တန်း ပြီး တုန်ယင်သွားတဲ့ပုခုံးဟာ ဘယ်သူလဲ
ဒါဟာဂျနီဖါရဲ့ ကိုယ်လုံးပဲ ငရဲမင်းကြီးရဲ့ လှံစွပ်ပဲ နတ်သမီးရဲ့မျက်နှာပဲ၊
ဒီကြားထဲ သွေးသားတောင်းဆိုမှုကို ထိန်းထိန်းထားရတာလဲ ဝဋ်ပဲ၊
အော်ရီဂျင်နယ်ကိုက အတု သိပ်ကိုမက်မောတယ် ဘယ်သူနဲ့ ဘယ်လိုပက်သက်ခဲ့တယ်
ဘယ်သူတွေကို ဘယ်လိုသတ်ဖြတ်ခဲ့တယ်၊ လူတိုင်းကတော့ မျောနေကြတာပဲ
အမျှောခံရတဲ့အချိန်ဟာ အတိတ်ကိုရွံရှာသွားတယ်၊ အသံထက် ငါးဆ မြန်သောဒုံကျည်နဲ့ပစ်ပါ
မောင်ဂျိုကာရဲ့ အသက်ဟာ ပိစိကွေးသေးသေးလေး အမှန်တရားဆိုတာ ခုချိန်မှာ စောက်ရေးမပါတဲ့ဝေါဟာရပဲ
ဘယ်မှာလဲ လွတ်လပ်ခွင့် ကံစီမံရာဆို လာ တစ်ယောက်နဲ့တစ်ယောက်မသေမချင်း သတ်ဖြတ်ကြမယ်
ဒါလဲ အမှန်တရားတစ်ခု မဟုတ်သေးဘူး ယာဇ်ပူဇော်တဲ့အခန်းဟာ ပိတ်ကားချသွားပြီ အခုမှကားစင် စတင်မှာ။
(အားလုံး..........သတိ)
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျရှူံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ အား....အလေး.....ပြု!
ပြန်ကြားချင်တဲ့အသံတွေ လည်ချောင်းဝကနေဆီးပြီး ပိတ်ကန်ခံလိုက်ရတယ်
လူလုပ်လက်ပစ်ဗုံးဟာ အဝေးကြီးမရောက်ဘူး ကျမ်းမာရေးဟာလဲ မူမမှန်ချင်တော့ဘူး
တစ်ဆို့ဆို့ပဲ သိလား ဘာမဆို တစ်ဆို့ဆို့ပဲ၊ လှပစွာသေနည်း ပတ်ပတ်လည်မှာ ၀ါးမျိုးစပြုနေပြီဖြစ်တဲ့ အမည်းတွေ၊
ရှမ်းပြည်က အရမ်းအေးတာပဲတဲ့ အရက်လဲခိုးသောက်ရတယ်တဲ့ ဒါတင်ပဲလားဆိုတော့ အဲ့ဒါလဲ လုပ်တတ်ရင် ပြသနာပဲ၊
တစ်ချို့ကလဲ ခေါင်းပေါင်းနဲ့မှ လှတယ် တစ်ချို့ကလဲဒယ်အိုးနဲ့မှ ကိုက်တယ်၊
ဖြစ်ချင်တာ ဖြစ်ပစေဆိုပြီး လွှတ်ပေးလိုက် အချို့ လွှတ်ပစ်လိုက် အားလုံးပါသွားစေ၊
ယောင်းမနဲ့တူတူ မြင်းစီးထွက်တော့ ဘာဖြစ်လဲ မြန်မာတွေစောက်ပိုတွေ လုပ်တတ်လာတာ မြန်မာတွေကြောင့်ပဲ၊
အယောင်ဆောင်လူသားတွေ အရမ်းများလာတယ် အဆောင်အယောင်တွေလဲ တိုးပွားလာတယ်
ဇီဝဗေဒ ရူပဗေဒနဲ့ပက်သက်ပြီး အသက်လမ်းကြောင်းဟာ မှန်မှန်ရှူပါတယ်၊
အသံတွေ တိမ်ဝင်သွားလား တိမ်တွေရော ၀င်သွားပြီလား ၀င်သွားတဲ့တိမ်ကိုစီးပြီး
အသံတွေရှိရာ အရပ်စီသွားမယ် ဘယ်သူလိုက်မလဲ၊ အလှပဆုံးကို လက်ညိုးထိုးပြပါဆို
လမ်းဘေးက ခွေးလဲလက်မထောင်မှာပဲ မိုးယုစံလဲလက်မထောင်မှာပဲ ခင်ဗျားတို့လဲလက်မထောင်မှာပဲ
ကျနော်လဲ လက်မထောင်မှာပဲ၊ ဒီတော့ကာ ဘယ်ဟာလဲအမှန်တရား ရွေးချယ်မှာလား အရွေးချယ်ခံမှာလား
ပွပွတက်လာတိုင်း အဲ့ဒါဟာ အသံတစ်ခုဖြစ်လာမှာမဟုတ်ဘူး
ထွက်သွားလို့ပြောလိုက်တဲ့အချိန်မှာ တစ်စုံတစ်ယောက်မှ ပေကပ်ကပ်ရပ်မနေတော့ဘူးမဟုတ်လား။
ဇာတိ(ဖျာပုံ)
၂၉.၁၁.၂၀၁၁
မနက် ၈နာရီ ၄၅မိနစ်
www.palipalar.blogspot.com
ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment