Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

နှုတ်ဆက်စကား

တံတားကလေး ကျိုးရင်လည်း ကျိုးတဲ့အတိုင်း ရှိစေတော့
ကမ်းပါးကလေး ပြိုရင်လည်း ပြိုတဲ့အတိုင်း ရှိစေတော့
ရိုးသားခြင်းလောက် ဘယ်အရသာမှ မချိုမြိန်နိုင်ဘူး
အမှန်တရားကို
ဘယ်ဘုရားမှ မမြင်ခဲ့ဘူးဆိုရင်လည်း ရှိစေတော့
မျှော်လင့်ထားတာတွေ ပျက်စီးလွယ်တဲ့ဘဝမှာ
သံဆူးခံထားရတဲ့ သစ်သားလေး တစ်ချပ်ပါ
မပျော်ရွှင်မှုကို
ဘယ်ဖုန်းနံပါတ် ဆက်ပြီးတိုင်ရမှာတဲ့လဲ
ဟာသတွေနဲ့ အကျွမ်းတဝင်မရှိတော့
ဖြစ်ခြင်း ပျက်ခြင်းတွေမှာလည်း ရယ်သွမ်းသွေးမနေနိုင်ပါဘူး
မဖြစ်နိုင်တာတွေ သိပ်များလွန်းတော့လည်း
အပွန်းအပဲ့တွေ အနာအဆာတွေနဲ့ ကြီးကျယ်ခန်းနားလို့
ဒီလို
ကမ္ဘာကွယ်မယ်မှန်းသိသိနဲ့
ဘဝကို အရောင်လက်သွားအောင်
ရွှေချချင်ခဲ့သူ
ကိုယ်ဟာ
ဒုက္ခလို့ မမြင်နိုင်အောင်ပဲ အမှောင်မှာ လင်းကျင်းခဲ့ပါတယ်
အားလုံး ပျော်ရွှင်ပါစေတော့ ။

ဥတ္တရအောင်
အိုင်ဒီယာ ၊ ၂၀၀၆ ဧပြီ

No comments:

Post a Comment