Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Sunday, April 28, 2013

** L.G ကဗျာဆရာနှင့် တယ်လီဖုန်းစကား **

ခက်ပြီ
ကျွန်တော်မှ ကျားကစားသလို စကားလုံးတွေကို မရွှေ့တတ်တာ
ဒါဆို ကဗျာမဟုတ်တော့ဘူးပေါ့။ ခက်ပြီ
ခက်လှပါလား ဘရားသားအင်လောရယ်။
ဟောဗျာ
ပုံသဏ္ဍာန်ထဲမှာ အကြောင်းအရာရှိတယ်လား
အကြောင်းအရာတွေဟာ အကြောင်းအရာမဟုတ်ဘူးပေါ့
ဒါဆို ဘယ်လိုလုပ်ရပါ့၊ ခက်ပြီ
ခက်လှပါလား ဘရားသားအင်လောရယ်။
အသစ်
ဟုတ်ပြီ၊ အသစ်ကို ကျွန်တော်ချစ်တယ်
အသစ်ကို ကျွန်တော်ကြိုဆိုတယ်
ဘယ်လိုသစ်ရမယ် မသိတာတစ်ခုပဲ။
သင်္ကေတတွေကို သိပ်မသုံးရဘူးလား
နိမိတ်ပုံတွေကိုလည်း အားမကိုးနဲ့ဟုတ်လား
ကဗျာဆိုတာ လူ့အဖွဲ့အစည်းထဲမှာ တည်ဆောက်ယူရတဲ့အရာ
ဥပမာ၊ ဓနရှင်ဝါဒ၊ ကွန်မြူနစ်ဝါဒတို့လို
ကဗျာဝါဒရှိရမှာပေါ့ ။
ဟုတ်ကဲ့ ။
ကဗျာထဲမှာ လေသံတွေပြောင်းလဲရောထွေးနေရမယ်
ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ မယ်သီလရင် မခွဲရဘူး
ကဗျာဟာ ဘုရားသခင်ရဲ့ ဥပဒေအပြင်ဘက်မှာ ရှိနေရမယ်
ခံစားချက်၊ ထင်မြင်ယူဆချက်တွေကိုငြင်းပယ်ရမယ်
ယုတ္တိဗေဒကို ထည့်မတွက်နဲ့
အစဉ်အလာကဗျာရေးထုံးကို လွှင်ပစ်လိုက်
ဟောဗျာ၊ ဒါဆိုဘယ်လိုလုပ်ရပါ့၊ ခက်ပြီ
ခက်လှပါလား ဘရားသားအင်လောရယ်
ကျွန်တော်က ရှေးဟောင်းမော်ဒန်သမားပါ။
ပုံသဏ္ဍာန်အသစ်
ကဗျာဆိုတာစကားလုံးတွေရဲ့ ရုပ်ဝတ္ထုအစုအဝေးကြီးပဲ
ပုံသဏ္ဍာန်သစ်ရမှာပေါ့
ဟုတ်ပြီ၊ ဘယ်လိုပဲဖြစ်ဖြစ်
ပုံသဏ္ဍာန်အသစ်ဆို ကျွန်တော်လက်ခံတယ်
ပုံသဏ္ဍာန်ဝါဒကို ကျွန်တော်တို့ ထူထောင်ကြမယ်ပေါ့
ဥပမာ
ဟုတ်ပြီ၊ ဥပမာ
ကျွန်တော်ချရေးလိုက်မယ်နော်
က ကာ
ကိ ကီ
ကု ကူ ကေ ကဲ
ကဲ ကေ ကူ ကု ကီ ကိ ကာ က
တောပင်တောလုံးနှံ့ပါလို့လေ
ဟောဗျာ့။
ကား ကံ ကော် ကော့
ကော့ ကော် ကံ ကား
စည်းနဲ့ဝါး စည်းနဲ့ဝါး
အင်း…. ။
တံတျာတေရှင်
နုပျိုစဉ်က
စည်းနဲ့ဝါး …စည်းနဲ့ဝါး
စည်းနဲ့ဝါးလေး ….စည်းနဲ့
ခက်ပြီ။ ။

ပိုင်စိုးဝေ
၁၈.၄.၂၀၀၆
ပိတောက်ပွင့်သစ်
(မူးနေတဲ့ကြယ်တံခွန်ကဗျာစာအုပ်)

No comments:

Post a Comment