Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

ကဗျာနှင့် အပြာ


ဗန်ဒါပင်အောက်ကခုံတွေမှာ ခြေပစ်လက်ပစ်ထိုင်ပြီးအနားယူနေရင်း ....

“ ဟေ့ရောင် စာအုပ်တွေ ဘယ်လိုရောင်းမလဲကွ ။တွေ့တဲ့သူတိုင်းကလည်း မ၀ယ်ချင်ကြဘူး လက်ဆောင်ပေးရတာနဲ့တော်တော်ကုန်နေပြီ ”
“ အေးကွ .. ငါတို့ကလည်း လကုန်ခါနီးမှ သွားရောင်းမိတာကိုကွာ ကျောင်းသားအားလုံးဆီမှာ ရေခမ်းနေတဲ့အချိန်ဖြစ်နေတာကို နောင်ကြီးရ ”
“ အေး ဒီအချက်မှတ်ထားလိုက်စမ်း ဘိုဘို ၊ နောက်တစ်ခါ ထုတ်ရင် ... လကုန်မရောင်းမရန်လို့ ”
“အောင်မယ် အားအားယားယား မှတ်မနေနိုင်ပါဘူးဗျာ ... မလုပ်ခင်တုန်းကတော့ ...ဘယ်လောက်ကုန်အောင်ရောင်းမယ်။ဘယ်လောက်မြတ်မယ်နဲ့ တွက်ရေးကတော့ စက်သူဌေးလုပ်ပြီး အခုတော့ ကျနော့ စက်ဘီးလေး အပေါင်ဆိုင်ကတောင် ပြန်ထွက်လာနိုင်ပါ့မလားမသိဘူး ”
“ ဟကောင်ရ ငါလည်း ငါတို့ကျောင်းသူကျောင်းသားတွေ စိတ်ဝင်စားမယ်ထင်တာပေါ့ဟ ...
  ဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်ကိုများကွာ ဘာလို့မရောင်းရပါလိမ့် ၊ငါကိုယ်တိုင် မျက်နှာဖုံးပုံဆွဲပေးပြီး ဓာတ်ရိုက်ဓာတ်ဆင်နဲ့ အသေအချာ လုပ်ထားတာပါကွ ။ နေစမ်းပါဦးကွာ ငါ အာရုံခံပြီး ရွတ်ဖတ်ကြည့်ပါဦးမယ် ”
ကိုမျိုးမင်းက အဲလိုရယ်။လူက နတ်လိုလိုဓာတ်လိုလို တရားသမားလိုလို မုတ်ဆိတ်ကြီးထားလို့ ။ သူရွတ်ဖတ်နေချိန်မှာပဲ ...... ဇော်ဇော်အောင် အူယားဖားယားနဲ့ အပြေးအလွှားရောက်လာပြီး ....
“ဟေ့ရောင်တွေ .... ငါဖို့လည်း အုပ်၂၀လောက်ချန်ထားပေးပါဦးကွ ၊ စာအုပ်က တစ်မျိုးတည်းပဲလား
 ဘာမှ မပူပါနဲ့ သူငယ်ချင်းတို့ရာ ငါတစ်ယောက်လုံး ရှိပါတယ်ကွ။ကုန်အောင်ရောင်းပေးပါ့မယ်။ ငါ့အဆောင်မှာ ဒါမျိုးဖတ်တဲ့ကောင်တွေ အများကြီးပါ။စိတ်ချ ပိုက်ဆံတော့ လကုန်မှ ငါကောက်ပေးမယ်ကွာ ”
“ ဟ .. ရပါတယ် ကွ ... ကျေးဇူးပါပဲကွာ ... အခုလိုစာပေစိတ်ရှိတာ ကျေးဇူးတင်ပါတယ် ရော့ရော့ အုပ်(၂၀) ယူသွား ရောင်းပြီးမှပေးရတယ် ”
“ အေးအေး ...နေပါဦး စာအုပ်ကြည့်ရအောင် ... အလဲ့ ... လှိုင်းထန်နေသောဘ၀ များ မိုက်လှချေလား ..အားပါးပါ ... ပုံကလဲမိုက်တယ် ”
“ အေး မျက်နှာဖုံးပုံက ကိုမျိုးမင်းဆွဲတာ၊ ကဗျာစာအုပ် title က ဘိုဘို ၊ ရေးတဲ့သူတွေက ကိုမျိုးမင်းရယ် ၀င်းကိုကို ၊အောင်မင်းငြိမ်း ၊ ဘိုဘို လေးယောက်ပေါင်းရေးတာ ။အတွင်းထဲ မင်းဖတ်ကြည့်စမ်း ။ ဘယ်သူက ဘယ်ကဗျာရေးတာ ဖြစ်နိုင်လဲလို့ ”
“ ဘာ ... ဘာ ... ဟေ့ရောင် ကဗျာစာအုပ် ဟုတ်လား  ”
“အေးလေကွာ ... ငါတို့ လေးယောက်ပေါင်းရေးထားတဲ့ ကဗျာစာအုပ်လေ ”
“ ကဗျာ စာအုပ်ဆို ငါကဘာလုပ်ရမှာလဲ ... ဟိုကောင် အောင်မင်းငြိမ်း တိုးတိုး တိုးတိုး လိုက်ပြောနေတာ ငါတို့ရေးထားတဲ့ အပြာစာအုပ်လေး သွားအားပေးလိုက်ပါဦး ဆိုလို့ငါလာတတာကွ ”
“ ဘာ အပြာစာအုပ် ဟပ်လား ... ဟေ့ရောင် လူကိုစော်ကားချင်စော်ကား အနုပညာကို မစော်ကားနဲ့ ”
“ ဟေ့ရောင် ဇော်ဇော်အောင် လာနောက်မနေနဲ့ မင်းဖဲရှုံးလို့ အကြံအဖန်ထုပြီး ငါတို့စာအုပ်တွေရောင်းမလို့မို့လား။ဖဲသမားက ငါတို့ကို ဖဲချပ်တွေထင်ပြီးလာ ကုလားဖန်ထိုး
နေသေးတယ် မင်းအကြောင်း မသိဘူးများမှတ်နေသလား ”
ကိုမျိုးမင်း က ဇော်ဇော်အောင်ကို ပြောဆိုနေတုန်းမှာပဲ အောင်မင်းငြိမ်း အပြေးအလွှားရောက်လာပြန်တယ် . ပါးတစ်ဖက်ကိုလည်း အုပ်လို့  မျက်နှာကြီးကလည်းဒေါသထွက်ပြီး ရှက်လည်းရှက်နေတဲ့ပုံ
“ အောင်မင်းငြိမ်း မင်းဘာဖြစ်လာတာလည်း ဟေ့ရောင်ပြောစမ်း ”
“မပြောပါရစေနဲ့ကွာ ငါရှက်လွန်းလို့ပါ ”
“အောင်မာ ... မိန်းမရွှင် ...ကိုယ်ဝန်ရှိတဲ့ လေသံနဲ့ ...... ”
“ ငါ လခွီးတဲ့ မှာပဲ မိန်းမရွှင် ကိုယ်ဝန်ရှိတာများ ငါ့လို ဖြစ်ပါ့မလားဟ ။ ဒီလိုကွ ... ငါက ဒီကဗျာစာအုပ်ကျနော်တို့ စုရေးထားတယ် အားပေးပါဦးလို့ သွားရောင်းတာ ဘယ်လိုကြားပြီးဘယ်လို ထင်သွားလည်းမသိပါဘူးကွာ။ငါတို့ ECက မသိမ့်သိမ့်မွန်လေကွာ သူဗလကြီးနဲ့ ဆော်ထည့်လိုက်တာ
အား ... ကျွတ်ကျွတ် ... ”
“ နည်းတောင်နည်းသေးတယ် ... မင်းငါ့ကိုပြောတုန်းကလည်း ဒီလိုပဲ ... စာအုပ်ကလည်း အပြာရောင် အဖုံးနဲ့ မင်းက စကားလည်းလေးလုံးကွဲအောင်မပြောတော့ ... ကြားတဲ့သူက ဒီအပြာစာအုပ်လေး အားပေးပါဦးပဲ ကြားတာပေါ့ဟာ ချီးထုတ်ရ ”
“ ဟာ .... ကိုနောင်ကြီး ဟိုမှာ ဌာနမှုးဦးသိန်းတန်ဦးနဲ့ ကျောင်းသားတွေ ကျနော်တို့ဆီလာနေပြီဗျ ”
“ ဟေ့ရောင် ... မင်းတို့ကိစ္စမင်းတို့ရှင်း ငါနဲ့မဆိုင်ဘူး ၊ ငါက Civil က ခုဖြစ်တာက မင်းတို့ EC ကလူတွေပဲ ”
“ အာ ... အဲလိုလုပ်လို့တော့ မရဘူးလေဗျာ .. ခင်ဗျားက Civil ကဆိုတော့ ဘာမှ မဖြစ်လောက်ပါဘူးဗျာ၊ ခင်ဗျား ရှင်းလိုက်ပါနော် ၊ နောက်ပြီး ကျနော်တို့ အဖွဲ့ထဲမှာ ခင်ဗျားက အကြီးဆုံးဆိုတော့ အကိုကြီး အဖအရာပေါ့ ဟုတ်ဖူးလား ရှင်းလိုက်ပါနော် ... ”
“ ဟေ့ကောင် အောင်မင်းငြိမ်း မင်း အပြာစာအုပ်တွေ လိုက်ရောင်းနေတယ်ဆို ဒီမှာလာတိုင်နေကြတယ် ”
“ ဟုတ်တယ် ... ဟုတ်တယ် ... ဆရာတို့ EC က ကောင်တွေ အပြာစာအုပ်လိုက်ရောင်းနေတယ် ”
“ ဟုတ်တယ်ဆရာ ဒီကောင် အောင်မင်းငြိမ်းပေါ့ သမီးကိုတောင် လာရောင်းသေးတယ် ဟိုမှာ သူလက်ထဲကိုင်ထားတဲ့စာအုပ်ပေါ့ ။ သမီးတို့ ဌာန နာမည်ပျက်တယ်ဆရာ ဒီကောင်တွေကို ဆုံးမပေးပါ ”
“ ဟင် ငါတို့ ECကကောင်တွေ တယ်လည်းတော်နေကြပါလားကွဟင် ... အပြာစာအုပ်ရေးပြီး ကျောင်း
စရိတ်ရှာနေကြတာပေါ့ ဟုတ်လား ”
“ ခင်မျာ ... ဒါက ဒီလို ဖြစ်တာပါ ဆရာ .... ” ဇော်ဇော်အောင် ၀င်ရှင်းပြမလို့ လုပ်တုန်း
“ အောင်မယ် ဖဲသမား မင်းလည်း ဒီကောင်တွေနဲ့ ပေါင်းပြီး စရိတ်ရှာနေတာပေါ့ ဟုတ်လား ”
   ဇော်ဇော်အောင်လက်ထဲမှာ စာအုပ် ၂၀ က တန်းလန်းကြီးမိနေတယ် ။
“ မဟုတ်ပါဘူးဆရာရယ် ... ဒီကောင် အောင်မင်းငြိမ်း ဂြိုလ်မွေတာပါ ... ကျနော်တို့ အပြာစာအုပ် မရောင်းပါဘူး ” ကိုမျိုးမင်း ၀င်ပြောခါရှိသေး
“ ဟေ့ ရောင် မင်းက လက်ဆုပ်လက်ကိုင်မိနေတာတောင်  ပြောင်လိမ်ချင်သေးတာလား ဒီမှာ အပြာစာအုပ် မဟုတ်ဖူးလား ”
“ ဟုတ်ပါတယ် ဆရာ ဒါပေမယ့် မဟုတ်ပါဘူး ။ ဟုတ်ပါတယ် ဆိုတာက အပြာရောင် စာအုပ်ပါ ။ မဟုတ်ပါဘူးဆိုတာက အထဲမှာရေးထားတာတွေက အပြာစာပေ မဟုတ်ပါဘူး။ ကျနော်တို့ ရေးထားတဲ့ ကဗျာတွေပါ ”
“ ဘာ ကဗျာ ဟုတ်လား ... ဘာ ကဗျာ တွေတုန်း ဟ ... မင်းတို့ကောင်တွေကြည့်လည်း လုပ်ဦးနော် နိုင်ငံရေးအခြေအနေက ကောင်းတာမဟုတ်ဖူး ”
“ ဆရာ့နဖူးပြောင်တဲ့ အကြောင်းရေးထားတဲ့ ကဗျာ မဟုတ်တာတော့ သေချာပါတယ် ခင်ဗျ ”

.............................

“ ဟေ့ရောင်တွေ ရေသောက်ဗိုက်မှောက်နေရတာလည်းကြာပြီ ။ ဘယ်လိုလုပ်ကြမတုန်းဟ ကြံကြစမ်းပါဦး ”
“ ဘာတုန်းဟ ကဗျာစာအုပ်ကိစ္စလား ။ မင်းမမှတ်သေးဘူးလားကွာ ။တို့ ကဗျာအတွက် တို့ ဘ၀ကြီးတွေကိုတောင် ပေးဆပ်မယ်လို့ အဓိဌာန်ထားတာပဲ ငွေရေးကြေးရေးကိစ္စ ပစ်ထားလိုက်စမ်းပါ  ”
“ နင့်အမေကြီးဒေါ်ပါ့လား နင့်ပိုက်ဆံမှ မပါပဲဟ ... နင်ကတော့ ပြောမှာပေါ့ .. ”
“ အဟီး ... အဲသလိုလည်းမဟုတ်ပါဘူးကွာ ”
“ဟေ့ရောင်တွေ မင်းတို့ EC မှာ အဆိုတော် ရှိန်း ရှိတယ်မိုလားကွ ”
“ အေးရှိတယ်လေ ... ဘာဖြစ်လို့လဲ ကိုနောင်ကြီးရ ”
“ သူ ငှားပြီး ပရိုးမိုးရှင်း လုပ် ကဗျာစာအုပ်တွေ ရောင်းခိုင်းမယ်လေကွာ တစ်အုပ် ၁၅၀၀ နဲ့ အဲဒါဆိုရောင်းရမှာကွ ”

“ အေးအေး နေစမ်းပါ ကိုနောင်ကြီးရာ ဒီမှာ တစ်အုပ် ၃၀၀ တောင်မ၀ယ်လို့ စိတ်ညစ်နေတာ
  ဘယ်မလဲ ကောင်မလေးတွေ ကြိုက်တဲ့ အချစ်ကဗျာ လူတွေက ကျနော်တို့ ချကျွေးတာကို မစားသုံးတတ်ဖူးဗျာ ဒီမှာက ရင်ဘတ်ကြီးတွေရင်းထားရတာ ”
“ အောင်မာ စောက်ကြီးစောက်ကျယ်နဲ့ စက်ဘီးလေးတစ်စီးရင်းထားတော့ ပြောထားဦးပေါ့ကွာ၊ သီးခံပါမယ် ဘိုဘိုရာ ”
“အေးဗျ ... ကျွန်တော်တစ်ခုစဉ်းစားမိတယ် ပြည်တက္ကသိုလ်ထဲ သွားရောင်းမယ်ဆိုရင်ရော ”
“ အေးအဲဒါတော့ ... ကောင်းတယ်ကွ မင်းမှာအသိရှိလား ”
“ ဟာ ... ဟုတ်တယ် ယောက္ဖငါ့မှာ ကောင်မလေး အသိတွေ အများကြီးရှိတယ် ... သွားမယ် တက္ကသိုလ်ဘက်သွားရောင်းမယ်ကွာ ”
“ မင်းတော့ ယုံပါတယ် အောင်မင်းငြိမ်းရာ ပဲခူးသားလို့ ပြောစရာမလိုအောင်ကို ပြီးပြည့်စုံပါတယ်။
မင်းပြည်တက္ကသိုလ်ထဲသွားရင် မင်းဘာဆိုဘာမှ ၀င်မပါနဲ့ ပါးစပ်ပိတ်နေ ”
“ မဟုတ်ဖူးလေကွာ ငါ့အသိကောင်မလေးတွေ အများကြီးရှိပါတယ်ကွ ငါရောင်းပေးပါမယ် ”
“ နေနေဟေ့ ရောင် .... အခု ပြည်တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးမြ၀င်း ဆီသွားမယ်။ ငါဆရာ ကိုဌေးကြည်က စာရေးပေးထားတာရှိတယ်။သွားတွေ့ရဦးမှာနဲ့ အတော်ပဲ ”
“ အေး ဒါဆိုလည်း သွားကြတာပေါ့ ”
................................
“ဟေ့ရောင် ... ဆရာဆီမသွားခင် ကျောင်းထဲ ခဏလျှောက်ရောင်းကြည့်ရအောင် ”
“အောင်မင်း ငြိမ်း မင်းပြဿနာ မရှာရင် ရောင်းမယ် ”
“ အေး မရှာပါဘူးကွ ... ငါကောင်မလေးတွေ ခေါ်လိုက်ရဦးမလား ”
“ နေပါနေပါ အေးဆေးနေပါ မောင်ရာ ”
ကောင်မလေးတစ်အုပ်တွေ့တာနဲ့ ကျွန်တော်တို့လည်း ၀င်ရောပြီးရောင်းကြည့်ဖို့ကြိုးစားမိတယ်။ ကဗျာစာအုပ်ဆိုတာလည်း ... ဒီလိုပဲရောင်းရတယ် မဟုတ်လား ။
“အမတို့ ခင်ဗျ ... ”
“ အောင်မယ် အောင်မယ် ရာရာစစ သူ့အသက်၊သူရုပ်မှ အားမနာ ငါတို့ကို အမတဲ့ ဟားဟား ”
စစခြင်းဆောက်နဲ့ထွင်းလိုက်ပါတယ်။
“ မဟုတ်ပါဘူး ခင်ဗျ ... ကျနော်တို့က လူမှုရေးအရခေါ်တာပါ ... မှားသွားရင်လည်း ဆောရီးပါဗျာ ။ ကျနော်တို့ ဒီကဗျာစာအုပ်လေး ရောင်းချင်လို့ပါ ”
“ အော် ... အော .. အော် ... ကဗျာစာအုပ် ရောင်းချင်လို့တဲ့ ... နင်ဝါသနာပါလား ... ”
“နိုးပါ ... မသကာ... ပရိတ်ကြီး ၁၁ သုတ်ဆိုတော့သေးတယ် ... ”
“နေပါဦး တစ်အုပ်ဘယ်လောက်လည်း ”
“ တစ်အုပ်မှ ၃၀၀ ပါ အမ ... အဲ အမ က ကဗျာ ၀ါသနာပါမဲ့ သဘောရှိတယ် အားပေးပါဦးခင်ဗျ
ကျနော်တို့ ပြည်GTI ကလာရောင်းရတာပါ ... ပြန်ဖို့ လမ်းစရိတ်တောင် မရှိတော့လို့ပါ ”
“ ဟင် စာအုပ်က ပါးပါးလေး တောင် ၃၀၀ လား ။ပီမိုးနင်းတို့ ဖေမြင့်တို့တောင် တစ်အုပ်မှ ၁၅၀ ပဲ များလိုက်တာ ”
“ အယ် ကဗျာဆရာတွေ နာမည်လည်း ကြည့်ပါဦး ဘာကြီးတွေမှန်းလည်း မသိဘူး နောင်သင်ချစ် တဲ့ ”
“ ဘာပြုလို့လဲ ခင်ဗျ နောင်သင်ချစ်ဆိုတာ ကျွန်တော်ပါ ။ လိုအပ်တာရှိလည်း ဝေဖန်ပါဦး ”
ကိုဝင်းကို က သူစတိုင်အတိုင်း ရှက်သလိုလို အပြုံးလေးနဲ့ ၀င်ရောတော့ .....
“ ဝေဖန်ရရင် ခု ခေတ်စားနေတဲ့ ကဗျာဆရာတွေလို ဥပမာ မောင်စိန်ဝင်းဆိုရင် ပုတီးကုန်း ၊ မောင်လှမျိုးဆိုရင် ခြင်းချောင်းခြံ
မောင်ညိုအေး ဆိုရင် ပန်းတော ပေါ့ ။နောင် သင်ချစ်ဆိုလည်း ဘာကုန်းညာကုန်းပေါ့ ”
“ မလုပ်ပါနဲ့ ခင်ဗျာ ...ကျွန်တော်က ကုန်းလို့ မရပါဘူး  နွားထိုးကြီးက မို့ပါ ”
“ အမ် ဒါဆိုရင် ရှိစေတော့ ရှိစေတော့ ”
“ ဟုတ်တယ်ဗျ ... အမ အကြံပေးမှ သတိရတယ် ကျွန်တော်ကလောင်နာမည်နောက်မှာ ကိုးပင်ဆိုတာ
ထည့်ရမယ်။ ဒါဆိုရင် ကိုးန၀င်းလည်း ကြေမယ် ”
ကိုမျိုးမင်း က စဉ်းစားဟန်နဲ့ သူမုတ်ဆိတ် ကို ပွတ်ပြီးပြောတော့ ....
“ ဘာ ကိုးပင် ဟ လား တော်တော် ကပ်စီးနှဲတဲ့ ရွာ တကယ်ဆို ၁၀ပင် ပြည့်အောင် ဘာကြောင့် မစိုက်ခဲ့ကြတာလည်း
အဲဒါ ရှင်သိလား ။ နောက်ပြီး လူတွေကိုလည်း တအားဒုက္ခပေးတဲ့ နေရာမှာ နာမည်ကြီးပဲ ”
“ ဘာကြောင့်တုန်း နှမကြီးရဲ့ ”
“ ဘာ နမကြီးတုန်း .... ရှင်တို့ ကိုးပင်ပဲလှော်ဆိုတာ နာမည်ကြီးလေ ။အဲဒီရွာကို ကားရပ်မှာ တအားကြောက်တာ။
ပြီးရင်ကားပေါ်မှာ တပူပူနဲ့ ”
“ ဟုတ်ကဲ့ ခင်ဗျာ ကျွန်တော်တို့ သွားလိုက်ပါဦးမယ် ”
ဒီလိုနဲ့ ....
“ ဟေ့ရောင်တွေ ဒီလိုတော့ ရောင်းလို့ မရဘူး ။ ဆရာမြ(မြ၀င်း- ဒဿန)ဆီသွားမှ ကောင်းမယ် ”
“ အေး သွားကြတာပေါ့ ..... ”
ဆရာဆီရောက်တော့ ဆရာကို ကိုဌေးကြည်ပေးလိုက်တဲ့ စာလေးပေးတော့ ဆရာရေနံချောင်း ကောလိပ်ကျောင်းအုပ် အဖြစ်နဲ့
ရောက်ခဲ့စဉ်က ကိုဌေးကြည်တို့နဲ့ သီချင်းရေးတာတွေ သီချင်းဆိုတဲ့ အကြောင်းလေးတွေ ပြန်ပြောပြတယ်။

“ နေပါဦး .... မင်းတို့ ကဗျာအမျိုးအစားတွေက ဘာတွေတုန်း ” လို့ ဆရာမေးတော့
“ ဆရာ ခင်ဗျ ကျွန်တော်တို့ စာအုပ်လေးဖတ်ပြီး ဆရာကိုယ်တိုင်ပဲ တံဆိပ်ကပ်ပါ ”
ဆရာက စာအုပ်လေး ခဏဖတ်ပြီး ... အေး ဘာပဲဖြစ်ဖြစ် စာတော့ ဆက်ရေးကြကွ လို့ မှာပါတယ်။
နောက်ပြီး ဆရာစာအုပ်စင် ကိုအချိန်မရွေး လာဖတ်ခွင့်နဲ့ ဂျိုဇော်ရဲ့  ချောင်းဟန့်သံ ၀တ္ထုတိုစာအုပ်လေး လက်ဆောင်ပေးလိုက်တယ်။
ကျွန်တော်ကိုတို့လည်း ကျောင်းအနှံ့လိုက်ပြတယ် ။

ပြီးတော့ ကျွန်တော်တို့ “ ကျောင်းအုပ်ကြီးက ကဗျာစာအုပ် ရောင်းခိုင်လိုက်လို့ပါ ”
ဆိုပြီး လိုက်ရောင်းလိုက်တာ ကျွန်တော်တို့ ကဗျာစာအုပ်လေးတွေ ကုန်သွားပါတယ် ။
ညဘက်ကြတော့ မောင်ချောနွယ် ပြည်ပြန်ရောက်လာတာနဲ့ ဆုံတော့ ကမ်းနားလမ်းဘက်က restaurant တစ်ခုမှာ
ကိုချော(မောင်ချောနွယ်) ၊ကိုတိုးကြီး(ချမ်းငြိမ်းအေး)၊မိုးသောက်နီ ၊ ညီဈာန်တို့နဲ့ ကဗျာရွတ်သံ ဖန်ခွက်ခြင်းထိသံ တွေဟာ ညနာရီပြန် နှစ်ချက်တီးသွားခဲ့ပါတယ် ။အဲဒီညက ကမ်းနားလမ်းကနေ မြို့သစ်ဘက်ကို ခြေလျှင်လျှောက်ပြန်ခဲ့ရတဲ့
ကျွန်တော်တို့ ခြောက်ယောက်ကိုတွေ့ရင် အရူးတွေ အုပ်စုဖွဲ့ပြီး အော်ဟစ်လျှောက်နေသလို လွမ်းခဲ့ရတဲ့ ည ။

အော် အိမ်က ၀ယ်ပေးလိုက်တဲ့ စက်ဘီးလေးတော့ ခုချိန်ဆို ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း မသိတော့ပါဘူး။
တိုက်တိုက်ဆိုင်ဆိုင် စက်ဘီးကလည်း အပြာလေးပါပဲ ။


* ပြည်မြို့  နှင့် ပြည်GTI မှ သူငယ်ချင်းများ လွမ်းလို့ ရေးထားခြင်းသာ ဖြစ်ပါသည်။ တောမရောက် တောင်မရောက် ။

 ဘိုဟန်
 Monday, October 22, 2012 at 12:22pm

No comments:

Post a Comment