Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Thursday, April 25, 2013

အဇ္ဇျတ္တစွတ်ကြောင်း

ဟောဒီ နေရာမှာ ကျွန်တော်တို့ ရပ်နေခဲ့တာ တော်တော်ကြာပြီ
ကျွန်တော်ကလဲကျွန်တော် ခင်ဗျားကလဲခင်ဗျား
တစ်ယောက်ရဲ့အစိမ်းရောင်ကို တစ်ယောက်က မမြင်ချင်ယောင်ဆောင်လို့
ပဋိစ္စသမုပ္ပါဒ်ရဲ့ ဘယ်သစ္စာရပ်ဝန်းမှာ ကျွန်တော်တို့ တွေ့ခဲ့မိကြတာလဲဆိုတော့
အချိန်ပိုနဲ့ ပင်နယ်လ်တီအတွက် အ၀ါရောင်ဟာ အလုပ်မလုပ်တော့ဘူးတဲ့။

ကျွန်တော်ဆိုတာ စိတ်ကူးယဉ်တိုင်းလွဲတတ်တဲ့ကောင်ပါဆိုတော့
ခင်ဗျားက အသံထွက်ရယ်ခဲ့ဖူးတယ်
လက်ဖျားထိပ်က သွေးခုန်နှုန်းက ရင်ဘတ်ကိုတက်ဆောင့်တဲ့အခါ
ဘုရားမှာစံပယ်တွေ လှူဖြစ်ပါတယ်
အတူတူတွဲမလျှောက်ဖူးတဲ့ လမ်းတွေကတော့
ကျွန်တော့ကို သနားစရာသတ္တ၀ါတစ်ကောင်လိုငေးလို့။
ကိုယ့်တရားကိုယ်စီရင်ခန်းဟာ ကိုယ့်ဥသြသံနဲ့ကိုယ် ခမ်းနားကြရမှာသိနှင့်ပြီးသားပဲလေ။

ဘယ်ကိုင်းနဲ့ မလွတ်လို့မှ ကျွန်တော်ခုတ်မချခဲ့ပါဘူး
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေခွင့်ကို
သောက်နေကျ (ကော်ဖီ/၀ီစကီ) ခွက်ထဲ ရော/မျှောချခဲ့တာ ခင်ဗျား မဟုတ်ရင် ကျွန်တော်ပေါ့
ခင်ဗျားဖွင့်ထားခဲ့တဲ့ သီချင်းသံမှာ ရန်သူတွေ လိုက်ဆိုနေကြပါတယ်၊
ကြိမ်ဒဏ်တစ်ချို့ ကျွန်တော့် ကျောပေါ် ကျလာတာကလွဲလို့ပေါ့
စီးကရက်ကိုကြိုက်တတ်ရင် မီးခိုးဒဏ်ခံနိုင်ရမယ်တဲ့
ကျွန်တော်က ချောင်းဆိုးသွေးပါ အဆင့်ပါဗျာ

နွားနို့နဲ့ သံပုရာသီးထက် ဘလက်တစ်ငုံက ပိုလုံခြုံတယ်ဆိုတာ
ခင်ဗျားကျွမ်းကျင်တဲ့ ဘာသာစကားမဟုတ်လား
နက္ခတ်မစုံမလင်နဲ့ နှစ်ဂဏန်းရဲ့နိမိတ်ပုံတွေက လက်ဆစ်ကလေးကျိုးကျသွားသလို ဖျိုးဖျိုးဖျစ်ဖျစ်မြည်လို့ အငြိုးတကြီးနဲ့ ပြေးလိုက်သွားတာ ခင်ဗျား အပြုံးနောက်တဲ့

အင်း......မှတ်ထားဗျာ ခင်ဗျားပျောက်အာင် ကုမပေးရသေးတဲ့ ရောဂါကို
ကျွန်တော့်ရဲ့ ၀င်သက်ထွက်သက်တွေထဲမှာ လိုက်မရှာပါနဲ့၊
ရိုးသားခြင်းအဆိပ်နဲ့ သေသွားတဲ့ ကျွန်တော့်ကို ပြုသမျှကုသိုလ် အမျှသာဝေလိုက်ပါ
ကျွန်တော်တို့ကြားမှာ ဖရီးကော်လ်ဆိုတာ ဘယ်တုန်းကမှမရှိခဲ့တဲ့ ဆက်သွယ်မှုတစ်မျိုးပဲမဟုတ်လား

ဘယ်အချိန်ကြည့်ကြည့် အတူဘာသာပြန်ဖူးတဲ့ စကားလုံးတစ်ချို့က ကျွန်တော့်ကို မျိုချထားလိမ့်မယ်။ ယုံ။
ကဲ....ပြော အခု ခင်ဗျားကို ကျွန်တော် ဘာသီချင်းနဲ့ လွမ်းနေရဦးမလဲ။ ။

ရွှေမိုးမြူ
April 25, 2013

No comments:

Post a Comment