Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

အဖေ(သို့မဟုတ်)လူတွေရဲ့ ရင်ဘတ်ထဲက Download ဆွဲချထားတဲ့ကဗျာ

အဲဒီနေ့ကမိုးတွေရွာတယ်
ကျွန်တော်ထင်တယ် အဲဒီနေ့က
ရဟန်းသံဃာ နတ်ဒေ၀တာ
လူကြီးသူငါကလေးတွေပါ ပူလောင်ပြင်းပြ ချုံးပွဲချ
သူတို့စိတ် သူတို့ခန္ဓာတွေ
ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိအောင်
ဆောက်တည်ရာမရ ပြေးလွှားနေလိမ့်မယ် ။
၁၉၄၇ ဇူလိုင်လ ၁၉ ရက်
စနေမနက်ရဲ့  ၁၀နာရီ မိနစ် ၄၀ မှာ
စနေသားရဲ့  ကံကြမ္မာ
ကျွန်တော်တို့ အားလုံးရဲ့  ကံကြမ္မာဟာ ကျွမ်းထိုးမှောက်ခုံပျက်ကျ
အဲဒီနေ့က မိုးတွေရွာနေတယ်
အဲဒါ အငြိုးတကြီးနဲ့  မိုးသီးမိုးပေါက်တွေလား
                              မဟုတ်ပါဘူး
သေမင်းတမန်ကျည်ဆံတောင့်တွေပါ ။

အဲဒါ လျှပ်စီးနေတဲ့ လက်သည်းတွေလား
                             မဟုတ်ပါဘူး
ပြောင်းဝကစီးယိုကျလာတဲ့ ငရဲမီး ငရဲခက်တွေပါ ။

အဲဒါ မိုးကြိုးမုန်တိုင်းတွေရဲ့ ဟစ်အော်ပေါက်ကွဲသံတွေလား
                             မဟုတ်ပါဘူး
ဘရင်းဂန်း စက်သေနတ်တွေရဲ့  သွေးဆာအော်မြည်သံတွေပါ ။

အဲဒီမှာ
သူတို့နဲ့အတူ ကျွန်တော်တို့အားလုံး အတုံးအရုံး
ကြမ်းပြင်ပေါ်လဲကျသွားလေပေါ့ ၊
လူသေတွေလား မဟုတ်ပါဘူး
ကျွန်တော်တို့ရဲ့  နိုင်ငံတော်ကြီးပါ ။

ဖြာစီးကျသွားခဲ့တာ သွေးတွေလား
မဟုတ်ပါဘူး ။ အဝေးကြီးက အလင်းနှစ်သန်းနဲ့ချီ
စီးဆင်းလာခဲ့ရတဲ့ ကျွန်တော်တို့ရဲ့
မျှော်လင့်ချက်အလင်းရောင်တွေပါ ။

သူကြောင့်
ရဟန်းသံဃာတွေလည်း မျက်ရည်ရွှဲခဲ့ရ
သူကြောင့်
အဘိုးအဘွားတွေလည်း တရားမနိုင် ဓားတကိုင်ကိုင်ဖြစ်ခဲ့ရ
သူကြောင့်
လူငယ်လူကြီး ဘီလူးစီးသလို ဒေါသတွေတောက်ခဲ့ရ ။

မိုးတွေရွာနေတယ်
ဘ၀ဟာတိုတောင်းလွန်းပါတယ်
တိုတောင်းတဲ့ဘ၀တွေကို
ပိုကောင်းအောင်လုပ်ပေးတဲ့သူတွေရဲ့  ဘ၀တွေဟာ
ပိုပြီးတိုတောင်းလှပါတယ် ။

ဗုဒ္ဓဟာ
ကျွန်တော်တို့လူသားတွေအတွက်
သက်တော်ထင်ရှားရှိခဲ့တာဟာ တိုတောင်းလွန်းပါတယ်
ဗိုလ်ချုပ်လည်း
ကျွန်တော်တို့အတွက် မိုးချုပ်အောင်နေမသွားရပါ
လူ့ဘ၀ ၃၂ နှစ်စာလေးကို အလေအလွင့်မရှိအောင်ထုပ်ပိုး
ကျွန်တော်တို့ တစ်ခေတ်လုံး ပခုံးပေါ်ထမ်းတင်လို့
မြစ်ကြမ်းပြင်ကြီးကိုဖြတ် ပင်လယ်ကိုရောက်အောင်သွားရင်း
သူ့ခမျာ ရေတိမ်နစ်ခဲ့ရ ။

မိုးတွေရွာနေတယ်
ရွာနေတဲ့မိုးတွေထဲမှာ
အာဇာနည်ဆိုတာ ဘယ်လိုမျိုးလည်း
ကျွန်တော်စဉ်းစားနေမိတယ် ။

အာဇာနည်ဆိုတာ
ရည်းစားအတွက်
စောင့်နေတဲ့ဓားကို ရင်ဘတ်နဲ့ဝင်တိုးပစ်လိုက်တဲ့
ငတုံးငအတစ်ကောင်ရဲ့ လက်ဖျံရိုးပေါ်က
ဆေးမင်ကြောင်ရုပ်တွေလား ။

အာဇာနည်ဆိုတာ
သူ့ပြည်သူတွေ ဒီထက်ပိုအထင်ကြီးအောင်လို့
ဘုရားရှိခိုးကျောင်းရဲ့  ပြဿဒ်ပေါ်
မတ်တပ်တက်ရပ်ပြနေတဲ့ ဘုရင်တစ်ပါးရဲ့ လုပ်ရပ်လား ။

အာဇာနည်ဆိုတာ
ရှက်စိတ်နဲ့ သူ့ရင်သူ ဓားမြှောင်နဲ့ထိုးခွဲ
အူအခွေလိုက်ဆွဲထုတ်ကာ
ဘုရင်ကိုတစ်ပတ် ပတ်ပြီးမှ လဲကျသေဆုံးသွားလေတဲ့
ရူးသွပ်သွပ် သရုပ်ဖော်တင်ဆက်မှုလား ။

အာဇာနည်ဆိုတာ
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေအတွက်
သူတစ်ပါးတိုင်းပြည်ရဲ့  အသားတစ်ကို
ကျုးကျော်ဝင်ရောက် အလစ်သုတ်သွားတဲ့
ကျီးကန်းတစ်ကောင်လား ။

အာဇာနည်ဆိုတာ
အားကောင်းမောင်းသန် အာချောင်ပြီးမှရလာတဲ့
သူများမျက်ရည်နဲ့
ကိုယ့်မိသားစုဝမ်းမီးကိုငြိမ်းနေတဲ့
မဟော်ဂနီရောင်ထနေတဲ့ ဧည့်ခန်းဆောင်ထဲက
နတ်သုဒ္ဓါတစ်မျိုးလား ။

အာဇာနည်ဆိုတာ
မေးခွန်းတွေကြည့်ပဲလား အဖြေမပါတော့ဘူးလား ။
အာဇာနည်ဆိုတာ
ဟုတ်ကနဲထတောက်တတ်တဲ့ ကောက်ရိုးမီးမဟုတ်ဘူး ။
အာဇာနည်ဆိုတာ မတော်တဆဖြစ်လာတာ မဟုတ်ဘူး ။

အာဇာနည်ဆိုတာ
ဗီးဆူဘီယပ် မီးတောင်ကြီးပေါက်ကွဲလို့
ပွန်ပေမြို့ကြီးတစ်မြို့လုံး
ချော်ရည်ပူတွေအောက် နစ်မြှုပ်သွားနေချိန်မှာတောင်
မီးခိုးနဲ့ပြာတွေမ၀င်အောင်
လက်တစ်ဖက်နဲ့  နှာခေါင်းကိုပိတ်ပြီး
ရင်ကော့သေနေတဲ့
ရောမစစ်သားလေးတစ်ယောက်ရဲ့  သစ္စာရှိမှုနဲ့
တာဝန်ကျေပြွန်မှုတစ်ခုလား ။

အာဇာနည်ဆိုတာ
လမ်းမလျှောက်နိုင်တာတောင်
နိုင်ငံအတွက်
ကုလားထိုင်နဲ့ စစ်ပွဲကိုရောက်လာရင်း
ထိခိုက်သေဆုံး အနိစ္စရောက်သွားရှာလေတဲ့
ကမ္ဘာကျော်စစ်ဗိုလ်ကြီး ဂွန်ဇားလို ဆိုသူလား ။

အာဇာနည်ဆိုတာ
လျှို့ဝှက်ချက်မပေါက်ကြားအောင်
ကိုယ့်လျှာကို ကိုက်ဖြတ်ခဲ့တဲ့
သူရဲကောင်းမိန်းမတွေလည်းရှိခဲ့ ။

သမိုင်းမှာ
ကျုပ်မရှိရင်
ကျုပ်လူနာတွေ အကုန်သေကုန်မှာပေါ့လို့ပြောပြီး
ရန်သူလက်ထဲ ရပ်ကျန်ခဲ့တဲ့ဆရာဝန်လည်းရှိခဲ့ ။

သမိုင်းမှာ
သမိုင်းမှာ
သမိုင်းမှာ

သမိုင်းဆိုတာ
နောက်ကလိုက်ရတဲ့ အစေခံတစ်ယောက်သာဖြစ်ပြီး
အာဇာနည်ဆိုတာ
ရှေ့ကသွားနေတဲ့ သူရဲကောင်းတစ်ယောက်သာဖြစ်တယ်
အာဇာနည်ဆိုတာ
စွန့်ရဲ ကျွံရဲ နွံထဲဆင်းရရုံတင်မက
အာဇာနည်ဆိုတာ
လက်ရုံးရည် နှလုံးရည်
ဝတ္တရားတာဝန်ကျေခြင်းတို့နဲ့ ဖွဲ့စည်းထားတဲ့
ကောင်းကင်ဖြစ်တယ်
မြေကြီးဖြစ်တယ်
လေနဲ့ရေပါဝင်တဲ့ ဓာတ်ကြီးလေးပါး
သဘာဝတရားကြီးလည်းဖြစ်တယ် ။

ဘာပဲပြောပြော
မိုးတွေကတော့ ရွာနေဦးမှာပဲ
ရွာနေတဲ့ မိုးစက်မိုးပေါက်တွေအောက်မှာ
အာဇာနည်တွေကတော့
မြေကြီးတွေထဲအတင်းတိုးထွက်
တဖွားဖွားဆက်ပြီး ပေါက်နေကြဦးမှာပါပဲ ။
ပြန်တွေးကြည့်တယ်
တကယ်တော့ သူဟာ သူ့ဘ၀တစ်လျှောက်လုံး
အာဇာနည်ဆိုတဲ့ စကားလုံးကိုသင်ဖူးခဲ့လိမ့်မယ်မထင်ဘူး
တကယ်တော့ သူဟာ သူ့ဘ၀ တစ်လျှောက်လုံး
လူငယ်ဘ၀ လွတ်လပ်မှုတွေ ဆုံးရှုံးခံလို့
ဆံပင်စုတ်ဖွား မေးရိုးကားကား လူ့ဂွစာ တစ်ယောက်လိုနေခဲ့
ရေမချိုး မိုးမချိုး အင်္ကျီတစ်ထည် စာအုပ်တစ်ပုံနဲ့နေခဲ့
ခြင်ထောင်တစ်လုံး ကြမ်းပိုးတစ်ကောင် ဖျာကြမ်းတစ်ချပ်
အခန်းတစ်ခန်းနဲ့သာနေခဲ့
မရှိတာထက် မသိတာကို သူပိုကြောက်နေခဲ့ပုံပဲ
နိုင်ငံ့အရေးတစ်ခုကလွဲရင်
“ ထမင်းစားပြီးပြီလား ”
“ ဘယ်ကပြန်လာတာလဲ ”
“ ဘယ်သွားမလို့လဲ ” သူစိတ်မ၀င်စား
အလ္လာပ သလ္လာဘတွေနဲ့ သူ့အတွေးတွေကို အဆုံးအရှုံးမခံ
စားချင်ရင်
ဂုဏ်သရေရှိတွေရှေ့စားပွဲပေါ်က
ဘယာကြော်တစ်ခုကို ဆတ်ခနဲ ကောက်ယူစားပစ်လိုက်ဖို့
ဝန်မလေး
ကြည့်ချင်ရင်
အာဏာမသုံး ပါဝါမသုံး
ရုပ်ရှင်တစ်ကား ဈေးအပေါဆုံးရှေ့တန်းက ၀င်ကြည့်ဖို့
ဝန်မလေး
ကျည်ဆန်တွေ မထိမှန်ခင်ကတည်းက
သူ့စွပ်ကျယ်ဇကာပေါက် ဖြစ်နေခဲ့တာလေ
အရိုင်း သို့မဟုတ် အောင်ဆန်းဟာ
ရိုင်းတာထက် လွပ်လပ်နေရတာကို ပိုကြိုက်ခဲ့တာပဲ ။

ဓာတ်ရှင်မင်းသားတွေထက် လူတွေက
သူ့အသားကို ပိုထိချင်ကြတယ်
ရေအိမ်သွားတာအဆုံး တရုန်းရုန်း
အဘိုးအဘွားတွေက အကဲဆုံးလိုက်ကြည့်ကြရတယ်
ကဲ ကြည့် သူ ဘယ်လောက်ရဲရင့်သလဲ
ဗိုလ်မိုးကြိုးကို ဓား ဓားချင်း
မောင့်ဘက်တန်ကို စကား စကားချင်း
သူကစိန်မခေါ်ပေမယ့်
ခေါ်တဲ့စိန်ကို တိမ်ပေါ်အထိလိုက်ခဲ့တာ
သူ ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ရင်း
ပန်ကန်ဆေးခဲ့ရတာ ခင်ဗျားတို့သိလား ။

သူ သူဟာ
သူ့ကိုယ်ကလွဲရင် အားလုံးကို ပုံအော ချစ်နိုင်ခဲ့သူပဲ
လှေတစ်စင်းနဲ့ အမွိုင်ကို ထွက်သွားတုန်းက
သူ တစ်ချက်လှည့်မကြည့်ခဲ့ဘူး
ပိုက်ဆံတစ်ပြားမှ မရှိလို့ ဆာလောင်မွတ်သိပ်နေရင်လည်း ကိစ္စမရှိ
ဘယ်သူ့ဆီမှ လက်မဖြန့် ရှေ့မှာစာအုပ်တစ်အုပ်သာ ဖြန့်ထားတယ်
အဲဒီလို တင်းတင်းမာမာ

ကျောက်သားလို ခြောက်ခြားဖွယ်ကောင်းလောက်အောင်
လျှောက်နေတဲ့လူတစ်ယောက်ဟာ
သူ့အမေရှေ့မှာ ခေါင်းငိုက်စိုက်
ရထားထွက်မှ ဒူးထောက်ထိုင်ချ ကန့်တော့ရဲတဲ့
ကျွန်တော်တို့အတွက် သူနှလုံးသား သူဆွဲဖဲ့ထားတဲ့လူ ။

အပြင်မှာ မိုးတွေရွာနေတယ်
ရွာနေတဲ့ မိုးအောက်မှာ ရွာစရာမရှိတော့လောက်အောင်
ကျွန်တော်တို့ မျက်ရည်တွေ ခမ်းခြောက်ခဲ့ပါပြီ
သူမရှိတော့
မြစ်ကြီးလည်း ဘယ်ကိုစီးရမှန်းမသိ
သူမရှိတော့
အမျက်ခရီးလည်း ဘယ်လိုအဆုံးသတ်ရမှန်းမသိ
သူမရှိတော့
ရှိနေတဲ့သစ်ပင်တွေ ဘယ်လိုရှင်သန်လို့ ရှင်သန်ရမှန်းမသိ
သူမရှိတော့
မသိမှုခြောက်ကြီးဟာ ပိုနက်ရှိုင်းလာ
သူမရှိတော့ ရွာနေတဲ့မိုးမှာ အက်ဆစ်တွေပိုအားကောင်းလာ

ငါတို့မေံမရအောင်
ကဲ သူဘာများပြောခဲ့လို့လည်း
ကြည်ပဲပြုပ်နှင့်နံပြားစားချင်တယ် ဒါပဲ မဟုတ်လား
ငါတို့သတိရနေအောင်
သူကဘာများ တောင်းးဆိုခဲ့လို့လဲ
လွတ်လပ်ရေးရပြီးရင် အေးအေးဆေးဆေးစာရေးမယ် ပြီးတော့
သစ်ပင်ပန်းမန် ခြံစိုက်မယ် ဒါပဲမဟုတ်လား

ငါတို့တသက်မမေ့အောင်
သူ ဘာများရသွားခဲ့လို့လည်း
ကျည်ဆံ ၁၃ တောင့်နဲ့ ကြေကွဲစရာ စွန့်လွှတ်မှုကြီး
ဒါပဲ မဟုတ်လား ။


အာဇာနည်ဆိုတာ / သူရဲကောင်းဆိုတာ
အိပ်ပျော်နေရင်တောင် အိပ်မက်မမက်ဘူး
ဘာဖြစ်လို့လဲဆိုတော့
အိပ်မက်ကသူ့ကို ပြန်ပြီး အိပ်မက်မက်နေမှာ မိုလို့ပဲ ။

ကျွန်တော်တို့ဟာ သူ့ကို အိပ်မက်ထက်ပိုပြီး
ဒဏ္ဍာရီလာ သူရဲကောင်းအာဇာနည် တစ်ဦးအဖြစ်
စိတ်ထဲစွဲထင်မိတော့တယ်
သူဆုံးသွားတော့
ကမ္ဘာ့ ကမ္ဘာ့ခေါင်းဆောင်တွေက
မြန်မာပြည်အတွက်သာမက
အာရှတိုက်အတွက် အကြီးကျယ်ဆုံး ဆုံးရှုံးမှုလို့ပြောကြတယ် ။

တကယ်တော့
လူတစ်ယောက်ကို ချစ်ရတာ မလွယ်ပါဘူး
သားသမီးတွေက မိဘကိုချစ်ရတာ လွယ်သလောက်
မိဘက သားသမီးတွေကို ချစ်ရတာ မလွယ်ပါဘူး
သူဟာ ကျွန်တော်တို့ကို အဖေတစ်ယောက်လို ချစ်ခဲ့
သူများအစော်ကား အနှိပ်စက်ခံ ငရဲနွံထဲက
အသက်ကိုရင်းကာ ဆွဲထုတ်ပေးခဲ့
အဖေရေ  အဖိုးရေ
ကျွန်တော်တို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ သူရဲကောင်းကြီးရေ
အပင်ကို စိုက်ပျိုးခဲ့ပြီး မှ
အသီးပွင့်အောင်မလုပ်နိုင်ခဲ့တဲ့
ကျွန်တော်တို့ကို ခွင့်မလွှတ်ပါနဲ့တော့လေ
အဖေသာရှိရင်
ပန်းခင်းထဲ မြင်းစီး ခုလောက်ဆို
ကျွန်တော်တို့ ကောင်းကောင်း သီချင်းဆိုနေရပြီ

အဖေသာ ခုချိန်
ကောင်းကင်ဘုံတစ်နေရာက ငုံကြည့်မိရင်
သေနတ်မှန်ခဲ့ရတုန်း သွေးထက်
ခု ရှက်တဲ့သွေးက ပိုရဲနေလိမ့်မည် ။

အပြင်မှာ မိုးတွေရွာနေပါတယ် အဖေ
အဲဒီမိုးဟာ နီရဲလို့
အဖေအပါအ၀င် အာဇာနည် ၉ ဦးရဲ့ သွေးတွေပေါ့
အဲဒီသွေးတွေ ကျွန်တော်တို့ အပေါ်စီးကျလာမှ
ရုတ်တရက် သွေ့ခြောက်ကန္တာရမြေထဲ ခုန်ထမိတယ်
ကျွန်တော်တို့ အိပ်ပျော်သွားတဲ့နှစ်တွေ မနည်းပါ့လား
ကုန်းထ
အဲဒီသွေးတွေနဲ့ ငါတို့ခေတ်ကို ရှင်သန်ရအောင်
အဲဒီသွေးတွေနဲ့ ငါတို့အလံတော်ကို ပိုပြီးနီရဲအောင်
အဲဒီသွေးတွေနဲ့ ငါတို့အမိမြန်မာနိုင်ငံတော်ကြီး စိမ်းလန်းအောင်
လာပါ ညီငယ် ညီမငယ်တို့
လာပါ အစ်ကို အစ်မတို့  ။       ။

ခရမ်းပြာထက်လူ

ကဗျာမှာ အဆုံးနည်းနည်း ကျန်ခဲ့ပါသေးသည်။

ဆက်ဖတ်ချင်သူများအတွက်ကတော့ .....

အမေရှိရင် ငွေရှိတယ်
အမေရှိရင် ရွှေရှိတယ်
အမေရှိရင် အရာရာပြည့်စုံတယ်
လာပါ  မိုးထဲ လေထဲ မျက်ရည်မ၀ဲနဲ့တော့
အမေနဲ့အတူ
သမီးတွေက ထီးတွေမိုး
သားတွေက ဓားတွေထမ်း  ဘယ်လောက်ကြမ်းပါစေ
အဖေထားခဲ့တဲ့လမ်း  ကဲ ပြန်ဖွင့်ဆက်လျှောက်လိုက်ကြစမ်းလို့
မိုးထဲလေထဲ အမေ့လက်ကိုဆွဲ
ကျွန်တော် ဟစ်အော် အော်ခေါ်နေမိတယ်  ။

ခရမ်းပြာထက်လူ

No comments:

Post a Comment