ငါဆင်းရဲသား
ငတ်မွဲတာဟာ ၊ မွေးဇာတာလား
ဒါမှမဟုတ် ၊ ဂုတ်သွေးစုတ်ယူ
လုပ်အား သူခိုး ၊ စနစ်ဆိုးလား
ဖြတ်ချိုးထိုးဖောက် ၊ ရဲရဲတောက်ဘဲ
အဲဒါဆန်းစစ်ကြည့်ရမယ် ။
ငါဆင်းရဲသား
ငတ်မွဲတာဟာ ၊ ကံမပါလို့
သေချာစဉ်းစား ၊ ဟုတ်မလား
ပြတ်သားကြည်လင် ၊ ထိုးဖောက်မြင်မှ
ဘ၀ဆိုတာ ဘယ်လိုလဲ ။
မဟုတ်သေးဘူး
သူဌေးဆိုတာ ၊ ဘယ်လို ဘာလဲ
သေချာစဉ်းစား ၊ ကံတရားလား
တိုက်ကားစီးတာ ၊ မွေးဇာတာလား
ဒါလဲ ဆန်းစစ်ကြည့်ရမယ် ။
ငတ်တာမွဲတာ ၊ ချမ်းသာတာတွေ
“ကံ” “ဇာတာ ” မဟုတ် ၊ ဂုတ်သွေးစုတ်ယူ
ဖိနှိပ်သူကြောင့် အမှန်ဘဲ ။
သတ္တိဆိုတာ
ငါမှာမရှိ ၊ ဆင်းရဲဘိ၍
ရှုကြည့်သုံးသတ် ၊ ဆင်ခြင်တတ်မှ
ဖြစ်ရပ်မှန်စွာ ၊ ပေါ်ပေါက်လာလျက်
ငါ့မှာ အသိ ၊ တရားရှိပြီ
သတ္တဆိုတာ ငါဘဲဟေ့ ။ ။

သူ (သို့မဟုတ် )


သည်နေရာလည်း
သူသာပါသည်
ဟိုနေရာလည်း
သူသာပါသည်
နေရာတိုင်းမှ
သူချည်း ပါ၏
ငါ သူကို မယုံကြည်ချေ ။ ။

စစ်မျက်နှာ

သေနင်္ဂ ဗျူဟာ
စစ်မျက်နှာဖွင့် ၊ အသင့်ပြင်ဆင်
တိုက်ပွဲဝင်ရန် ၊ သင်လျှင်နိုးကြားနေရမည် ။
သေနင်္ဂဗျူဟာ
စစ်မျက်နှာဖွင့် ၊ အသင့်ပြင်ဆင်
တိုက်ပွဲဝင်ရန် ၊ ငါလျှင်နိုးကြားနေရမည် ။
ယုံကြည်ချက်တခု အလေးပြုလျက်
စုစည်းတက်ကြွ ၊ ညီညွတ်ကြလော့
ဘ၀မွဲထူ ၊ ပြည်သူဘက်မှ
ရပ်တည်ကြ၍ ၊ လောကသစ်ကို ဖန်တီးလော့ ။
လောကသစ်ကို ကြိုဆိုလော့ ။
ခေတ်နှင့်ပြည်သူ ၊ ခွဲခြားယူ၍
ပြည်သူ ငတ်မွဲ ဆင်းရဲနေလျက်
တိုးတက်သည့်ခေတ် ၊ သည်စနစ်ဟု
အော်ဟစ်မရနိုင်ပါချေ ။
ခေတ် နှင့်ပြည်သူ
တူယှဉ်တိုးတက် ၊ စွမ်းအားထက်စေ
မြင်လေသမျှ ၊ ကြည်နူးရစေ
စားလေသမျှ ၊ ၀မ်းဝရစေ
ဝတ်လေသမျှ ၊ လှပရစေ
နေလေသမျှ ၊ အေးချမ်းရစေ
လောကအလှ ၊ ခံစားကြရန်
မှန်ကန်သည့်ဘက် ၊ ရပ်တည်ချက်နှင့်
ဆက်လက် တိုက်ပွဲ ၀င်ရမည် ။
သေနင်္ဂဗျူဟာ
စစ်မျက်နှာဖွင့် ၊ အသင့်ပြင်ဆင်
တိုက်ပွဲဝင်ရန် ၊ ဒို့လျှင်နိုးကြားနေရမည် ။

မီးရှို့ပစ်ရမည့် ကဗျာ

သစ္စာတရား ၊ ဦးထိပ်ထား၍
ပြတ်သားရဲရင့်ဘို့ လိုသည် ။
ထာဝရ သစ္စာ ၊ ရှာဖွေပါသည်
ဘယ်မှာမှ မတွေ့ ။
ထာဝရ သစ္စာ ၊ ရှာဖွေပါသည်
ကဗျာမှာလဲ မတွေ့ချေ ။
ရွာမီးလောင်၍
အမှောင်ကားချ ၊ နေ၀င်စကို
အလှဆည်းဆာ ၊ ကျေးတောရွာဟု
ကဗျာဆရာ ဖွဲ့လေ၏ ။
ရွာမီးလောင်၍
အမှောင်ကားချ ၊ နေ၀င်စတွင်
ငိုကြသောသံ ၊ ပွက်ဆူညံလျက်
တေးသံသာယာ ၊ ကျေးတောရွာဟု
ကဗျာဆရာ ဖွဲ့လေ၏ ။
ထာဝရသစ္စာ ၊ ကင်းမဲ့ပါပြီ
ကဗျာဆရာ ၊ ကိုလူညာသည်
ကျေးရွာပြည်သူ ၊ လှည့်စားယူ၍
ဆူပူနေကြ ၊ ရွာဘ၀ကို
အလှကဗျာ ၊ ရေးဖွဲ့ပါသော်
သစ္စာတရား ၊ ဘယ်မှာနည်း ။
ပြည်သူညာသော
ကဗျာဆရာ ၊ သင့်ကဗျာကို
စာဂုဏ်သေးနှပ် ၊ အကျင့်ယုတ်၍
ဖြဲဆုပ် မီးရှို့ ပစ်လိုက်ဟေ့ ။ ။

ဝါရှင်တန် ချီတက်ပွဲ

ဖိနှိပ်လွန်းက ၊ တော်လှန်ကြသည်
ထာဝရသစ္စာ ၊ တရားတည်း ။
အမေရိက ဒေသနေသူ
လူဖြူ လူမဲ ၊ အဆင့်ခွဲ၍
တိုက်ပွဲ ခိုက်ပွဲ ၊ တော်လှန်ပွဲတွေ
ကြားနေမြင်နေကြရပြီ ။
လူဖြူလူမဲ
ဖိနှိပ်သူက ၊ လူဖြူများ ။
တော်လှန်သူက လူမဲများ ။
လူမဲလည်းလူ ၊ လူဖြူလည်း လူပင်
လူချင်းတူလျက် ၊ မျက်လှည့်ပြကာ
ကောက်ကျစ်ပါဘိ ၊ အမေရိကန်
နိုင်ငံကြီးသား ၊ လူဖြူများက
တရားကင်းမဲ့ ၊ ဥပဒေမဲ့စွာ
မဟာလူမျိုးကြီး ၊ အယူသီး၍
ကားစီးလျှင် လူမဲထိုင်ခွင့်မပြု။
လူဖြူအိမ်ထဲ ၀င်းခြံထဲကို
လူမဲ လုံးဝ မလာရ ။
ကျောင်းသို့ သွားကြ ၊ စာသင်ကြလည်း
တက္ကသိုလ်ကို တက်ခွင့်မပေး ။
လူဖြူနှင့်တွဲ ၊ တ၀ိုင်းထဲမှာ
ပျော်ပွဲစားရုံ မ၀င်ရ ။
ဘာလုပ်မလဲ ၊ နောက်ဆုံးဘဲဟေ့
လူမည်းအားလုံး စုဝေးရန် ။
လူမဲအုပ်စု ၊ စုဝေးမှုမှ
လူထုခေါင်းဆောင် ၊ ရှေ့ကဆောင်ကာ
မဟာတိုက်ပွဲ ၀င်ရမည် ။
လူမဲခေါင်းဆောင်ကြီး
ဖီးဒရစ်ဒေါက်ကလပ် ၊ ရှေ့မှရပ်လျက်
ချီတက်လာကြ ၊ ဆန္ဒပြ၍
နှုတ်မှကြွေးကြော် ၊ လက်ဆန့်အော်ကာ
ဝါရှင်တန် လမ်းမကြီးဆီဆို့ ။
အခွင့်အရေး ၊ အသက်ပေး၍
စတေးတိုက်ယူ ၊ အောင်လံထူရင်း
တေးသီချင်းဆိုကာ ချီတက်လာကြပြီ ။
“ တနေ့မှာ ဒို့တတွေ အောင်ရမယ်
တကယ်ဘဲ ဒို့တတွေ အောင်ရမယ်
ငါ့အသဲ ငါနှလုံးထဲမှာ
စွဲမြဲစွာ ယုံကြည်ထားတယ်
အဲဒါကတော့
တနေ့မှာ ဒို့တတွေအောင်ရမယ် ” ။ ။
(လူမဲတော်လှန်ရေး ရုပ်ပုံလွှာ )