တစုံတယောက်သည် မြားကို ပစ်သောအခါ ပစ်ကွင်းကို ကြည့်ရပေမည် ။
ကဗျာရေးသူသည် ကဗျာရေးသော အခါ ပြည်သူများ တက်ကြွအောင် ၊
ပြတ်သားအောင် ရှေ့တန်းမှ ရဲရင့်စွာဖြင့် ပစ်ကွင်းကို ကြည့်ရပေမည် ။
ဤ ယုံကြည်ချက်ဖြင့် ဤ ကဗျာများကို ရေးလိုက်သည် ။
မောင်ပြုပြင် (ကျုံပျော် )
အဖိုးသခင်ကိုယ်တော်မှိုင်း
မငြိမ်းမချမ်း
စိတ်ဝမ်းမငြိမ် ၊ နှလုံးအိမ်မှ
အကြိမ်တရာ ၊ ကန်တော့ပါသည်
ချစ်လှစွာသော အို အဖိုး ။
တိုင်းရေး ပြည်ရေး
ပေါက်နှင့်ကျေးသို့ ။
ကြက်ဥသဖွယ်
တိမ်တောင်နှယ်သို့ ။
အမယ်ဘုတ်ချည်ငင် ၊ ရှုပ်ထွေးအင်သို့
မြင်ရကြုံတွေ့ ၊ မချမ်းမြေ့လည်း။
ရှေ့မီနောက်မှီ ၊ ခေတ်ကိုမှီမို့
ရှေ့ဆီမျှော်မှန်း ၊ သူကြိုးပမ်းခဲ့
စိတ်ဝမ်းညီညီ ၊ မြဲခိုင်ကျည်ပြီး
ညီနှင့်အကို ၊ ချစ်စေလို၏
တောကိုလည်းချဉ်း ၊ မြို့ဆီဆင်း၍
မကင်းမပြတ် ၊ ဆွေးမျိုးစပ်သို့
အရပ်တကာ ၊ သူရောက်ပါသည်
ကဗျာစာဆို ဘဘမှိုင်း ။
ဆင်းရဲချမ်းသာ ၊ မခွဲပါပြီ
ပြည်ရွာငြိမ်းချမ်း ၊ သူကြိုးပမ်းစဉ်
ပန်းဖောက်ရထား ၊ ဆိုက်ခဲ့ငြားမို့
တိုင်းသားပြည်သူ ၊ ၀ှန်းဝှန်းဆူမျှ
ပြည်သူငိုပွဲ ၊ ခြိမ့်ခြိမ့်သဲခဲ့ ။
အို - အဖိုး
မျှော်ကိုးခဲ့ရာ ၊ ဖြစ်မလာလည်း
သစ္စာတရား ၊ ဆုပ်ကိုင်ထားသည့်
သားတို့ခေတ်တွင်း ၊ တိုက်ပွဲခင်း၍
ပြင်းထန် လှုပ်ရှားနေပါသည်။
မငြိမ်းမချမ်း
စိတ်ဝမ်းမငြိမ် ၊ နှလုံးအိမ်မှ
အကြိမ်တရာ ၊ ကန်တော့ပါသည်
“ချစ်စွာလေသော အို အဖိုး ”
ပြည်သူ စာပေနှင့် ပိုင်ဆိုင်မှု
ပန်းများပွင့်သည်
ပွင့်သည့်ပန်းလျှင် ၊ “ရေမြေ့ရှင် ”
သခင်နှင့်သာ ၊ ထိုက်တန်ရာမို့
မဟာဆင်းရဲ ၊ ငတ်မွတ်မွဲသည့်
လူထဲကလူ ၊ လူခြင်းတူလည်း
ပြည်သူ မသက်ဆိုင်ပါချေ ။
ပန်းများပွင့်သည်
ပွင့်သည့်ပန်းလျှင် ၊ “ အရင်းရှင် ”
မြေရှင်ပဒေသရာဇ် ၊ ပိုင်ဆိုင်ရစ်မို့
နွံနစ်နေသူ ၊ ငမွဲထူသော
ပြည်သူမသက်ဆိုင်ပါချေ ။
ခေတ်တခေတ်တွင် ၊ ကြိုတင်မြင်သည်
ဥယျဉ်မှုးများ ၊ နှလုံးသားဝယ်
အားသစ် မဖြိုး ၊ ကြုံလှီညှိုးမို့
ပျိုးထောင်ခဲ့ရာ ၊ ပန်းပင်မှာလည်း
ပွင့်လှာသည့်ပန်း ၊ စံရိပ်နန်းဝယ်
ညှီုးနါမ်းရင်းသာ ၊ ကာလကြာခဲ့ ။
ရေစီးကြောင်းသို့
ပြောင်းလဲ တိုးသစ် ၊ လူတို့ခေတ်သည်
သစ္စာတရား ၊ ပြည့်ဝငြားပြီ
လှုပ်ရှားတက်ကြွ ၊ ပန်းအလှတို့
ဖူးကြ ငုံကြ ၊ ပွန်သစ်ကြသော်
ဘ၀မှန်ကန် ၊ တိုက်ပွဲဆန်ခိုက်
တော်လှန်ဝံ့ရဲ ၊ လူငတ်မွဲတို့
အမြဲညီတူ ၊ ခူးချွေယူ၍
ပြည်သူ ဆင်သနိုင်စေသတည်း ။ ။
ပြည်သူ့ဆိပ်ကမ်း တနေရာ
ညစ်ပုပ် နောက်ကျူ ၊ ရေတို့စုသော
ပြည်သူ့ဆိပ်ကမ်း တနေရာ ။
ဘောတံတားမှ
လှုပ်ရှားသွက်လက် ၊ ထမင်းတွက်လျှင်
မပျက်စုရုံး ၊ ချွေးခုံးလုံးနှင့်
ပခုံးထမ်း လုပ်သားပြည်သူများ ။
ဆိပ်ကမ်းတံတား
နိုင်ငံခြားမှ ၊ ရွေ့လျားတိုးလတ်
သင်္ဘေကပ်၍ ၊ တတ်ကျွမ်းပညာ
ထမ်းပိုးပါသည့် ၊ ကာယလုပ်သား
ပစ္စည်းများကို ၊ စိတ်ထားဖြူစင်
သယ်ပိုးယူပြီး ၊ ပြည်သူတွေလက်
ပို့ရောက်ဆက်ရန် ၊ ချွေးစက်ချွေးပေါက်
မြေသို့ရောက်၍ ၊ နောက်ကျ၍နေ
မြစ်တွင်းရေထဲ စီးဝင်ဆဲ ။
ပင်လယ်လေသည်
ပတ်လည်ဝေ့၀ိုက် ၊ သည်အခိုက်တွင်
တိုက်ခိုက်ဖြတ်သွား ဆိပ်ကမ်းနား ။
သဘောင်္ပေါ်မှ ၊ သယ်ချရသည့်
“ချောကလက် သေတ္တာ ” ၊ မြောက်မြားစွာ
သဘောင်္ပေါ်မှ ၊ သယ်ချရသည့်
ရသာပြည့်ထွား ၊ “ထောပတ်များ ”
သဘောင်္ပေါ်မှ ၊ သယ်ချရသည့်
ရသာစုံစွာ ၊ “ငါးသေတ္တာ ” ။
သဘောင်္ပေါ်မှ ၊ သယ်ချရသည့်
“အရက်သေတ္တာ ” ၊ မြောက်များစွာ ။
အလုပ်သမားထု ၊ ညီညွှတ်မှုဖြင့်
စုပေါင်းထမ်းပိုး ၊ စွမ်းအားကိုးမို့
အဖိုးတန်ငြား ၊ ပစ္စည်းများသည်
များမကြာခင် ၊ ကားပေါ်တင်ပြီး
လျှင်မြန်သွက်လက် ၊ ပြည့်စုံလျက်သော်
မောင်းထွက်၍သွား ၊ မော်တော်ကား
ဘယ်များခရီးဆက်ပါလိမ့် ။
တွေးနေစရာ ၊ မဟုတ်ပါချေ ၊ တာဝန်ကျေစွ ၊ အနားရ၍
ထမင်းကြမ်းခဲ ၊ လည်မျိုထဲသို့ ၊ အားခဲထိုးသိပ် ၊ သစ်ပင်ရိပ်တွင်
“ချွေးသိပ်နေသော အလုပ်သမားများ ” ။
ညစ်ပုပ်နောက်ကျု ၊ ရေတို့စုသော ၊
ပြည်သူ့ဆိပ်ကမ်း တနေရာ ။ ။
တပ်လှန့်သော ကဗျာ
အရှေ့ အနောက်
တောင်နှင့်မြောက်တည့်
ကြောက်မက်ဖွယ်ဖြစ် ၊ မိုးကြိုးထစ်၍
ရှစ်ရပ်ခွင်ဆီ ၊ မန်ဝံ့ချီလျက်
လေနီမုန်တိုင်း တိုက်လေပြီ ။
လေနီမုန်တိုင်း
ဝန်းယှက်သိုင်း၍
ဆိုင်းဆို့မရ ၊ တိုက်ခိုက်ကြချိန်
ဘ၀အားမာန် ၊ ကြံကြံခံလျက်
“တော်လှန်နေသူ အသင်္ချေ “ ။
လေနီမုန်တိုင်း
ဝန်းယှက်သိုင်း၍
ဆိုင်းဆို့မရ ၊ တိုက်ခိုက်ကြချိန်
အလိုက်သင့်ဟန် ၊ ယိမ်းနွဲ့ပြန်လျက်
“ဖောက်ပြန်နေသူ အမြောက်အမြား ”
မုန်တိုင်းကြမ်းကြမ်း
လေနီကြမ်း၍
လမ်းစပျောက်နေ ၊ ငှက်ငယ်တွေတည့်
လေနီဆင်ရာ ၊ ငြိမ်သက်ပါမည်
ချိန်ခါစောင့်က ၊ ယုံကြည်ကြသော
ရင်မှမြှော်မှန်း ၊ သစ္စာနန်း၏
ပန်းတိုင် အရောက်နှေးရော့မည် ။
အန္တရာယ်ကို
ရင်ဝယ်တွေးကာ ၊ ကြောက်နေပါလျှင်
သစ္စာရည်လျက် ၊ ယုံကြည်ချက်ကို
ချိုးဖျက်ရာလေ ရောက်ရော့မည်။
လေနီဆင်ဆဲ ၊ အားမာန်ဇွဲဖြင့် ၊ အားခဲရုန်းကန်
တွန်းတော်လှန်၍ ၊ ပျံထွက်ခဲ့ပေ
ငှက်ငယ်တွေသည် ၊ သေကြ ကြေကြ
ဒဏ်ရာရပြီး ၊ ခရီးဆုံးတိုင်
မပျံနိုင်မင့် ၊ ပန်းတိုင်ရောက်သူ ရောက်ခဲ့၏ ။
လက်တွေယှဉ်ပြိုင်
ရင်ဆိုင်ဝံ့ရဲ ၊ တိုက်ပွဲဆိုတာ
ဒဏ်ရာရကြ ၊ ကျဆုံးကြလိမ့် ။
“ပဲ့ပြားပမာ ”
လေငင်ရာကို
ယိမ်းကာနွဲ့ကာ ၊ မလိုက်ပါဘဲ
သစ္စာဖြိုးဝေ ၊ ငှက်ငယ်တွေလို
ဒို့တွေ နည်းယူသင့်ပြီတကား ။ ။
နှာစေးနေသော ယုန်ကလေး အကြောင်း
မြူတိမ်ကင်းစ ၊ လပြည့်ညတွင် ၊ လမင်းအားမာန်
ပြည့်ဖြိုးလျှံ၏။အမှန်တရားသစ္စာ
စိုးမိုးရာမို့ ၊ သည်ဟာ အဆန်းမဟုတ်ချေ။
“ရာသီနွေတွင် ”
ရှင်သန်ကြီးထွားမုန်တိုင်းများတို့
လှုပ်ရှားမနှေး ၊ အားမာန်သွေး၍
အေးမြမည်မှာ ၊ စဉ်အလာမို့
သည်ဟာ အဆန်းမဟုတ်ချေ ။
“ ဆောင်းရာသီမှာ ”
နှင်းဝတ်လွှာလျှင် ၊ မြလွှာရွက်ထိပ်
အလှချိတ်လွှမ်း ၊ ဇာချည်ပန်းတည့်
ချမ်းမြမြကဲ ၊ ခိုက်တုန်ဆဲမို့
ဒါလဲ အဆန်းမဟုတ်ချေ ။
အထက်ပါအကြောင်း
ဆင့်ဆင့်ပြောင်းပုံ ၊ အလုံးစုံကို
တွေ့ကြုံခဲ့ဘိ ၊ ကျွန်တော်သိသလို
သိရှိမည်မှာ ၊ လူတိုင်းသာမို့
ဘာမှ မပြောချင်တော့ပါ ။
ဒါပေမင့်
မြူနှင့်တိမ်နှင့် ၊ ကင်းစင်လွင့်၍
ကျူးရင့်ဥသြ ၊ နွေတကြော၏
သာမောဘွယ်လှ ၊ ညတညတွင်
လပြည့်ဖြစ်လျက် ၊ လမထွက်မို့
တွက်ဆ၍သာ ၊ အဖြေရှာလည်း
ဒါကို ကျနော်မသိခဲ့။
ကြည့်ပါ
မိုးရာသီပင် ၊ ဖြစ်ပါလျှင်လည်း
မြေပြင်ရိပ်နန်း ၊ ခြောက်သွေ့နွမ်း၍
ပန်းတိုင်းမပွင့် ၊ နွမ်းကြွေလွင့်ပြီး
မိုးဖြင့်မရွာ ၊ ပူလောင်လာ၏
နေ့မှာ လထွက် ၊ သစ္စာပျက်ထင့်
တွက်ဆ၍သာ ၊ အဖြေရှာလည်း
ဒါကို ကျနော်မသိပါ ။
မယုံစရာ
ပုံပမာသို့ ၊ နှင်းလွှာမကြ
ပွင့်ခ၀ဲလျှင် ၊ ပွင့်မြဲမပွင့်
ကြွေကာလွင့်ခဲ့ ၊ ဆောင်းဖြင့်မပီ
နေသည်ညထွက် ၊ သစ္စာပျက်ထင့်
တွက်ဆ၍သာ ၊ အဖြေရှာလည်း
ဒါကို ကျနော်မသိပါ ။
ယုံကြည်မှသာ ၊ ယုံကြည်ပါနော် ၊ ရာသီဥတု
ဖောက်ပြန်မှုသည် ၊ မည်သူ့လက်ချက်
တရားပျက်၍ ၊ ယွင်းပျက်လေကြောင်း
ပုံပြင်ဟောင်းကို ၊ ကောင်းကောင်းသတိရ
အမှတ်တရလည်း ၊ ကျနော်နှုတ်ပိတ်
ခပ်မဆိပ်ပင် ၊ တိတ်တိတ်လေးသာ
နေခဲ့ပါသည် ၊ သစ္စာနှင့်တွေး
သည်အရေးကို ၊ ဆွေးနွေးလိုက
လာခဲ့ကြလေ ၊ တံခါးကိုဖွင့်
မီးအိမ်မြှင့်ပြီး ၊ အသင့်ကြိုပါမည် မိတ်ဆွေကြီး ။ ။
လပြည့်ညသည် မှောင်နေ၏
ရွှေလပမာ ၊ သားမျက်နှာ ။
ငွေလပမာ ၊ သားမျက်နှာသို့
ကမ္ဘာတခု ၊ သီးခြားပြု၍
နှိုင်းတုစရာ ၊ မမြင်သာသည်
မေတ္တာစစ်၏ ၊ မိခင်စိတ် ။
ဝမ်းအိမ်ပိန်အို ၊ အစာလို၍
ငိုရှိုက်နေရစ် ၊ သားအဖြစ်ကြောင့်
ချစ်သောမိခင် ၊ သည်းရွှေရင်သည်
သွင်သွင်မုန်တိုင်း ၊ ထန်ခဲ့၏ ။
ညှိုးပိန်လှီရာ ၊ ကိုယ်ခန္ဓာဝယ်
အာဟာရဓာတ် ၊ မပြည့်လတ်၍
နှံ့စပ်လေသော ၊ လူသွေးကြောတွင်
ရောဂါစုံစွ ၊ ဖြစ်ပေါ်ကြပြီး
အလှ ကင်းမဲ့ခဲ့လေ၏ ။
မုဆိုးမ၏
သားလှရင်သွေး ၊ ဟိုရှေ့ရေးကား
မှုန်ရေးပြပြ ၊ ပိန်းပိတ်စွတည့်
“ လောကအကျည်း တန်ပြီလော ” ။
စီးပွားကပ်ပျက် ၊ ကာလပျက်ထင့်
ပျက်ယွင်းခဲ့ရ ၊ စာရိတ္တနှင့်
အသက်ရှင်ရေး ၊ ၀မ်းဝရေးသည်
မှုန်ရေးပြပြ ၊ ပိန်းပိတ်စွတည့်
“လောကအကျည်း တန်ပြီလော ” ။
ထမင်းနပ်မှန် စားရရန်နှင့်
သက်နှံရင်သွေး ၊ သားလူလေးအား
ဆေးနှင့်အာဟာရ ၊ ပြည့်စုံရအောင်
ငွေစရလျှင် ၊ ရင်ခွင်ဝင်ဘို့
မိခင်ဆုံးဖြတ်လိုက်လေ၏ ။
ဓနိခေါင်ကြဲ ၊ ကြမ်းခင်းတဲဝယ်
ငရဲတမျှ ၊ သူ့ဘ၀ကို
ငွေစကြေးနှင့် လဲလိုက်သည်။
မြူတိမ်ကင်းစင် ၊ ၀ဠာပြင်ဝယ်
ကယ်စင်ထွန်းပ ၊ လပြည့်ညသည်
အလှသစ်လွင် နေသော်လည်း ။
မုဆိုးမ၏
ဘ၀တခု ၊ တည်ဆောက်မှုတွင်
လူအလွှာတွင်း ၊ မှောင်မိုက်ခြင်းကို
လမင်း မတတ်သာပြီတကား ။ ။
No comments:
Post a Comment