Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

တော်လှန်ကဗျာ မှ ရွှေရတောင်ကုတ် ၏ ကဗျာများ



“ ကဗျာဆိုတာ
ဘာဆန်းလို့လဲ ၊ ဒို့ရင်ထဲမှာ
နာတာကျည်းတာ ၊ ခံပြင်းတာတွေ
ရွံတာ မုန်းတာ ၊ နှလုံးနာတာ
ပျော်တာ ချစ်တာ ၊ ကြင်နာတာတွေ
ဖြစ်ချင်တာတွေ ၊ ဖြစ်နေတာတွေ
ရင်မှာ ပြည့်ကန့် ၊ မဆန့်တဲ့တွက်
ပွင့်ထွက်ရတာ ၊ အန်ချရတာ
စေတနာ ဝေဒနာ ၊ ဒါကဗျာပေါ့ ”
ကဗျာကို လုပ်ယူလို့မရ ။ ။
ရွှေရ - တောင်ကုတ်

သည်ကာလသည် ဘာကာလ လဲ

သည်ကာလသည် ဘာကာလ လဲ
သည်ကာလသည် ၊ တည်ဆောက်ရေးလား ။
တည်ဆောက်ရေးဟု
ထောက်တွေးသိမှီ ၊ သင်ယုံကြည်က
သည်ကာလမှာ ၊ သင့်ကဗျာအား
ဂေါ်ပြား ပေါက်တူး ၊ ထွန်စူ ထယ်သွား
လွှ ဓား တံဇဉ် တူ ၊ ကာရန်ယူ
လူသုံးပစ္စည်း ထုတ်ယူလော့ ။
သည်ကာလသည် ဘာကာလ လဲ
သည်ကာလသည် ၊ တိုက်ခိုက်ရေးလား ။
တိုက်ခိုက်ရေးဟု ၊ ပိုက်ထွေးသိမှီ ၊ သင်ယုံကြည်က
သည်ကာလမှာ ၊ သင့်ကဗျာအား
လေး မြား သေနတ် ၊ ကျည်ကပ် ဓားရှည်
ယမ်းနှင့်ကျည်ဆံ ၊ မှိန်း ဆူး လှံ ဟု
ကာရန်ပြု ၊ ဖိနှိပ်မှုကို တွန်းလှန်လော့။
သည်ကာလသည် ဘာကာလ လဲ
မသဲကွဲသေး ၊ ရှုပ်ထွေးဝိုးဝါး
မပြတ်သားလျှင် ၊ သင့်၏မျက်လုံး
သလ္လာဖုံးလွှမ်း ၊ မမြင်ကန်းကြောင့်
လမ်းမှား ချောက်တွင်း ၊ ဦးစောက်ဆင်း
မင်း ကျဆုံးမှာပေါ့ သူငယ်ချင်း ။ ။

တော်လှန်သော ကဗျာဆရာ နှင့် မတော်လှန်သော ကဗျာဆရာ

နှလုံးသည်းပွတ်
ကွဲကြေပြတ်မျှ ၊ ဆတ်ဆတ်နာကျင်
စိတ်အစဉ်ကြောင့် ၊ အိပ်ပင်မပျော်
စားသော်မမြိန် ၊ နေမှိန်လေတိုင်း
ဒေါသလှိုင်းကြွ ၊ မုန်တိုင်းထလျက်
လိမ်ကြညာကြ ၊ ခိုးကြလုကြ
ဖိကြနင်းကြ ၊ ညည်းကြသတ်ကြ
ထိုင်ကြ စားကြ ၊ ထိုလောကနှင့်
နာရ ကျင်ရ ၊ ငိုရ ရှိုက်ရ
ခုရ ခံရ ၊ သေရ ကြေရ
လုပ်ရ ငတ်ရ ၊ ဤလောကတို့
ကွာဟ သွင်ပြင် ၊ ကာရန်ဆင်၍
သူလျှင်ကဗျာ ၊ ကျူးသီကာလျှင်
နာကျည်းမှုကို ၊ ဖွင့်အန်၏ ။
သူ့ကဗျာတွင် ၊ ရင်းရှင်ပဒေသရာဇ် ၊ မြေမြှုပ်ပစ်လော့
ဖက်ဆစ်အန္တရာယ် ၊ ၀ိုင်းကာကွယ်လော့
နယ်ချဲ့စနစ် ၊ ဖျက်ဆီးပစ်လော့
ပစ္စည်းမဲ့အာဏာ ၊ ထူထောင်ပါလော့
လော့ လော့ လော့ လော့ ၊ တလော့လော့နှင့်
မလျော့သစ်ကြွေး ၊ တော်လှန်ရေးကို
အလေးပေးကာ ရက်ရှယ်၏ ။ ။
သူ့ကဗျာတွင်
စာအုပ်ကြီးများ ၊ နှလုံးသားဖြင့်
ခံစားမှု၌ ၊ အခြေစိုက်ကာ
ကဗျာဘောင်တွင်း ၊ တော်လှန်ခြင်းကို
ပြင်းပြင်းထန်ထန် ၊ တောင်းဆို၏ ။
သြော် …. သို့ပါသော်
ဤရေးဘော်ကား ၊ တော်လှန်ရေးက
သူ့အားပေးအပ် ၊ လက်နက်မြတ်ကို
ချွေး ထပ်ထပ်ပြန် ၊ ကြောက်စိတ်မွန်လျက်
လက်မခံရဲ ၊ ငြင်းဆန်လွှဲကာ
ကဗျာသက်သက် ၊ ကျည်မထွက်သည့်
လက်နက်နှင့်သာ တိုက်သူတည်း ။
ဘယ်လဲကဗျာဆရာ
ကဗျာထဲက ၊ စာလုံးလှလှနှင့်
ဟန်မျှကြွေးကြော်
သင့်တော်လှန်ရေး ၊ စိတ်ဖြေဆေးနှင့်
အိပ်ရေးဝအောင် အိပ်နေမလား ။
လက်ရှိဘ၀ ၊ ပစ္စက္ခ၏
ကမ္မခေတ်ပေး ၊ တော်လှန်ရေးက
သွေး ချွေး သွန်ပက် ၊ ကျည်ဆန်ထွက်သည့်
လက်နက်ကိုသာ လိုချင်တကား ။ ။


အမိရေတိမ်မနစ်မီ

ဆင်းရဲပါဘိ ၊ ဒို့အမိမှာ
ပဋိသန္ဓေ ၊ ရင့်မာနေပြီ
လေကမ္မဇ ၊ လှုပ်ခတ်ထ၍
ညည်းရညူရ ၊ ချွေးစီးကျလျက်
နွမ်းလျဟိုက်မော ၊ သေငယ်ဇော ။
ဝမ်းကြာမှောင်မင်း
အဟောင်းတါင်းမှာ ၊ မှီတင်းရုန်းလှစ်
အသစ်ပွားစည်း ၊ ၇င်နှစ်သည်းချာ
ရတနာကို ၊ မာတာမိခင်
မျက်နှာမြင်ဖို့ ၊ ဆောလျင်အမြန်
ဝန်တာပွန်လော့ ၊ တော်လှန်ပိုင်ပိုင်
လက်နက်ကိုင်ဆွဲ ၊ အို - ၀မ်းဆွဲငဲ့
လက်ရဲ ဇက်ရဲ ၊ တွေ့ကြုံဇွဲဖြင့်
နွှဲ့ဖင့်မရှိ ၊ ကူဖွားဘိလော့
အမိ ရေတိမ်မနစ်မီကို ။ ။

နီရင့်သော ပွင့်ဦးပန်း(သို့မဟုတ်)ဦးဝိစာရ

“ လိမ္မာရစ်ကြ ”
လစ်ဟမိန့်မှာ ၊ မြန်မာပြည်သား
နှလုံးသားထဲ ၊ သံမှုစွဲနှက်
နယ်ချဲ့လက်တွင်း ၊ ဇက်စင်းမခံ
တိုက်ရင်းပျံလွန် ၊ လမ်းညွှန်ရှေ့သွား
အမျိုးသား အာဇာနည် ၊ သွေးရင့်နီ
နီရင့်ရဲသော ၊ ပွင့်ဦးပန်း ။
နယ်ချဲ့ဆန့်ကျင်ရေး
အမျိုးသား လွတ်မြောက်ရေးအတွက်
သွေးပွက်ပွက်ြကမ်း ၊ တိုက်ပွဲလမ်းဝယ်
နယ်ချဲ့ဖန်ဆင်း ၊ ထောင်အကျဉ်း၌
ဆွမ်းဟင်းမချို ၊ ရေကိုမသောက်
(၁၆၆)ရက် ၊ တောက်လျှောက်ငြင်းဆန်
တော်လှန်ပုံစား ၊ စံတင်သွားသည်
အမျိုးသား အာဇာနည် အရှင်မြတ် ။
နယ်ချဲ့အောက်တွင်
သဘောက်အဖြစ် ၊ မိနစ်တွင်းပိုင်းမျှ
နေရမမြတ် ၊ ကျွန်ကြိုးဖြတ်ဖို့
တရားနို့ကို ၊ ပေးစို့ဝေငှ
ပုဒ်မ ပုဒ်ထီး ၊ ဆန့်ကျင်ပြီးကာ
မြေသမာဓိကြေး ၊ မပေးစတမ်း
သင်္ကန်းမချွတ် ၊ ထောင်ဝတ်မလဲ
မျိုးမာန်ဇွဲလျှင် ၊ ယိုင်လဲမယိုင်
ယိမ်းလဲမယိမ်း ၊ တိမ်းလဲမတိမ်း
စောင်းလဲမစောင်း ၊ သတ္တိကောင်းမြတ်
တသမတ်တည်း ၊ ပြတ်ပြတ်သားသား
တော်လှန်သါားသည်
အမျိုးသူရဲကောင်း အရှင်မြတ် ။
နယ်ချဲ့ဖန်ဆင်း ၊ ထောင်အကျဉ်းထဲ
အရင်းအရိုး ၊ မြိန်နိုးစလ
ခဲဘိမျိုးလွေး ၊ နောက်လိုက်ခွေးတို့
သေး ချေး ဖြင့်လိမ်း ၊ ဟောင်အူဟိန်းကာ
ကြိမ်းဝါးဆဲလျက် ၊ နှိပ်စက်ညဉ်းပန်း
ရုန့်ကြမ်းနင်းဖိ ၊ ပြုကျင့်ဘိလည်း
အဓိဌာန်ကား ၊ မပြက်ပြားပြီ
ခန္တီပြည့်ဝ ၊ နှလုံးလှသည်
ဗုဒ္ဓသားမြတ် ၊ အရှင်မြတ်
မြန်မာ့သားမြတ် အရှင်မြတ် ။
ဦးဝိစာရ
မြန်မာ့အာဇာနည် ၊ စိတ်ဓာတ်ကြည်ကား
အမျိုးသားထဲ ၊ စွဲမြဲမြစ်တွယ်
အဘယ်သူမျှ ၊ ချေမွနှောင့်ရှက်
စွဲဖက်မရ ၊ ဖျက်မရခဲ့
မယိုင်နဲ့ပြီ
နယ်ချဲ့ဆန်ကျင်ရေး စိတ်ဓာတ်ကြည် ။
ဦးဝိစာရ
မြန်မာ့အာဇာနည် ၊ သွေးနီနီကား
အမျိုးသားထဲ ၊ စွဲမြဲမြစ်တွယ်
အဘယ်သူမျှ ၊ မာန်စွယ်ပြ၍
ဖြိုချ ဖျက်ချိုး ၊ မပိုင်စိုးပြီ
အမျိုးသား လွတ်မြောက်ရေးသွေးနီနီ ။
“ လိမ္မာရစ်ကြ ” တဖွဖွလျှင်
လှစ်ဟမိန့်မှာ ၊ ဦးဝိစာရ
မြန်မာ့အာဇာနည် ၊ သွေးရင့်နီ
နီရင့်သော ပွင့်ဦးပန်း
လန်းဆန်းထာဝစဉ် မွှေးကြူလျက်သာတည်း ။

တရွာထဲသားများ
                ငါတို့ရွာနေ
မြေရှင်ဦးပွား ၊ သူ၏သားသည်
မြို့သွား စာသင်နေသည့်အချိန်။
လယ်ကူလီသား ၊ ငါတို့များမူ
နွားကျောင်း ကြက်တယ် ၊ ရွာနောက်စွယ်မှာ
ကျောင်းစာမသိ ဘာမသိ။
မြေရှင် သူ့သား ၊ “စကောလား ”ဟု
တိုင်းခြားရပ်ခွင် ၊ ပညာသင်ချိန်။
လယ်ကူလီသား ၊ ငါတို့များမှာ
ယာခုတ် လယ်ထွန် ၊ ရွာနောက်စွန်မှာ
ပညာမပြည့် ဘာမပြည့်။
မြေရှင်သားလှ ၊ ရာထူးရ၍
လခမြင့်မား ၊ ပါဝါထွားချိန် ။
လယ်ကူလီသား ၊ ငါတို့များမူ
သားတမြူနှင့် ၊ ကြွေးထူငတ်ရှား
လယ်နှင့်နွားကို ၊ ဦးပွားအထံ
ပေါင်နှံလိုက်ကာ ၊ေ၇ာင်းလိုက်ကာနှင့်
ဥစ္စာမရှိ ဘာမရှိ ။
ဟော - ဟုတ်ပေ့ ၊ ဤယနေ့တွင်
မြေရှင်သားမှာ ၊ အာဏာစေညွှန်
တာဝန်အလျောက် ၊ ရွာပေါက်သို့ဝင်
ဟိတ်ဟန်မှင်နှင့် ၊ ရွာပညာရေး
ရွာသာရေးဟု ၊ ရွာဖွံ့ဖြိုးရေး
တိုးတက်ရေးဟု
မောင်းထု လူစုစေသည့် အချိန် ။
ငတို့တွေမှာ
ကျောင်းစာမသိ ၊ ဘာမသိနှင့်
ပညာမပြည့် ၊ ဘာမပြည့်နှင့်
လယ်ယာမရှိ ၊ ဘာမရှိနှင့်
သူ၏မြွက်ဟ ၊ သြ၀ါဒကို
ဟုတ်ဗျ - အင်းဗျ ခေါင်းညိတ်ကြ။
အိုကြီးအိုမ ၊ တို့အဘကား
မျက်ထားမှုန်ကုပ် ၊ လက်သီးဆုပ်လျက်
တက်ခေါက်အံကြိတ် ၊ ဒေါသရိပ်ဖြင့်
စိတ်မာန်တင်းမာ ၊ ခေါင်းရမ်းခါသည်
ဘာကို နာကျည်း၍မသိ
ဘာကို ခံပြင်း၍မသိ ။ ။

No comments:

Post a Comment