အနုပညာ

ကဗျာဝတ္ထု ၊ ရသမှုကို
ပြုစုလျက်သာ ၊ နေကောင်းစွာ ။
ရွှေမင် ငွေမင်
ခြယ်စင်သီမှုန်း ၊ ခဲစာလုံးမှာ
အပြုံးအရီ ၊ ဖြန့်နှိပ်ချီမင့်
ပြည်သူခံစား ၊ ဘ၀များသာ
ပြတ်သားသစ္စာ ၊ မှတ်ကျောက်တည်း ။
လူ့သမိုင်းသည်
မလှိုင်းမကောက် ၊ မဖောက်မပြန်
အမှန်လမ်းကြောင်း ၊ ကွေ့မစောင်းတတ်
ခရောင်းတောကို ၊ ဖြတ်သန်းဆဲ။
ဗူဗေါင်းမိုးပျံ ၊ တိမ်ယံမြေကြီး ၊ ခိုက်တုန်ဟီးအောင်
ပွဲကြီးသဘင် ၊ ပသို့ဆင်မင့်
ရင်ဝသည်းအူ ၊ အသိမူကား
ပြည်သူတွေက ၊ နောကြေ၏
လူ့ခရီးသည် ၊ အားကြီးသူက ၊ တက်စီးရလျက်
နှိပ်စက်ကြီးစိုး ၊ မြဲမစိုးနိုင်
တမိုးလွန်မြေက် ၊ တမိုးသောက် ။
ကဗျာဝတ္ထု ၊ ရသမှုကို
ပြုစုလျက်သာ နေကောင်းစွာ ။ ။

ကဗျာ့ပေါက်ဖွားရာ ကဗျာ့ကျက်စားရာ

ကဗျာသည်ကား ၊ ကျူးဘားပြည်မှာ ၊ သီးခြားစွာလျှင်
ခိုင်မာ တည်ရပ်မနေချေ ။
ကဗျာသည်
ဗီယက်နမ်မှာ ၊ သီးခြားစွာလျင်
ခိုင်မာစွဲ၍ မနေချေ ။
ကဗျာသည်
ဆိုဗီယက်မှာ ၊ သီးခြားစွာလျင်
ခိုင်မာမြဲမြံ မနေချေ ။
ကဗျာဟူဘိ
အာဖရိကတခွင် ၊ လက်တင်အမေရိက
ဒေသစွဲကာ ၊ သီးခြားစွာလျင်
ခိုင်မာတည်တန့် မနေချေ ။
ကဗျာဟူသည်
ဗမာပြည်မှာ ၊ ထူးကဲစွာလျှင်
ခိုင်မာသီးသန့် မနေချေ ။
ကဗျာကို
ပုဂ္ဂိုလ်သာဆိုင် ၊ ဇိမ်ခံနိုင်ရန်
အပိုင် သိမ်းပိုက်မရချေ ။
ကဗျာကို
မလိုလားဘဲ ၊ ငြိုးမာန်မဲလျက်
ညှုင်းဆဲနှောင်ဖွဲ့ မရချေ။
ကဗျာကို
နိုင်လိုမင်းထက် ၊ပန်းချွေလက်ဖြင့်
ရက်စက်ဖဲ့ချိုး မရချေ ။
ကဗျာဆိုတာ
အလွှာစည်းခြား ၊ လူတန်စားကွဲ
လူမဲကျွန်ဖြစ် ၊ နယ်ချဲ့စစ်မီး
နာကျည်းဆူပွက် ၊ ပြည်သူ့ဘက်မျာ
ညွှန့်ခက် ထွားသန်နေတာဘဲ ။
ကဗျာဟူသည်
ဘယ်ပြည်ကမှ ၊ အပိုင်ကွဟု
လန့်ထကြွေးကြော် မရချေ ။
ဗမာပြည်ဖြစ်ဖြစ် ၊ ဘယ်မှာဖြစ်ဖြစ်
ကောက်ကျစ်တာကို ၊ မုန်းတီးတာ ကဗျာဘဲ ။
ဖိနှိပ်တာကို ၊ ဆန့်ကျင်တာ ကဗျာဘဲ ။
ကျူးကျော်တာကို ၊ ဆန့်ကျင်တာ ၊ ကဗျာဘဲ ။
ကဗျာမှန်လျှင်
နိုင်ငံတကာ ပိုင်ဆိုင်တာချည်းပါပဲ ။ ။
( ကဗျာဘယ်မှာလဲဟုမေးလာသူအား ပြန်ကြားချက် )

အပြုံး မောင့်အတွက် ဂုဏ်ယူပါ

ပယင်းပွင့်လော
မြခဲချောမွတ် ၊ ရွရွဆွတ်ထွား
ချရားမဉ္ဖူ ၊ မွေးငုံကြူကို
ချစ်သပန်ဆင် ၊ ပေးပါချင်မင့်
မရွှင်ညှိုးဝမ်း ၊ သောကလွှမ်းချိမ့်
အလွမ်းမဆန် ၊ ရင်ခုန်သံလျင်
ကျည်ဆံပမာ ထန်ပြင်းစွာ ။
ပန်မပေးမိ
အတိဗျာပါ ၊ သည်းမြညှာက
မေတ္တာသိမ်းနုတ် ၊ မပျော်ရုပ်နှင့်
အဟုတ်မောင်ကို မုန်းလေယောင် ။
မတတ်သာဘူး
ဟိုမှာာကြည့်စမ်း ၊ လူတန်းစားကွဲ
လူကျွန်မဖြစ် ၊ လောင်မြှိုက်စစ်ကျူး
ဘီလူးသွေးဝင် ၊ ဓနရှင်တို့
ငင်ငင်ငေါငေါ အစွယ်ပြူး ။
စစ်ထွက်ရမည်
ပြည်သူတွေချစ် ၊ တရားစစ်အတွက်
လက်နက်ကျောပိုး ၊ ချုံတောတိုးမည်
အဆိုးမောင့်ကို မဆိုလင့် ။
ခွင့်လွတ်စေချင် ၊ မောင့်ချောယဉ်ငဲ့
သဘင်ခြိမ့်သဲ ၊ ဒို့အောင်ပွဲမှာ
မင်းလဲ ပျော်ရမှာပါလေ ။
ဒါမှမဟုတ်
အရုပ်ကြိုးပြတ် ၊ ရန်သူသတ်လို့
မတ်တတ်ကလဲ ၊ ကျည်မီးစွဲကာ
တိုက်ပွဲထန်တုန်း ၊ ကောင်ကျဆုံးလည်း
အပြုံးမောင့်အတွက် ဂူဏ်ယူပါ ။ ။


နင်လားဟဲ့

ခေတ်တိုင်းခေတ်တိုင်း
ဝန်းသိုင်းဖွဲ့အုပ် ၊ ဂုဏ်ပုဒ်ခန့်ဟီး
တိုက်ကြီးကားကြီး ၊ ဘွဲ့ထူးကြီးနဲ့
ကြီးပွားနေတာ ဘယ်သူပါလဲ ။

မလိုင်ခဲပျစ်
ဆီရွဲနစ်စို့ ၊ ၀ါးမျိုဆိုတဲ့
နင်တို့တွေဘဲ မဟုတ်လား ။
ရွှေရောင်ငွေရောင် တောက်ပြောင်စုံလင် ။ ၀တ်စားဆင်တဲ့
နင်တို့တွေဘဲ မဟုတ်လား ။
နေတနှုန်းနဲ့
ရွှေဘုန်းမဟော် ၊ တအားအော်လို့
ဖော်လန်ဖားတာ ၊ နင်တို့ဘဲ ။
ပြည်သူ ပြည်သူ
ပြည်သူတော်လှန် ၊ အောင်ပွဲခံဟု
သံယောင်လိုက်တာ နင်တို့ဘဲ ။
ပန်ကာလေရှု ၊ နင်ပြည်သူလား
ဝတ်စားစုတ်နုတ် ၊ လုပ်ရင်းလည်းမွဲ
ပစ္စည်းလည်းမဲ့ ၊ ငွေးလည်းမဲ့
ချိုတဲ့ဆင်းရဲ ၊ ငါတိုဘဲ
တိုက်ပွဲနောက်ဆုပ်၊ အမြတ်ထုတ်တဲ့
အယုတ်တမာ ၊ နင်ဘူစွာ
ဘာပဲဖြစ်ဖြစ် ၊ အစစ်အမှန်
အောင်ပွဲခံမှာ
တော်လှန်ပြည်သူ ငါတို့ဘဲ ။