Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

တော်လှန်ကဗျာ မှ မောင်စိမ်းနီ ၏ ကဗျာများ


စာဖတ်တတ် သူအားလုံးဖတ်ဖို့ ၊
စာမဖတ်တတ်သူ အားလုံးကြားဖို့
မြင်သလို ၊ သိသလို အရင်းအတိုင်း ရေးသည် ။

မောင်စိမ်းနီ (ကေသီပန်)

ကဗျာစစ်မျက်နှာ

ကည့်လိုက်ကြစမ်း
သွေးတွေလွှမ်း၍ ၊ ယမ်းနံ့မီးခိုး
ညှီဟောက်သိုးပြီး ၊ လူရိုး တောင်လို ပုံနေတာ ။
နယ်ချဲ့ဝါဒီ
သွေးဆာသည်ကြောင့် ၊ ကျည်ဆန်ထိပ်ဖူး
အဆိပ်လူး၍ ၊ မြူးတူးခဲ့ရာ
စစ်မျက်နှာ။
သည်မှာကြည့်စမ်း
မှောင်ရိပ်လမ်းမှာ ၊ ဖမ်းကြဆီးကြ
ဆဲဆိုကြနှင့် ၊ သတ်ကြပုတ်ကြ
လုယက်ကြနှင့် ၊ ခိုးကြ၀ှက်ကြ
တိုက်ခိုက်ကြနှင့် ၊ ရင်ဝဓားချက်
သွေးပွက်ပွက်နှင့် ၊ မှောက်ရက်လဲပြီး သေနေတာ။
အဲဒါဘာလဲ
ခွေခြမ်းစိတ်ဖြာ ၊ တထွာဝမ်းတွက်မျက်ကန်းတစ္ဆေ ၊ မကြောက်လေသို့
ရေနဲသည့်ငါး ၊ ဆင်းရဲသား၏
စီပွားရေးရဲ့ စစ်မျက်နှာ။
ကြည့်စမ်းစေချာ
ဘာတွေညီမျှ ၊ တူနေကြလဲ
အလုပ်သလုပ် ၊ ၀မ်းကြုတ်ကြုတ်လျှင်
လှုပ်ရှားမပျက် ၊ ဆာလောင်လျက်တည့်
ခါက်လက်ဆွဲငြား ၊ သူတောင်းစားမှ
စားရမှန်မှန် ၊ ၀မ်းပြည့်လျှံလိမ့်
အံကိုကြိတ်ပြီး ၊ ဒေါသမီးနှင့်
ပစ္စည်းမဲ့တွေ ၊ မွဲတေနေရဲ့
ဝေစည်မဖြိုး ၊ ကြုံလှီညှိုးလျက်
အရိုးအရေတင်နေတာ။
ရေများလေရာ
မိုးလိုက်ရွာသို့ ၊ နိုင်ရာစားကြ
ယုတ်မာကြ၍ ၊ လိမ်ကြကောက်ကြ
စဉ်းလဲကြ၍ ၊ အမှန်တရား
ပျောက်ကွယ်သွားပြိး ၊ စီးပွားပျက်မှု
အစပြုသည့် ၊ လူမှုရေးရဲ့ စစ်မျက်နှာ။
ပဋိပက္ခ
ပေါပြည့်စွတည့် ၊ လောကလူ့ရွာ
စစ်မျက်နှာတွေ ၊ နေရာတိုင်းမှာ ရှိနေ၏ ။
ငါတို့သည်ကား
လှုပ်ရှားရှေ့တက် ၊ ယုံကြည်ချက်ဖြင့်
အသက်ရှင်နေ ၊ လူငယ်တွေတည့် ။
အတွေးအခေါ်
ရင့်ရော်အိုမင်း ၊ ယုတ်မာခြင်းဖြင့်
မင်းမူနေငြား ၊ လူလိမ်များကို
အားသစ်မာန်သစ် ၊ အတွေးသစ်နှင့်
စစ်ခေါ်သံပေး ၊ တော်လှန်ရေးမှာ
သွေးစည်းတက်ကြွ ၊ ပါဝင်ကြလော့
“ ကဗျာလူငယ် ရေးဘော်များ ” ။ ။

 ပဋိပက္ခ


ပေါပြည့်စွတည့် ၊ လောကလူ့ရွာ
စစ်မျက်နှာတွေ ၊ နေရာတိုင်းမှာ ရှိနေ၏ ။
ငါတို့သည်ကား
လှုပ်ရှားရှေ့တက် ၊ ယုံကြည်ချက်ဖြင့်
အသက်ရှင်နေ ၊ လူငယ်တွေတည့် ။
အတွေးအခေါ်
ရင့်ရော်အိုမင်း ၊ ယုတ်မာခြင်းဖြင့်
မင်းမူနေငြား ၊ လူလိမ်များကို
အားသစ်မာန်သစ် ၊ အတွေးသစ်နှင့်
စစ်ခေါ်သံပေး ၊ တော်လှန်ရေးမှာ
သွေးစည်းတက်ကြွ ၊ ပါဝင်ကြလော့
“ ကဗျာလူငယ် ရေးဘော်များ ”

တခုတော့လိုနေသည်

အဘပြောသည်
ရောထွေးသောင်းပြောင်း ၊ ပုံပြင်ဟောင်းမှ
ကောင်းစွာရင်မှာ မှတ်မိရာသည်
“ပြိတ္တာ” ကောင်တွေ အကြောင်းတည်း ။
ပါးစပ်ပေါက်က
ကျဉ်းမြောင်းလှမို့ ၊ ထမင်းတစ္ဆေ
ရှာဖွေတွေ့လျှင် ၊ နေ့ရက်များစွာ
ခွဲစိတ်ဖြာ၍ ၊ ပြိတ္တာကောင်တွေ
စားရချေဟု ၊ သေသေချာချာ ပြောဘူးသည်။
သူတို့တွေမှာ
“ပြိတ္တာ” ဘ၀ ၊ ဖြစ်ခဲ့ာကလို့
ဒါက အဆန်းမဟုတ်ချေ။
ဟော …. ဒို့ပါးစပ်ပေါက်
ဟ သလောက်ပြီ ၊ ၀မ်းခေါင်းထဲထိ
မြင်နိုင်ဘိ၍ ၊ ကြိုက်သည့်အစာ
စားနိုင်ပါလည်း ၊ အာပြဲသလောက်
ပါးစပ်ပေါက်နှင့် ၊ အူခြောက်နေတာ ၊ အဆန်းဘဲ ။
သည်တော့လေ
ဒို့တွေအဖြစ် ၊ လူစစ်စစ်က
ဘာဖြစ်ကုန်ကြပါလိမ့်နော် ။ ။

ကဗျာဆိုတာ ဒါပါဘဲ

လေပြည်ညှင်းလျှင်
ပင်လယ်ပြင်မှာ ၊ အသွင်သဏ္ဍန်
ငြိမ်းချမ်းဟန်နှင့် ၊ တေးသံဆိုလျက်
စည်းဝါးဖက်သို့ ၊ လှိုင်းကြက်ခွပ်လေး တလှုပ်လှုပ် ။
မုန်တိုင်းထန်လျှင်
ပင်လယ်ပြင်သည် ၊ မာန်ဝင်ထန်သည်း
လှိုင်းလုံးကြီးတို့ ၊ စုစည်းတက်ကြွ
တားမရတော့ ၊ ဒေါသ၀က်ဝက် ကွဲထွက်၏ ။
ကဗျာဆရာ
ဒို့ရင်မှာလျှင် ၊ ပင်လယ်ပြင်သို့
အသွင်သဏ္ဍန် ၊ ၀န်းလည်းရံ၍
ရောင်ပြန်ထင်ဟပ် ၊ ခေတ်၏ဇာတ်သည်
“ ပြတ်ပြတ်သားသား ထင်စမြဲ ” ။ ။


ကြောင်တောင်ကန်း

အမှောင်ထဲမှာ
တခဏနှင့် ၊ အလင်းရှိရာ
ရောက်၍လာသော် ၊ ပြာဝေဟုန်းဟုန်း
ငါ့မျက်လုံးတွေ ၊ လူလုံး မကွဲတော့ပါလား။
အလင်းထဲမှာ
တခဏ နှင့် ၊ အမှောင်ရှိရာ
တိုးဝင်ပါ၍ ၊ သေချာကြည့်လဲ
မျက်လုံးထဲ ၊ အမဲတွေချည်း ပါဘဲလား။
မပြတ်မသား
စိတ်ကစား၍ ၊ သွားချည်လာလှဲ့
အမှောင်နဲ့အလင်း ၊ ကူးဖြတ်ရင်းပင်
မြင်ကွင်းများစွာ၊ ကွယ်သွားပါပြီ
“ ငါဘာဖြစ်သွားတာလဲ သူငယ်ချင်း ”
(ပြန်လည်ဆန်းစစ်ခြင်း သဘောတရား)

ကဗျာနှင့် ကဗျာဆရာ


ကဗျာဆရာ
ဆိုသည်မှာ ၊ ကဗျာရေးသူ ဖြစ်ပါသည်။
ဘယ်လိုတွေးတွေး
ဘယ်လိုရေးရေး ၊ ကိုယ်ရေးကိုယ်တာ
အချစ်နာနှင့် ၊ ပြည်ရွာပြည်မှု
လူများစုတွက် ၊ ပြည်သူကိုယ်စား
ကဗျာများကို ၊ ရေးသားသူမှာ
ကဗျာဆရာ။
ခံယူချက်က
ပြတ်သားရမယ် ၊ အချစ်ဝေဒနာ
ကိုယ့်ဝမ်းစာကို ၊ ကဗျာဆေးစား
သောက်စားဝါး၍ ၊ ကုစားသူတွေ
အသင်္ချေတည့် ၊ ဝေဖန်အော်ငေါက်
အာသာပေါက်လိမ် ၊ ဖောက်ပြန်သူလဲ
လက်မတွဲနှင့် ၊ လမ်းခွဲ၍ထွက်
ယုံကြည်ချက်ကို ၊ မပျက် ဆုပ်ကိုင်ထားရမည် ။
ကိုယ်မြင်ရာမှ
တင်ပြကြလော့ ၊ ကဗျာကျည်ဆန်
ပစ်ကွင်းမှန်သော် ၊ အမှန်တရား
သစ္စာများလျင် ၊ ကြီးထွားရှင်သန် လာစမြဲ။
ကဗျာပစ္စည်း
ထုတ်လုပ်ပြီးတိုင်း ၊ နည်းလမ်းမှန်ကန်
ပြည်သူ့ထံသို့ ၊ အမြန်အရောက်ပို့ရမည်။
ပြည်သူ့ရယ်သံ
သောသောညံလျှင် ၊ ရယ်သံမုန်တိုင်း
ကဗျာလှိုင်းကို ၊ ၀ိုင်းဖွဲ့ ရစ်ပတ်နေရမည်။
ပြည်သူ့ငိုသံ
သိမ့်သိမ့်ညံလျှင် ၊ ငိုသံမုန်တိုင်း
ကဗျာလှိုင်းကို ၊ ၀ိုင်းဖွဲ့ ရစ်ပတ်နေရမည်။
အနီမြင်လဲ
အနီဘဲပေါ့ ၊ ရဲရဲ တင်ပြလိုက်ကြစမ်း ။
ပြည်သူ့ထဲမှာ
ကာရန်ရှာပြီး ၊ ကဗျာရေးလျက်
ပြည်သူတွက်ကို ၊ တင်ဆက်သောခါ
ဆုံးဖြတ်မှာက ၊ ကဗျာရေးသူ ဒို့မဟုတ် ။
ပြည်သူ့ထံမှောက်
တိုးဝင်ရောက် ၊ မှတ်ကျောက်တင်ခံ
ဆုံးဖြတ်ခံလော့ ၊ အမှန်တရား
သစ္စာများနှင့် ၊ ရေးသားခြင်းက
အဓိကတည့် ၊ ဒါက ငါတို့တာဝန်ပိုင်း ။
ကဗျာဆရာ
မလိမ်ညာနှင့် ၊ နီတာ-ပြာတာ
ဝါတာ- စိမ်းတာ ၊ ကိုယ်ပွားပါဘဲ
သစ္စာရှိသယောင် ၊ ဟန်မဆောင်နှင့်
ဒေါင်းတောင်ကျွတ်ထွက် ၊ ကျီးကန်းငှက်လို
“ ရှက်ဖွယ် ဖြစ်ရပေလိမ်မည် ” ။


ထမင်းလုံးတစ္ဆေ

အပြင်မှာ
ဘာတွေဖြစ်နေလည်း ၊ စိတ်ထဲတွေဝေ
စဉ်းစားနေခိုက် ၊ လေပြင်းတိုက်၍
ရိုက်ခတ်လှုပ်ရှား ၊ ပိတ်၍သွားသည်
တံခါးဖွင့်မရတော့ပါ ။
မျက်စိနှလုံး
ကြည်လင်တုန်းတည့်။

ခြေလက်များလည်း
သန်မာဆဲတည့်။

အသိစိတ်မှာ
မကင်းကွာခဲ့ ၊ ခန္ဓာကိုယ်လဲ
ကျန်းမာဆဲမင့် ၊ လှုပ်လဲမရ
ထလဲမရွှင် ၊ ကြည့်လျှင်မတွေ့
တရွေ့ရွေ့နှင့် ၊ တနေ ကုန်ပြန်ဦးတော့မည် ။
ဘယ်ညာလိမ့်လူး
တညကူး၍ ၊ မူးဝေနောက်ကျိ
မောကြပ်ဘိမို့ ၊ မျေးသည့်မျက်လုံး
မျက်ခွံဖုံးပြီး ၊ ညှိုးချုံးသွားသော်
အိပ်မပျော်မင့် ၊ ပျော်အံဆဲဆဲ
အိမ်မက်ထဲမှာ ၊ တခဲနက်ညံ
အော်ဟစ်သံတွေ ၊ အလျှံညီးညီး
မီးတောက်ကြီးတွေ ၊ စီးကျပူနွေး
လူ၏သွေးတွေ ၊ ရောထွေးနေခြင်း
သည်မြင်ကွင်း၌ ၊ ထမင်းတစေ့
လူတွေရှေ့ဝယ် ၊ ရွေ့လျက်လှုပ်ရှား
ရုန်းကန်အားနှင့် ၊ ကြီးထွားမြိုးမောက်
ခြေထောက်ပေါက်၍ ၊ ရောက်တတ်လေရာ
ထွက်ပြေးပါစဉ် ၊ ခန္ဓာညှိုးချုံး
တရုန်းရုန်းနှင့် ၊ လုံးလားထွေးလား
လူအများတို့ ၊ တအားလိုက်ကြကုန်လေ၏
အရိုးငေါငေါ
ပါးခေါလောနှင့် ၊ လူတောထဲမှာ
လိုက်၍လာသည့် ၊ ခန္ဓာပိန်ချပ်
ပြားကပ်ကပ်နှာ ၊ ရင်ဘတ်စည်တီး
ရှိုက်ငိုငြီးလျက် ၊ ဇနီးသက်ထား
သမီးသားကို ၊ မျက်ဝါးထင်ထင်
တွေ့ကာမြင်သော် ၊ ငလျင်လှုပ်ကြမ်း
ခါသွက်ရမ်းသို့ ၊ ပင်ပမ်းလွန်းစွာ
အသည်းညှာ၌ ၊ ဒဏ်ရာတိုးသစ်
မြင်ကွင်းညစ်မှ ၊ အော်ဟစ်ရုန်းကန်
လွတ်မြောက်ရန်တွက် ၊ တွန်းလှန်ကြွရင်း
အခန်းတွင်ဝယ် ၊ ဇီးကင်းတမျှ
ချွေးစီးကျခဲ့ ။
မပျော်တ၀က်
ပျော်တစ်ဝက်နှင့် ၊ အိပ်မက်ရာမှ
လန့်နိုးထစဉ် ၊ အမှောင်ရိပ်လွှမ်း
စံအိမ်နန်း၏ ၊ အခန်းဒေါင့်ကြား
မျက်လုံးများဖြင့် ၊ အားယူကြည့်ပေ့
ထမင်းစေ့ကို ၊ တိုးဝှေ့အုံလျက်
ဝိုင်းလုရက်သည့် ၊ ပုရွက်ဆိပ်တွေ
ခြင် - ယင် တွေက ၊ ပြုံးရယ်ပြသော်
ဒေါသဖြစ်ရင်း ၊ အံကြိတ်ရင်းပင်
မိုးလင်းခဲ့ရပြန်တကား ။
(နွေညများသို့ )

မြှုပ်နှံရမည့် အရင်းအနှီး

အလုပ်သမား
လယ်သမားနှင့် ၊ တန်းစား ညီမျှ
တူညီကျသော ၊ ဘ၀နိမ့်မှု
လူများစုတို့ ၊ ပြည်သူ့ခရီး
ပြည်သူ့ နည်းဖြင့်  ၊ ပစ္စည်းမဲ့ခေတ်ထူဆောက်ရန်။
ခေါင်းရွက်ဗျတ်ထိုး
ဈေးသည်မျိုးနှင့် ၊ သူခိုးဘိန်းစား
သူတောင်းစားမှ ၊ ပါမောက္ခထိ
အမျိုးကိုချစ် ၊ တိုင်းပြည် ချစ်၍
သစ္စာရည်ပြု ၊ လူများစုတို့
ပြည်သူ့ခရီး ၊ ပြည်သူ့နည်းဖြင့်
ပစ္စည်းမဲ့ခေတ် ၊ ထူဆောက်ရန် ။
အလုပ်သမား
လူတန်းစားတို့ ၊ လှုပ်ရှားအမြဲ
စက်ရုံထဲတွင် ၊ တိုက်ပွဲပုံစံ
အခြေခံကို ၊ နာခံမပျက်
ယုံကြည်ချက်နှင့် ၊ မပျက်ပေါင်းစည်း ညီညွတ်မှ ။
လယ်သမားလျှင်
ထွန်ငင်စိုက်ဆဲ ၊ လယ်ကွင်းထဲမှ
တိုက်ပွဲပုံစံ ၊ အခြေခံကို
နာခံမပျက် ၊ ယုံကြည်ချက်နှင့်
မပျက်ပေါင်းစည်း ညီညွှတ်မှ။
လူတန်းစား ပေါင်းစုံ
ညီညွှတ်ကုန်၍ ၊ အဟုန်ပြင်းစွာ
စိးဆင်းလာသည့် ၊ စုကာ မဆိုင်း
ဒီရေလှိုင်းသို့ ၊ ဆိုင်းဆို့ပိတ်ထား
အဆီးတားကို ၊ တအားထိုးဖောက် အောင်မြင်လိမ့်။
တားဆီးလေသူ
အဘယ်သူပင် ၊ ရန်သူသတ်မှတ်
အမြစ်ပြတ်အောင် ၊ ခုတ်ဖြတ် ထိုးနှက်လက်ရဲစေ။
ရန်သူတွေကို
ရွှေပြည်အေးသို့ ၊ ဆွေးနွေးစေ့စပ်
မလိုအပ်ပြီ ၊ ပြတ်ပြတ်သားသား
အားမာန်များဖြင့် ၊ လှုပ်ရှားချေဖျက်လက်ရဲစေ။
ပစ္စည်းမဲ့ခေတ်
ထူဆောက်သစ်အောင် ၊ အုတ်မြစ်ခိုင်စွာ
ချရပါမည် ၊ အလွှာ အတန်း အစား
ညီညွှတ်အားဖြင့် ၊ လှုပ်ရှားမနှေး
တော်လှန်ရေးကို သွေးဖြင့် ရင်းနှီးရမည်တည်း။

 အောင်ပွဲဆက်လက်ခံရမည်

အရှေ့အနောက်
တောင်နှင့်မြောက်တည့် ၊ ခြောက်သွေ့ပိပြင်
ရှစ်ရပ်ခွင်၌ ၊ အစဉ်ငြိမ်သက်နေချိန်ဝယ် ။
လျှပိဝင်းရဲတို့ ၊ လက်သည်းကုပ်ခြစ် ၊ ဒဏ်ရာဖြစ်သော်
အော်ဟစ်မစဲ ၊ ကောင်းကင်မဲသည်
သဲသဲမဲမဲ ငိုရော့မည် ။
ကြောက်လန်တုန်လှုပ်
ကျီးတအုပ်လည်း ၊ လှုပ်လှုပ်ရှားရှား
စိတ်ကစား၍ ၊ ခိုနားစရာ
အသစ်ရှာပြီ ။
ခွေးတဆူဆူ ၊ အူသံမစဲ ၊ သံရှည်ဆွဲ၍
သဲမဲဆူညံနေလေပြီ။
မုန်တိုင်း တိုက်ရန် ၊ အကြောင်းဖန်၍ ၊ အားမာန်ပြည့်စွ
သဘာဝလျှင် ၊ ဒေါသအမျက်
ချောင်းချောင်းထွက်ပြီး ၊ ရက်စက်တောါမည် ထင်ပါသည် ။
အနိဠာရုံ ၊ မြင်ကွင်းစုံသည် ၊ တုန်လှုပ်စရာ
ရှိနေပါလည်း ၊ သစ္စာတရား
ဆုပ်ကိုင်ထား၍ ၊ ပြတ်သားဝံ့ရဲ
တွန်းလှန်ရဲလျှင် ၊ “ အောင်ပွဲ ဆက်ဆက်ခံရမည် ” ။ ။

သွေးဖြူသွားသော ငယ်ပေါင်းတစ်ဦး

သူငယ်ချင်းကား
ပျေက်ကွယ်သွားရာ ၊ ကြာတောင်းကြာပြီ
ဘာသတင်းမှ မကြားရ ။
ယုံကြည်ချက်ကို
အသက်ထက်ပင် ၊ မြတ်နိုးခင်၍
ပီပြင်တက်ကြွ ၊ ရှေ့တန်းမှတည့်
သဘောတရား ၊ ကျောက်သား ကျောက်ဆစ်
ထုလုပ်ရစ်သို့ ၊ ကျစ်လျစ် သိပ်သည်း
ပြည့်ဝပြီးသော ၊ ပစ္စည်းမဲ့၏ တပ်သားတစ်ဦး ။
လယ်သမားအတွက်
အလုပ်သမားအတွက်
ဆင်းရဲသားအတွက်
မြေယာမဲ့ ၊ ပစ္စည်းမဲ့အတွက်
အသက်ပေးအပ် ၊ သူကျေနပ်၏
တပ်ဦးရှေ့မှာ ၊ သူလိုက်ပါ၍
ကဗျာ အလံ လွှင့်ခဲ့သူ ။
သူငယ်ချင်းကို
တမ်းချင်း လွမ်းချင်း ၊ ရဲဘော်သင်းတို့
ဆုံရင်းမကြာ ၊ ပြောရပါ၏ ။
ဗြုန်းကနဲ
သဲကွဲကျန ၊ မြင်လိုက်ရတော့
အားရ၀မ်းသာ ၊ ခေါ်မိပါသည် ။
“ ဟေ့ သူငယ်ချင်း
မင်းဘယ်တုန်းက ၊ ဘယ်က ဘယ်လို
ဘယ်ပုံဘယ်နည်း ၊ မေးမပြီးခင် ”
အင်း အင်းလိုက်ကာ
ထွက်သွားပါသည် ၊ မျက်နှာ ဖြူယော်
ငါ့ရဲဘော် ၊ အော် - ဆေးမိခဲ့ပြီ ထင်ပါရဲ့ ။ ။

တော်လှန်ရေးသဘောတရား

ကြောင်တို့သည်လျှင်
ကြွက်ကိုမြင်သော် ၊ ဖမ်းချင် သတ်ချင် စားချင်မည် ။
တကောင်ချင်းလျှင်
အားခြင်းမမျှ ၊ ယှဉ်မရ၍
ကြောင်က ကြွက်ကို နိုင်စမြဲ ။
သို့အတွက် ကြွက်တို့သည်ကား ၊ လှုပ်ရှားကာသာ
အလိမ္မာနှင့် ၊ လွတ်ရာမြေအေညက်
တိုးဝင်ရောက်၍ ၊ ကျင်းဖောက် ခိုလှုံ
အသိုက်အုံနှင့် ။ စုပြုံနေကြ
ညီညွှတ်ကြလော့ ၊ အချိန်အခါ
ရောက်၍လာလျှင် ၊ မဟာရန်ဘက်
ကြောင်အိုလက်အား ၊ ချိုးဖျက်ရည်မြှော်
တိုက်ပွဲခေါ်ရန် ၊ မြေပေါ် ထွက်ခဲ့ကြကုန်လော့ ။

.................................................. .........................

No comments:

Post a Comment