Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

ကဗျာဆရာဝံပုလွေ

တခါတုန်းက ၀ံပုလွေတစ်ကောင်
ရှိတယ်
တစ်နေ့မှာ သူဟာ ဆာလောင်မွတ်သိပ်စွာနဲ့
လမ်းလျှောက်လာသတဲ့
တိုက်ဆိုင်စွာပဲ
အဲဒီနေ့၊ အဲဒီအချိန်၊ အဲဒီနေရာမှာ ယုန်ဖြူမလေးတစ်ကောင်ကို
သူတွေ့သတဲ့လေ
ယုန်တွေဟာ ၀ံပုလွေရဲ့အစာလို့
သူ ဟိုးတုန်းကတည်းက သိထားခဲ့ပြီးသားပါ
ဒါကြောင့် သူ့အနေနဲ့ ယုန်ဖြူမလေးကို
လှစ်ခနဲ ခုန်အုပ်လိုက်ယုံပဲမဟုတ်လား
မဟုတ်သေးဘူး
သူခြေထောက်တစ်ဖက်က နာနေတယ်
ဒဏ်ရာရထားတဲ့ခြေထောက်တစ်ဖက်က နာနေတော့
ယုန်တစ်ကောင်ကို မိအောင်ခုန်အုပ်လိုက်ဖို့ဆိုတာ
ခုလောလောဆယ် မဖြစ်နိုင်သေးဘူးပေါ့
ဒါပေမယ့် သူဟာ ၀ံပုလွေတစ်ကောင်ပါ
‘ ကောင်းသောနံနက်ခင်းပါ’
သူက ယုန်ဖြူမလေးကို အဲသလိုနှုတ်ဆက်
ထော့နဲ့ထော့နဲ့ နဲ့ ချဉ်းကပ်လာသတဲ့
ယုန်ဖြူမလေးက တိုးတက်ခေတ်မီတဲ့သဘောထားရှိသူ
ကဗျာစာပေ အနုပညာလိုက်စားသူဆိုပဲ
တောတွင်းဥပဒေသမှာလည်း ချွင်းချက်တော့ရှိနိုင်တာပဲလို့ သူယုံသတဲ့
သူတို့နှစ်ယောက်ဟာ
မိတ်ဖြစ်ဆွေဖြစ် စကားစမြည်ပြောဆိုကြ
ပြီးတော့ ရင်းနှီးသွားကြတယ်ထင်ပါရဲ့
ခွဲခွာကြခါနီးမှာ
‘မင်းအတွက် ကဗျာတွေ ငါရေးခဲ့မယ်’
ဝံပုလွေကပြောရဲ့
အဲဒီညကစပြီး ၀ံပုလွေဟာ
ကဗျာတွေရေးလေတော့တယ်
သူ့ကဗျာတွေထဲမှာ
စမ်းချောင်းကလေးစီးနေတာပါရဲ့
စီးနေတဲ့စမ်းချောင်းထဲမှာ
ငါးကလေးတွေ ကူးခပ်နေတာလည်းပါရဲ့
ညညဆို မိုးပေါ်မှာ
ဒိန်ခဲနဲ့တူတဲ့ လမင်းကြီးပေါ်ထွက်လာကြောင်းလည်းပါရဲ့
သစ်ရွက်တွေကြားမှာ
လေဟာ မရပ်မနားတိုးဝှေ့သွားနေကြောင်းလည်းပါရဲ့
မြေကြီးထဲက
မမြင်ရတဲ့ ပိုးကောင်လေးတွေ တစီစီအော်နေတဲ့အကြောင်းတောင်ပါသေးသတဲ့
ကဗျာတွေရေးပြီးသွားတဲ့အခါ
ဝံပုလွေဟာ စာတိုက်ကနေ ယုန်ဖြူမလေးဆီပို့လိုက်တော့တယ်
သူ့ဆီကိုလာလည်ဖို့အကြောင်းလည်း စာထဲမှာထည့်ရေးကာ
ဖိတ်မန္တကပြုလိုက်တယ်
အဲဒီမနက်မှာ
သူ့အခန်းထဲက အရိုးတွေကိုလှဲကျင်း
သူ့ခြေထောက်က ဒဏ်ရာကိုလည်း မြန်မြန်ပျောက်ကင်းအောင်ကုသတဲ့
တစ်နေ့မှာတော့ ယုန်ဖြူမလေးရောက်လာခဲ့ပါပြီ
ဝံပုလွေမျှော်လင့်ထားတဲ့အတိုင်း ယုန်ဖြူမလေး
သူ့အိမ်ဆီရောက်လာခဲ့ပါပြီ
ဝံပုလွေဟာ တံခါးကို ‘ဂျိုင်း’ ခနဲပိတ်လိုက်တယ်
ပြီးတော့ ဂလန့်ချလိုက်တယ်
သူ့သွားတွေကိုတတ်နိုင်သမျှ မပေါ်အောင်ဖုံးပြီး
‘ထိုင်ပါ’လို့ ယုန်ဖြူမလေးကို ဖိတ်ခေါ်လိုက်တယ်
သူ့ခြေထောက်က ဒဏ်ရာပျောက်ကင်းနေပါပြီ
အဲဒီအချိန်မှာ သူဟာ လေရဲ့လျင်မြန်ခြင်းမျိုးနဲ့
တစ်ဟုန်ထိုးရွေ့လျားနိုင်စွမ်းရှိနေပါပြီ။
ယုန်ဖြူမလေးဟာ ၀ံပုလွေရဲ့စားပွဲမှာ ၀င်ထိုင်လိုက်တယ်
ပြီးတော့ ‘ ရှင်ဟာ သိပ်တော်တဲ့ကဗျာဆရာတစ်ယောက်ပဲ’ လို့
ပြောလိုက်တယ်
‘င့ါကဗျာထဲမှာ မြေကြီးထဲက ပိုးကောင်လေးတွေအော်တဲ့အကြောင်း
ပါတယ်။ သူတို့ ဘာကြောင့် အဲဒီလိုအော်နေတာလို့ထင်သလဲ’ တဲ့
မေးလိုက်ပြန်တယ်။
‘ စမ်းချောင်းထဲကငါးကလေးတွေ နွေရာသီရောက်ရင်
ဘယ်ကိုသွားကြသလဲ ပြောစမ်းပါဦး’ တဲ့
‘ဒိန်ခဲနဲ့တူတဲ့လမင်းကြီးကိုကြည့်ပြီး ကျွန်မငိုမိတယ်’ တဲ့
သူ့စကားသံတွေဆုံးတော့
ဝံပုလွေဟာ အံ့ဖွယ်ငြိမ်သက်သွားတယ်
အသက်ကို ဖြည်းဖြည်းချင်းရှူသွင်းလိုက်ပြီး
‘ ယုန်ဖြူမလေးရေ . . .မင်းကို ငါကိုက်စားမှာ မစိုးရိမ်ဘူးလား’
လို့ မေးလိုက်သတဲ့
‘ ရှင် ကျွန်မကို ကိုက်စားချင်ရင် ခုပဲ ကိုက်စားလိုက်ပါ
ဒါပေမယ့် ဒီလိုကဗျာတွေကိုတော့ ဆက်ပြီးရေးသွားပါ’ လို့
ယုန်ဖြူမလေးကပြန်ပြောလိုက်သတဲ့
အဲဒီနောက် သူတို့နှစ်ယောက်
တီးတိုးစကားတွေဆိုကြတယ်
မှတ်မိသလောက်ကတော့
‘ရှင် ကျွန်မကိုလက်ထပ်နိုင်မလား’ ဆိုတဲ့ ယုန်ဖြူမလေးရဲ့စကားသံပါပဲ
ဒီအဖြစ်အပျက်ဟာ စာမျက်နှာပေါ်မှာ အမှန်တကယ်
ဖြစ်ပျက်ခဲ့တယ်
(အခုရေးထားတဲ့စာကိုဖတ်ပြီး အခြားသောဝံပုလွေတွေက ဘီယာသောက်ရင်း ဟားကြသတဲ့)
ကြာခဲ့ပေါ့ . . .။
ကဗျာဆရာဝံပုလွေဟာ ယုန်ဖြူမလေးကို ဖြူဖြူစင်စင်
ချစ်ခင်စောင့်ရှောက်သွားကြောင်းနဲ့ အဆုံးသတ်လိုက်ပါတယ်။ ။

နေမျိုး

No comments:

Post a Comment