Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

ဝေဆာနေမြဲ တနင်္ဂနွေများ


ဒါမှမဟုတ် အဲဒီအဖြစ်အပျက်ကို တိတိကျကျနားလည်သယောင်
ရှိလာနိုးနေ့မျိုးတစ်နေ့မှာ ဆုပ်ထားတဲ့ လက်သီးဟာ
ရင်ဘတ်ထဲကနေ ဖေါက်ထွက်လာမလား ပင့်လက်သီးမျိုးနဲ့
ပုံစံတူ အခြားပုံပြင်တွေထဲမှာလည်း ယုံရင်ရှိမှာပေါ့ အလားတူ
သမိုင်းရဲ့ အမည်မဲ့ ဦးခွံရိုးဖြူစွတ်ထဲက ခေတ်သစ်ပန်းဝါလေးတွေ
မျက်နှာချင်းဆိုင်စကားပြုလုပ်ရတော့မယ့် အခြေအနေရောက်ခဲ့ပြီ
အတွင်းသားရဲ့ နူးညံ့မှုသံချေးတွေကို သင်္ဘောအိုလို တူနဲ့ ရိုက်ချ
ပင်လယ်အဆုံးကုန်းပေါ်ကိုယ်ရောင်ဖျောက်သွားတဲ့ ပင်လယ်ထဲမှာ
ခေါင်းထဲစွဲနေတဲ့ စားပွဲတစ်လုံးဟာ ပိတောက်သားနဲ့ လုပ်ထားတာဖြစ်တယ်
ချောနေတာပဲ။ အဲဒီစားပွဲပေါ်မှာ လက်ဖ၀ါးတစ်ဘက်
သံမှိုနှက်ခဲ့တာ တင်စားချက်ရိုင်းရိုင်းပဲ ၊ ဒါပေမယ့် ၊တကယ်
မိုးတွေကိုယ်ဝန်ဆောင်ထားတဲ့ တိမ်မည်းကြီးတွေဟာ/လို
နေရောင်ထဲအခုပဲ သူရဲကောင်းတစ်ဖြစ်လဲလို/ဟာ
တစ်ခါက မဟုတ်ရင် တစ်ခါမက
ခပ်စုတ်စုတ်တည်းခိုခန်းတစ်ခုမှာ ကမန်းကတန်းတွေချွတ်ကြ
လေထဲမြွေတရှူးရှူးထသလို အဲဖရက်ရှင်နာ တရွှီးရွှီး
ကြေညာပြီး ပစ်တာနဲ့ မပစ်ခင်ကြေညာတာ ဘယ်ခေါင်းအုံး
နံရံက ချောင်းကြည့်ပေါက်ဟာ ဒုက္ခသည်စခန်းက စိတ်ဒဏ်ရာကြီး
ကိုယ်ခန္ဓာနှစ်ခုရဲ့ ရမ္မက်ပြေထုတ်လုပ်မှုဟာ စစ်ပွဲအတိုင်းပဲ
အပစ်အခတ်ရပ်စဲစဉ် ချစ်ကြည်ရေးဘောလုံးတစ်ပွဲလို
ဘယ်ဘက်ဂိုးဂိုး ကလေးတွေလက်ခုပ်တီးကြတယ်
သတင်းတစ်ခုဟာ ဒီဇိုင်း ၁၀ မျိုးနဲ့လာတယ် လိပ်တက်စ်ပါဝါပဲ
ပြာထဲမှာ အဲဒီကလေးရဲ့ နောက်ဆုံးအော်ငိုသံ
အချက်အလက်ထဲ လက်ချက်ရှာဖွေရန် ၀င်ရောက်ခွင့်မပြု
အခြေအနေဟာ အချိန်အခါကို မျက်နှာဖုံးစွပ်ချလိုက်တယ်
စစ်ကိုမဖြုန်းတီးပါနဲ့
စစ်ပွဲကြီးပြီးသွားမှ စစ်ဝတ်စုံဖို့ရို့ဖါးရားနဲ့ ရောက်လာ
အနိုင်အရှုံး ဘယ်ဘက်ကမှန်းမသိပဲ အလေးသာပြုချင်နေတဲ့
လက်တစ်ဘက်တရမ်းရမ်းနဲ့
ရှုခင်းဟာ ရှုသူရဲ့ အလွန်မှာ အသစ်နဲ့ အလစ်လဲလိုက်တယ်
စစ်ကိုအစစ်လာတောင်းသူကို ဘာတုန့်ပြန်ရပါ့
တစ်နေရာမဟုတ် တစ်နေရာမှာ အလောင်းလိုက်လိုက်ကောက်နေရတယ်
မှောက်လျက်အလောင်းပုပ်သိုးကို ယင်တလောင်းလောင်းကြားလှန်
ကျန်နေသေးတဲ့ မျက်နှာအပိုင်းအစကို အမှတ်ရမှုနဲ့ တိုက်ကြည့်
အမှတ်ရမှုဟာ ဘာမှမရှိတော့မှုထဲေ၀၀ါးသွားခဲ့တယ်
ရောင်စုံစက္ကူပန်းရုံပေါ်မှာ
နေရောင်ဟာ ၀င်းပ၀င်ပူး ဖူးပွင့်နေပြနေလိုက်တာ
အိတ်ကပ်ထဲ ခေါက်သိမ်းထားတဲ့ လ, ရောင်ဟာ
နှလုံးသားဘက်မှာ နေရာမှန်ရှိတယ်လို့ ကိုယ့်ကိုကိုယ်
ကျားကန် လီဆယ်ထားလိုက်တယ်
အို . . . ပြောင်သလင်းခါနေသော တောင်တန်းများ
ပြူတင်းပေါက်က လှမ်းမြင်ရတဲ့ မြို့ပြဖွဲ့စည်းမှု အိပ်မောကျတွေ
သေးကျုံ့နေတဲ့ လိင်တံထဲ ပိုက်တန်းလန်းနဲ့
အလှတရားရှိသေးတယ်ဆိုတာ မျက်နှာကျက်က အိမ်မြှောင်
ပိုးကောင်တွေလိုက်ဖမ်းစားနေတာကြည့်ရင်း
ဖြေရှင်းစရာတစ်ခုခုကျန်ရှိနေသေးသယောင်နဲ့
ဆီးခုံရိုးပေါ် လ,ရောင်က အမနာပလာကျနေပြန်တယ်။ ။
ဇေယျာလင်း
18 – Feb – 13
(လစ်ရစ်က်ကဗျာ ဟန်နဲ့ နိမိတ်ပုံအားပြုပေမယ့် အကြောင်းအရာကို ဖွ/ဖွာလိုက်ခြင်း)

No comments:

Post a Comment