Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

ဝန်ကြီးဖြစ်လျက် တော်လှန်ဝံ့သူ


ယောမင်းကြီး ဦးဖိုးလှိုင်အကြောင်းကို မြန်မာတို့ကြားဘူး ကြသည်။ယောမင်းကြီးသည် တော်လှန်ရေးသမားကြီး တစ်ဦးဖြစ်သည်ကိုလည်း သိကြသည်။ ထိုကြားဘူး သိဘူးသော တော်လှန်ရေးရဲဘော်ကြီး ဦးလှိုင်အကြောင်းကို ပြန်၍ သတိရကြဦးစို့ ။
                     ယောမင်းကြီးသည် လွန်ခဲ့သော အနှစ်တစ်ရာကျော်ခန့်က မြင်းခြံမြို့အနီးရွာပုလဲ ရွာတွင်မွေးသည်။ အဖေမှာရေနံချောင်းမြို့စား ယင်းတောဝန်ကြီး ဖြစ်သည်။ ငယ်ရွယ်စဉ်၌ပင် ဖခင် မြို့စားကြီးမှာ အနိစ္စရောက်သဖြင့် အဖမဲ့သား ဖြစ်နေသောကြောင့် အမိ မင်းကြီးကတော်က မင်းတုန်းမင်းသားထံတွင် အပ်နှံထားလိုက်လေသည်။
                     မင်းတုန်းမင်းသား ညီနောင်တို့ နောင်တော် ပုဂံမင်းကို တော်လှန် ပုန်ကန်ကြသောအခါ မောင်လှိုင်
သည်လည်း ရဲဘော်တစ်ဦးအဖြစ်ဖြင့် သက်စွန့်ကြိုးပမ်း ထမ်းဆောင်လေသည် ။ထိုကြောင့် မင်းတုန်းမင်းကြီးသည်   မောင်လှိုင်ကို ရာထူးအမျိုးမျိုး ပေးကာ ချီးမြှင့် သူကောင်းပြုလေသည်။
                        “ အစ်မ ၊ နှမ ၊ သမီးကကို ၊ စ၍ဆက်နှင်း ၊ လက်ဆောင်သွင်း၍ စိုးမင်း ချစ်မြတ် ၊
                          ထိုအမတ်သည် ၊ အတတ်မရှိ ၊ သတ္တိကင်းကွာ ၊ ဘုန်းကြီးလာမှု ၊ပြည်ရွာပျက်ကြောင်း
                           တစ်ပါးတည်း ......... ပါဘုရား ။ ”
                     ထိုအခါ သက်ဦးစံပိုင် အရှင်ဧကရာဇ် ဘုရင်မင်းတရားကြီးလည်း အမျက်ထွက်တော်မူ၍ ဤသို့ 
မေးလေသည်။
                        “ ငလှိုင် ၊ သည်လှံအကြောင်းကို သိရဲ့လား ”
                        “ သိကြောင်းပါ ဘုရား ၊ အရှင့်ခမည်းတော်၏ လက်စွဲတော်လှံ ဖြစ်ကြောင်းပါ ဘုရား ”
                        “ ငါခမည်းတော်သည် ဤလှံနှင့်  မည်သူ့ကို စီရင်ဘူးသနည်း ။ ”
                        “ ကျွန်တော်မျိုး၏ ဖခင် ယင်းတော ၀န်ကြီးကို စီရင်ဘူးပါသည် ဘုရား ”
                        “ မောင်မင်းကော ဤလှံနှင့် စီ၇င်သည်ကို ခံလိုသလား ။ ”
                      ယောမင်းကြီးလည်း ရင်ဘတ်ကို ကော့ပေးကာ “ ထိုးတော်မူပါဘုရား ” ဟုလျှောက်ထားလေသည်။
မင်းကြီးလည်း လှံတော်ကိုကိုင်၍ အတွင်းတော်သို့ ၀င်လေတော့သည်။
                       ထိုအခါ အနီး၌ရှိသော ၀န်ကြီးများက “ ၀န်ကြီးမင်းမလဲ တင်းတင်းမာမာ ရဲဘဲ ရဲလွန်းလှဗျာ ” ဟု
ပြောလေရာ ယောမင်းကြီးက “ နေရာတကာတွင် မှန်ပါ့ဘုရား လိုက်၍ အသက်ရှင်ရသည်ထက် လှံထိုးခံ၍
သေရသည်က မြတ်ပါသည် ။မင်းကို လိုက်၍ မင်းကြိုက်ကို လုပ်မိသဖြင့် တိုင်းပြည် မှောက်မှားသွားလျှင် နောင်အစဉ်အဆက် ကဲ့ရဲ့စရာဖြစ်တော့မည်။ နိုင်ငံဝန်ကို ထမ်းသည့်သူသည် မှန်မည် ထင်သည့်အရာကို ရဲရဲဝံ့ဝံ့ လုပ်ရဲရမည် ဖြစ်သည် ” ဟု ပြန်ဖြေလေသည် ။
                        နောက်တစ်နေ့တွင် ယောမင်းကြီး ရာထူးမှ ကျလျှောလေတော့သည်။ ဤသို့ နိုင်ငံ့အကြိုးအတွက် မင့်မကွက် ဆောင်ရွက်သဖြင့် ယောမင်းကြီးရာထူးမှ ကျရသည်ကား အကြိမ်ပေါင်း များစွာ ဖြစ်လေသည်။ရာထူးမှ ကျရသည့်အတွက် ယောမင်းကြီးကား မည်သည့်အခါမျှ စိတ်မညစ်ပေ ။ရာထူးပြုတ်သော အခါတိုင်း တိုင်းသူပြည်သား လူအများ လေ့လာမှတ်သားရန် ကျမ်းတို့ကို ရေသား ပြုစုလေ့ရှိလေသည်။ထိုကျမ်းတို့သည်လည်း ရှေးရိုးအစဉ်အလာ ကျမ်းဟောင်းတို့ကို တော်လှန်ပုန်ကန်သော ကျမ်းတို့ ဖြစ်လေသည်။ ဤမျိုးချစ် တော်လှန်ရေး ရဲဘော်ကြီးတစ်ဦး၏ အတ္ထုပ္ပတ္တိကို အကျယ်တ၀င့် ရေးစွမ်းနိုင်သူ
ရှိပါက ကောင်းလေစွ ။
                                                                                  မင်းသုဝဏ်
                                                             ပြည်သူ့ရဲဘော်ဂျာနယ် ၊ အောက်တိုဘာ ၊ ၁၉၄၆

No comments:

Post a Comment