မြင်းတစ်စီး၊ ဓားတစ်လက်နဲ့ မကောင်းသူပယ်မယ့် တစ်ကိုယ်တော်
အမှန်တရားလား ဒဏာရီမှာ အထင်အရှားရှိလေရဲ့
ယနေ့ကမ္ဘာဟာ ရွာကြီးတစ်ရွာ၊ သူကြီးသားဖြစ်ခွင့်မရှိသူများ
သေသောသူကြာရင်မေ့ကြောင်း ရင်ထဲဆွဲသွင်းထားကြ
နေပျောက်မထိုးတဲ့ သားရဲတောထဲတိုးဝင်
ပျောက်သောသူရှာရင်း ရှာသောသူပါ ပျောက်ဆုံးသွားတဲ့အခါ
ရောက်လေရာဘ၀မှာ လူ/တိရစ္ဆာန် စစ်စစ်ဖြစ်လိုကြောင်း
လူမသိသူမသိ ဆုတောင်းစကားတွေသာ အပြိုင်းအရိုင်း ကျန်ရစ်ခဲ့။
ဘ၀နေထိုင်မှုက ပွဲတော်ကြီးထဲ လူစုကွဲနေတဲ့ကလေးငယ်ရဲ့
အရိပ်မြင်တိုင်း အရောင်တလဲ့လဲ့ မော့ကြည့်တတ်တဲ့ မျက်ဝန်းတစ်စုံ
မသေရုံတမယ် ပြီးပြည့်စုံလွန်းတယ်၊ “ရှင်သန်ခြင်း”ဆိုတာ
သုံးလတစ်ခါ/တစ်လသုံးခါ သင်တုန်းဓားအောက် ခေါင်းထိုးပေးဖို့သွားနေကျ
ဆံညှပ်ဆိုင်ရဲ့ဆိုင်းဘုတ်ပေါ်က ဖုံတက်နေတဲ့အက္ခရာစု
ဆံပင်တွေသာ သံမံတလင်းပေါ် တဖွဲဖွဲရွာချ
“လူ့ဘ၀နဲ့တူတာ မတမ်းတတော့ပါဘူး”
သင်္ဘောသားအိုကြီးရဲ့ဂါထာကိုဖွဖွရွတ်ဆို
အကြောအခြင်တွေကို ဖြေလျှော့ထားခဲ့ရ။
ဝံပုလွေထက်ပိုဖူးသလို သိုးတစ်ကောင်ထက်လည်း ပိုရိုးသား
စဉ်းတီတုံးပေါ် ပျော်တဲ့နေ့ရက်တွေ များခဲ့တာပဲ
အခင်းအကျင်းက မထူးတော့လည်း ဆက်ကရမယ့်ဇာတ်
နောက်ထပ်အသစ်ထပ်ပွား၊ ကိုယ်ပိုင်ဖြစ်တည်မှုကတ်ပြားပေါ်
အဂ္ဂလင်း(၂)/ဒေါ်လီ(၂) ကြိုက်ရာအမည်တစ်ခုခုတပ်လို့
ဂလက်ဒီရေတာတစ်ယောက်ကို တံဆိပ်ရိုက်သလို
သံပြားကင်ရဲရဲနဲ့ ခပ်နက်နက်လေး ခတ်နှိပ်ပေးလိုက်
ခေတ်ကြီးက အရေပြားနဲ့ပဲစကားပြောမယ်။
ဒီဘ၀မှာ ရထားတဲ့ဝေစုက သုံးမကုန်ဖြုန်းမကုန် ဒုက္ခတွေ
ဘိုးဘွားအမွေအနှစ်မို့ မပျောက်မပျက် ဆက်လက်ထိန်းသိမ်းရမှာပေါ့ဗျာ
ဒီတော့လိုအပ်တာက ကျွန်တော့်အတွက်၊ ခင်ဗျားအတွက်၊ သီချင်းတစ်ပုဒ်အတွက်
နောက်ထပ် အနည်းဆုံး တစ်ခု/တစ်ကောင်/တစ်ယောက် မဖြစ်မနေ
အမြန်ပွားပေးလိုက်ဖို့ပဲ...အခုကမ္ဘာကြီးဟာ အရင်ကမ္ဘာကြီးပဲလား မသေချာတော့တဲ့အခါ။ ။
အဂ္ဂလင်း ၂၀၀၈

No comments:
Post a Comment