Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

ရီမုတ်တစ်ဖက်၊ ဇာတ်ညွှန်းတစ်ဖက် ခေတ်ဆိုတဲ့ရုံကြီးထဲ ငါတို့ကြည့်နေကြတဲ့ဇာတ်


ထွေးပြီးသား တံတွေး ပြန်မျိုချလိုက်(ခင်ဗျားက မရွံတတ်ဘူးမဟုတ်လား)
ထွက်ပြီးသား အစွယ် ပြန်သွင်းထည့်လိုက်(ခင်ဗျားက လူယောင်ဆောင်ချင်တာမဟုတ်လား)
ပြောပြီးသားစကား ပြန်ငြင်းပစ်လိုက်(ခင်ဗျားက နားလည်မှုလွဲသွားတယ်ဆိုချင်တာမဟုတ်လား)
လုပ်ချင်ရာလုပ်ပစ်လိုက် ဘာဖြစ်လဲ၊ တခြားသူတွေ အာဇာနည်ကျောက်တိုင်မှာ ပန်းခွေသွားချချိန်
ခင်ဗျားဟာလည်း ပန်းကုံးတွေတစ်ကုံးပြီးတစ်ကုံး တစ်ဖက်သတ်ပေးဆပ်စွန့်လွှတ်ခဲ့ရတယ်ဆိုတဲ့
ချာတိတ်မလေး စပွန်ဆာအသစ်နဲ့ပြေးလို့ ရှိုက်ကြီးတငင် ကြေကွဲပြလို့ရတယ်၊ မေ့လိုက်ပါ ဒါဟာဘ၀ပဲ နောက်ထပ်ရင်းနှီးမြှပ်နှံစရာတွေအများကြီးလို့လည်း ခင်ဗျားဟာသတိနဲ့အသိနဲ့ တရားရနေနိုင်တာပဲ
လုပ်ချင်ရာလုပ်လို့ရပါတယ်လေ ခင်ဗျားကမနေ့တနေ့ကမှမွေးတဲ့ချာတိတ်လေး
ကလေးအထာတွေချပြလို့ရတယ်၊ နောက်တစ်နေ့ သေသွားရင်တော့ ခင်ဗျားလူကြီးဖြစ်ခွင့်
ရမသွားရှာဘူးလို့ပဲဖြေလိုက်၊ ဘ၀ဆိုတာကလည်း ဖျော်ဖြေရေးဆန်ဆန် ငြီးငွေ့စရာ ရုပ်ရှင်ကားဟောင်း
ကောင်းတယ်လို့ မင်းသမီးလေးကညည်းတယ် သူ့အရသာနဲ့သူ သူ့ဝေဒနာနဲ့သူ ထားလိုက်
ခင်ဗျားကိုယ်တိုင်လည်း စောင့်ကြည့်ရင်း/စောင့်ကြည့်ခံရရင်း ရင်းထားရတဲ့ဖြစ်တည်မှုအတွက်
အတွင်းရေးနဲ့အပြင်ရေးနဲ့ ရေးချင်ရာရေး ဒါ ခင်ဗျားရေးတဲ့ခင်ဗျားဇာတ်လမ်း
အတွင်းရန်နဲ့အပြင်ရန်နဲ့ ရံချင်တာရံ ရန်ကုန်မှာ ရန်တွေကုန်ပြီဆိုတော့ ဘယ်ရွှေ့သွားလို့တုန်း
ခပ်တုံးတုံးအတွေးအခေါ်တွေနဲ့၊ ခပ်တုံးတုံးစကားလုံးတွေနဲ့ ကျွန်တော်တို့ဟာတုံးနေတဲ့ဓားသွားတွေလား
စိတ်ဝင်စားစရာတချို့လည်းငြင်းမရအောင်ရှိပါရဲ့လေ အသစ်အဆန်းတွေ၊ အဓိပ္ပါယ်တွေ၊ အပြောင်းအလဲတွေ
ခက်တာက အသစ်တွေကလည်း ငြီးငွေ့စရာ(ကံကြမ္မာက အလိုမတူဘဲအတင်းအဓမ္မကြံစည်ခဲ့တာတဲ့)
အဓိပ္ပါယ်တွေကလည်း ငြီးငွေ့စရာ(ချစ်သူ၊ မိတ်ဆွေ၊ ရန်သူ.....နောက်ဆုံး မိဖဆိုတဲ့စကားလုံးအဆုံး
အားလုံးပျက်သုန်းလာ)၊ အပြောင်းအလဲတွေကလည်း ငြီးငွေ့စရာ(ဆက်ဆက် ဆက်ပြောင်းပစ်ပါမယ်
ဆိုတဲ့ လေသံအပြောင်းအလဲတွေကအစ) ငြီးငွေ့စရာတွေပြောပြနေရတာကိုက ငြီးငွေ့စရာပဲ
အဲဒီတော့ပြောင်းပစ်လိုက်ဗျာ ရီမုတ်ကခင်ဗျားလက်ထဲမှာ(ဓာတ်ခဲရှိမရှိ/ခလုတ်ကောင်းမကောင်းမသေချာ)
ကြိုက်ရာချန်နယ်ပြောင်းကြည့်လိုက် ခလုတ်တစ်ချက်အနှိပ်မှာ ဘ၀တစ်ခုပျောက်သွားနိုင်သလို ထူးထူးခြားခြား
တိရစ္ဆာန်တွေ/လူတွေ/လူတိရစ္ဆာန်တွေစသဖြင့်...ဘောလုံးပွဲတွေ/အချစ်ပွဲတွေ/စစ်ပွဲတွေစသဖြင့်...
နှင်းဆီနီရဲရဲတွေ/သွေးဆုတ်ဖြူရော်ပေါက်ပန်းတွေ/ခိုင်လုံးဝေ သေပန်းတွေစသဖြင့်.............စသဖြင့် တိုက်ရိုက်
စိတ်ကြိုက်ကြည့်လို့ရတယ် ခင်ဗျားလူသက် ၁၈ကျော်ရင်၊ ခင်ဗျားစိတ်သက် ၁၈ကျော်ရင် ပိုစိတ်ဝင်စားစရာ သွေးပျက်ချောက်ချားဖွယ်အပြည့် ဒီရုပ်သံဝင်္ကပါထဲ ခင်ဗျားအကြည့်ရဲဖို့ပဲလိုမယ်(သွေးစစ်ရင်နီရဲသလို)
ချန်နယ်တွေစိတ်ကြိုက်ပြောင်းပစ်လို့ရတယ် ချန်နယ်တွေပြောင်းဖို့ကြိုးစားရင်း ဘ၀တွေပြောင်းသွားတာလည်းရှိမယ်
ရှေ့ကိုကျော်ပစ်ချင်သူတွေလည်းရှိ၊ နောက်ကိုပြန်ရစ်ချင်သူတွေလည်းရှိ၊ ရောက်ရာဘ၀မှာတွယ်ကပ်
လမ်းပိတ်ရပ်ထားချင်သူလည်းရှိ၊ ရှေ့မသိနောက်မသိ လမ်းဘေးဆင်းရပ်နေသူ ဘာမှမသိတွေလည်းရှိ
သိထားရမှာက ဒီမှာရသတွေစုံပါတယ်မိတ်ဆွေ ဖျော်ဖြေရေး၊ပညာပေး၊ညစ်ညမ်း၊စိတ္တဇလူသတ်သမားဇာတ်လမ်း၊
ဖျောက်ဖျက်မရမယ့်သမိုင်းမှတ်တမ်း...ခင်ဗျားစိတ်ကြိုက် ချန်နယ်တွေပြောင်းဖမ်းပစ်လိုက် မေ့ထားလို့မရတာက
ပြသနေတဲ့ချန်နယ်ထဲကဘယ်တော့မှ ခင်ဗျားပြေးထွက် လွတ်မြောက်လို့မရနိုင်တဲ့အဖြစ်။                         ။
                                                                                                                                              25 8 2012

No comments:

Post a Comment