ကွာရှင်းပြတ်စဲပြီးတဲ့ညမှာ သူအိပ်ခန်းထဲဝင်မအိပ်နိုင်ခဲ့ဘူး။
အိပ်ခန်းဟာလည်း ပင့်ကူတွေနဲ့ပြည့်နေမှာသေချာတယ်လေ။
နူးညံ့စွတ်စိုတဲ့ပင့်ကူတွေ။ သူတို့ရဲ့ခြေထောက်တွေက
အနမ်းတွေထက်တောင်တိုးတိတ်ညင်သာတယ်။ ဒါပေမယ့် သူတို့ခေါင်းထဲမှာရှိနေတာကတော့
နမ်းရှိုက်ခြင်းမဟုတ်ခဲ့ဘူး။
နောက်ဆုံးတော့ သူဧည့်ခန်းရဲ့ကြမ်းပြင်ပေါ်စောင်တစ်ထည်ဖြန့်ခင်းပြီး၊ အဲဒီမှာပဲအိပ်ပစ်လိုက်တယ်။ နည်းနည်းကြမ်းတမ်းမာကျောတဲ့ဝေဒနာမှာ သက်သာရာတစ်ခုခုရှိနေတယ်။ ကိုယ့်ကိုကိုယ်ဒဏ်ခတ်ခြင်းက သူ့စိတ်နှလုံးကိုသက်သာရာရပြီး သူ့ကိုအိပ်မက်တွေထဲလျှောကျသွားစေတယ်။
သူ့ကိုနှိုးလိုက်တာကတော့ ရေပဲ။
တစ်ပေါက်ပေါက်ကျနေတဲ့ရေသံ။
တောက်…တောက်…တပေါက်ပေါက် ယိုစိမ့်ကျနေတာ။
ခေါင်မိုးကများယိုကျနေတာလား။
မဟုတ်သေးပါဘူး။
မိုးမှရွာမနေတာ။ အဲဒီ့အသံကလွဲလို့ ညက လုံးဝတိတ်ဆိတ်နေတယ်။ သူ့နားထဲလေထုထဲက ဖျော့တော့တိုးတိတ်တဲ့အသံတွေကိုကြားရလောက်အောင် တိတ်ဆိတ်နေတယ်။ ဒီထူးခြားတဲ့ရေကျသံဟာ ရေချိုးခန်းကနေထွက်လာနေတာ။
“ဘယ်သူလဲ”
မေးလိုက်ပြီးမှ သူ့ဘာသာရူးကြောင်ကြောင်နိုင်သလိုခံစားလိုက်ရတယ်။ ဘယ်သူမှမရှိဘူး။ မင်းတစ်ယောက်တည်းပဲလေ။ သူမ ပြန်လာတော့မှာမှမဟုတ်တာ။ ဘာပဲဖြစ်ဖြစ်ပေါ့။ ထပြီးရေပိုက်ကိုပိတ်လိုက်။
သူ ရေချိုးခန်းထဲဝင်သွားပြီး မီးဖွင့်လိုက်တယ်။ ခါတိုင်းလိုပါပဲ၊ လျှော်ရမယ့်အ၀တ်တွေ ရေချိုးကန်ထဲစိမ်ထားတယ်။ ခြေအိတ်တွေ၊ အတွင်းခံအ၀တ်အစားတွေ၊ ရုံးဝတ်စုံတွေ၊ တီရှပ်တွေ။ ပြီးတော့ စမြင်မြင်ချင်း သူ ဘာမှန်းခွဲမရတဲ့ ပေါလောမျောနေတဲ့အညိုရောင်ခပ်ကြီးကြီးတစ်ခုရယ်။
မြေကြွက်တစ်ကောင်ပဲ။ ကြီးမားတဲ့မြေကြွက်ကြီး။ ရေကန်ရဲ့မတ်စောက်တဲ့ကြွေရည်သုတ်ဘောင်တွေပေါ်လည်း တွယ်မတက်နိုင်၊ ခြေချစရာရှာမရလောက်အောင်နက်တဲ့ရေကြောင့် ခုန်လည်းမထွက်နိုင်ဘဲ အဲဒီအကောင်ဟာ ပတ်ချာလှည့်ပြီးစိတ်ရှည်ရှည်နဲ့ကူးခတ်နေတာ။ ကြားခဲ့ရတဲ့အတိုင်း ရေကူးသံတကယ့်ကိုတိုးတိုးလေးထွက်ရင်းနဲ့လေ။
ခုန်ထွက်တော့မယ်။ သေချာတယ်။ သူ့မျက်နှာဆီခုန်ဝင်လာမှာ။ သူ ရေသုတ်သဘက်ကြီးကိုဆတ်ကနဲဆွဲယူပြီး ရိုက်ပစ်လိုက်တယ်။ ရေတွေအပေါ်ကိုပန်းတက်လာပြီး လေထုကိုဖြတ်ရင်းဘေးကိုဖြာကျကုန်တယ်။ မကြာဘူး၊ သဘက်ဟာ စိုရွှဲပြီးလေးသွားတယ်။ လက်နက်တစ်ခုပဲ။ မြေကြွက်ဟာ အနီရောင်မြူထုထဲလူးလိမ့်နေတယ်။ မြေကြွက်ရဲ့ဆိုးဝါးတဲ့အညစ်အကြေးတွေက အနီရောင်ကို ညစ်ညမ်းစေတယ်။ နောက်ဆုံးတော့ သူသိနားလည်လာတာက အဲဒါဟာ အသေကြီးပဲ၊ သေပြီးတာ အချိန်အတော်တောင်ကြာနေပြီ။
သူ့ဘာသာပဲ ဘလက်ကော်ဖီတစ်ခွက်ဖျော်ပြီး ဖြည်းဖြည်းချင်း သောက်လိုက်တယ်။ သူမဆီဖုန်းဆက်ဖို့တွေးမိတယ်၊ ဒါပေမယ့် မဆက်ဖြစ်ခဲ့ဘူး။ အဲလိုနဲ့နောက်ဆုံးတော့ မနက်သုံးနာရီရှိသွားပြီ။
ကော်ဖီသောက်ထားလျက်နဲ့ အိပ်စက်ခြင်းက အလွယ်တကူရောက်လာတယ်။ ပြန်အိပ်ပျော်သွားပြီးတော့ သူဟာ ပိုးဟပ်ဥတွေကိုအိပ်မက်မက်နေတယ်။ ငါးပျံဥလို လိမ္မော်ရောင်တောက်တောက်တွေ။ သူအဲဒီဥတွေပေါ် ရေနွေးပူတွေလောင်းချလိုက်တယ်။ ကလေးမရှိဘူး၊ မရှိဘူး။ ငါ ငြင်းတယ်ကွ။ ရေနွေးတွေပြန့်စီးသွားတုန်း ဧရာမ ပိုးဟပ်ကြီးတစ်ကောင် မီးဖိုအောက်က ရွံ့တွန့်တွန့်နဲ့တွားထွက်လာတယ်။
“ဖေဖေလားဟင်” လို့အဲဒီအကောင်ကမေးတယ်။
သူ တက်နင်းပစ်လိုက်တယ်။ အကောင်လေးရဲ့အရောင်တင်ထားသလိုပြောင်လက်နေတဲ့အညိုရောင်အခွံဟာ သူ့ခြေထောက်အောက်မှာ အစိတ်စိတ်အမွှာမွှာကြေမွသွားတယ်။ အဲဒီနောက်တော့ သူဟန်မဆောင်နိုင်တော့၊ သူရှိုက်ငိုလိုက်တယ်။
သူနိုးလာတဲ့အထိ ကူကယ်ရာမဲ့စွာ ရှိုက်ကြီးတငင်ငိုနေမိဆဲ။
နှစ်တွေအများကြီးကြာပြီးတဲ့အထိ သူ မြေကြွက်အသေကိုကိုင်တွယ်ဖို့လက်အိတ်စွပ်ခဲ့တာ သတိရနေတုန်းပဲ။ ရေထဲနာရီပေါင်းများစွာပေါလောမျောနေခဲ့ပြီးတဲ့နောက်မှာ အသေကောင်ဟာ မာတောင့်လေးလံနေပြီ။ သူ အဲဒါကို လုံးဝရှင်းရှင်းလင်းလင်းမှတ်မိနေတယ်။ ဒါပေမယ့် အဲဒီလျှော်ရမယ့်အ၀တ်တွေကိုဘာလုပ်ခဲ့တယ်ဆိုတာ သတိမရတော့ဘူး။ သူဘာကိုမှလွှင့်မပစ်ခဲ့တာတော့ အသေအချာပဲ။ သူဟာ အဲလိုတွေ လွှင့်ပစ်တတ်တဲ့လူစားမျိုးမဟုတ်ဘူးလေ။ အဲဒီ့သွေးတွေ၊အညစ်ကြေးတွေရောပျော်ဝင်နေတဲ့ရေချိုးကန်ထဲကနေ သူ့အ၀တ်အစားတွေကို တနည်းနည်းနဲ့တော့ ပြန်သုံးလို့ရအောင်လုပ်ယူခဲ့တာပဲဖြစ်မယ်။ အခုတောင် သူအဲဒါတွေကို ၀တ်ထားကောင်းဝတ်ထားလိမ့်မယ်။ ဟုတ်တယ်၊ ဖြစ်နိုင်တယ်။ သူ့အ၀တ်အစားတွေဟာ အမြဲတမ်း သူ့ပတ်သက်ဆက်နွှယ်မှုတွေထက် ပိုကြာရှည်ခံတည်တံ့တယ်လေ။
Hugh Cook ရေးသားသော “The Rat"အား ခံစားမိသလိုဘာသာပြန်လိုက်ခြင်းမျှသာ။ မြူခွင်းနေ 13.1.13

No comments:
Post a Comment