Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

အဖျားသွေး(၅၂၈)မှာ ကိုးမား*ရနေတဲ့ငှက်


ယုံကြည်ချက်တို့ရဲ့အားအဟုန်မှာ
ကမ္ဘာကြီး တုန်သွားရမယ်။

မာန်မာနတွေ ကြွက်သားအပြိုင်းပြိုင်း
အရိုင်းဆန်တဲ့တောင်ပံတစ်စုံခွန်အားနဲ့
မိုးတိမ်တွေအထပ်ထပ်
ထိုးဖောက် ပျံတက်ခဲ့သူ။

အောင်မြင်မှုကို အနံ့ခံရှာဖွေ
စူးရှမျက်လုံးတွေရဲ့နောက်ကွယ်တစ်ထောင့်မှာ
မှုန်ဝါးစွာ ဘာတွေရှိနေဦးမလဲ
တံလျပ်တွေကိုပဲ
မျက်ခြေမပြတ် ချောင်းမြောင်းနေရတယ်။

အခွင့်အရေးတိုင်းကို မလွတ်တမ်းဖမ်းကုတ်နိုင်ဖို့
ချွန်ထက်လာရတဲ့ လက်သည်းများ
အရင်လို ပိုးစုန်းကြူးလေးတွေ
ဖမ်းနိုင်စွမ်းရှိပါဦးမလား။

အလင်းစိမ်းလေးတွေ တဝေ့ဝေ့
အိပ်ခန်းနွေးလေးကို
နီယွန်မီးထိန်ထိန်အောက်မှာ
ပြန်ရှာ မတွေ့တော့ဘူး။

တချိန်က ရဲရဲတောက်အိပ်မက်တွေဆိုတာ
အခု မျက်ဝန်းမှာ
ထင်ဟပ်နေတဲ့ အရောင်တွေ။

ငါက လေကိုဆန်တက်မယ့် ငှက်
မိုးကုပ်စက်ဝိုင်းကို ဖောက်ထွက်မယ့်စွန်ရဲ
ဒီအချိန် မယုံမရဲပါပဲကွာ
ယုံကြည်ချက်တွေကလည်း
ယုံကြည်ရ ခက်လွန်းလှချည်ရဲ့။

တစ်နေရာမှာ အမြင့်ဆုံးဆိုတာ ရှိမယ်
အဲဒီအမြင့်ဆုံးမှာ တစ်နေရာတည်းရှိလေသလား
ချစ်သောသူများရယ်
အားလုံးကို ချန်ထားရစ်ရတယ်။

တကယ်တော့ သိုက်မြုံဆီမပြန်တတ်တော့သူ
အနီရောင်မျက်ဝန်းတစ်စုံနဲ့ ငှက်လေး
မေမေရေ....တကယ်တော့ မေမေ့သားဟာ
ရင်ခွင်အပြောင်းအလဲမှာ
ဖျားနာနေတဲ့ ငှက်ပေါက်လေးပါ။

အဆင့်(၄)မုန်တိုင်းဒဏ်ထိ
ခံနိုင်ရည်ရှိသတဲ့
ဟောဒီကွန်ကရစ်ရင်ခွင်ကြီးထဲ
အဲသလို အာမခံချက်တွေအများကြီး
အနွေးဓာတ်တော့
မရနိုင်ဘူးပေါ့ မေမေ။

မေမေ...မေမေ...မေမေ...
...မေမေ...မေမေ...မေမေ....
မေမေ...မေမေ...မေမေ...မေမေ...။

ခလုတ်ထိမှ
အမိတတယ် ဆိုလည်း
လမ်းတွေကိုက ခလုတ်တွေချည်းမို့
မေမေ့ကို
တ မိတာပါပဲ။

မြင်းတစ်စီး၊ ဓားတစ်လက်နဲ့
အမှန်တရားရှာထွက်ခဲ့သူ လူငယ်လေးဟာ
နောက်ဆုံးအရာရာကို အောင်ပွဲခံနိုင်ခဲ့သတဲ့
အိပ်မက်တချို့အတွက်
ညပေါင်းများစွာနဲ့ လဲလှယ်ခဲ့ရသမို့
အိပ်ရာဝင်ပုံပြင်တွေကပြောတဲ့ အမှန်တရား
ယုံကြည်တတ်တဲ့အရွယ် မဟုတ်တော့ဘူး
အိပ်ရာဝင်ပုံပြင်တွေပြောတဲ့ ချစ်ခြင်းကိုသာ
သက်ဝင်ယုံကြည်တဲ့အရွယ်ရောက်ခဲ့ပါပြီ။

အတောင်စုံတော့
တောအုပ်လေးအပြင်ဘက် ပျံထွက်ခဲ့ကြ
ဖြတ်သန်းရတဲ့နေ့စွဲတွေ အရောင်စုံတော့မှ
တောင်ပံတို့ရဲ့ အန္တိမပန်းတိုင်ဟာ
အဲဒီတောအုပ်လေး
အဲဒီ မေမေတောအုပ်လေးပါပဲ
ဆေးဖက်အ၀င်ဆုံး သက်ရင့်မေတ္တာတရားတွေနဲ့
စိမ်းစိုကြိုဆိုနေမယ့် အမြဲစိမ်းတောအုပ်လေးလေ။

ငှက်တစ်ကောင်ရဲ့ဗီဇစွမ်းအားဆိုတာ
မုန်တိုင်းကို ဖြတ်ကျော်လွန်မြောက်ဖို့ထက်
အိပ်တန်းပြန်တတ်ဖို့ပါပဲ။

တဟုန်တိုး လောကစီးကြောင်းထဲ
ရှေ့ကိုချီတက်ရတာ ခက်ခဲသလို
နောက်ကိုပြန်ဆုတ်ဖို့ဆိုတာလည်း
ပို ခက်ခဲလွန်းလှတယ်။

မေမေ အမြဲဂုဏ်ယူခဲ့ရတဲ့
မေမေ့ရဲ့အမြင့်ပျံငှက်လေ
မိုင်ပေါင်းထောင်ချီ ပျံသန်းတတ်ခဲ့ပြီးမှ
အိမ်ပြန်လမ်းကို
သဲလွန်စပြန်ရှာနေရ
ရဲရဲတောက်စွန်ရဲတစ်ကောင်
သား မဖြစ်ချင်တော့ဘူး မေမေ။

အခုစားသုံးနေရတဲ့ ခေတ်ကြီးကို
အရသာခံမရလောက်အောင် ခံတွင်းပျက်လို့
မေမေသာ ခွံ့ကျွေးရင်
ဒီနေ့ရက်တွေဟာ ပိုစားဝင်လာမလား
ငြီးငွေ့မှုတွေနဲ့
တင်းကျပ်ဆာလောင်နေတဲ့စိတ်က မေးမိတယ်
ရင်တစ်ခုလုံး လောင်မြိုက်နေတဲ့မီးလျှံတွေလည်း
မေမေ ရေအေးဝတ်တင်ပေးလိုက်ရင် ငြိမ်းသွားမှာပဲ
ရေခဲတစ်တုံးလို အိနြေ္ဒရရ
အေးစက်အရည်ပျော်ရင်း တွေးမိတယ်။

အလွယ်ဝယ်ရတဲ့ ရယ်ဒီမိတ်စားစရာတွေနဲ့
အလွယ်ဝယ်ရတဲ့ တန်ဖိုးကြီးကော်ဖီတစ်ခွက်နဲ့
ပျော်ရွှင်ခြင်းက
ဘယ်လိုမှ အသက်ဆက်လို့မရတော့ဘူး။

အလကားရခဲ့တဲ့ မေတ္တာတရားဟာ
အိမ်အပြင်မှာ ကြေးဘယ်လောက်ပေးပေး
ဝယ်ယူလို့မရလောက်အောင်
ဈေးကြီးမှန်း သိနားလည်လာချိန်
ဆုတံဆိပ်တွေအပြည့်အသိပ်
ချိတ်ဆွဲထားရတဲ့ ဦးနှောက်ထဲ
အိမ်အပြန်မြေပုံလေး ရှိသေးရဲ့လား။

နှလုံးသားကိုမေးစမ်းလို့သာ
သား ပြန်လာခဲ့ပါမယ်
သား ပြန်ရောက်နိုင်ကောင်းပါရဲ့မေမေ။

အနာဂတ်ဆိုတဲ့ဖိုင်ထဲ
စီမံကိန်းတွေ ငြိမ်သက်တိတ်ဆိတ်
မဟော်ဂနီစားပွဲကြီးပေါ်က တစ်ယောက်စာညစာ
တစ်စတစ်စ အေးခဲလာ
ရွှေရောင်အမွှေးအတောင်နဲ့ငှက်တစ်ကောင်
လောင်မြိုက်နေဆဲ။

“အစာစားပြီးရင် ဆေးသောက်ဖို့မမေ့နဲ့နော်”-ပြောဖို့
လောကကြီးတစ်ခုလုံးကလည်း
မေ့လျော့လို့.......................။                  ။

                                                အဂ္ဂလင်း
                                                12 9 09
*ကိုးမား(coma)-ပြင်းထန်သော အဆိပ်၊ရောဂါဝေဒနာ၊ထိခိုက်ဒဏ်ရာ စသည်တို့ကြောင့် သိစိတ်မဲ့နေသောအနေအထား

မတော်တဆဖတ်မိလေသော ကဗျာမိတ်ဆွေများ စိတ်ချမ်းသာစေဖို့သတင်းကောင်းကတော့ ကျွန်တော့်မှာကဗျာရှည်ဆိုလို့ ဒီတစ်ပုဒ်သာရှိပြီး နောက်ထပ်ရေးဖို့လည်း စိတ်ကူးမရှိပါ။ :D :D

No comments:

Post a Comment