ရသပညာဟုခေါ်ဆိုသော အနုပညာသည် လူ၏စိတ်ကို
လှုပ်ရှားစေနိုင်သော ပညာမျိုး လူ၏စေတနာကို လှုံ့ဆော်နှိုးမှု
ပေးနိုင်သော ပညာမျိုး လူ၏ စေတနာအလျောက် လူ၏စိတ်ကူး
ဥဏ်စွမ်းဖြင့် ဖန်တီးရသော ပညာမျိုးဖြစ်သည် ။
မြန်မာ့စွယ်စုံကျမ်း ( အတွဲ ၁၄ )
၁၉၇၅ ခုနှစ်မှ
လူယဉ်ကျေးမှုအစ ပန်းချီ ၊ ဂီတ ၊ အကပညာကို သုခုမ ဗေဒလို့ အကြမ်းဖျင်းသတ်မှတ်ခဲ့ပါတယ်။ မြန်မာမှုနယ်ပါယ်မှာတော့
“ အနုပညာ ” ရယ်လို့ တညီတညွှတ်တည်း အတည်ပြုခဲ့ကြတယ် ။
လူ့ယဉ်ကျေးမှု အဆင့်အတန်း အတန်အသင့်
မြင့်လာတဲ့အချိန်ကာလကအစပြုပြီး စာရေးတဲ့အတတ်ဟာ ပညာရပ်တစ်ခုအနေနဲ့
ဖြစ်ထွန်းပေါ်ပေါက်လာခဲ့တယ်။ဘာသာစကားမှ တစ်ဆင့် ဘာသာဗေဒစာပေ ........ စာပေ ။
အသိပညာ ၊ အတတ်ပညာတစ်ခုခုကို ပြုစုမှတ်တမ်းတင်တဲ့စာပေ ဟာ အသိပေး စာပေ ၊ သုတစာပေ ( Non - Fiction ) ဖြစ်တယ်။
လောကသဘာဝနဲ့ လူ့စိတ်ကို ဖွဲ့နွဲ့တင်ပြတဲ့ စာပေကို ဖန်တီးမှုစာပေ ၊ ရသစာပေ ၊ အနုစာပေ ... ( Fiction ) လို့ ခေါ်ဝေါ်သတ်မှတ်ကြတယ်။
အနုပညာနယ်ပါယ်ထဲမှာ ပါဝင်တဲ့ ဖန်တီးမှုစာပေ ၊ စေတနာနှိုးစာပေ ၊
ရသစာပေဆိုတာ လူလောကထဲက လူ့အဖြစ်အပျက်တွေကို ဗဟိုပြုတယ် ။ ဒိဌဓမ္မလောက
ချဉ်းကပ်တယ် ။ ခေတ်ရဲ့ လက္ခဏာအထွေထွေအပြားပြားကို ခံစားထင်ဟပ်ဖော်ပြတယ် ။
နှစ်သက်မှု ( ရသ ) တစ်ခုခုကို ပေးတယ် ။ အနုစာပေဟာ ပုံတူကူးခြင်းမပြုဘဲ
လူ့စိတ်ကူး ဥာဏ်စွမ်းနဲ့ သရုပ်ဖော်ဖွဲ့နွဲ့တဲ့ ပညာရပ် ဖြစ်တယ် ။ ခံစားသူရဲ့
စိတ်ဘ၀င်ထဲကို စိမ့်ဝင်ထိုးဖောက်ပြီး စေတနာလှုံ့ဆော်မှုကို ညင်ညင်သာသာပြုတယ်
။
ခံစားမှုကို အရင်းခံပြီး ဖန်တီးဖွဲ့ဆိုကြတဲ့ အနုပညာတွေထဲမှာ “
ကဗျာဗေဒ ” ဆိုတာ အခက်အလက် အညွှန့်အတက်တစ်ခုဖြစ် တယ်။ ဒါကြောင့် ကဗျာဆိုတာ
သုခုမပညာ ၊ ရသပညာ ၊ အနုပညာ ၊ အလှပညာ တစ်ရပ်ဖြစ်ပါတယ်။
သုတပညာ (သို့) သိပ္ပံပညာ နဲ့ ရသပညာ (သို့) အနုပညာဟာ ဘာကွာသလဲ ။
အဓိက ခြားနားချက်ဟာ ဘာလဲ ။ သိပံပညာက အမှတ်သညာကိစ္စနဲ့အကြောင်းတရားကို
သရုပ်ခွဲပြီး ဖွင့်ဆိုဖော်ထုတ်ပေးတယ် ။ ဦးနှောက်ကို အလုပ်ပေးတဲ့
စမ်းသပ်မှုမျိုးကို အားကိုးတယ် ။ လူသားရဲ့ တန်ဖိုးထက် အတတ်ပညာရဲ့ တန်ဖိုးကို
ပိုပြီး ရိုးကျိုးတယ် ။
သိပ္ပံပညာက ရုပ်ပစ္စည်းတွေနောက်ကို တကောက်ကောက်လိုက်ပြီး အနုပညာက စိတ်လှုပ်ရှားမှုကို ခြေရာခံတယ်။
ပထမအမျိုးအစားက ဥာဏ် ... ။ ဒုတိယအမျိုးအစားက ဈာန် ..... ။ ဒါကြောင့် အနုပညာတစ်ရပ်ဖြစ်တဲ့ ကဗျာဆိုတာကို (ဈာန်) အလုပ်လုပ်တယ် ။
ဈာန်အကြောင်းမပြောမီ ကဗျာဆရာတိုင်း အောက်သက်ကျေပြီးသားလို့ ယူဆရမယ့် “ ကဗျာ ” ကိစ္စကို ပထမစဉ်းစားကြည့်ရအောင် ။
ကဗျာ ဆိုတဲ့ ဝေါဟာရကို သဒ္ဒါအဟန့်နဲ့ ခန့်ခန့်ညားညား
အနက်ပြန်ဆိုကြည့်လျှင် “ ပညာရှိ က၀ိတို့ ဖွဲ့သီကုံးတဲ့စာ ” လို့ဆိုလျှင်
လုံလောက်ပါပြီ ။
ဒါပေမယ့် ကဗျာဟာ သူ့ချည်းပဲ ထီးတည်းရပ်မနေခဲ့ဘူး ။ သူ့နောက်မှာ
မိတ်ဘက်သဒ္ဒါတစ်ခု ရှိနေခဲ့သေးတယ် ။“ လင်္ကာ ” တဲ့ ။ လင်္ကာရဲ့ သဒ္ဒါအနက်ကိုတော့
“တန်ဆာဆင်မှု ” လို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ် ။( ကဗျာ+လင်္ကာ = ကဗျာအလင်္ကာ )
“ ဈာန် ” ရဲ့ အနက်ကတော့ ပါဠိသက်အလိုအရ “ အာရုံတစ်ခုခုကို ကပ်ပြီးရှုခြင်း ” လို့ ဖွင့်ဆိုပြခဲ့ပါတယ်။
သည်တော့ ကဗျာလင်္ကာ ရဲ့ ဈာန်အလုပ်ကို ဖြုတ်ထုတ် စဉ်းစားကြည့်ရအောင် ။
၁ ။ ကဗျာဟာ ဘယ်အရာကို သီကုံးဖွဲ့ဆိုမလဲ ......... ။
၂ ။ ကဗျာမှာ ဘယ်လို အလင်္ကာတွေနဲ့ တန်ဆာဆင်အပ်သလဲ ...... ။
၃ ။ ကဗျာဟာ ဘယ်လို အာရုံမျိုးကို ချဉ်းကပ်ရှု့မှတ်သင့်သလဲ ....... ။
ဖော်ပြပါ ကိစ္စ (၃)ရပ်ကို အထောက်အကူပြု လမ်းညွှန်နိုင်တဲ့ အရာဟာ “ ကဗျာဗန္နသာရကျမ်း ” လား ။ “ မြန်မာညွှန့်ပေါင်းကျမ်း ”
လား။ “ မြန်မာအဘိဓါန် ” လား။ “ မြန်မာ့စွယ်စုံကျမ်း ” လား ။
ယောအတွင်းဝန် ဦးဖိုးလှိုင်ရဲ့ “အလင်္ကာနိသျှကျမ်း ” ထဲမှာ စူးစမ်းမလား ။
လယ်တီဆရာတော်ရဲ့ “ ဂမ္ဘီရ ကဗျာကျမ်း ” နဲ့ ညှိမလား ။
ဆရာတော် ဦးဗုဗ်ရဲ့ “ ကဗျာသဒ္ဒ သင်္ဂဟကျမ်း ” ကို အာဂုံဆောင်မလား ။
ဆရာဇော်ဂျီရဲ့ “ ရသစာပေနိဒါန်း ” ကို လက်ကိုင်ပြုမလား ။
ဆရာမြဇင်ရဲ့ “ ကဗျာ့နရီ နိမိတ်ပုံ ” ဟာ အကြွင်းမဲ့ ခိုင်လုံရဲ့လား ။
ဆရာမောင်သာနိုး ရဲ့ “ ထင်ရှုးပင်ရိပ် ” ကကော တကယ်အရိပ်ရရဲ့လား ။
ကဗျာမှာ ကျမ်းဂန် သိပ်ဆန်ရင် စာအုပ်ဗီရိုသံပါမယ်
။အခြေခံဥပဒေသတွေနဲ့ ဂန္တ၀င်လေ့လာချက်တွေကို မျက်ကွယ်ပြုရင်လည်း ပရမ်းပတာ
ကဗျာဖြစ်မယ် ။ အမျိုးသား လက္ခဏာတွေကို မျက်ကွယ်ပြုရင်လည်း ပရမ်းပတာကဗျာ
ဖြစ်မယ် ။ အမျိုးသားရေး လက္ခဏာ တွေကို ဖျောက်ဖျက်ပြီး နဖူးမှာ အတက်ပေါက် ၊
ခြေထောက်မှာ ပန်းပန်ပြလျှင်တော့ ဟာသကဗျာစင်တော်ဖြစ်သွားမယ်။
သည်တော့ကာ ဂန္တ၀င်ကဗျာကိစ္စတွေကို ယောနိသောမနသီကာရ နှလုံးသွင်း
။ခေတ်ပြိုင် မြင်ကွင်းတွေထဲက တွေ့ရှိချက် အသစ်တွေကို ကျေညက်စွာစိစစ်ပြီးမှ
လက်ခံ ။ တစ်ပါးသူဆီကရတဲ့ မိတ္ထူဟန်ပန်ထက်ကို ကိုယ့်အသံ အစစ်ဖြစ်အောင်
အားထုတ် မဂ္ဂဇင်းစာအုပ်တချို့မှာပါတတ်တဲ့ ကဗျာရဲ့ ရသနဲ့ ဒဿနကို
လိုက်ရှာနေမယ်ဆိုရင်တော့ ငါးစိမ်းတန်းမှာ “ တရားစာအုပ် ဘယ်မှာရောင်းလဲ ”
လို့ မေးမြန်းတာမျိုး ဖြစ်နေလိမ့်မယ် ။
“ ရသ - ဒဿန ” အမည်ခံပြီး မဂ္ဂဇင်း တချို့ဟာ ရသနဲ့ ဒဿနကို
တစ်မတ်သားလောက်ပြပြီး “ ဟိုရှေ့က ဆူဆူညံဘာသံလဲမေး ” ဆိုတဲ့ ဟေးလားဝါးလား
သင်္ကြန်ယိမ်းမျိုး ကနေကြတော့ မိမိဘာလုပ်ရမလဲ ။
ဟိုတစ်ချိန်တုန်းက သင်္ကြန်သံချပ်တွေမှာ ကြားရလေ့ရှိတဲ့ ရိလုံး ၊
ကလိလုံး ၊ခနဲ့လုံး - ရွဲ့လုံးမျိုးနဲ မဂ္ဂဇင်း တချို့မှာ တွေ့ရလေ့ရှိတဲ့
ကော်လုံး ၊ ခတ်လုံး ၊ ဆော်လုံး ၊ ကပ်လုံး မျိုးဟာ ဘယ်အရာက ပိုပြီး တန်ဖိုးရှိပါသလဲ ။
သို့ကလို လေသရမ်းတွေရဲ့ လက်ချက်ကြောင့် ဖန်တီးမှုစာပေ အနုပညာပွင့်ဟာ
လွင့်ကြွေမြေခရတော့မှာလား ။ သက္ကရာဇ် ၂၀၀၀ ဆိုတဲ့ ရာစု သစ်တစ်ခုကို
ကြိုဆိုဂုဏ်ပြုနိုင်ပါ့မလား ။ ပန်းများပွင့်တဲ့နေ့ဟာ ရက်ချိန်းရွေ့သွားမလား
။ နွေလွင်ပြင်မှာ ရသစာပေရဲ့ အနာဂတ်ဟာ အစာငတ်ရေငတ်နဲ့
ကြွေပြတ်ချုပ်ငြိမ်းသွားမလား။
ဧပြီနွေထဲက ကဗျာဧည့်ခန်းတွေကို မောပန်းတုန်ယင်စွာ ဖြတ်သန်းရင်း
အနားစခန်းတစ်ခုကို စေ့စေ့ငုငု ရှာဖွေနေမိပြန်တယ်။ မိမိရဲ့ စိုးရွံ့လန့်ထိတ်
သံသယစိတ်ကို ဆိတ်စာငယ်မျှ ဆေးကြောသန့်စင် အားဖြည့်ပေးလိုက်တဲ့
ကဗျာတစ်ပုဒ်ကို စာပေဂျာနယ် ဧည့်ခန်းဆောင်မှာ ထိတွေ့ခဲ့ရပါတယ်။ ဆရာတင်မိုး
ဖွဲ့ဆိုပြတဲ့ “ ပန်းထာဝရ ” ကဗျာဖြစ်ပါတယ် ။
နားဆင်ကြည့်ရအောင် ။
တစ်နှစ် တစ်နွေ ၊ ရွက်နုဝေလျက်
ကြွေကျရာမှ ၊ ဝေလာရလည်း
မကျမကြွေ ၊ အမြဲ ဝေသည်
စာပေအနုပညာ ပန်းပွင့်တည်း ။
ရသ - ဒဿန ပျောက်နေတဲ့ မဂ္ဂဇင်း တချို့လက်ထဲက ကော်လုံး ကပ်လုံး ၊
ဆော်လုံး ခတ်လုံးတွေကြောင့် စာပေအနုပညာရဲ့ အနာဂတ်ကို ဘယာကပ်ပြီး ကြည့်မိတဲ့
မိမိဟာ “ ပန်းထာဝရ ” ရဲ့ အဘိဓမ္မာကြောင့် သိသာစွာ အားတက်သွားရပါသည် ။
ခပ်စောစောတုန်းက ခံတွင်းပျက်ခဲ့တဲ့ ကိစ္စတွေဟာလည်း “ ပိန်းကြာရွက်တွင် ၊
ရေမတင် ” “ ပိန်းကြာရွက်ဖျား ၊ ရေမနား ” ဆိုသလို
လျှောကျပြေပျောက်သွားပါတယ်။
ပုဒ်တစ်ခု စကားတစ်ခွန်းမျှသာဖွဲ့ ဆိုပြီး ပါဒအရေအတွက် (၇)ခု ရဲ့
ကိုယ်ထည်အတွင်းမှာလည်း အသံ (၂)သံ ၊ ကာရန်(၂)မျိုး တည်းနဲ့ ရိုးရိုးလေး
တင်ပြသွားပါတယ်။
တက်သံ .... (အေ ) ကာရန် .... နဲ့
ကျသံ ....... ( အ ) ကာရန် စတဲ့ ထိုနှစ်မျိုးမှ
အပ ကဗျာမှာ ရှုပ်ရပ်ထွေးထွေး အလုပ်ပေးတဲ့ အခင်းအကျင်းမျိုး မတွေ့ခဲ့ရပါဘူး။
ကဗျာရဲ့ ၀ဏ္ဏကို အနက်ထင်စေတဲ့ အသံကာရန်တွေဟာလည်း ( နွေ - ဝေ - ကြွေ ) နဲ့ ( မှ - ရ - ကျ ) ဆိုတဲ့ သံရှည် ၊ သံပြတ် နှစ်မျိုး မှအပ အခြားကိစ္စတွေ မတွေ့ခဲ့ရပါဘူး ။
ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment