ဒီနှစ် သင်္ကြန်စာ
ရွာထဲက နွေဦးမှာ ဆင်ကြီးဂဠုန်ချီ မယ် ။
လွင့်ဝဲလာတဲ့ ဖုန်မှုန်သဲပွင့်တွေကို ခါထုတ်
ကွဲနေတဲ့ ပုခုံးကို ရင်ဘတ်ထဲ ထိုးထည့်
ဒဏ်ရာကနာတာလား ၀မ်းဗိုက် က ညည်းငြူသံလား မစဉ်းစား .......
အား ...........
ဒုက္ခတရားကလည်း ဒီကျောမွဲကောင်တွေ ကျောပေါ်မှ အဆက်မပြတ်လာလာ ကျတယ်
ပေါက်ပင် ကိုင်းတာ မပြောနဲ့ ဗျိုင်း နားတာလဲ သိတယ်
ရော့ .. ၀တ်ကြည့် ဖျင်အင်္ကျီမ၀တ်နိုင်လို့ စပွန်ဆာ အင်္ကျီဝတ်ထားတာ
မသိလို့ မေးမယ် ခင်ဗျားတို့ အတွေးကို ကျုပ်တို့ ကိုင်းကူးစိုက်လို့ မရဘူးလား
နွားထီးငါးကျပ် နွားမငါးကျပ် မတောင်းဘူး ခင်ဗျားတို့ က နွားမကို ဘာလို့ ရွှံ့ပိတ်ထားတာတုန်း
ငယ်ငယ်က ကျောက်သင်ပုန်းမှာ ကကြီးစ အ အထိ မရေးဖြစ်ခဲ့တဲ့ကောင်တွေ
ပခုံးကိုကြည့် တက်နေတဲ့ အသားမာတောင် ဟာမိုနီဖြစ်အောင်ညှိထားတယ်
တာယာဖိနပ် မစီးတာ အဆင်ပြေပြီမထင်နဲ့ ဗိုက်ထဲခွဲကြည့် အရွက်နဲ့ မြက်ပဲ
အဖြူအစိမ်း မ၀တ်နိုင်တာ ဘာဟုတ်လဲ ထမင်းထုပ် ထဲမှာ စကွဲနဲ့ ငါပိဖုတ်
ပုဇွန်ချေး ပိ ၊ ဖားဥ တက်နေတဲ့ လယ်တွေ ဒီမိုး ၊ ဒီရေလောက် စာဖွဲ့ မနေဘူး
ဒီ ဖဲမျိုးဟာ ခင်ဗျားချိုးမရသလို ခင်ဗျားဆင်လို့လည်းရမယ် .... မထင်
ကျွံဝင်သွားတဲ့ ခြေထောက်ဟာ ဘယ်လောက် အဝေးရောက်နိုင်မတုန်း
ခတ်ကွင်းပြင်တာ နဲ့ မိုးလင်း စောင့်ခြင်းကို စိတ်မရှည်တော့ဘူး
ကျွမ်းခါနီး မီးလုံးလို တလက်လက် တဖျတ်ဖျတ် ထပွင့်ပစ်ဖို့ ဇ ဟာ ဇာတိပြပြီ
နိုးထကြည့် လိုက်ကြ ရိုးပြတ်ဆုပ်ထားတဲ့ လက်ဖျံရိုးမှာ ဂဠုန်ဟာ ခုန်ထ
ခင်ဗျား သိလား ခိုးစားတဲ့ ကြွက်ဟာ ဒီ ဘိ ထဲမှာ ဘယ်တော့မှ မမိဘူး ဆိုတာ ။
ဘိုဟန်
Thursday, January 10, 2013 at 6:49am

No comments:
Post a Comment