Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

ဒါ ... ကျုပ်တို့ရွာ


ရွာလမ်းခွဲတွင်  Express  ပေါ်မှ ဆင်းဆင်းခြင်း မြင်လိုက်ရသည်က

'' ကန်ပြည့်ရွာ မှ ကြိုဆိုပါ၏ "

ဟူသော LED အီလက်ထောနစ်ဆိုင်းပုဒ်ကြီး ကိုလှမ်းမြင်လိုက်
ရသဖြင့် အံသြသွားသည် ။ ကျွန်တော် တအံတသြဖြစ်ရင်း ကျွန်တော်ကို
လာကြိုမည့် သူငယ်ချင်းများ၊မိဘများ၏ လှည်းကို ရှာကြည့်သည်မတွေ့ ။
လမ်းဘေးမှာထိုးထိုးထောင်ထောင်နဲ့ ထန်းပင်တွေမှတ်လို့ မော့ကြည့်လိုက်မိတော့မှ
ဓာတ် ကြိုးမရှိသော လမ်းမီးများမှာ ထိန်ထိန်ညီး နေသော လျှပ်စစ်မီးတိုင်များကို ကြည့်၍ စိတ်ထဲဇဝေဇ၀ါ ခြောက်ခြားလာပါသည်။

ကျွန်တော်ရွာမှာ ရှိစဉ်တုန်းက ဆိုလျှင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရေနံချောင်းမြို့မှ  ညဘက် တန်းစီးနေသော မီးတိုင်းများကို
အဝေးက လှမ်းကြည့်ပြီးပျော်ခဲ့ရဘူးသည်။
          ခု ငါဘယ်ဘုံကိုများ မှားရောက်နေပြီလဲ ။

          လမ်းကိုကြည့်လိုက်ပြန်တော့လည်း  မီးရောင်ထီန်ထိန်အောက်အားပါးပါး နိုင်လွန်ကတ္တရာ အပြည့်နဲ့ရေစီးရေလာစနစ်ပါကောင်းအောင် ပြုလုပ်ပေးထားသည်။ အရင် ဒီနေရာက စိုက်လို့ပျိုးလို့ မရတဲ့ ပတ်ကြားအက်ကျစ်မြေ ပျဉ်းကြားကုန်းလို့ ခေါ်တဲ့ ကြပ်ကုန်းနေရာကြီး ။ အခုတော့ စိမ်းစိုစို ဖရဲစိုက်ခင်းကြီးဖြစ်နေသည်။ ဘာတွေဖြစ်ကုန်ပြီလဲ ။

         အဝေးမှ ရှာကီရာ၏ ၀ါကာ ၀ါကာ သီချင်းသံက မြူးထူးပျော်ရွှင်စွာနဲ့ နာထဲသို့ ခုန်ပေါက် ၀င်ရောလာသည်။ အိပ်ချင်နေသောစိတ်ကို ခဏပြေပျောက်စေနိုင်ရန်ဘကြီးမိုး ၏ သောက်
ရေအိုးစင်လေးကို ရှာကြည့်နေမိပြန်သည်။

ကျွန်တော့အတွေးမဆုံးခင် ကျွန်တော့် ရှေ့ ရောက်ရှိလာသော ကျွန်တော် မမြင်ဘူးသော ကားသစ် ကြီးကိုတွေ့လိုက်ရသည် ။

သူငယ်ချင်း ဖိုးမောင် ...

''ဟေ့ကောင်တွေ ... ငါဘယ်ရောက်နေတာလည်းကွ ၊ ဒါငါ့ရွာတော့ ဟုတ်ပါတယ်နော် "
'' ဟုတ်ပါတယ်ကွ ၊ မင်းကလဲ "
ရွာထဲကို ၀င်လိုက်သည်နှင် ရွာလမ်းတိုင်းလမ်းတိုင်းတွင် LED ပရိုဂျက်တာများ တစ်လမ်း
လုံး တပ်ဆင်ထားပေသည်။

 '' ဟ ... ခဏ ရပ်စမ်းပါဦး ဖိုးမောင်ရ TV မှာ ဘာတွေ ပြနေတာတုန်း "
'' အာကွာ မင်းကလည်း စတော့ရှယ်ဈေးတွေ ထိုးကျသွားရတာပါ
  ၊ ရွှေဈေး ရေနံဈေး တောင် ဘယ်လိုနေလည်း အိမ်ရောက် မှ ကြည့်ရမယ် "
'' အောင်မာ .... ကြီးကြီး ကျယ်ကျယ် နဲ့ ကိုယ်လယ်က ထွက်တဲ့ စပါး နဲ့ နှမ်း 

   ပဲ ရောင်းထွက်ပါစေဦး "

'' အမ် .... မင်း က လည်း ရွာထဲက ထွက်သမျှက အကုန် စာချုပ်ချုပ်ပြီးသားတွေ "
'' ဒါနဲ့နေပါဦးဟ ..... " မေးမလို့ရှိသေး သူငယ်ချင်းခါးက ဖုံးသံမည်လာတယ် ။

'' မိုးရှီး ... မိုးရှီး ..... ဟုတ်ကဲ့ပါ .... ကျွန်တော်တို့ လူကြီးမင်းတို့နဲ့ စာချုပ်ချုပ်ထားတဲ့ ရက်အတိုင်း
၅ရက်နေ့ဆိုဖရဲသီခူးပါမယ် ၊ သခွားကတော့ ၈ရက်နေ့ ခူးပါမယ် ။လူကြီးမင်းတို့နောက် ကြမယ်ဆို
ရင်တော့ကျွန်တော်တို့ရဲ့ဈေးကွက်စည်းကမ်းအရ အသီးတွေရဲ့ လတ်ဆတ်မှုကို တာဝန်မယူနိုင် တဲ့အတွက် ကျွန်တော်တို့ ရွာရဲ့တံဆိပ်ကို တပ်ခွင့်ပြုမှာ မဟုတ်ပါဘူး။အိုကေပါ .... အသီးတွေရဲ့ လုံးပတ် အရွယ်အစားက စာချုပ်ထဲမှာပါတဲ့ အတိုင်းကွက်တိပါ ။နောက်ပြီး အခုလ ၁၅ရက်ဆိုရင် ကျွန်တော်တို့ နွေလယ်စစိုက်ပါတော့မယ် လူကြီးမင်းတို့ကျွန်တော်တို့နဲ့ အလုပ်ဆက်လုပ်ချင်တယ် ဆိုရင် ၃ရက်နေ့အရောက်လာခဲ့ပါ။ဟုတ်ပါပြီ ခင်ဗျ .... ကျွန်တော်ကလယ်မြေဧကကို တွက်ချက်ပြီး တိကျတဲ့အထွက်နှုန်းကို လူကြီးမင်းတို့ဆီ အီးမေးလ် ပို့ထားလိုက်ပါမယ် ။ အော် .... ဒါတော့မရ ဘူးလေဗျာ ။ကျုပ်တို့ ရွာသူရွာသားတွေကိုလည်း ဈေးနှုန်းပြောင်းမယ်ဆိုရင်တစ်နှစ် ကြိုပြောပါလို့ ခင်ဗျားတို့နဲ့ ပြောဆို ထားပြီးသားပဲ .... အိုကေပါဗျာ ....  ဒါပါပဲ "

ကျွန်တော်မှာ ဂျပန်လို ပြောသွားသော ဖိုးမောင်အား အံသြနေရင်း အကျိုးအကြောင်း ပြန်မေးရပါသည်။

ကျွန်တော် တို့ ရောက်ရှိနေသော TV မှ လယ်ယာထွက်အသီးအနှံဈေးနှုန်း ၊ စိုက်ပျိုးပုံ ၊ ထုတ်လုပ်ပုံကို ပြသပေးနေပါသည် ။


'' နေဦး မင်း အိမ် တန်းပြန် မှာလား ၊ ငါနဲ့ လိုက်ဦးမလား "
'' နေပါဦး ကွာ ငါဖြင့် အံသြလွန်းလို့ အိမ်မပြန်ချင်သေးဘူးကွာ ။ ငါတို့ ငယ်ငယ်တုန်းက ကန်ခဲ့တဲ့

  ရွာနှစ်ရွာကြားက ဘောလုံးကွင်းလေးဆီ သွားချင်တယ် "

''  အေး ဒါဆိုလည်းသွားကြတာပေါ့ .... ငါ့ကောင်မလေးဆီ လှမ်းပြီး မက်ဆေ့ပို့ထားလိုက်ဦးမယ် "

'' အောင်မာ စောက်ကြီးစောက်ကျယ်နဲ့မင်းကောင်မလေးက ဘယ်သူတုန်း၊ဘယ်အပိုင်းထဲကတုန်း "
'' အင်္ဂလန် မှာ ကျောင်းတက်နေတာကွ၊အရှေ့ကုန်းက ဦးကြီးငွေ သမီးလေကွာ ၊မင်းမသိပါဘူး"

'' အေးပါကွာ ပြီးရောကွာ ဘောလုံးကွင်း ဆီသာ သွားတော့ "

ဘောလုံးကွင်းရှေ့ရောက်တော့ ကျွန်တော် အံသြပြီးရင် အံသြနေရပါသည်။ တကယ့်ကို မန်ချက်စတာ ယူနိုက်တဲ့ရဲ့ အိုးထရက်ဖိုဒ့် ပါပဲ ။မန်ချက်စတာယူနိုက်တက်၏ ကစားသမားများ၏ ပုံများထောင်ထားပေသည်။ ကွင်းထိပ်တွင် TV လေးလုံး မှ မန်ယူကစားခဲ့သော ပွဲဟောင်းများကို ပြသပေးထားသည်။

'' ဟေ့ရောင် ငါ ကွင်းထဲဝင်ကြည့်ချင်တယ်ကွာ "

'' ဟာ ... ဒီအချိန်ကြီး ဘယ်ရမလဲကွ လုံခြုံရေးတွေ ရှိတယ်။ ဒါက မန်ချက်စတာယူနိုက်တက် အသင်းက လူငယ်ဖွံ့ဖြိုးရေးအတွက် လာဆောက်ပေးထားတာ။ငါတို့ရွာကလည်း ပါသာပေါ့ကွာ ''


'' အေးပါကွာ ဒါဆိုလည်းပြီးသာပါပဲ ၊ ဒါနဲ့ ရွာစာသင်ကျောင်းလေးရောကွ "

'' ဘောလုံးကွင်းပတ်လိုက်ရင် ရောက်ပါပြီ ငါ့ကောင်ရာ သွားကြည့်မလား "
'' သွားတာပေါ့ကွာ ၊ မင်းတို့ကောင်တွေ တခြားဟာတွေတော့ တိုးတက်ကောင်မွန်နေပြီး 
  စာသင်ကျောင်းလေးတော့ ဘယ်လို အခြေအနေရှိလည်း သိချင်တာပေါ့ "

        ရွာနှစ်ရွာကြားတွင် ကျွန်တော်တို့ငယ်ငယ်က ဘောလုံးကွင်းလုပ်ထားသည်။ဘယ်ဘက်တွင် စာသင်ကျောင်း၊ညာဘက်တွင် ဘုန်းကြီးကျောင်းရှိသည်။အရှေ့ရွာထိပ်မှာတော့ အင်တာနေ ရှင်နယ် နယူး ပြပေးထားပါသည်။ ကျွန်တော့်အမြင်အာရုဏ်တွေမှာ မယုံကြည်နိုင်စရာ ကျွန်တော် သည်ရွာ၏ ပြောင်းလဲလာမှုကို ကိုယ်ကိုတိုင်လေ့လာ ရန်ဆုံးဖြတ်လိုက်သည်။ကျွန်တော် မြင်ကွင်းထဲသို့ ၀င်လာသော ကျောင်းကြီးသည် ကျွန်တော်တို့ငယ်ငယ်က တက်ခဲ့သော ထရံစုတ် ဖျာခင်းသော ကျောင်းလေးမဟုတ်တော့။အုပ်အုပ်ဆိုင်းဆိုင်သစ်ပင်များနေရာ တွင် ခေတ် မီလှပသော ကျောင်းဆောင်ကြီးများက စနစ်ကျစွာသပ်သပ်ရပ်ရပ်တည်ဆောက်ထားပေသည်။

'' ကျောင်းထဲတော့ ၀င်ကြည့်လို့ မရဘူးကွ။လုံခြုံရေးကို အကူအညီတောင်းပြီး ပရိုဂျက်တာနဲ့ 
   ကြည်ချင်ရင်တော့ ရတယ်။ဒီကျောင်းက အမေစု အကူအညီတောင်းလို့ အမေရိကန်က 
   ပညာရေးကို အကူအညီပေးတာလေကွာ။ကျောင်းကြီးသာ ရှိတာ ကျောင်းသားတွေက
   ကျောင်း မတက်ရတော့ဘူးကွ။အိမ်မှာ လုပ်စရာရှိသာ လုပ်ရင်း အွန်လိုင်းကနေပဲ စာသင်

   တော့တယ် "
'' အေးကွာ ဒီလောက် သိရရင်ပဲ ကျေနပ်ပါပြီ နောက်နေ့နေ့လည် မှ အေးအေးဆေးဆေးကျောင်း 

  ထဲ လာလည်တော့မယ် "

''  ဒါနဲ့ ဒီနှစ် တို့ရွာ ဘုရားပွဲကရော ဘယ်သူ့ဇာတ်လည်းကွ "
'' ဘယ်သူ့ဇာတ်မှ မဟုတ်ဖူးဟေ့ရောင် .... တို့ရွာ အုပ်ချုပ်ရေးမှုး ပေါ့ကွာ ကမ္ဘာ့ဖလားပွဲ မှာ    
   shakira ရဲ့ဝေါ့ကာဝေါ့ကာ ကိုကြည့် ကြိုက်လွန်းလို့ဆိုပြီး နက်ကနေ shakira ရွံ့လူးတဲ့
   MTVလည်းတွေ့ရောဒို့ရွာမှာ ဒီကောင်မကို ဒီလိုကခိုင်းရမယ်ဆိုပြီး ငှားလိုက်တယ်လေ "
'' ဒါဆို shakira ရှိုးပွဲ တို့ရွာမှာရှိတယ်ပေါ့ "
'' shakira တင် ဘယ်ဟုတ်မလဲကွာ ပိုပြီးတော့ မြိုင်သွားအောင် lady gaga   နဲ့ Gangnam 
   Style  ထဲက PSY  ခေါ်ထားသေးတယ်မောင်  "
'' အားပါးပါး .... လန်ထွက်နေတာပါ့လားကွ "
'' နောက်မှ မင်းမေးချင်တာမေးတော့ကွာ ... ရွာထဲကို လယ်စိုက်မယ့်ဧက ကို ခုည 
  ၇း၀၀အတိအကျစာရင်း လုပ်ပရောဂျက်ဆွဲပြီး ၃ရက်နေ့ စာချုပ် ချုပ်ဖို့  အီးမေးပို့ရမယ်။ကဲ 
  ဆင်းတော့ ရုံးခန်းရောက်ပြီ "
'' ဟင် .. မင်းရုံးခန်းကလဲ ရွာလယ်ဇရပ်နေရာကြီး "

''  တစ်ရွာလုံးရဲ့ အရေးကို ဒီကပဲထိမ်းထားတာမောင် ၊ အထင်မသေးနဲ့ ဒါနဲ့
   ငါအလုပ် ရှုပ် နေလို့ ဒီညတော့ မင်းဆီငါမလာနိုင်ဘူးနော် "
'' အေးပါကွာ ငါခေါ်သွားလိုက်ပါမယ် ဖိုးမောင်ရာ "

  ကျွန်တော့်ငယ်သူငယ်ချင်း ဖြစ်သည့် ညိုလုံးမှ ၀င်ပြောသည်။
'' အေး ... မင်းကလည်း ညဘက်ဆို နက်မှာထိုင်ပြီး တစ်ညလုံး ပွန်းဆိုဒ်တွေပဲ ကြည့်မနေနဲ့ဦး
  ရွာထဲကကောင်တွေ မင်းဖျက်ဆီးလို့ မနက် လယ်ထွန်တောင် ကောင်းကောင်းမသွားနိုင်တော့ဘူး
  သတိထားဦး "
'' အေးပါဖိုးမောင်ရာ မင်းကလည်း ငါ့ဆို သိပ်အပြစ်တင်တာ ...မင်း ရွာလယ် ဓမ္မာရုံမှာပဲ 
  ရှိမှာမို့လား "
'' ငါမလိုက်တော့ပါဘူး ညိုလုံးရာ ... ငါ့အိမ်ပဲ ပို့ပါ ။ အဖေတို့အမေတို့နဲ့ အေးအေးဆေးဆေး 
  စကားပြောပါဦးမယ်"
..............................................

    ကျွန်တော် အိမ်လေးသို့ပြန်ရောက်သော အခါတွင်လည်း ကျွန်တော်၏ နှစ်ဆောင်ပြိုင် ပျဉ်အိမ်ကြီး မဟုတ်တော့ပေ ..... ။ တိုက်ရှေ့မှာ ရေတွင်းကြီးတော့ ရှိသေးပါသည်။ ဒါပေမယ့် သုံးပုံမရတော့ ......။ ကျွန်တော်သည် ငယ်ငယ်ကအတိုင်း ... '' အဖေ ... အဖေ ... အမေ .... အမေ .... " ဟု အော်ခေါ်မယ် လုပ်တုန်း ညိုလုံးမှ လူခေါ် ဘဲလ်လေးအား နှိပ်လိုက်ပါသည်။
ခြံတံခါးဖွင်ပြီး မှ အဖေနဲ့အမေ ကိုဝမ်းသာအားရပြေးဖက်လိုက်ရသည်။အညာ၏ နွေညများသည်

အေးစိမ့်နေပါသည်။အဖေသည် ကွန်ထိုးတစ်ခုဖြင့် ရုပ်သံလိုင်းများ တစ်ခုပြီး တစ်ခုပြောင်းရွေ့ရင်း ဖြင့် ကျွန်တော်နဲ့ စကားပြောပါသည်။

'' အဖေ နွားတင်းကုပ်ထဲမှာ နွားတွေလည်းမရှိပါ့လားဗျ "
'' ဟ ငါ့သားရ နွားတွေ ရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်ထားများလို့ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု ဖြစ်မှာစိုးလို့ရွာအပြင် စားကျက်မှာပဲ အားလုံးစုပို့ထားကြသကွ ။ နောက်ပြီ နွားတွေကိုလည်း သဘာဝ မြေသြဇာရရုံပဲထား ကြတာလေကွာ။
ကျွဲ၊နွား၊၀က်တွေကို အနောက်သရက်ချောင်းဘက် စားကျက်မှာ မွေးမြူရေးကွင်းရှိတယ်ကွ "
'' သြော် .... ဟုတ်ကဲ့ "
“ ဒါနဲ့ အဖေ အိမ်မှာ စာရင်းငှားလည်းမရှိပဲ လယ်တွေ ဘယ်သူလုပ်တုန်း ”
“ အေးလကွယ် ဘယ်တတ်နိုင်မလဲ မင်းကလည်း အိမ်မှာမနေတော့ မင်းအမနဲ့ အဖေပဲလုပ်ရတာပေါ့ ”
“ ဟင် ဒီလောက် ဧက ၁၅၀ လောက်ကို အဖေတစ်ယောက်ထဲလုပ်တယ် ဟုတ်လား ”
“ အေးလကွယ် ... မင်းကလည်း အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူးကွ။ခေတ် မီလယ် ထွန်စက်တွေ ၊ရိတ်၊ချွေ ၊ လှေ့ စက်တွေနဲ့ လုပ်တာပဲ။လူကဘာလုပ်ရတာမှတ်လို့ နိုင်ပါတယ် ”
“ အော် ... အော် ... အော် ....ဒါနဲ့ စက်တွေက ဘယ်မှာတုန်း အဖေရ ”
“ လယ်ထဲမှာပဲလေကွာ ။ တစ်ဧကလောက်ချန်ထားပြီး ဂိုဒေါင်ဆောက်ပြီးထားလိုက်တယ်။စပါးရိတ်ပြီးတာနဲ့
ဂျပန်တွေ တန်းပြီး လာသိမ်းသွားတယ်လေကွာ။အဖေတို့မှာ ဘာတာဝန်မှ မရှိဘူး။ ”
“ အော် .... စောစောက ဖိုးမောင် ဂျပန်တွေနဲ့ ဖုံးပြောနေတာ ဒီကိစ္စတွေကို ”
“ ဟုတ်တယ် လကွာ ... ဖိုးမောင် က ပွဲစား အဖေတို့စားပါးမစိုက်ခင်ကတည်းက ဈေးစကားပြော စာချုပ်ချုပ် ၊လိုအပ်တဲ့ ဓာတ်မြေသြဇာနဲ့ နည်းပညာကို ဒီကောင်တွေ အကုန်လုပ်ပေးသွားတယ် ၊ ဒီနှစ်တော့ ကိုယ့်နည်းပညာနဲ့ကိုယ်စိုက်ရမယ်ကွ ၊ တချို့နိုင်ငံတကာဝယ်လက်တွေက သဘာဝ
မြေသြဇာသုံးတာကိုပဲ ကြိုက်ကြတယ်။အဓိကတော့ဖိုးမောင်ပဲဟေ့ ဒီကောင်ဈေးကွက်ရှာပေးနိုင်ဖို့ပဲ လိုတယ်။ ”
“ အော် .... ဖိုးမောင်တောင် ဘာသာစကားတော်တော်များများ တတ်နေပြီနော် ”
“ ဖိုးမောင်တင် ဘယ်ဟုတ်မလဲကွ .... ငါတို့တစ်ရွာလုံး ... အင်္ဂလိပ် ၊ ဂျပန် ၊ ပြင်သစ် ၊ဂျာမန် စကားတွေ သင်ထားကြတယ်လေကွာ ... ဟီးဟီး ငါတောင် ငရုတ်ကျည်ပွေ့ အတက်မပေါက်ချင်လို့ အင်္ဂလိပ် တမျိုးပဲ သင်ထားတာ ... ခဏနေစမ်းဦးကွာဒီမှာ အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်မှာ မိန့်ခွန်းပြောတော့ မယ်ကွ ။ မင်းလည်း ရွာထဲပတ်လိုက် ဦးဟေ့ ”

'' ဟုတ် အဖေ ... အမေ နဲ့ စကားပြောဦးမယ် ။ ဒီညတော့ ဘယ်မှ မသွားတော့ပါဘူး"

'' အေးကွာ ဒါဆိုလည်း ပြောလိုက်ဦး "
'' အမေကြည့်ရတာ လန်းနေပုံထောက်တော့ ကျန်းမာရေး ကောင်းနေတယ် ထင်တယ် ရွှင်လို့လန်းလို့ "
''မကောင်းနေရိုးလားအေ .... နင့်မလဲ မဟုတ်က ဟုတ်ကတွေ လျှောက်လုပ်ပျောက်သွားလိုက်တဲ့ အနှစ် ၂၀ ကျော်မှာ ရွာမှာ ဘာတွေ ဖြစ်နေလဲ မသိတော့ဘူးနော်။ အခုရွာရဲ့ မြောက်ဘက် သချိုင်း
ဘေးကလယ်ကွင်းတွေကို ဖျက်ပြီး ဆေးရုံဆောက်လိုက်တယ်လေ။ ဆေးရုံကြီး မှ ဟီးနေတာပဲ။ အမေတို့ကိုလည်း တစ်နေ့တစ်ခါ ကျန်းမာရေးစစ်ပေးတယ်လေ။လိုအပ်တဲ့ ဆေးဝါးညွှန်ကြားချက်
တွေပေးတော့ ကောင်းသာပေါ့ဟယ်။ဟိုတုန်းကလို စလင်းတို့ ပွင့်ဖြူတို့ သွားမကုရတော့ဘူး ''

''  အယ် ... ဒါတော့ အမေက လွန်ပြီ ... ဟုတ်လို့လား အမေရယ် "
'' နင် မယုံရင် မနက်ကျ မှသွားကြည့် ပိုသယ်လို့ မရှိဘူး။လိုသယ်ပဲ ရှိမယ် ... ဘန်ကောက်က ဆေးရုံတွေ ထက်တောင် သာဦးမယ် "

''  ဟုတ်ပါပြီ ... အမေရယ် .... ဒါနဲ့ ဆေးရုံဆို မှ သတိရတယ် ... ဘုန်းကြီးဦးဝါယမ နဲ့ ဦးဇင်းလေး ဦးသုမန ကို နေကောင်းလား အမေရ .... "


“ အကို ... အကို ထတော့ ဗျ ၊ ခင်ဗျားတို့ ရွာ လမ်းခွဲ ရောက်နေပြီ ။ တခြားပစ္စည်းပါသေးလား ”
“ မပါတော့ပါဘူး ၊ ညီလေးရာ ... ဒီကျောပိုးအိတ်တစ်လုံးပါပဲ ”


ကျွန်တော်မှာ ကားစပါယ်ယာလေးနိုး မှ အိပ်မက်က လန့်နိုးခဲ့ရပါသည်။အိပ်ချင်မူးတူး ဖြင့် ကားပေါ်မှ ဆင်းလိုက်သည့် အခါ မှာတော့ .......

ကန်ပြည့်ရွာ အိမ်ခြေ ၁၇၀၀ ဟု သင်္ဘောဆေးသုတ်ထားသော ခြင်္သေ့ပုံပါ အစိမ်းရောင် ဆိုင်းဘုတ် ခပ်နွမ်းနွမ်းလေးအား မြင်လိုက်ရသည်နှင့် ကားပေါ်တွင် နှစ်နှစ်ခြိုကခြိုက် အိပ်ပျော်ခဲ့စဉ်က အိပ်မက်ကို တွေးပြီး အားရပါးရ ရယ်လိုက်မိပါတော့သည်။

“ အော် .... အိုဘားမားတောင် မနက်ဖြန် မြန်မာနိုင်ငံကို ရောက်လာတော့မည်ကို ”

မှောင်မှောင်မည်းမည်း လမ်းခွဲဇရပ်အိုလေးထဲမှာ အိပ်မက်ထဲက ဂျပန်တွေနဲ့ အရောင်းအ၀ယ်လုပ်နေတဲ့ရွာက သူငယ်ချင်း ဖိုးမောင် ကိုကြည့်ပြီး ပြုံးလိုက်မိတယ်။

အဲဒီအချိန်မှာပဲ တရုတ်ဆိုင်ကယ် ကိုတစ်စီးကို တွန်းလာတဲ့ ဖိုးမောင် ရဲ့
'' ဟေး .... ဘိုဟန် "   ဆိုတဲ့အသံကြီးကို မှောင်ကြီးမဲမဲထဲ မှာ ကြားလိုက်ရတယ်။

'' ငါတို့ ရွာ ဒီအတိုင်းဆို ဂျပန်တွေ ရွာထဲကို မြန်မြန် ၀င်မှ အေးမယ် "

.....................................


ကျွန်တော်သည် ပူပြင်းလှသော အညာတွေအောက်မှာ ဖောင်စီးရင်း ရေငတ်နေသော
ဘ၀များ ၊ ရိုးပြတ်နင်နေသော ဘ၀များ ၊ နှမ်းရိတ် ၊ ပဲနှုတ်လိုက်နေသော အဖြူအစိမ်း အဟောင်းလေးများနှင့် ပူးပြင်းသွေ့ခြောက်တဲ့ နွေရာသီမှာ နွေလယ်ရိတ်သိမ်းရင်း ပိုးထိ (မြွေးပွေး)၍ သေဆုံးခဲ့သော ရွာသူရွာသား များကို ကြည့်၍ ရွာမှ ပြန်ခဲ့ပါသည်။

''  ဦးလေး ဂျာနယ်လေး ခဏပေးဖတ်ပါလား ခင်ဗျ "
'' အေး ဖတ်ပါဟ ။ ရော့ .... စိတ်ချမ်းသာစရာတော့ တစ်ကွက် မှ မပါဘူးဟေ့ ... ဘာတွေ ဆက်ဖြစ်မလဲ မသိဘူး ''

ဂျာနယ် မျက်နှာဖုံးမှ စ၍ လက်ပတောင်း ........ အရေးအခင်း .... ဘုန်းကြီး ... မီးလောင်ဗုံး .... တောင်းပန် .... ဘန်ကောက်ဆေးကုပို့ .... စုံစမ်းရေး ကော်မရှင် ဒေါ်အောင်ဆန်းဆုကြည် ဦးဆောင်မှုနောက် ၈၈ မ၀န်းရံ .... ဆန္ဒပြသူများ ခေတ္တရပ်နား ......

'' အင်း ... ငါ့ ရွာမှာ .... ငါနေတာပဲ ကောင်းမလား ..... "

ဘိုဟန်
Monday, January 28, 2013 at 3:11am

No comments:

Post a Comment