သားက အိမ်ကိုကောင်းကောင်းပြန်လာတာပါ အမေ
သားပြန်လာတဲ့လမ်းမှာ
အနှောင့်အယှက် အခက်အခဲတွေက
အများကြီးပဲ အမေရဲ့
သစ်ပင်ကြီးတွေကလည်း
ကောင်းကောင်း မပေါက်ကြဘူး
စောင်းစောင်းကြီးတွေ ပေါက်လို့
လယ်ကွင်းကြီးတွေကလည်း
လွမ်းဆွတ်စရာတွေ
ခူးလို့ဆွတ်လို့ မကုန်အောင်
သီးပွင့်နေသလိုပါပဲ အမေရယ်
လေတွေကလည်း
သားပြန်လာမှာ သိလိုထင်ပါရဲ့
ခါတိုင်းထက်ပိုပြီး
ရူးရူးနှမ်းနှမ်း တိုက်ကြလို့
သားအတွက်
ခလုတ်တိုက်စရာ
တမင်ချထားကြသေးတယ်အမေ
ကောင်းကင်ကြီးကလည်း
ဒီနေ့ကျမှပိုပြီး
အုံ့အုံ့ဆိုင်းဆိုင်း ညို့မှိုင်းလို့
လမ်းမှာဖွင့်နေတဲ့သီချင်းကတောင်
“သေအောင်သာ ရွာပါမိုး” တဲ့
အဲဒါ
သားကို တမင်စောင်းဆိုနေတာပေါ့အမေရဲ့
မြည်းတကောင်နဲ့ သားအဖ နှစ်ယောက်ကို
အပြစ်ပြောဖို့ စောင့်နေတဲ့
ပတ်ဝန်းကျင်ကလည်း ရှိပါသေး
ဒါပေမဲ့ ဒီနေရာမှာတော့
သားကပဲ သား
သားကပဲ အဖေ
သားကပဲ မြည်း
ပိုပြီးပြောလိုကောင်းကြပြီပေါ့ အမေ
သားထွက်သွားတုန်းက ၁၉၇၀
(အမေ့အသက်က ၄၇)
ဒီနေ့သားအသက် ၅၄နှစ်ထက်
၇နှစ် ငယ်သေးတယ်
အဲဒီတုန်းက
သားက ဆံပင်ရှည်နဲ့
ဂျင်းဘောင်းဘီနဲ့
“ဂျွန်လ၏ မိုးရေစက်များ” အသစ်စက်စက်နဲ့
ပိုက်ဆံတော့မပါဘူး အမေ
သားဘူတာရုံမှာ အိပ်တယ်
လမ်းပေါ်မှာ စာအုပ်ရောင်းတယ်
အမေ့အိမ်မှာ
တနေ့လက်ဖက်ရည် ၃ခွက်
စိတ်အေးလက်အေး သောက်နိုင်ခဲ့တဲ့သားဟာ
သူများတိုက်မှပဲ
လက်ဖက်ရည် တခွက်ကို အနိုင်နိုင်
သောက်နိုင်တော့တယ် အမေ
အဲဒါ
နွေဆယ်ခု
မိုးဆယ်ခု
ဆောင်းဆယ်ခု
ရာသီဥတုအများကြီး
အကြာကြီးပါအမေ
အဖြစ်အပျက်တွေကလည်း
အများကြီးပဲအမေ
တဘ၀တည်းနဲ့
ဘ၀ပေါင်း ငါးရာ့ငါးဆယ်
တခါတည်း တင်ဆက်ရတာလားလို့
သားအသံထွက်ခဲ့ဘူးပါတယ်
ဒါပေမဲ့ အားလုံးချုပ်လိုက်တော့
မြတ်စွာဘုရားရဲ့
အနိစ္စ၊ ဒုက္ခ၊ အနတ္န၊
သုံးမျိုးထဲမှာပါပဲအမေ။
ကဲ-အခုသားပြန်လာတော့ ၂၀၀၃
(အမေမရှိတော့ဘူး
အမေရှိရင် အသက်၈၀)
သားနဖူးပေါ်က ဆံပင်တွေ
ဘယ်သူယူသွားကြပြီလဲ
(မတတ်နိုင်ဘူး အမေ)
ဗိုက်ပူတာကိုတော့
ကိုယ်တိုင်မကြိုက်လို့
၁၉၈၀လောက်ကတည်းက
ဆင်ဆင်ခြင်ခြင်နေမိလို့
သိပ်တော့မဆိုးပါဘူး။
သားအခုထိ ကြိုက်လို့မရဘဲ
သုံးလို့ပဲကောင်းတဲ့ ပိုက်ဆံတွေကိုလည်း
သားတော်တော်ရှာတတ်လာပါပြီ အမေ
အမေ့မြို့ကလေးမှာတော့
ဦးလေးကိုလှမောင် ဆံပင်ညှပ်ဆိုင်
မရှိတော့ဘူး အမေ
ငယ်သူငယ်ချင်း ရဲမြင့်ကြီးက
ဘူတာမှာ စံပယ်ပန်းတွေ ရောင်းလို့။
ကမ္ဘာကြီးကလည်း နည်းပညာ အသစ်အဆန်းတွေနဲ့
ပိုကြီးလို့၊ ပိုထွားလို့
မိုးထိတိုက်ကြီးတွေ
မိုးပျံလမ်းမကြီးတွေ
ပိုကြီးပိုထွားသွားတော့
လူသားဘ၀ကလည်း
ပိုပြီးသေးငယ်
သေးသိမ်သွားရပြီပေါ့
သားက အဲဒါကို မခံနိုင်တာပါ အမေ
ကမ္ဘာကြီးကို ချိတ်ဆက်ထားတဲ့
ကွန်ရက်လမ်းမကြီးတွေရှည်
လူသားဘ၀တွေကို
တန်ဖိုးကျစေတဲ့
စတော့ရှယ်ယာ ဈေးနှုန်းတွေပိုရှည်
ကမ္ဘာကြီးကို လူသားဘ၀တွေကို
နေ့စဉ်ခြောက်လှန်နေတဲ့
စစ်အေး၊ စစ်ပွဲကြီးတွေ ပိုရှည်
သားမျှော်လင့်မှုတွေ
ဟိုးတုန်းကထက် ပိုရှည်
သားဆံပင်တွေတော့
တိုသွားခဲ့ပြီ အမေ
သားက
နိုင်ငံရေးသမား မဟုတ်ပါဘူး အမေ
သားလည်းပျော်ချင်သလို
သူများလည်း ပျော်ချင်မှာပဲလို့
ကိုယ်ချင်းစာစိတ်လောက်ပဲ
ထားနိုင်သူပါ အမေ။
သား-အရက်တွေကို ကြိုက်ချင်လာတယ် အမေ
ဒါပေမဲ့
သားမကြိုက်ရဲဘူး အမေ
ဆက်ပြီး ၀န်ခံရဦးမှာဘဲ
သူယောင်မယ်လေးတွေကို
ကြိုက်ချင်စိတ်တွေကလည်း
သားတကိုယ်လုံး
ချစ်ချစ်တောက်နေတာပါ အမေ
ဒါပေမဲ့ ဒါလည်း
သားမရွေးရဲပါဘူး အမေ
ကျနော်နေတဲ့ ကမ္ဘာကြီးကို ချစ်တယ်
ကျနော်နဲ့တူတဲ့ လူသားတွေကို ချစ်တယ်
ဒါကြောင့် ၀င်ပြီး မျှယူကူထမ်းဖို့ဆိုတာ
ပြောတော့လွယ်တယ်
တော်တော် ခက်တာပဲ အမေ
အံမယ်- ဒါပေမဲ့
မဟုတ်တာတွေ လုပ်ချင်ရင်
ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးချင်ရင်တော့ မခက်ဘူး
လွယ်လိုက်တာအမေရေ..
ဒါပေမဲ့လောလောဆယ်တော့
အခက်အခဲတွေကိုပဲ
သားရွေးချယ်ထားဆဲပါ အမေ
(တခါတလေတော့
မကောင်းမှု နည်းနည်းလေးတွေကို
လူမသိသူမသိ
သားလုပ်တတ်ပါသေးတယ်
သားမကြိုက်တာက
ဒါကို သားကိုယ်တိုင် သိနေတာကိုပါ။)
ထွက်သွားတာက
နှစ် ၃၀ ကျော်သွားပြီ
အဖြစ်အပျက်တွေက
၃ဘီလျံ မကတော့ဘူး
သားအတွက် အမေဂုဏ်ယူစရာ ကတော့
၃ ခုလောက်ဘဲ ရှိပါတယ် အမေ
၁။ ဂျွန်လ၏မိုးရေများ။
၂။ အရှုံးချည်းပဲဖြစ်ရမယ့် နှစ် ၃၀ မှာ
ပိုက်ဆံနဲ့လဲခဲ့ရတဲ့ဘ၀ထဲက
ငွေကြေးတန်ဖိုး မဖြတ်နိုင်တဲ့
သားရဲ့ သီချင်းစာသား တချို့နဲ့
ရုပ်ရှင်၊ ချစ်သူ ၊ ပင်လယ်
နောက်ထပ် ကဗျာ တိုနံ့နံ့လေးတချို့
၃။ နှစ် ၃၀ရဲ့
အလွမ်းတွေ အချစ်တွေ
အားလုံးပါအောင်
တင်ဆက်နိုင်လိုက်တဲ့
သားရဲ့ “ပင်လယ်စီးခြင်း”
ပန်းချီကား ၂၀။
ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်
ဘ၀ဟာ သေဆုံးရလောက်အောင်
ပျက်စီးရချိန်မှာ
အချစ်စိတ်နဲ့ အသက်ရှင်ရခြင်း တန်ဖိုးနည်းနည်းလေးကိုပဲ
သားဂုဏ်ယူမိတာပါ အမေ
အရေအတွက် နည်းလို့တော့
တော်တော်ရှက်စရာ ကောင်းတဲ့သားပါ အမေ။
ဒါပေမဲ့သားကိုဂုဏ်ယူပါ အမေ
သားကို ဂုဏ်မယူပါနဲ့ (အဆိုးများအတွက်)
ကမ္ဘာကြီးကို ဂုဏ်ယူပါ အမေ
ဂုဏ်မယူပါနဲ့ (သားအတိုင်းပါဘဲ)။
အမေမြို့လေးထဲက
ဆံပင်ရှည်
ဂျင်းဘောင်းဘီနဲ့
ထောင့်မကျိုးတဲ့ လူငယ်လေးတယောက်ထွက်လာတယ်။
အမေ့မြို့လေးထဲကို
ဆံပင်တို ကျိုးတိကျဲတဲ
ပုဆိုးပိုသီ ဖတ်သီနဲ့
ကျန်ရှိနေသေးတဲ့
အသက် ၈၈ နှစ် အဖေ့ကို
ကန်တော့စရာ ပစ္စည်း ပစ္စယတွေနဲ့
ဒီလောက် အဆော်အတီးခံထားရတာတောင်
ထောင့်မကျိုးသေးတဲ့
ငနဲကြီး တကောင်ပြန်ဝင်လာတယ်။
အမေဆူမှာ မဟုတ်ဘူးဆိုတာ သားသိပါတယ်
သားကဗျာကို ချစ်လျက်ပါ အမေ
သားထွက်သွားတုန်းကလည်း
ဒီအတိုင်း
သားပြန်လာတော့လည်းဒီအတိုင်း
(ကမ္ဘာကြီး လှနိုင်နေသေးတာ
ကဗျာကြောင့်လို့
ယုံကြည်လို့ပါ အမေ)
ဒါကိုတော့ သားကိုယ်တိုင် ဂုဏ်ယူပါတယ် အမေ။
အမေရေ..
အကောင်းတွေရော အဆိုးတွေရော
ကမ္ဘာကြီးက ပိုပြီး
ပြောင်လက် တိုးတက်လာတာ အမှန်ပါဘဲ။
အမေ့ကို ကျွေးချင်တဲ့
မုန့်အဆန်းအပြားတွေလည်း
အများကြီး ပေါ်ထွက်လာလျက်ပါပဲ အမေ။
ဒါပေမဲ့
ကြက်မကြီးက
ကြက်ဥတွေကို ဥလျက်ပါပဲ။
နွားမကြီးကလည်း
နွားကလေးတွေကိုပဲ မွေးလျက်ပါပဲ
မကောင်းတာတွေ့ရှု
ကောင်းအောင်လုပ်ရမယ့် အခြေခံတရားကတော့
အမေရှိစဉ်ကအတိုင်း
မပြောင်းလဲဘူးဆိုတာ
ပြောချင်တာပါ အမေ။
အမေ့ကို တိုင်တည်ပြီး
သားရေးချင်တာတွေ
လျှောက်ရေးထားတဲ့ ဒီကဗျာဟာ
အမေကို မတိုင်တည်လို့
မဖြစ်ပါဘူး အမေ
ဒါကတော့
သားရဲ့ခွန်အားတွေဟာ
အမေ့နောက်ကို လိုက်လာဖို့မှာသာ
အတွန့်အဆုတ်မရှီ
အားကောင်းမောင်းသန် စိတ်ညွတ်နေခဲ့လို့ပါဘဲ။
သုခမိန်လှိုင်
No comments:
Post a Comment