Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

“မိုးလင်းလာစေချင်သည် ၂၀၁၃-၂၀၁၄ဒီမိုကရေစီမှာ အိုးမည်းတွေမပါစေနဲ့”



မိုးလင်းလာစေချင်သည် ၂၀၁၃-၂၀၁၄ဒီမိုကရေစီမှာ အိုးမည်းတွေမပါစေနဲ့”


“ဒီမိုကရေစီဆိုတာဟာတချို့က ဒီမိုကရေစီဆိုတာကို ဆန္ဒပြတာနဲ့တွဲပြီးတော့ သူတို့က ဒါပဲမြင်ကြတယ်။ ဒီမိုကရေစီဆိုဘတာဘာလဲ ဆန္ဒပြပိုင်ခွင့် အဲသလိုမြင်ကြတယ်။ မဟုတ်ဘူး။ ဒီမိုကရေစီစနစ်အောက်မှာဆိုရင် ဆန္ဒပြတာဟာဥပဒေ ဘောင် အတွင်းက ဆန္ဒပြပိုင်ခွင့် လည်းရှိရမယ်။ ဒါ အခွင့်အရေးတစ်ခုပဲ။ ဒီဟာက လိုမှသုံးရတဲ့အခွင့်အရေး၊ မလိုဘဲနဲ့ သုံး ရ တဲ့အခွင့် အရေးမဟုတ်ဘူး။ အခွင့်အရေးဆိုတာဟာ အလွဲသုံးစားလုပ်လို့ရှိရင်ထိခိုက်တာပဲ။ မှန်မှန်ကန်ကန်သုံး လို့ရှိ ရင်တော့ အကျိုး ဖြစ်တယ်။ အလွဲသုံးစားလုပ်ရင်သုံးတဲ့လူတွေလည်း ထိခိုက်တယ်။ သူ့ပတ်ဝန်းကျင်ကိုလည်း ထိ ခိုက်နိုင် တယ်။”

ဒေါ်အောင်ဆန်းစုကြည်
အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး
(၅၊၈၊ ၁၉၉၉) လူငယ်ပညာပေးဟောပြောပွဲမှ ဟောပြောချက်မှ ကောက်နှုတ်ချက်


ကာလကကိုလိုနီခေတ်နှောင်းနှင့် တော်လှန်ရေးခေတ် ဦးကာလ။ အခြေအနေက အမျိုးသားရေးစိတ်နိုးကြားတက်ကြွလာတဲ့ အမျိုးသားလွတ်မြောက်ရေး အာရုဏ်ဦးအချိန် ဆရာစံသူပုန်ထအပြီး၊ ကုလား-ဗမာ အဓိကရုဏ်းအပြီး၊တရုတ်-ဗမာ ရိုက်ပွဲအပြီး၊ ဟိန္ဒြူ-မွတ်စလင် ရိုက်ပွဲများဖြစ်ရပ်သွားပြီး နာရီအနည်းငယ် ပူပူနွေးနွေးအခြေအနေ၊ အချိန်ကဇူလိုင်လ ၈၊ ၁၉၃၉ ခုနှစ်၊ နံနက်စောစော ၂း၀၀ နာရီ ၀န်းကျင်ခန့်။ နေရာက ထိုခေတ်ထိုကာလက(ယနေ့ခေတ်နဲ့နှိုင်းလျှင် သမ္မအိမ်တော်ဝန်းလို) မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဘုရင်ခံအိမ်ဝန်းအတွင်းမှာဖြစ်သည်။


လှံချွန်ဘတ်နက်များနှင့်ကျည်အပြည့်ထိုးသေနတ်များနှင့် ဗြိတိသျှနေမ၀င်အင်ပါရာလက်အောက်ခံ စစ်သားများက ဘတ်စ် ကား၁၀ စီးနှင့် ကားငယ်တစ်စီးပေါ်ရှိလူ၂၀၀ခန့်ကို အနီးကပ်ဝိုင်းထားပြီး အသင့်အနေအထားနှင့်လိုအပ်ပါက ဖြိုခွဲရန် အ ဆင်သင့်ဖြစ်နေပုံဖြင့် ရှိနေစဉ်တွင်ဖြစ်သည်။ ထိုအချိန်တွင်ဘုရင်ခံအိမ်ထဲမှ ခက်ထန်ပြတ်သားသောအသံတစ် ခုထွက် ပေါ်လာရာ ထိုအသံမှာ “မင်းတို့ထဲမှာ ဘယ်သူဗိုလ်လဲ”ဟူ၍ဖြစ်ပြီး၊ယင်းအသံနဲ့ တဆက်တည်း ဟည်းဟည်းထပြန်လည် ဖြေကြားလိုက် သော လူ၂၀၀ထံမှ အသံကတော့ “အားလုံးဗိုလ်ချည်းဘဲ”ဟူ၍ဖြစ်သည်။


ထိုနောက်အခြေအနေမှာပြန်လည်တိတ်ဆိတ်သွားပြီး ဘုရင်ခံအိမ်တော်ဝန်းမှ ထိုကားများသည် ဘေးမသီရန်မခဘဲအေးဆေးတိတ်ဆိတ်စွာ ပြန်လည်ထွက်ခွာသွားကြလေသည်။ ထိုသို့ ပြန်လည်ထွက်ခွာသွားကြသူများမှာသခင်သိန်းမောင်ဦးစီး သော ရေနံမြေသပိတ်အဖွဲ့မှ လူ ၂၀၀ကျော်ဖြစ်ပြီး ထူးခြားသည်မှာ ဆန္ဒပြသည့်အဖွဲ့တွင် အမျိုးသမီး ၂၀၀ကျော်ခန့်ပါဝင် ပြီး အမျိုးသားမှာ အနည်းငယ်သာပါလေသည်။
ဘုရင်ခံအိမ်အတွင်းဆန္ဒပြကြမည့်ယင်းအဖွဲ့၏ မူလပထမ ကြိုတင်သဘောတူထားသော “ဘုရင်ခံနှင့် မတွေ့ရမခြင်း မည် သူ့ကိုမျှ စကားမပြောရ၊ မမေးရ၊ မပြန်ကြားရ၊ပြုသမျှခံ၍ ဆန္ဒပြကြရမည်” ဆိုသည့် စည်းကမ်းကို ဖေါက်ကာ တိုင်ပင်မ ထားဘဲ “အားလုံး ဗိုလ်ချည်းဘဲ”ဟူသည့် ကြက်သီးထဖွယ် ပြန်လည်ဖြေကြားလိုက်မှုကြောင့် ဆန္ဒပြပြီး မိမိတို့တောင်းဆို လိုသည့်အစီအစဉ်များကိုရုပ်သိမ်းကာ စနစ်တကျ ပြန်လည်ထွက်ခွာသွားကြခြင်းဖြစ်သည်။


ယင်းဆန္ဒပြအဖွဲ့တွင် ပါဝင်သောဆိုင်းဘုတ်မှာ အဖွဲ့ခေါင်းဆောင် သခင်သိန်းမောင်ကြီးကိုယ်တိုင်ကိုင်ဆောင်ထားသော “ဘုရင်ခံနှင့်တွေ့လိုသည်။”ဆိုင်းဘုတ်မှအပ။ အရှက်အကြောက်ကြီးသော အမျိုးသမီးများသည်ပင်လျှင် မိမိတို့သည် မိမိတို့လိုလားရာကိုဆန္ဒပြတောင်းဆိုရန်သာဖြစ်ပြီး အန္တရာယ်ရှိနိုင်သော မည်သည့်လက်နက်မှမပါဘူးဆိုတာကို သိစေရန်အလို့ငှာ အသက်အရှက်ဂုဏ်သိက္ခာကိုမငဲ့ကွက်ဘဲ အတွင်းခံအကျီများပင် ၀တ်မထားဘဲ ဇာပိတ်ပါးအင်္ကျီ၊ထိုခေတ်ခါ က ထဘီပါးပါးများကိုသာ ၀တ်ဆင်ထားခဲ့ကြသည်။

ထိုအခြေအနေများမဖြစ်ပျက်မှ ပထမတစ်ရက် ဇူလိုင်လ ၇၊ ၁၉၃၉ ခုနှစ်၊ ရန်ကုန်မြို့အခြေအနေမှာ မိုင် ၄၀၀ကျော် ခရီးကို တားမြစ်နှိပ်ကွပ်မှုအမျိုးမျိုးကြားမှ ရန်ကုန်အရောက်ချီတက်လာကြသော ရေနံမြေသပိတ်မှောက်သူများနှင့်တောင်သူလယ်သမားသပိတ်မှောက်သူများ၊ သပိတ်မှောက် အလုပ်သမား အင်အားစုများပေါင်းမိကြပြီးရန်ကုန်မြို့ရွှေတိဂုံ ဘုရားစေတီတော်ကုန်တော်ပေါ်တွင် သပိတ်စခန်းဖွင့်ကာ ကိုလိုနီအစိုးရကိုဆန္ဒပြနေတာ ၆လကျော် ၇ လထဲသို့ ရောက် လာနေသောအချိန်လည်းဖြစ်သည်။


ထိုသပိတ်တပ်ပေါင်းစုကိုပြည်သူများနှင့် သတင်းစာများမှလည်း သောင်းသောင်းဖျအားပေးခြင်း၊ စဉ်ဆက်မပြတ် သတင်းပေါ်ပြပေးနေသဖြင့်အင်္ဂလိပ်အစိုးရအနေနှင့် အထူးသိက္ခာကျအကျပ်ရိုက်နေသောအချိန်လည်းဖြစ်သည်။ ထို့ကြောင့် ထိုသပိတ်တပ်များပြိုကွဲသွားရန်နည်းအမျိုးမျိုး ဗျူဟာအစုံစုံခင်ကျင်းရာတွင် အထက်ပစ္စယံမှ နှစ်ပြားတန်းဆောင်းကြီးမီးလောင်ခြင်း (ဆန္ဒပြသူများကြောင့်ဖြစ်သယောင်ဖန်တီးခြင်း)၊ ဦးဆောင်အားပေးသူ သခင်ခေါင်းဆောင်ကြီးများအား အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်း (ခေါင်းဆောင်ကျရင် ဆန္ဒပြတပ်ဦးကျိုးအောင်လုပ်ခြင်း)၊ဒေါက်တာ ဘမော်အစိုးရ ပြုတ်ကျပြီး ဦးပု၏ ညွန့်ပေါင်းအစိုးရတက်လာစေခြင်း (အစိုးရအဖွဲ့အစည်းကိုလူပြောင်းခြင်းဖြင့် စိတ်ထွက်ပေါက်ပေးခြင်း) စသည်တို့ပြုလုပ်၊ ဖြစ်ပေါ်နေသော်လည်း သပိတ်စခန်းသည်ပြိုလဲပြိုကွဲမသွားဘဲ တိုး၍အား ကောင်းလာနေသော အခြေအနေဖြစ်သည်။


ထိုသို့ သပိတ်ကို လူထုအာရုံလွဲသွားအောင် စီမံဖန်တီးမှုထဲတွင် ဟိန္ဒူ-မွတ်စလင်ရိုက်ပွဲသည်သပိတ်စခန်းဖွင့်ပြီးမကြာခင် မှာစတင်ဖြစ်ပေါ်ခဲ့ပြီး နှစ်ဘက်စလုံး အသေအဆုံးများကာ ရန်ကုန်တစ်မြို့လုံးကိုထိုရိုက်ပွဲများအကြောင်းပြုပြီး ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ထားလိုက်သော အဆင့်အထိဖြစ်ပေါ်လာခဲ့လေတော့သည်။ထို ပုဒ်မ ၁၄၄ ကြောင့်လည်းကောင်း၊ ရိုက်ပွဲများ ၏ စိုးရိမ်ရေမှတ်ကြောင့် ဈေးများပိတ်ခြင်း၊ခရီးလမ်းကြောင်းများ ပြတ်တောက်ခြင်းတို့ကြောင့် သပိတ်စခန်း၏ အဓိကလို အပ်ချက်ဖြစ်သောအစားအသောက်နှင့် ရန်ပုံငွေ(အလှူငွေ)ကောက်ခံခြင်းများကို ထိခိုက်လာရသဖြင့် သပိတ်စခန်းမှာအ နည်းငယ်လှုပ်ခတ်လာလေသည်။ ထမင်းထုပ်အထောက်အပံ့များကိုလည်း နယ်မြေလုံခြုံရေးများ အကြောင်းပြကအင်္ဂလိပ် မြင်းတပ်များ၊ ဂေါ်ရာစစ်ပုလိပ်တပ်များက အမျိုးမျိုးဟန့်တားခဲ့သဖြင့် အထောက်အပံ့များလည်းလျော့လျော့လာလေသည်။



ထိုအခါ သပိတ်တပ်ပေါင်းစုကို ဦးဆောင်နေသူ သခင်၊ သခင်မကြီးများသည်(ယခု ကျွန်တော်တို့ကသခင်၊ သခင်မကြီး များဟု ရိုသေသမှုနှင့်ခေါ်သော်လည်း ထိုအချိန်က သပိတ်မှောက်စဉ်က ခေါင်းဆောင်သူသခင်၊ သခင်မကြီးများ၏ အသက်များမှာ ၂၀ကျော် ၃၀ တန်းများသာ များကြသည်မှာ အထူးလေးစားဖွယ်ဖြစ်ပါသည်။)မိမိတို့ သပိတ်တပ်တွင် အ တူပူးပေါင်း ဆန္ဒထုတ်ဖော်နေသော ဘာသာခြား ဟိန္ဒူ၊ မွတ်စလင် သပိတ်အဖွဲ့ဝင်များကိုဒီကိစ္စသည် ကိုလိုနီအစိုးရ၏ နိုင် ငံရေး ခြေလိမ်ထိုးခြင်းသာဖြစ်ပြီး အခြင်းခြင်းနားလည်သင့်မြတ်ရန်ညှိနှိုင်းပေးနိုင်ခဲ့သလို၊ သပိတ်အဖွဲ့ဝင် ဟိန္ဒူ၊ မွတ်စလင် ဘာသာဝင်များကလည်း ထိုညှိနှိုင်းမှုကိုလက်ခံခဲ့ပြီး သပိတ်တပ်အတွင်း ပြသနာဖြစ်ပွားခြင်း လုံးဝမဖြစ်ခဲ့ပေ။


ထိုမှတဆင့် ဟိန္ဒူ-မွတ်စလင်ရိုက်ပွဲကြီးကို ကြားဝင်စေ့စပ်ညှိနှိုင်းပေးခြင်းအားဖြင့်ရပ်တန့်ရန် သပိတ်တပ်ပေါင်းစု သခင်၊ သခင်မကြီးများမှ သပိတ်တပ်ပေါင်းစု၏ ညွှန့်ကြားရေးမှူးတစ်ဦးဖြစ်သူ သခင်သိန်းမောင်ကြီး(နောင်တွင်မီးတုတ်သခင် သိန်း မောင်ကြီးဟု သမိုင်းတွင်သော သခင်ခေါင်းဆောင်ကြီး) အား တာဝန်ပေးအပ်လိုက်တော့သည်။


သခင်သိန်းမောင်ကြီးဦးဆောင်သောရေနံ၊ အလုပ်သမား၊ လယ်သမား သပိတ်အဖွဲ့အသီးသီးမှ အမျိုးသမီး ၂၀၀နှင့် အမျိုးသား ၁၀၀ တို့သည်အင်္ဂလိပ်တို့တင်းကြပ်စွာတာမြစ်နေသည့်ကြားမှပင် မိမိတို့အသက်သေသည်ကို နားလည်လက် ခံပါကြောင်းအင်္ဂလိပ်တို့ထံတွင် ခံဝန်ထိုးကာ အဓိကရုဏ်းအပြင်းထန်ဆုံးဖြစ်ပွားနေသော သိမ်ကြီးဈေးနားသို့ချီတက်သွား ကြကာ ရိုက်ပွဲကြီးရပ်တန့်အောင် မေတ္တာရပ်ခံ၊ အသေခံဝင်ရောက်ဖြေရှင်းကြရှာလေသည်။


သူတို့ ညှိနှိုင်းဖြေရှင်းကြပုံမှာ အဖွဲ့အသီးသီးမှ သပိတ်အဖွဲ့ဝင် ၃၀၀ တို့သည် အမျိုးသမီး၂ ဦးမှ အမျိုးသား ၁ ဦးကို အလယ်တွင်ထားပြီး ရံသည့်ပုံစံ (ထိုခေတ်က အမျိုးသမီးများကိုအထူးအလေးထားသဖြင့် အမျိုးသမီးကို ရန်ရှာမှု နည်းခြင်း၊ အမျိုးသားသပ်သပ်ဆိုလျှင် ရိုက်ပွဲကြောင့်ယုံထင်ကြောင်ထင်ဖြစ်နေသော အခြေအနေတွင် လူမှားရန်ရှာ ခံရနိုင်ခြင်း)ဖြင့် တစ်တွဲကို၁၀ ပေခန့်ခွာ၍ အသံတိတ် လဲလျောင်း၍ ဆန္ဒပြကြသည်။ လက်ထဲတွင် ရိုက်ပွဲများကို ရပ်စဲပါ ရန်မေတ္တာရပ်ခံသောစာတမ်းများကို အင်္ဂလိပ်၊ မြန်မာ၊ ဟိန္ဒူ၊ မွတ်စလင် လေးဘာသာဖြင့်ရေးသားထားသော ဆိုင်းဘုတ်များကိုင်ဆောင်ထားပြီး အလံကိုင် သပိတ်အဖွဲ့ဝင် ၄ ဦးမှ ဘာသာစကားလေးခုလုံးဖြင့် အော်ဟစ်ရှင်းလင်းကာရိုက်ပွဲများ ရပ်စဲရန် မေတ္တာရပ်ခံမှုကို တပြိုင်တည်းပြုလုပ်နေသည်။



ထိုသို့ အပြင်းထန်ဆုံးဖြစ်ပွားနေသည့်ရိုက်ပွဲကြားသို့ သပိတ်တပ်ပေါင်းစုမှလူများ စနစ်ကျစွာ ၀င်ရောက်မေတ္တာရပ်ခံလာမှု ကြောင့်ရိုက်ပွဲများ၊ တဖက်နှင့်တဖက် ပစ်ပေါက်ဖျက်ဆီးနေမှုများ လျော့ကျသွားပြီး ရိုက်ပွဲမှ လူမျိုးလိုက်ခေါင်းဆောင်များမှ ဆန္ဒပြအဖွဲ့ဝင်များနှင့် ဦးစွာလာရောက်စကားပြောကြားခြင်း၊ ဆန္ဒပြအဖွဲ့ခေါင်းဆောင်များမှတဆင့် တဖက်နှင့်တဖက်ညှိ နှိုင်းခြင်းအဆင့်ဆင့်ပြုလုပ်ကြပြီး တပတ်ကျော်ကျော် ပြင်းထန်စွာသတ်ဖြတ်ရိုက်နှက်နေကြသော ဟိန္ဒူ-မွတ်စလင်ရိုက်ပွဲ ကြီးသည် နာရီအနည်းငယ်လောက်အတွင်းတွင်နှစ်ဖက်ဦးဆောင်သူများလက်ဆွဲနှုတ်ဆက်က ငြိမ်းချမ်းရေးရသွားလေ တော့သည်။ ထို အဖြစ်အပျက်သည်လုံးဝမဖြစ်နိုင်သောအဖြစ်အပျက်တစ်ခုဖြစ်သော်လည်း ကိုလိုနီခေတ်နှောင်းပိုင်းဖြစ် သော၁၉၃၉ ခုနှစ်တွင် အမှန်တကယ်ပင်ဖြစ်ပျက်ခဲ့သလို အင်္ဂလိပ်ဘုရင်ခံကိုယ်တိုင် ဖွင့်ဟချီးကျူးရသည်အထိဖြစ်ခဲ့လေတော့သည်။


ထိုသို့ ညီညွတ်စနစ်ကျစွာဆန္ဒပြမှုဖြစ်စဉ်သည် ထိုနေ့ထိုနေရာတစ်ခုတည်းတွင် မပြီးဆုံးခဲ့ပါ။ ထိုနေ့ညဦးယံတွင်လည်းနံနက်ခင်းက ဟိန္ဒူ-မွတ်စလင်ရိုက်ပွဲကြီးကို ရပ်တန့်သွားအောင် မေတ္တာရပ်ခံညှိနှိုင်းပေးနိုင်ခဲ့သောသပိတ်တပ်ပေါင်းစုမှ အမျိုးသမီး ၂၀၀တို့သည် အထက်မှာဖော်ပြခဲ့သလို အရှက်အကြောက်ကြီးသောအမျိုးသမီးများဖြစ်လင့်ကစား မိမိတို့သည် မိမိတို့လိုလားရာကို ဆန္ဒပြတောင်းဆိုရန်သာဖြစ်ပြီးအန္တရာယ်ရှိနိုင်သော မည်သည့်လက်နက်မှမပါဘူးဆိုတာကို သိစေ ရန်အလို့ငှာ အရှက်ဂုဏ်သိက္ခာကိုမငဲ့မကွက်အတွင်းခံအကျီများပင် ၀တ်မထားဘဲ အတွင်းသို့ထိုးထွင်းမြင်နိုင်သော ခြည်ဇာ ပိတ်ပါးအင်္ကျီ၊ထိုခေတ်ခါက ထဘီပါးပါးများကိုသာ ၀တ်ဆင်ထား မဂိုလမ်းရှိ အင်္ဂလိပ်တို့၏ အစောင့်အကြပ်အထူဆုံးဂတ်ရှေ့သို့ရောက်ရှိလာကြကာ အေးချမ်းစွာ ဆန္ဒထုတ်ဖော်ကြသည်။


မနက်ခင်းက အောင်မြင်မှုအရှိန်ကြောင့်အင်္ဂလိပ်တို့က အကြမ်းဖက်မဖြိုခွင့်သေးသော်လည်း အစောင့်အကြပ်များ အထူး တင်ကြပ်ပိတ်ဆို့ထားသည့်အပြင်လိုအပ်လျှင်ချက်ခြင်း အမိန့်ပေးနိုင်ရန် တရားသူကြီးများနှင့် ပုလိပ်မင်းကြိးကိုယ်တိုင်ဆန္ဒပြမှုကို စောင့်ကြည့်နေလေသည်။ ပစ်ခတ်နှိမ်နှင်းရန် အသင့်အနေအထားဖြင့် ချိန်ရွယ်ထားသောပုလိပ်တပ်သားများ ၏ စစ်ဖိနပ်များနားတွင် လဲလျောင်းပြီး တည်တည်ငြိမ်ငြိမ် ဆန္ဒထုတ်ဖော်ကြသည်။ထိုအခါ ပုလိပ်ဂတ်ကိုဆန္ဒပြခြင်းမှာ ပြစ်မှုကြီးလေးသဖြင့် ပြန်လည်ထွက်ခွာရန် သုံးကြိမ်သုံးခါအမိန့်ပေးသောအခါ ဆန္ဒပြအမျိုးသမီးများသည် တင်းမာလာမှု ကိုလျော့ချရန် အနောက်သို့အနည်းငယ်ဆုတ်ပေးကာဆက်လက်ဆန္ဒပြကြသည်။ ထိုသို့ နောက်ဆုတ်ကာနေပြီးနောက် တစ်နာရီခန်ကြာသောအခါ ပထမနည်းအတိုင်းရှေ့တိုးလဲလျောင်းကာ ဆန္ဒပြကြပြန်သည်။ အမိန့်ပေးသောအခါ အေးဆေး တိတ်ဆိတ်စွာပင်နောက်ပြန်ဆုတ်ပေးကာတင်းမာမှုကိုလျော့ချပြန်သည်။ ထိုသို့ တစ်နာရီခြားတစ်ခါ ၃ တိတိ အကြမ်းဖက်နှိမ်နင်းရန်အမိန့်မပေးနိုင်သော ငြိမ်းချမ်းစွာဆန္ဒပြမှုကို ညီညီညွတ်ညွတ်လုပ်ဆောင်လာသောအခါ ချက်ခြင်းလူပြန်စုကအထက်မှာရေးသားခဲ့ပြီးသော အင်္ဂလိပ်ဘုရင်ခံအိမ်တော်တွင်းသို့ ခပ်တည်တည်ဝင်ရောက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြလေတော့သည်။


“မင်းတို့ထဲမှာဘယ်သူဗိုလ်လဲ”ဟူသော အသံကို မကြောက်မတွန့် ဟည်းဟည်းထပြန်လည် ဖြေကြားလိုက် သော လူ၂၀၀ထံမှအသံဖြစ်သော “အားလုံး ဗိုလ်ချည်းဘဲ” လို့ပြန်ဖြေလိုက်သံသည့် အသံသည် စပါတာကပ်စ်နှင့်ကျွန်တော်လှန်ရေးသမား တွေကို ၀ိုင်းမိထားသောအခါ “မင်းတို့ထဲမှာ စပါတာကပ်စ်ဆိုတာ ဘယ်သူလဲကွ”လို့မေးသော အခါ “ငါဘဲ…ငါကွ…ငါ”ဆိုပြီး ကျွန်တွေအားလုံးက မတ်တပ်ရပ်ခဲ့ကြသည်ကို သွားသတိယမိစေသလို၊ထိုသို့ဖြေနိုင်ခဲ့သော သတ္တိနှင့် စွန့်လွှတ်ရဲမှုသည် စပါတာကပ်စ်တို့ ကျွန်တော်လှန်ရေးတပ်ကြီးလိုပင်အံ့ချီးဖွယ်ဖြစ်ပါသည်။ ထိုသို့ အသက်စွန့် ၀ံ့သော၊ စည်းစနစ်ကျစွာ ရဲရဲတောက် ဆန္ဒပြနိုင်ခဲ့သောအတိတ်က ဘိုးဘေး တော်လှန်ရေးခေါင်းဆောင် သခင်ကြီး၊ သခင်မကြီးများကို ဦးညွတ်လေးစားမိတော့သည်။


ကျွန်တော်ဒီစာကိုဘာကြောင့်ရေးရသလဲဆိုတော့ ခုလာမယ့်နှစ်သစ်မှာလည်း လိုအပ်ချက်တွေပြည့်နှက်နေ သေးတဲ့အစိုးရရဲ့ပြုပြင်ပြောင်းလဲရေး၊ အခြားအခြားသောပါတီများ၊ လူမှုအဖွဲ့အစည်းများရဲ့ ၀န်းရံတွန်းအားပေးမှုများကြားမှာဖြစ်ပေါ်လာဦးမယ့် နိုင်ငံရေးဖြစ်စဉ်တွေထဲမယ် မိမိတို့လိုအင်၊ ပြည်သူတို့အားလုံးတို့၏လိုအပ်ချက်များ၊ အခွင့်အရေးများနှင့် လွဲလွန်ချွတ်ချော်ခဲ့သည်ရှိသော် “ဆန္ဒပြခြင်း”ဖြစ်စဉ်တွေရှိလာဦးမှာဖြစ်သလို၊ဒီမိုကရေစီစနစ်ရဲ့ အားသာမှုအရ မိမိမကျေနပ်မှု၊ နစ်နာမှုအတွက် ဆန္ဒပြခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းများအခွင့်ရှိလာဦးမှာဖြစ်တဲ့အတွက် ဆန္ဒပြတဲ့အခါမှာ လေ့လာသင့်တာ၊ စဉ်းစားသင့် တာတွေကို မှတ်သားဖူးသမျှပြန်လည်ရေးလိုက်တာပါ။


“ဆန္ဒပြခြင်း”ဟာဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေခံလူ့အခွင့်အရေးပါ။ ဒီမိုကရေစီစနစ်ရဲ့ မိသားစုဝင်တွေပါ။ သို့သော် အကြောင်းပြချက်ခိုင်လုံရပါမယ်။ ချိတ်ဆက် ဆက်နွယ်မှုတွေ အားကောင်းရပါမယ်။ စနစ်ကျပြီးအဆုတ် အတက် အဖွင့်အပိတ်လှပရပါမယ်။ ဘယ်လောက်အထိတောင်းဆိုမယ်၊ ဘယ်လောက်အထိ ညှိနှိုင်းမယ်ဆို တာ မလုပ်ခင်တည်းက သေချာနေရပါမယ်။ ဘယ်သူ့ကို သိစေချင်တာလည်း၊ ဘယ်သူက တာဝန်ယူဖြေရှင်း ပေးစေချင်တာလည်းဆိုတာလည်း တိကျနေရပါမယ်။ မီဒီယာဟာ မိမိတို့နဲ့ ကိုယ်ဦးတည်သိစေချင်သူတွေနဲ့ ကြားမှာ မိမိတို့တောင်းဆိုထားမှုတွေကို ကန်းသင်းခလုတ်မရှိ လျောက်လှမ်းရောက်ရှိသွားနိုင်စေတဲ့တံတားတစ်စင်းသာဖြစ်ပါစေ။ မိမိကိုယ်ကိုယ်နာမည်ကြီးရေး၊ မိမိအဖွဲ့အစည်း ထင်ပေါ်ရေးအတွက်အသုံးချကြားခံနယ်မဖြစ်သင့်သလို၊ မေတ္တာအညွန့်ခူးဖို့ လက်ကိုင်တုတ်လုပ်ထားရမယ့်အရာလည်းမဖြစ်သင့်ပါဘူး။


နည်းဗျူဟာတွေရှိရပါမယ်။ဘာပြီးရင် ဘာလုပ်မယ်။ ဘယ်အခန်းကဏ္ဏတွေမှာ ဘယ်သူတွေပါဝင်ရမယ်၊ ဘာ အကြောင်းအရာတွေပြောရမယ်ဆိုတာတွေပါဝင်ရပါမယ်။ အထူးသဖြင့် တစ်ဦးတစ်ယောက်ချင်းဆီနဲ့ သက်ဆိုင်တာ မျိုးဖြစ်အောင် လှုံ့ဆော်ပေးနိုင်ရပါမယ်။ပြီးခဲ့တဲ့နှစ်တွေအတွင်းက ဆန္ဒပြမှုတွေကိုပြန်သုံးသပ်ကြည့်ရင် ပြလိုက် တဲ့အကျိုးဆက်ကြောင့်ဦးတည်အုပ်စုတွေပြောင်းလဲသွားတာ၊ မိမိတို့ရပ်ရင်ဆိုင်ပေးလိုက်သူတွေ အကျိုးဖြစ်ထွန်းသွားတာမျိုးနည်းပြီး တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်သင်းနာမည်ကြီးသွားပြီး၊ တစ်ဖက်ကိုတော့လည်ပင်းနင်းလိုက်သလိုအဖြစ်မျိုးတွေ၊ သူရဲကောင်းဆန်ဆန် တစ်ကိုယ်တော်တွေ နာမည်ရေး ကောက်စားပွပေါက်တိုးသွားတဲ့ အချိုးအစားတွေသာ များခဲ့တယ်လို့ ကျွန်တော်သုံးသပ်မိပါတယ်။
နောက်ကြေငြာချက်တွေ၊ တောင်းဆိုမှုတွေ ချရေးကြ၊ တောင်းဆိုကြလုပ်ကြတယ်။ ဘယ်အဆင့်ဆို လိုက်လျောမယ်၊ဘယ်အဆင့်ဆို လက်ခံမယ်။ ရမှု၊ မရမှုတွေကို အများပြည်သူကို ဘယ်လိုအသိပြန်ပေးမယ်။ ဘယ်လိုဆက်လက်ဖိအားပေးသွားမယ်ဆိုတာမျိုး တော်တော်အားနည်းခဲ့ကြသလို။ ကြေငြာချက်တွေ၊ တောင်းဆိုမှုတွေကို တစ်ဦးတစ်ယောက်ကနေ လမ်းကြောင်းပေးဦးဆောင်ရေးသွားတာမျိုးတွေတောင်တွေ့ရှိခဲ့ရပါတယ်။


အထူးသဖြင့်ယနေ့အပြောင်းအလဲကာလမှာ ပေါ်ပေါက်လာသော ဆန္ဒထုတ်ဖော်မှုတွေအများစုကို ခြုံငုံသုံးသပ်လိုက်လျှင်တစ်ဦးတစ်ယောက်ချင်းစီမှာ တာဝန်ရှိတယ်။ ထို့ ကြောင့် ငါတို့အားလုံးသဘောတူတယ်။ ငါတို့မှာလည်းတာဝန်ရှိတယ်။ ငါတို့နဲ့လည်းသက်ဆိုင်တယ်ဆိုတဲ့ တစ်ဦးချင်းဆီရဲ့ ယုံကြည်အမြင်ပွင့်သွားတာမျိုးဖြင့်ဆန္ဒထုတ်ဖော်မှုဖြစ်ပေါ်လာပြီး၊ ခရီးဆုံးရောက်အောင်မြင်အောင်ဆန္ဒပြသွားနိုင်တာမျိုး သိပ်မတွေ့ရဘဲ။အောင်မြင်သွားတာနည်းပြီး ဦးဆောင်သူအချို့လောက် တက်ကြွသွားတာ၊ ကျော်ကြားသွားတာ၊ ဆိုးကျိုးကောင်းကျိုးအားလုံးကို သိမ်းကျုံးခံယူသွားရတာမျိုးနဲ့ အဆုံးသတ်သွားသလို၊ အစိုးရဘက်ကလည်းပြန်လည်ပြုပြင်လျော့ပေါ့ပေးရန် လိုအပ်နေသေးသော ဆန္ဒပြမှုဥပဒေကိုလက်ကိုင်ဆွဲကာ ဆန္ဒပြသမျှလူတွေကိုတရားစွဲလိုက်၊ ရုံးဆင့်ခေါ်လိုက်၊ ဖမ်းဆီးလိုက်၊ ပြန်လွှတ်ပေးလိုက်၊ တားမြစ်လိုက်၊ နောက်ဆုံးအဆင့်ထောင်ချလိုက်စတာမျိုးနဲ့ဘဲ တုန့်ပြန်တတ်သလိုဖြစ်နေပါတယ်။


ညှိနှိုင်းပေးခြင်း၊အားပေးခြင်း၊ အလေးဂရုပြုဖြေရှင်းခြင်း၊ ခေါ်ယူဆွေးနွေးခြင်းမျိုးတွေ လုပ်သင့်သည့်အခြေအနေတွေကိုရှောင်ရှားပြီး ဆန္ဒပြသူတွေနဲ့ တာဝန်ရှိသူတွေအကြား နည်းတမျိုးမျိုးနဲ့တင်းမာမှုတွေဖြစ်ပေါ်လာအောင်အတည့်ဆိုင်ဆန္ဒ ပြခြင်း၊ တင်းကြပ်စွာဖိအားပေး တားဆီးခြင်းတွေကိုသာတွေ့ရတဲ့အတွက် ဆန္ဒထုတ်ဖော်မှုတွေအများစုမှာနှစ်ဦးနှစ်ဖက် ယုံကြည်မှုပျက်ယွင်းတဲ့ အရှုံး-အရှုံးဆန္ဒထုတ်ဖော်မှုတွေကိုသာ တွေ့ရသလို၊အဖြေမထွက် လိပ်ခဲတည်းလဲအခြေအနေ တွေနဲ့ ယနေ့အထိမေးခွန်းပေါင်းများစွာဖြင့် ဆက်လက်စီးမြောနေစဲဆန္ဒပြမှုဖြစ်စဉ်တွေလည်းရှိနေစဲဆိုတာ အားလုံး သတိ ထားမိမယ်ထင်ပါတယ်။


အထူးသဖြင့်ဆန္ဒပြသူတွေနဲ့ ပူးပေါင်းပြိး ဦးဆောင်ပေးနေသူတွေ၊ နစ်နာသူ ပြည်သူတွေဘက်က ၀င်ရောက်ပြီးဆန္ဒပြတိုက်ပွဲဝင်ပေးနေသော အသင်းအဖွဲ့များ၊ တသီးပုဂ္ဂလခေါင်းဆောင်များဟာ မိမိတို့တောင်းဆိုပေးနေသောလုပ် သား ပြည်သူတွေအတွက် တိကျသေချာတဲ့ အောင်ပွဲရည်လမ်းကျောင်းတွေ၊ တောင်းဆိုမှုတွေ၊ဆန္ဒပြစဉ်အတွင်းကိုယ့်ဘက် သူ့ဘက် လိုက်သာလျောသာအခြေအနေတွေကို ဦးစွာစီစဉ်စဉ်းစားပြီးမှစစ်မျက်နှာဖွင့်သင့်တယ်လို့ ပြည်သူတစ်ယောက် အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ နောက်ပြီးဆန္ဒပြပွဲမှာ ပါဝင်ပူးပေါင်းသူ နစ်နာသူ၊ မတရားမှုကို မုန်းတီးသူ၊ အားပေးကူ ညီသူ လူတစ်ဦးချင်းစီရဲ့ပူးပေါင်းပါဝင်ရမှုတန်ဖိုးကို ကိုယ်တိုင်တစ်ဦးချင်းစီ သိမြင်ခံစားတတ်အောင်လည်း တပြိုင်နက်တည်းတိုက်တွန်းနှိုးဆော်နေသင့်တယ်လို့ ထင်ပါတယ်။


ဒီနေရာမှာအလျင်းသင့်လို့ ဆရာ မောင်မြင့်ဇော် ရေးသားသော ပြည်သူ့ဘ၀ တရားမျှတမှုအတွက် အရေးကြီးတဲ့ စကားလုံး (၁၀၀) စာအုပ်မှ)မှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအခြေခံလုပ်ငန်းစဉ် (Basic Process for Participation) ရှင်းလင်းချက်လေးကို ထည့်သွင်းမှီငြမ်းဖော်ပြပါရစေ။


“ပူးပေါင်းဆောင်ရွက်မှုဟုဆိုရာတွင်ပြည်သူများအား စွမ်းဆောင်နိုင်သူများ၊ စွမ်းရှိသူများဟု မှတ်ထင် ပူးပေါင်းခြင်း ဖြစ်ရ မည်။ သတင်းအချက်အလက်နှင့်လိုအပ်သည့် အကြောင်းအရာများ ဖြန့်ဝေပေးခြင်း၊ ပူးပေါင်းပါဝင်သူတို့ လွတ်လပ်စွာ ထင်မြင် ယူဆတင်ပြခွင့်ရှိစေခြင်းတို့သည်အများပူးပေါင်းပါဝင်မှုအတွက် ဖန်တီးရမည့် အခြေအနေများဖြစ်သည်။
ပူးပေါင်းပါဝင်သူများသည်မည်သို့သော အခြေအနေမှ လာသည်ဖြစ်စေ(ဆင်းရဲသား၊ လယ်သမား၊ လူမျိုးစု၊ လူနည်းစု) လေး စားတန်ဖိုးထားစိတ်ရှိရမည်။ ပူးပေါင်းပါဝင်နိုင်ခြင်းဟူသည်မှာပြည်သူတို့သည် မိမိတို့ လူမှုဘ၀နှင့် နိုင်ငံရေးဖြစ်စဉ် တို့ကိုတည့်မတ် အားဖြည့်ပေးနိုင်ခြင်း ဟူသော အဓိပ္ပာယ်ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးရေးနှင့် ပြည်သူ့ဘ၀တရားမျှတမှုအတွက်ကြီး မားသော အထောက်အကူဖြစ်သည်။”

“ကျုပ်တို့ဟာ ညီအကိုတွေလိုအတူနေကြရမယ်။ မဟုတ်ရင်တော့ လူ့ဗာလတွေလို အတူပျက်စီးကြမှာပဲ။”
“We must all learn tolive togerhter as brothers. Or we will all perish together as fools.” (မာတင်လူသာကင်းဂျူနီယာ)


ဘယ်လိုဘဲဖြစ်ဖြစ်သမိုင်းမှာ အထင်ကရရှိခဲ့ဖူးတဲ့ ဘိုးဘေးတွေရဲ့ အောင်မြင်သော ဆန္ဒပြခြင်းတွေကို အတုယူပြီးကျွန်တော်တို့ရဲ့ ယခုရင်ဆိုင်ဖြတ်သန်းနေရသော ဒီမိုကရေစီအစစ်အမှန်ဖြစ်ပေါ်ရေးအသွင်ပြောင်းကာလမှာလည်းအောင်မြင်ထိရောက်သော ဆန္ဒပြပွဲများ၊ စည်းစနစ်ရှိပြီး လမ်းကြောင်းမလွဲသော ဆန္ဒပြပွဲများဖြစ်ပေါ်လာပါစေကြောင်းနှင့် လိုအင်ပြည့်ဝ ဒီမိုကရေစီပန်းစစ်စစ် အမှန်ပွင့်လန်းသော နှစ်ကြီးတစ်နှစ်ဖြစ်ပါစေကြောင်းနှစ်သစ်ဦးအခါသမယမှာ လေးစားထိုက်သူအားလုံးလုံးကို ဦးထိပ်ထားကာ နှိုးဆော်လိုက်ပါတယ်ဗျာ။


ချစ်ခင်လေးစားစွာဖြင့်


စိမ်းခက်စိုး
(ဗုဒ္ဓဟူး) ဧပြီ ၁၇၊ ၂၀၁၃
နှစ်ဆန်း ၁ ရက်နေ့

***သမိုင်းဆိုင်ရာ ခုနှစ်များ၊ အချက်အလက်များလွဲမှားနေပါက၊ ထပ်မံသိစေလိုသည်များရှိပါက သိရှိသူမည်သူမဆို လွတ်လပ်စွာမှတ်ချက်ပြုထောက်ပြနိုင်ပါသည်။ အကယ်၍မှားယွင်းခဲ့သည်ရှိသော် မှီငြမ်းကိုးကား သူ ကျွန်တော့်တွင်သာ တာဝန်ရှိပါသည်။
 မှီငြမ်းမှတ်စုများ -

ညသန်းကောင်ယံအချိန် ဘုရင်ခံအိမ်ဝင်၍ ဆန္ဒပြခြင်း ( သခင်လှကျွေ )
ရှုဒေါင့်ဂျာနယ်အမှတ်( ၁၀)၊ ၁၃၃၁-ခု ၊ ဝါခေါင်လဆန်း( ၂ )ရက်။ ၁၅.သြဂုတ်. ၁၉၆၉။ စာမျက်နှာ ၁၃-၁၇-၁၈မှ။
( ဟေသီမိုးကူးယူဖော်ပြသော ဆိုဒ်မှ)

http://dobamaasiayone.blogspot.com/2013/01/blog-post_5388.html
https://www.facebook.com/seinkhatsoe/posts/4597494936892?comment_id=4154661&offset=0&total_comments=2&notif_t=feed_comment

ဆန္ဒပြခြင်းအနုပညာ - စိမ်းခက်စိုး


အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် (၅၊၈၊ ၁၉၉၉) လူငယ်ပညာပေးဟောပြောပွဲမှ ဟောပြောချက် - ဒေါ်အောင်ဆန်းစုကြည်


ပြည်သူ့ဘ၀ တရားမျှတမှုအတွက် အရေးကြီးတဲ့ စကားလုံး (၁၀၀) စာအုပ် - ဆရာ မောင်မြင့်ဇော်

No comments:

Post a Comment