Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

ပြားနေတဲ့ရွာကြီးက ခေတ်ကို ခါခါချ


ကိုယ်တိုင်လုပ် သြကာသဟာ ခလုတ်တစ်ခုနှိပ်လိုက်သလို အရာရာထင်ကျန်ခဲ့တယ်
ကမ္ဘာနှစ်ခုအကြား ကိုယ်ချင်းစာတရားဟာ တစ်နာရီ မိုင်ဘယ်လောက်နှုန်းနဲ့ ပျံသန်းနေသလဲ
အပူအပင် တကယ်ကင်းမယ်ဆိုရင်တော့ မိုးတစ်ကြိမ်လင်းတိုင်း အဲဒီ ကလေးလေးဘ၀ ပြန်ရချင်ရဲ့ 
ခေတ်ကရော ကုရခက်တဲ့အိပ်မက်တွေကိုပဲ ချင်ခြင်းတပ်နေဦးမှာလား
သေချာပါတယ် မယုံမရှိနဲ့ ကျီးလန့်စာတွေပဲ ထွက်ကျလာမှာ
သီအိုရီတစ်ချိုနဲ့ တံဆိပ်ကပ်ခံလိုက်ရတဲ့ အကြည်ဓါတ်တွေ ကင်ပွန်းတပ်ရမလွယ်တော့ဘူး
မဖြူစင်လှတဲ့ မျက်လုံးတွေက မျဉ်းဖြောင့်ဆက်သွယ်မှုမှာ ဘာနဲ့ပေါင်းပေါင်း သုညပဲရနေတယ်
နှင်းနဲ့ ကတ္တီပါ မရောခင် နစ်နာမှုတိုင်းကိရိယာ အရင်ဖန်တီးထားရင် မကောင်းဘူးလား
ဒါမှ အချိန်မတန်ခင်ကြွေကျသွားတဲ့ ပန်းတွေအကြောင်း တစ်စုံတစ်ယောက်က ရွတ်ညည်းနိုင်မယ်
မေတ္တာတရားရဲ့ အာရုံခံပစ္စည်းကို လောကပါလရဲ့ စာမျက်နှာမှာ အသိမ်းလွန်နေကြတယ် သွေးတစ်ပွက်စာလေးတဲ့ ဒါပေမယ့် ခက်တာက ရင်ဘတ်ထဲရောက်တော့ ဆူးတစ်ခက်ဖြစ်သွားတာပဲ
မာသာထရီဇာ သမိုင်းထဲမှာကျန်ခဲ့ပြီ မာလာတစ်ယောက်ရော စာသင်ခန်းထဲရောက်သွားပြီလား နျူကလီးယားတွေဆီကို ဦးဂန္ဒီ အလည်သွားခဲ့ဖို့ မေ့သွားတယ်ထင်ပါရဲ့ ပစ်မှတ်တည့်တည့်တဲ့ မိသားစုလေး ထမင်းစားနေမယ့်အချိန်လား ဒါမှမဟုတ် ကလေးလေး အိပ်ပျော်နေတဲ့အချိန်များဖြစ်နေမလား မြောက်ဘက်ကို လက်အုပ်ချီနေကြနေရောပေါ့
သဘာဝတရားကြီးက မျက်စပစ်နေတဲ့ အဌာရသတွေ ဘယ်သူ အသစ်ပြန်ဖန်ဆင်းပေးနိုင်မှာမို့လဲ
ဘယ်လက်သည်းကိုပဲ ဆိတ်ဆိတ် လက်ထိပ်နာတတ်ကြတယ်ဆိုတာ မေ့ထားရင် ဒါ အတ္တဟိတပေါ့
ကမ္ဘာကြီး ပြားသွားပြီဆို ကမ္ဘာကြီးက ရွာတစ်ရွာပါပဲဆို အဲဒီ ပြားနေတဲ့ရွာကြီး အခုဆို ခရမ်းရောင်သမ်းနေပြီလေ
ဗြဟ္မာကြီးလေးဦးတောင် တွေဝေသွားနိုင်တဲ့ ဖြစ်ပျက်တွေ ဘယ်လိုကမ္မ၀ါနဲ့မှ ကယ်တင်နိုင်မယ် မထင်ဘူး
ပဋိပက္ခ မီးခိုးတွေတလူလူနဲ့ နာကျင်မှုကို ပျိုးယူနေကြမှတော့ စစ်ကို မျက်စောင်းထိုးနေကြရုံပေါ့ကဲ....ဘယ်ဘုရားသခင်ဆီမှာ ဆုတောင်းကြမလဲ အဲဒီနေ့က မပျက်ခဲ့တဲ့ ကမ္ဘာ ခုကစ မပျက်ပါစေနဲ့လို့ ။ ။

ရွှေမိုးမြူ
12:12 AM
April 17/2013

No comments:

Post a Comment