Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

မီးခြစ်ထဲမှာ မီးကပါလာတာမဟုတ်ဘူး




မီးခြစ်ထဲမှာ မီးကပါလာတာမဟုတ်ဘူး
ပန်းလှိုင်စိုး (ကျုံပျော်)

ရုံထဲက
ကိုယ်ကိုယ်၌ရဲ့ အမှားက
စင်ပေါ်က လွဲချော်မှုထက် ပိုကြီးတယ်။

သူငယ်ချင်းက
အဲသလို ဆပ်ကပ်ပွဲကို လက်မလွတ်တမ်း ကြိုက်တယ်။

ရုံထဲမှာ
မျက်လုံးတွေက ဓာတ်မီးတလက်လို
လမ်းရဲ့ကောက်ကွေ့မှုတွေကို ထိုးရှာရင်း
ကောက်ကွေ့တဲ့လမ်းအတိုင်း လျှောက်သွားကြ။

ကံကြမ္မာကို လှည်းဘီးမှာကပ်ပြီး
ငါက ဓားနဲ့ပေါက်တယ် ...
ငါ့ရဲ့လွဲချော်မှုတွေဟာ လက်ခုပ်သံတွေပဲဖြစ်တယ်
လက်ခုပ်သံတွေက ပြန်သတ်ခြင်းခံနေရတဲ့ ပြကွက်တွေ
ငါ မုန်းတယ်
ငါ့တွေးခေါ်မှုတွေနဲ့ငါ စိတ်ကိုသော့ခတ်ပြီး
ရုံပြင်ထွက်ခဲ့တယ်
ရုံပြင်က ရုံထဲထက် ပိုလင်းတယ် ပိုသဘာဝကျတယ်။

တညလုံး
လက်ခုပ်သံတွေ ပြိုကျပျက်စီးနေတဲ့ ရုံထဲ
သူငယ်ချင်းက
ဒုက္ခနဲ့ အဆင်မပြေမှုတွေကို ရယ်မောပစ်ခဲ့သေးတယ်
ပြီးတော့
ဘ၀ဆိုတာ ... တခါတခါ
ထူထူထဲထဲနဲ့ ပျံသန်းနိုင်တယ် ပေါ့ပါးတယ်
မျက်စိမှိတ်ပြီး ပြောခဲ့သေး။

တယောက်နဲ့တယောက် ပူးပူးကပ်ကပ်
လက်တွေနာအောင် အမှန်တရားကို မိုးလင်းပေါက်စော်ကားကြ
ဆပ်ကပ်ကြိုက်တဲ့ သူငယ်ချင်း
ဒီနေ့သောက် ဒီနေ့မူးတဲ့ အရက်အိုးတွေ ပုလင်းတွေက
ဒီနေ့ထက်ထိ ... ကြာပြီ ... ဘာမှမဖြစ်ဘူး
တို့တွေသာ နည်းနည်းသောက် များများမူးကြတာ
ဘာဖြစ်လို့လဲ
တိတိကျကျ လွဲချော်ခြင်းတခုလား ...
သေချာပြီ
မီးခြစ်ဘူးထဲမှာ မီးကပါလာတာမှမဟုတ်တာ။ ။

ပန်းလှိုင်စိုး (ကျုံပျော်)
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၀၄ ခုနှစ်)


ဒေါက်တာလွဏ်းဆွေ ဘလော့ မှ

No comments:

Post a Comment