ကြယ်စုံည
အညာရဲ့
တန်ဆောင်မုန်းလပြည့်ညမှာ
အမေ့အိမ်ရှေ့ခြံဝန်းထဲ
ထန်းလက်ကုလားထိုင်ပေါ် ခေါင်းမော့ရင်း
ကြယ်စုံညကို ကြည့်မိတယ်။
ကျနော်က
ကောင်းကင်ပေါ် လက်ညှိုးထိုးပြီး
လိပ်ကြယ်လား၊ ဓူဝံလား
ဟင်္သာကြယ်လား၊ ခုနှစ်စဉ်ကြယ်လား
မောင်ရင်ဆိုင်းထမ်းလား
အဖေ့ကို တဖွဖွမေးနေမိတယ်။
အဖေက
သူ့ရဲ့နက္ခတ်ကြည့်ဆရာက
ညကောင်းကင်က ကြယ်တွေကို
လက်နှိပ်ဓာတ်မီးနဲ့ထိုးပြီး
ဘယ်ရာသီမှာ ဘာရုပ်ပေါ်ကြောင်း
ဆက်စပ်ပြပုံကို ပြောနေတယ်။
အမေက
စိပ်ပုတီးကို တချောက်ချောက်စိပ်ရင်း
ကျနော့်ကို ကြည့်နေတယ်။
ကျနော်က
အောက်ပြည်အောက်ရွာက မအိမ်သူကို
အညာရဲ့ကြယ်စုံညကို မော့ကြည့်ခိုင်းလိုက်တယ်။
အညာဆောင်းက
တစိမ့်စိမ့်အေးလာတယ်
ဥပုသ်စောင့်ထားတဲ့ အမေက
“မယ်ဇလီဖူးသုပ်လေး စားလိုက်ဦး” လို့ ပြောတယ်။
တကယ်တော့
ချမ်းမြေ့ကြည်နူးဖို့ရာ
ကောင်းကင်မှာ ကြယ်စုံသလို
နှလုံးသားမှာ ကြယ်စုံဖို့လည်း လိုပါတယ်။ ။
သင်းဝေအောင်
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၀၄ ခုနှစ်)
No comments:
Post a Comment