Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

နယ်စပ်ဘ၀ စပ်မိစပ်ရာ( ၇ ) ( နယ်စပ် အလွဲများ )

ဆိုင်မှာလည်း တစ်နေ့ တစ်နေ့ လာလိုက်တဲ့ အလှူခံ ။ တောင်းစားတဲ့သူတွေနဲ့ ။

တောင်းရမ်းစားသောက်ကြတဲ့ ကလေးငယ်လေးတွေ ၊ အဘိုးအဘွား အရွယ်တွေ အမြဲတမ်း ဆိုင်ထဲ ၀င်လာတောင်းတယ်။

တချို့ကလေးတွေ ကြတော့လည်း ခြေ သလုံးဖက်တောင်းရတာနဲ့ ရှိခိုးတောင်းရတာနဲ့

“ အော်မရှိလို့ တောင်းစားတာပဲ ဘာတတ်နိုင်မှာတုန်းလေ ” လို့ ကိုယ်က သဘောထားနိုင်ပေမယ့် တချို့လူများ ကြတော့လည်း အော်ငေါက်လွှတ်တတ်ကြတယ်။ တချို့ လူတွေက သူတို့တင်မက ကိုယ့်ပါပြဿနာ ရှာတတ်တယ်။

“ မင်းတို့ ဆိုင် အဲဒါကြောင့်မလာချင်တာ ။ အစားအသောက်ပျက်တယ်။ဘာလို့ ဆိုင်ထဲ အ၀င်ခံရတာတုန်း ” နဲ့ အမျိုးမျိုး အပြောခံရတယ်။အချင်းချင်း အပြောခံရတာ ကိစ္စမရှိဘူး။တချို့တရုတ်တွေက မောက်မောက်မာမာ ရင့်ရင့်သီးသီး ပြော
လာပြန်ရင် လည်းကိုယ်ကလည်း မခံနိုင်ပြန်ဘူး။
မင်းတို့ ဗမာ သူတောင်းစားတွေ ဘာတွေနဲ့ တရုတ်လို ဆဲရေးတိုင်းထွာပြီး တချို့ရိုင်းတဲ့ တရုတ်များဆို ခြေထောက်နဲ့ ကန် လွှတ်တယ်။ အဲဒီလို အပြောခံအလုပ်ခံ ရပါ များတော့ ဒီ ကောင်ကလည်း အမျိုးထိတော့ မချိအောင်နာတာပေါ့ ။ကိုယ့်လူတွေ ကလည်း ကိုယ့်လူတွေပဲ အမျိုးမျိုး မိတ်ကပ်လိမ်း၊ အနံ့တွေထည့်ပြီး လာတောင်း ကြတာပေါ့။ ဘိန်းစား၊ဆေးသမားဆို ပိုဆိုး ဆေးထိုးလို့ ရှော့ဖြစ်တဲ့ အနာကြီးတွေ က ပြီတည်ပြီးရင်းနေတော့ ပုပ်စော်နံနေတယ်။အဲဒီ အနံ့တွေနဲ့ စားတဲ့ဝိုင်းတွေ နားကပ်တော့ ....... ။အင်း ဘယ်တတ်နိုင်မလဲလေ။ကိုယ်က သူ့နိုင်ငံထဲ မှာလာနေ တာကို။ကိုယ်တတ်နိုင် သလောက်ပဲ ထည့်ပြီး ဆိုင်ပေါက်ဝ မှာ ......

        “ အလှူခံ ၊ တောင်းစားသူများ အထဲထိ မ၀င်ရ ”   ဆိုပြီး စာချိတ်ထားလိုက်တာပေါ့ ။

ဒါလည်းတောင်းစားသူများကတော့ ၀င်တာပါပဲ ။ သူတို့မှ စာမတတ်ကြပဲကို ။အဲ စာတတ်တဲ့ သူတောင်းစားများကလည်း ခပ်တည်တည်နဲ့ ၀င်တာပါပဲဗျာ။ အဲဒီလို ၀င်လာတော့လည်း ပိုက်ဆံထည့်မောင်းထုတ် လုပ်တန်လုပ်ရတာပေါ့။ ဒီလို လုပ်တော့ လည်း ကိုယ်က မကောင်းပြန်ဘူး။ ကိုယ်မောင်းထုတ်တာသာ လူတွေက မြင်ကြတာတချို့သူတောင်းစားတွေက ကိုယ့်တောင်  အော် ချင်အော်... ငေါက်ချင် ငေါက်သွားတာ ကြတော့ လူမသိဘူး။အဲဒီလိုဆိုတော့ ပိုက်ဆံပဲ အသာတကြည့်
ပိုက်ဆံ ၂၀၀ ၊ ၅၀၀ လောက်ထည့်ပြီး ဆိုင်ရှေ့မှာ ပဲ အလှူခံဖို့တောင်းပန်ရတာပေါ့ ။

     ပြောလိုသာပြောတာ မူဆယ်ဘက်  ဆိုင်ဖွင့်တုန်းကဆို ပိုဆိုးသေး ။ ဘယ်နှယ်ဗျာ ... ကိုယ့်ဟာကိုယ် ဆိုင်က ချောင် ကျလို့ လူမမြင်ရ မှာစိုးလို့ ဆိုင်းပုဒ်ကို ခပ်ကြီး ၄ပေ ၊ ပေ ၂၀ ခပ်ကြီးကြီး လုပ်မိပါ တယ်.... ဆိုင်းပုဒ်ခွန်တဲ့ စည်ပင်ကပေနဲ့တွက်ပြီးတောင်းသွားတာများ ပြောမပြော ချင်ဘူး ။ခဏလာပြန်ပြီ ထီလက်မှတ်လေးရောင်းလိုက် ... စာအုပ်လေးရောင်းလိုက် နဲ့ စစ်မှုထမ်းဟောင်းများ အဖွဲ့။ ခြေပြတ်လက်ပြတ်နဲ့ ကိုယ်လက်အင်္ဂါကို တိုင်းပြည် အတွက် ပေးဆပ်ထားရတဲ့သူတွေ ဆိုတော်သေး တယ်။ ကျေကျေနပ်နပ် ၀ယ်ပေး လိုက်ပါတယ်။ ခြေကောင်းလက်ကောင်းတွေ နဲ့ ထီတစ်အုပ်၅သောင်း တဲ့ ။ နှစ်အုပ် ယူရမတဲ့ ။ယူနီဖောင်း မြင်ရင် ကြောက်နေတဲ့သူဆိုတော့ နှစ်အုပ်တော့ မလုပပါနဲ့ တစ်အုပ်တော့ လုပ်ပါဆရာရယ် ဘာညာလ္ဘက်ရည်တိုက် အအေးတိုက်ပေါ့ ။ အဲ တစ်နေ့ တစ်မျိုး မရိုးရအောင် မီးသတ်ကလည်း တစ်မျိုးလာတယ်။အောက်ဆီ ဂျင်ဗူးဝယ် ၊ မီးချိတ် ၊ မီးခတ် ၊ သဲအိတ်ထားဖို့ ။မီးသတ်ကတော့ ထားပါလေ ။ မီးလောင်ရင် ဒုက္ခတွေ့မယ် ဆိုတာကြီး နဲ့ ခြိမ်းခြောက်တာကို။ကျုပ်တို့ကလည်း စားသောက်ဆိုင်ဆိုတော့ အဆင်ပြေအောင် မီးသတ်ကို ရေလှူရတာပေါ့ဗျာ။ဒါမှ အထာကျမယ် မဟုတ်လားဗျ ။လာပြီ မီးသတ်ပြီးရင် ကြက်ခြေနီ ဘာတွေလုပ်လည်းတော့ မသိဘူး အလှူတော့ ခံနေတာတွေ့တာပဲ ။

     ထားပါတော့လေ ... အခုလိုတွေ လျှောက်ပြောနေရတာလည်း မကောင်းတော့ဘူး။ စကားပုံတွေကလည်း ရှိသားမဟုတ် လားဗျာ “ ပညာရှာ ပမာသူဖုန်းစား ” တဲ့ ။ သူတောင်းစား လို ပညာရှာပြီး သူတောင်းစားလိုတောင်းစားတာ ဘာဆန်းသတုန်း ။ ရုံးခန်းထဲ မှာလည်းတောင်း ။ လမ်းပေါ် မှာလည်း ။လမ်းလည်မှာလည်းတောင်း။ လေယဉ်ကွင်းမှာလည်း တောင်း ။ နိုင်ငံခြား ထွက်ပြီး လဲ တောင်း ...  ဆိုတော့ ......... အဲ ... သူတို့တွေ ဘယ်မှာတောင်းတောင်း ကိုယ့် အရေး မဟုတ်ပါဘူး။အခုဟာက ဆိုင်ထဲထိလာတောင်းလို့ ပြောရတာပါ။ ကိုယ်ကလည်း တကယ်တောင်းစားတဲ့သူတောင်းစား ဆိုကြည်ကြည်ဖြူဖြူ လက်မနှေး ပါဘူး။ ဆိုင်ထဲမှာ စားသုံးသူအနှောက်အယှက် မဖြစ်တာကိုပဲ ကျေး ဇူးရှင်များကို ကျေးဇူးတင်နေရတယ်။

     ဆိုင်ပေါက်ဝမှာ အဒေါ်ကြီးတစ်ယောက် သူများလို ခွက်တွေ ဘာတွေ မပါပဲ ပိုက်ဆံလေး လက်ထဲဆုပ်လို့ ။ အ၀တ်အစားကလည်းပေကျန် စုတ်ပြတ်လို့ ။ လူပုံကြည့်တော့ လည်း အဟာရပြတ်ပြီး ခုပဲလဲတော့ မလို၊ ပိုက်ဆံ၁၀၀၀ ထည့်လိုက်ပြီး

“ အဒေါ်ရယ် ဆိုင်ထဲဝင်မ၀င်နဲ့တော့ လ္ဘက်ရည် သောက်မလား ထမင်းစားမလား။ ကျွန်တော် ကြွေးလိုက်ပါမယ်။ဟေ့ .... ညီလေးရေ .... ထမင်းတစ်ထုပ် ပါဆယ် ထုတ်လိုက်ပါဟေ့ ... ဒီ အဒေါ်ကို ပေးလိုက် ”
သူမတောင်းခင်ကိုယ်က စေတနာထက်သန်စွာနဲ့ ပေးလိုက်တယ်။

“ ဘာ ... ဟေ့ ... ကောင်လေး .... ဘာပြောတယ် ..... ”
“ ထမင်းထုတ်ပေးမလို့ ပါ အဒေါ်ရဲ့ ... ”
“ နင့် ထမင်းထုတ် ငါဘာလုပ်ရ မလဲ ... ဒီ တစ်ထောင်တောင် နင့် အံသြလွန်းလို့ ရောင် ယူထားတာ။ ငါ
  သူတောင်းစားမဟုတ်ဘူး ။ လ္ဘက်ရည်သောက်ချင်လွန်းလို့ ပါဆယ်လာဝယ်တာ ”
“ ခင်ဗျား ... အဒေါ်က သူတောင်းစား မဟုတ်ဖူးလား ... တောင်းပန်ပါတယ်ဗျာ .... တကယ်တောင်းပန်ပါတယ်။
  အဒေါ် အ၀တ်အစား နဲ့ ပုံသဏ္ဍန်ကို ကြည့်ပြီး သူတောင်းစားထင်နေတာ ... တောင်းပန်ပါတယ်ဗျာ ”
“ ဘာ .... နင်ပြောလေ ကဲလေ ပါ့လား ”
“ ခင်ဗျာ .... ကျွန်တော် အဒေါ်ကို သူတောင်းစား မဟုတ်မှန်းသိလို့ တောင်း ပန်တာပါ ခင်ဗျာ ”
“ နင် နင် နော် .... ပြောလေ ကဲ လေ .... ဟဲ့ အကောင်ရဲ့ နင် တောင်းပန်တာက ပိုဆိုးတယ်ဟဲ့။နင် တောင်းပန်
မှ ငါပုံက သူတောင်းစားရုပ် လုံးလုံး ဖြစ်နေတယ်။ ဂိုတောင်ထဲ မှာ ပစ္စည်းထုတ်နေလို့ ဒီအတိုင်းအ၀တ် မလဲပဲ
ထွက် လာတာ သိပါ့ လား ... ဟေ့ လ္ဘက်ရည်ပါဆယ် ရပလား ”
“ တကယ် တောင်းပန်ပါတယ် အဒေါ်ရယ် .... ကျွန်တော် ဆိုင် မှာ လာတောင်းတဲ့ သူတွေက ဆိုင်ရှေ့ မှာပဲအဒေါ့်လို လာလာရပ်တတ်လို့ အဒေါ်ကို သူတောင်းစားနဲ့ မှားသွားတာပါ ”
“ သူတောင်းစား ပြောနေတာတောင် မရဘူး။ ငါ့ရုပ်ကို သေချာကြည့်စမ်း နင့်လို သူတောင်းစားရုပ်ပေါက်မပေါက်ဘူး။
သူတောင်းစား နင်က ဆိုင်လေးဖွင့်နိုင်တာနဲ့ သူတောင်းစားထမင်းဝတော့ .... ဆိုတာ နင့်လိုကောင်မျိုးကို ပြောတာ။
ကိုယ့်ရုပ် ကိုလည်း မှန်ထဲ ပြန်ကြည့်ဦး ။ နင့် ရုပ်နဲ့ ငါ့ရုပ် ဘာများကွာတုန်း။နင့် ဆိုင်လည်း ဘယ်တော့ မှ မလာတော့ဘူး။ နင့်လ္ဘက်ရည်လည်း ဘယ်တော့ မှ မသောက်တော့ ဘူး ... ကဲ ဟာ .... ရော့ ပါဆယ်ဖိုး တစ်ထောင် ”

      တောင်းပန်ခါမှ သူတောင်းစားချင်း မိုးမွှန်အောင် အဆဲခံလိုက်ရတယ်။ ကိုယ့်အပြစ်နဲ့ကိုယ်ခံ ... ဟဲ့ ။ ။ကိုယ့်လက်ထဲ
မှာက အဒေါ်ကြီး ပေးလိုက်တဲ့ ပါဆယ်ဖိုး တစ်ထောင် ။ ကြမ်းပြင်မှာ လ္ဘက်ရည်များစိုရွှဲနေသော ကိုယ်ပေးလိုက်သော ပိုက်ဆံတစ်ထောင် ။ ပြန်ကောက်ရမည်လား ?

...................................

    ဒီမှာတော့ ရှမ်းနှစ်သစ်ကူးခါနီးဆို ရှမ်းရွာထဲက လာပြီးအလှူလာခံတဲ့ဓလေ့ ရှိပါတယ် ။ ယောက်ျားလေး ၊ မိန်းကလေး အယောက် ၂၀၊ ၃၀ လောက်လာပြီး ။ ဂစ်တာတီး သီချင်းဆို ရှမ်းလို ဆုတောင်းပေးခြင်းများကို လုပ်ပေးပါတယ်။ကျွန်တော်တို့ ဆိုင်ပိတ်ခါနီး သန့်ရှင်းရေးလုပ်နေချိန်မှာ အလှူခံရောက်လာတယ်။ သူတို့ အဖွဲ့ သီချင်းတွေဆို၊ ဆုတွေတောင်းပြီးပြီဆိုတာနဲ့ အလှူငွေကောက်တဲ့ သူနားသွားပြီး ယွမ် 200 လှူလိုက်တယ်။စာရင်း မှတ်တဲ့ သူက ကျွန်တော့်နား တိုးတိုးလေး ကပ်ပြီး

“ ညီလေး မင်းတို့ဆိုင်က အကြီးကြီး 200 ထဲဆိုတော့ မနည်းဘူးလား။ မင်းတို့ ဆိုင်ရှင်ကို ပြောပေးပါ့လား ”
“ ခင်ဗျာ .... ကျွန်တော် ... ကျွန်တော် ...... ”
ကျွန်တော် မှာ လက်ထဲက တံမြက်စည်းကြီး နဲ့ ခြေကားယား လက်ကားယား ဘာပြောလို့ ပြောရ မှန်း မသိတော့ဘူး။ စဉ်းစား မိတာပြော ပြောမိ ပြောရာ ပြောချလိုက်မိတယ်။
“ ဟုတ် အကို .... ဆိုင်ရှင် ခရီးထွက်နေလို့ ပါ ခင်ဗျ .... ဟီးဟီး .... ”

.....................................

“ ဟေ့ ... ဟေ့ ... ဘာဖြစ်တာလဲ ဟ ... ဘာဖြစ်တာလဲ ... အာ ... ဒီမိန်းမ ဘာ ဖြစ်တာတုန်း ... ကလေး
ဘာဖြစ်သွားတုန်း ကြည့်ကြပါဦးဟဲ့ ”
အော်သံတွေ ဆူညံနေတာနဲ့ ဆိုင်ရှေ့ထွက်ကြည့်တော့ မိန်းမတစ်ယောက် ပစ်လဲကျနေတယ် ။
“ ဘာဖြစ်တာတုန်း ဗျ ”
“ မသိပါဘူး ဗျာ .. ဒီရှေ့ရောက် မှ မူးပြီးလဲကျသွားတာဗျ။ အားပြတ်နေပုံ ရတယ် ”
“ ဟုတ်မယ်ဗျ ... ပုံစံကြည့်ရတာ အားပြတ်နေပုံပဲ ..... ”

သတိလည်အောင် လုပ်ပေးတဲ့သူက လုပ်ပေးနေကြရင်း တစ်ယောက် တစ်ပေါက် ပြောဆိုနေကြတယ်။ ကိုယ်ကလည်း ..... သိချင်တာ အရင်တမ်းမေးရတယ်

“ သူတောင်းစားတော့ မဟုတ်ပါဘူးနော် ”
“ မဟုတ်ပါဘူးကွ ....ဒီထဲမှာ တောင်းစားတဲ့ သူတောင်းစား တော်တော်များများ ငါမြင်ဘူးပါတယ်။ငု့ကို မမြင်ဘူး
   ပါဘူး ... ပုံစံ ကြည့်ရတာလည်း သူတောင်းစား မဟုတ်ပါဘူးကွာ ”
“ အေးဗျာ ... ဟုတ်မှာပါ ... ဒါနဲ့ ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ ” အဲဒီလို ကျွန်တော်တို့ တိုင်ပင်နေချိန်
   မှာပဲ ..... “ ဟင် ... ဟင် ... လူတွေလည်း အများကြီး .... ကျမ ဘယ်လို ဖြစ်သွားတာလည်း ... ကျမသားလေး . 
   ကျမသားလေးကော ”
“ ရှိတယ် ဟိုမှာ .... ကလေးက ဘာမှ မဖြစ်ဘူး။ခင်ဗျားမူးပြီး လဲကျသွားတာ ... ဒါနဲ့ ခင်ဗျား မှာ ဘာရောဂါရှိလို့ဒီလို
   ဖြစ်ရတာတုန်း ” “ပြောရမှာတော့ ရှက်ပါတယ်ရှင် ... ကျွန်မတို့ မိသားစု သုံးယောက်လာတာပါ။ အခု
ကျွန်မယောကျာ်းက ကျွန်မတို့သား အမိကို ပစ်ပြီး ထားသွားလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိလို့ပါ ”

“ ဒါနဲ့ ခင်ဗျား တို့ ဒီရောက်တာ ဘယ်လောက်ကြာပြီလဲ ဘယ်မှာ တည်းတာတုန်း ”

“ တပတ်လောက်ကြာပါပြီ ၊ တည်းခိုခန်း မှာ တည်းတာပါ ၊ ထားပစ်ခဲ့တာ လေး ရက်လောက်ရှိပါပြီ ”
“ ဒါနဲ့ ခင်ဗျား ဘယ်လို လုပ်နေတုန်း ”
“ လက်ထဲ မှာ ပိုက်ဆံလေး နှစ်ထောင်ရှိတာ အခုကုန်ပါပြီ ။ ထမင်းမစားရတာ ၂ရက်ခွဲရှိနေပြီ ၊ တည်းခိုခန်း
   ခတော့မပေးလည်း ရပါတယ် ”
“ ဟင် ဒါဆို ခင်ဗျား .... ဘာလုပ်မလဲ ”
“ အလုပ်လေး ပါလေးများ ရမလားလို့ အပြင်ထွက်ရှာတာပါ .... အစာမစားရ တော့ လူက မခံနိုင်ဖြစ်
  ပြီး မူးလဲသွားတာပါ ”

      အဲဒီလို အသံလည်းကြားရော ဆိုင်ထဲက လူတွေကလည်း ဘာစားမလဲ ၊ ဘယ်လို လုပ်မလဲနဲ့ တစ်ယောက် တစ်ပေါက်စုံနေတာပဲ ။အဲဒီမှာ အားပြတ်တယ် ဆိုတော့ ဘရင်း ကြက်ပေါင်းရည်တွေ ဘာတွေတိုက်ကြတယ်။
တချို့ကလည်း ကိုယ့်နယ် ရွာကိုယ်ပြန်ဖို့ စေတနာနဲ့ ပြောကြတယ်။

“ ကျွန်မလည်း ပြန်ချင်တာပေါ့ ရှင် ။ ယောကျာ်းကလည်း ဒီကို ကျွန်မတို့ သားအမိကို ခေါ်လာချင်တာ မဟုတ်
  ဘူး။ကျွန်မက ဇွတ်လိုက်လာတာ ။အခုတော့ ကျွန်မတို့ကိုထားပြီး သူ့မယားငယ်ဆီသွားပြီထင်ပါတယ် ရှင်။ကျွန်မ
   ရွာပြန်ရုံပဲ ရှိတာပေါ့လေ ”

“ ကဲ ... ကဲ ... ခင်ဗျား မလဲ ကလေးက လသားလေးပဲ ရှိသေးတာ ရွာပဲ ပြန်လိုက်ပါ။ဆေးတွေဘာတွေလည်း
သွင်းသွားခင်ဗျား အားပြတ်နေ တယ်။ဆေးခန်းသွားလိုက် ရော့ ကျွန်တော်က ၇သောင်းလမ်းစရိတ်ထောက် လိုက်မယ် ”

    အော် ကိုယ့်တို့ လူမျိုးတွေများစေတနာ သဒ္ဒါတစ်ရားထက်သန် လိုက်ကြတာ။ ၀မ်းသာပိတိလည်းဖြစ်ရပါတယ်။အဲဒီ အမျိုးသမီးဆို လူတွေရှေ့မှာတင် လက်အုပ်လေးချီပြီ အားလုံးကို ထိုင်ကန့်တော့ရှာတယ်။သူခမျာလည်း ၀မ်းသာလွန်းလို့ မျက်ရည်များတောင် ကျလို့။ လူတွေကလည်း တစ်ယောက်နည်းနည်းစီလှူလိုက်တာ ၃သိန်းခွဲကျော်ကျော်လောက်ရပါတယ်။

“ ကဲ ဗျာ .... အခု ခင်ဗျား လမ်းစရိတ် ၃၅၈၀၀၀ ရတယ် ၊ မနက်ဖြန် ကိုလှဖုန်း ကားဂိတ်ကို ကားနဲ့လိုက်ပို့မယ်တဲ့။ အဲဒီကျမှ 
  ပိုက်ဆံတွေ ယူလိုက် ခင်ဗျားကို လာခေါ်ရင်း တည်းခိုခန်းခရှင်းပေးလိမ့်မယ် ”

“ ဆေးတွေ ဘာတွေတော့ သွင်းမနေတော့ ပါဘူး ဦးလေးတို့ အကိုတို့ရယ်။ ကျွန်မအခုလို ထမင်းကျွေး လမ်းစရိတ် ကူညီတာပဲ ကျေးဇူးတင်ပါတယ်။ ကျွန်မကို ကားလက်မှတ်သာ ဖြတ်ပေးပါ ကျွန်မ မဖြတ်တတ်လို့ပါ ”

“ အေး ဗျာ .... ဒါဆိုလည်း တစ်ခါတည်းပဲ ဖြတ်ပေးလိုက်ပါမယ် ။ ခင်ဗျားက ပုသိမ်ဘက်က ဆိုတော့ ရန်ကုန်ကနေ
  တဆင့်သွားရ မှာပေါ့ ”

“ ဟုတ်ပါတယ် ၊ ရန်ကုန် အထိ ဖြတ်ပေးရင်ရပါတယ်။ဟိုဘက်ရောက် မှ ဆက်စီးရ မှာ ။ ရန်ကုန်ထိကားခ ဘယ်လောက်
  ကြလဲ အကို ၊ ကျွန်မကို ကူညီတဲ့ ပိုက်ဆံတွေထဲကပဲနူတ်ထားလိုက်ပါ ...ပိုပါတယ် ။အားလုံးကို တကယ် ကျေးဇူး တင်
  ပါတယ်ရှင် ။ကျွန်မ ဘ၀ကို ကယ်တင်တဲ့ ကျေးဇူးကိုလည်း ဘယ်တော့ မှ မမေ့ပါဘူး ”

“ နေပါဗျာ ... ပို့မယ့်ပို့ အဆုံးထိရောက်အောင်ပဲ ကူညီလိုက်ပါမယ် ခင်ဗျားပဲ ရွာအရောက်ပြန်ပါ။ပြန်ရော ပြန်တတ်လား ”

“ ကျေးဇူးပါ ရှင် .... ရန်ကုန်ရောက်ရှင် ပြန်တတ်ပါတယ် ” “ ကဲ ... ကဲ ... ခင်ဗျား တည်းခိုခန်းသွားပြီး အနားယူလိုက်ဦး ”

“ ဟုတ်ကဲ့ ရှင့် ... ဒါဆိုလည်း သွားလိုက်ပါဦးမယ် .. အားလုံးကို ကန့်တော့ခဲ့ပါတယ် .. ကျေးဇူးလည်း ပြောမပြတတ်အောင် တင်ပါတယ် ရှင် ”

    နောက်နေ့ နေ့လည်မှာပဲ ကိုလှဖုန်းကားနဲ့ ရွှေလီဦးဂိတ်ကို လိုက်ပို့ပြီး ကားပေါ်တင်ပေးလိုက်ပါတယ်။ လမ်းစရိတ်ဝိုင်းဝန်းထောက်ပံ့သူ အားလုံးလည်း တကယ်ဒုက္ခရောက်နေသူ မိန်းမသား တစ်ယောက်ကို အကူအညီပေး
ခဲ့ရလို့ ၀မ်းပမ်းတသာဖြစ်ရတဲ့ အကြောင်း ထိုင်းပြောနေကြတုန်း ..... မှာပဲ .............. ရွှေလီဦး ဂိတ်မှုး ကိုငယ်လေးဆီက ဖုန်းဝင်လာပါတယ် ။

“ ဟလို ... ဟလို ... ကိုငယ်လေးပါ ခင်ဗျားတို့ တင်ပေးလိုက်တဲ့ အမျိုးသမီး ၁၀၅ မိုင် မှာ စစ်ဆေးရေးလုပ် နေတုန်း
  ထွက်သွားတာ ခုချိန်ထိ ပြန်တက်မလာလို့ဗျ ။ ကျွန်တော် ဘယ်လို ဆက်သွယ်ရမလဲ ..... ”

“ ဟလို .... ဟလို ... ကိုငယ်လေးရေ ..... အမျှသာဝေလိုက်ပါတော့ဗျာ ”
“ ဗျာ .... ဘာ .... ခင်ဗျား ... ဘာပြောတာတုန်း .... ကျုပ်က ဘာအမျှဝေရ မှာတုန်း ”
“ အာ မဟုတ်ပါဘူးဗျာ .... ဒီကလူတွေကို ပြောတာပါ .... အမျှဝေ၊သာဓုခေါ်ခိုင်း တာနေတာပါ ”

.........................................

    ဆိုင် အပြင်ခေါင်းပြူ ကြည့်လိုက်တော့ .......တောင်းရန်စားသောက်ကြသူများနဲ့ ...... အလှူခံပုဂ္ဂိုလ်များ တန်းစီလို့

............... .............   ..... ....... .......  ....... .......   ..............   ................

“ ဟလို ... ဟလို ... အကို ရေ .... ခင်ဗျားတို့ တင်ပေးလိုက်တဲ့ အမျိုးသမီး ပြန်ရောက်လာပြီဗျို့ .... အချိန်မီပဲ ...
   ဒါပေမယ့် သူတော့ မဟုတ်ဖူးဗျို ၊ သူမလိုက် ဖြစ်လို့ ၁၀၅ မိုင်က လိုက်ချင်တဲ့ တစ်ယောက်ကို လက်မှတ်ရောင်းပေးလိုက် 
   တာတဲ့ဗျ ”

“ ဗျာ ”

အော် .... တော်လိုက်တဲ့မိန်းမ ကောင်းလိုက်တဲ့ဦးနှောက် သွားလိုက်တဲ့ ဥာဏ် ။

ဘိုဟန်
Friday, February 1, 2013 at 10:26am

No comments:

Post a Comment