Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

ညကအိပ်မက်ထဲ ခင်ဗျာနဲ့ကျွန်တော်ဟာ တစ်ရွာထဲမှာ


အဝေးပြေးလမ်းမကြီးတွေကို ခင်ဗျားမောင်းနေတယ်
ခင်ဗျား ဟာ တစ်လှမ်းခြင်း ... တစ်လှမ်းခြင်း .... ၀င့်ဝင့်ကြွားကြွား စင်ပေါ်သို့

မျက်နှာ မမြင်လိုက်ရပေမဲ့ ကျွန်တော့်လက်ခုပ်သံ အများနည်းတူခင်ဗျား ကြားနိုင်ပါတယ် ။

အဝေးပြေးလမ်းမကြီးတွေကို ခင်ဗျားမောင်းနေတယ်
အခုချိန်ထိ အမာရွတ်ပွတ်သတ်နေတဲ့ ခင်ဗျားစိတ်ကို ကျွန်တော်နှလုံးသားနဲ့ရိုကျိုး

ကျွန်တော်တို့ ပခုံးရိုးဟာ ခင်ဗျားအတွက်ဆို မာရေကျောရေနိုင်ခဲ့ပါတယ် ။

အဝေးပြေးလမ်းမကြီးတွေကို ခင်ဗျားမောင်းနေတယ်
မြင်ကွင်းမှာ မဗေဒါ တစ်ပင်တည်း မဟုတ်တော့ကြောင်း

အဲဒီ ပါဖော့မင့် ရှိုးဟာ သူ့ဖိနပ် ကိုယ်နင်း ကိုယ့်ဖိနပ်သူနင်း ဆက်လက်အသံလွှင့်နေပါတယ် ။

အဝေးပြေးလမ်းမကြီးတွေကို ခင်ဗျားမောင်းနေတယ်

ရိုးပြတ်နင်နေတဲ့ ကျွန်တော်တို့ ပါးစပ်မှာ “ ဒီမိုကရေစီ ” တဲ့

ရွာလမ်းဟာ ဆိုင်ဘုတ်တွေတိုးလာတာကလွဲလို့ လက်ရေးလက်သားက ခင်ဗျားလက်ရေးမဟုတ်သလိုလို ။

အဝေးပြေးလမ်းမကြီးတွေကို ခင်ဗျားမောင်းနေတယ်
ကျွန်တော်က ခင်ဗျားသင်ရိုးညွှန်းတန်းမှာ .... က ..... ခ ..... ဂ ..... (အဲ ... ဂ ... မရောက်သေးဘူး )
ခင်ဗျား ကျွန်တော့်ရွာလေးဆီ ဘယ်တော့ပြန်ရောက်မလဲ ဖုန်းဆက်ပါ ။

အဝေးပြေးလမ်းမကြီးတွေကို ခင်ဗျားမောင်းနေတယ်
မောင်သိန်းဇော် ကဗျာတစ်ပုဒ်ထဲကလို
“ မရောက်သေးရင် ရောက်အောင်သွား ....... အဲဒီမှာဘာမှ မရှိဘူး ”
ဆိုတာမျိုးလည်း ခင်ဗျားရွတ်ဆိုနိုင်ပါတယ် ။

အဝေးပြေးလမ်းမကြီးတွေကို ခင်ဗျားမောင်းနေတယ်
ခင်ဗျား ချိုးလိုက်တဲ့ အကွေ့မှာ ကျွန်တော့်ရွာလေးဆီသို့ ပြန်ရောက်နိုင်ပါစေကြောင်း ။


ဘိုဟန်
Saturday, June 2, 2012 at 2:33pm

No comments:

Post a Comment