ကျွန်တော်တို့သည် တောအုပ်များ ဖြစ်နိုင်ပါသည်၊ ထို့ထက် ပို၍ တိကျစွာ
ဆိုရလျှင် ကျွန်တော်တို့ သည် စိမ်းလန်းသော တောအုပ် များ ဖြစ်နိုင် ကြပါသည်။
တောအုပ်များ ဖြစ်သည့် အားလျော် စွာ ကျွန်တော် တို့သည် နေရောင်ခြည်နှင့်
အခြား လိုအပ်သော အစာ အာဟာရများကို စားသုံးရင်း ကြီးပြင်း ကြမည်။
တစ်ပင်နှင့် တစ်ပင် ယှက်နွယ် ပွေ့ဖက်ရင်း ပွတ်တိုက် တိုးဝှေ့ရင်း ကြီးပြင်း
ကြ မည်။ အချိန်တန် အရွယ် ရောက်လာသည့် အခါ ကျွန်တော် တို့သည် ဆိုင်ရာ
ဆိုင်ရာ အသီး အပွင့်တွေ ပွင့်သီးမည်။ တိုက်ခတ် လာ သော လေ နှင့်အတူ
ဝတ်မှုံဝတ်ဆံ တို့က လေထဲ မြူးတူးစွာ ခုန်ကူးရွေ့လျားရင်း ဝတ်မှုန် ကူးမည်။
ထိုသို့သော အခြေအနေတွင် ကျွန်တော်တို့ ခြေရင်းရှိ အနှစ်နှစ် အလလ
ကျွန်တော်တို့ ခွာချခဲ့သော ရွက်ကြွေတို့က မြေပြင်နှင့် တစ်သားတည်း
ဖြစ်နေပြီ။ ထို ရွက်ကြွေ တို့သည် ရာသီဥတုနှင့် မိုးရေအပြင် သဘာဝ မြသား၏
ပြုပြင် စီရင်မှုတို့ဖြင့် ကျွန်တော်တို့ စားသုံးရန် အသင့် ဖြစ်နေသော အာဟာရ
အပြည့် ပါဝင်သည့် စားမြိန်စာများ ဖြစ်နေပြီ။ ကျွန်တော်တို့သည် ထိုအစာအဟာရ
များကို မှီဝဲရင်း ကျွန်တော်တို့၏ ပဋိ သန္ဓေ လွယ်ခြင်း အမှုကို အင်ပြည့်
အားပြည့် ပြုကြသည်။ ဤသို့ဖြင့် အချိန်တန်တော့ အသီးများသည်၊ ရင့်မှည့်
ခြောက်သွေ့ ရာမှ အက်ကွဲလျက် အတွင်းမှ သစ်စေ့များ မြေပေါ်ကျ၊ ထိုမှတစ်ဆင့်
တောအုပ်များ မျိုးဆက်များ။ ကျွန်တော်တို့သည် အိပ်မက်တစ်ခုကို မက်ခဲ့ကြခြင်း
ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့ရာတွင် ထိုအိပ်မက်မှာ ရုပ်ဒြပ် အကောင်အထည်
အားဖြင့် သေချာစွာ ဖော်ပြ၍ မရ နိုင်သော အခြေအနေ မှာပင် အကြိမ်ကြိမ်
လန့်နိုးတတ်သော အရာတစ်ခု ဖြစ်မှန်း ကျွန်တော်တို့ သိရှိ ခဲ့ပုံကား မရပါ။
အိပ်မက် ဆိုသည်က တို့ထိ၍ မရနိုင်သလို လက်တွေ့ ဆုပ်ကိုင်၍လည်း မရ။ အလားတူစွာ
အိပ်မက်၌ မိမိ အမှန်တကယ် ကြုံတွေ့ခဲ့သည့် ဖြစ်ရပ်အပေါ် စိတ်စွဲလမ်းမှု
ပါဝင်နိုင်သလို ဘာမှ အကောင်အထည် မဖော်ပြနိုင်သော ပြချက်များလည်း ပါဝင်တတ်ရာ
ကျွန်တော် တို့အတွက် အိပ်မက်ဟူသည် ဒုတိယ အမျိုးအစားသာ ဖြစ်ဖို့များသည်။
မည်သို့ဆိုစေ ကျွန်တော်တို့သည် အိပ်မက်တစ်ခုကို မက်မြင်ခဲ့ကြပြီ
ဆိုသည်မှာတော့ သေချာမှု တစ်ခုပင်ဖြစ်သည်။ သို့ရာတွင် ထိုအိပ်မက်သည်
ညွှတ်နူးဖွယ်ရာ မြင်ကွင်းနှင့် အခြေ အနေများကို ထင်ဟပ်သည့် လှပသောအိပ်မက်
တစ်ခုမဟုတ် ခဲ့ခြင်းမှာတော့ ကျွန်တော်တို့အတွက် ကံဆိုးမိုးမှောင် ကျမှု ပင်
ဖြစ်လိမ့်မည်။ ကျွန်တော်တို့ အတွက် ထိုအိပ်မက်က ညဥ့်နက်သန်းခေါင် အချိန်
မှောင်မိုက်မှု အတွင်းမှာ ကြုံတွေ့ ခဲ့သော ခြောက်အိပ်မက် တစ်ခု ပင်ဖြစ်သည်။
ကျွန်တော် မှတ်မိပါ သေးသည်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအလွန် ကာလ
ရုပ်ရှင်ရုံများ အတွင်း ဇာတ်ကားများ မပြမီ ထိုးခဲ့သော အစမ်းကား များမှ
မြင်ကွင်း တို့သည် ထိုအခြေအနေ၏ ရှေ့ပြေးနမိတ်ကို ထင်ဟပ် ဖော်ပြချက်များ
ဖြစ်ခဲ့ ပါလိမ့်မည်။ နေရာက အာဖရိက တိုက်၏ မိုးခေါင်ရေရှား ရပ်ဝန်းတစ်ခုမှာ
ဖြစ်သည်။ ကင်မရာ ရိုက်ချက်က ပူပြင်းသော နေရောင်ခြည်ဖြင့် လောင် ကျွမ်းနေ
သော အဝေးရိုက်မှသည် အနီးဆီသို့ တဖြည်းဖြည်း ဆွဲယူပြသည်။ ထိုရိုက်ချက်
ရပ်တန့်ငြိမ်သက် သွားသောအ ချိန် မြင်ကွင်းကား ချောက်ခြား စရာ အတိဖြင့်
ပြည့်နှက်လျက်။ တစ်မျှော် တစ်ခေါ် လယ်မြေများသည် မှန်ချပ်များကို တူတစ်လက်
ဖြင့် စိမ်ပြေနပြေ ထုချေထားသလို နေရာအနှံ့အပြား၌ ပပ်ကြားအက် များဖြင့်
အတိပြီးလျက်။ ထိုမြေပေါ်၌ ဟိုတစ်ပင် သည်တစ် ပင် ရှိနေသော သဘာဝ
ပေါက်ပင်ဟူသမျှသည် မီးကျွမ်း သစ်ငုတ်တိုများ သဖွယ် ငုံးတိတိဖြင့်
မလှုပ်မယှက် သေဆုံး လျှက်။ ကင်မရာက ထိုမြင်ကွင်းကို ဆွဲယူ ချုံ့ချပစ်
လိုက်တော့ ရေအိုင် အလယ်မှာ သေဆုံး နေသော ငါးအရိုးစု များ၏ ချောက်ခြားဖွယ်
အထီးကျန်မှုက ကူပါ ကယ်ပါ လက်ယပ်ခေါ် နေသယောင်။ ထိုပြကွက် များသည် မဝေး လှသော
အချိန်ကာလ အတွင်းမှ ကျွန်တော် တို့ကို လှုပ်နှိုးခဲ့သည်။ အစ ပထမ လှုံ့ဆော်
မှုများ ဖြစ်ကောင်း ဖြစ်ခဲ့ကြပါ လိမ့်မည်။ သို့ရာတွင် ကျွန်တော်တို့သည်
ထိုအရာများကို မေ့လျော့ချင် ဟန်ဆောင်ခဲ့ကြ ပါသည်။ တချို့က ပေယျာလကန်
ပြုခဲ့ကြသည်။ တစ်ချိန် တည်းမှာပင် ကျွန်တော် တို့သည် ဖွံ့ဖြိုး
တိုးတက်ခြင်း ဟူသော သင်္ဘောကို စက်ကုန်ဖွင့်၍ ပင်လယ်ပြင်ဆီ မောင်းထွက်ခဲ့
ကြပါသည်။ ကျွန်တော် တို့၏ အကြောင်းပြချက် ကတော့ ပိုမို ကောင်းမွန်
တိုးတက်သော ကမ္ဘာသစ် တစ်ခုဆီသို့ ဟူ၍ ဖြစ်သည်။ ဤသို့ဖြင့် ကျွန်တော် တို့သည်
ကမ္ဘာမြေအား ဣစ္ဆာသယ လွယ်အိတ် တစ်လုံး သဖွယ် သဘောထားလျက် လိုသမျှကို
လက်တစ်ဆုံး နှိုက်ယူ သုံးစွဲခဲ့ကြသည်။ သစ်တောများ၊ မြေပေါ် မြေအောက် ရေပေါ်
ရေအောက် သယံဇာတများ စသည် တို့ကို တန်ခိုးရှင် တစ်ဦး ဖန်ဆင်း ထားသော နှိုက်ယူ
သုံးစွဲ မကုန်နိုင်သည့် အရာများ အဖြစ် ကျွန်တော်တို့ မသိစိတ်က ယူဆ
ထားခဲ့ကြသည်မှာ ယုံမှား သံသယ ရှိစရာ မလိုသော အချက်ပင် ဖြစ်သည်။ ဖွံ့ဖြိုး
တိုးတက်မှု တိုင်းသည်၊ အခြားသော အရာများကိုပါ သယ်ဆောင်ပို့ချ တတ်မှန်း
သိသည့်တိုင် ကျွန်တော် တို့သည် ထိုရေစီးကြောင်းတွင် ပျော်ရွှင်စွာ ကူးခတ်
ပျော်မြူး ခဲ့ကြသည်။ အလျှံပယ် ပေါများ လာသော ရုပ်ဝတ္ထုပိုင်း ပစ္စည်းများကို
ကြည့်ကာ ကျွန်တော်တို့ ဝမ်းမြောက် ဝမ်းသာနှင့် လက်ခုပ် ဩဘာ ပေးခဲ့ကြသည်။
သစ်တော များကို အပြောင်ရှင်းကာ ကွန်ကရိ ဖြင့် အတိပြီးသော အထပ်မြင့် လူနေ
အဆောက်အဦများ အိမ်ရာများကို ဆောက်လုပ် ဝင့်ကြွား ခဲ့ကြသည်။ စားနပ် ရိက္ခာ
လိုအပ်မှုကို မျက်နှာဖုံး စွပ်လျှက် ဇီဝ မျိုးကွဲမျိုးစုံ ကျက်စားရာ သဘာဝ
တောရိုင်းမြေ ဟက်တာ ပေါင်းများစွာကို ခုတ်ထွင် ရှင်းလင်းပြီး မီးတင်ရှို့၍
စိုက်ပျိုးမြေ များကို တိုးချဲ့ ခဲ့သည်။ ခလုတ် တစ်ချက်နှိပ်ရုံဖြင့်
လိုသမျှ အရာအားလုံး ပြီးပြည့်စုံသည့် ရုပ်ဝတ္ထု ပစ္စည်းမျိုးစုံကို
ထုတ်လုပ်ရင်း လက်မ ထောင်ခဲ့သည်။ ထိုအရာများကို ကျွန်တော် တို့သည် အစစ်အမှန်
တိုးတက်မှုများ အဖြစ် သတ်မှတ်ကာ တယုတယ ပွတ်သပ်ရင်း တိုးသတက် တိုးလာအောင်
မွေးမြူခဲ့ ကြသည်မှာ ဆယ်စုနှစ် မက ရာစုနှင့်ပင် ချီ၍ ကြာခဲ့ပြီ။
ထိုအတောအတွင်း ကျွန်တော်တို့သည် ကမ္ဘာကြီးအား မိမိခြေထောက် အောက်မှာ
နင်းထားသော အရာ တစ်ခုထက် ပို၍ စဉ်းစားခဲ့ခြင်း မရှိခဲ့။ ကမ္ဘာ မြေကြီးသည်
အမြဲတမ်း အပြုခံဟူသော မသိစိတ်မှ မှတ်ထင် ယုံကြည်မှုက ကျွန်တော်တို့အား
နက်ရှိုင်းသော ချောက်ကမ်းပါး အတွင်းသို့ တွန်းချမည့် လက်အစုံ ဖြစ်နေနိုင်သည်
ဟူသော တွေးထင် ယူဆချက်ကို အဝေးသို့ မောင်းထုတ်ပစ် လိုက်သည်။
ကျွန်တော်တို့သည် ပြဿနာ အရပ်ရပ် ထိုမျှမြန်ဆန်စွာ ရောက်ရှိ လာလိမ့် မည်ဟု
ထင်မှတ်ထားပုံ မရတာ သေချာပါသည်။ ထိုသို့ဖြင့် ကမ္ဘာကြီးက သူသည် အပြုခံ
သက်သက်မျှ မဟုတ်ကြောင်း ပြသလာချိန်တွင်မူ ကျွန်တော်တို့ အားလုံးသည်
အိပ်မပျော်သော ညများစွာကို ရင်ဆိုင်ရလေပြီ။ ယခုတော့
ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ ယှဉ်တွဲပါလာသော စည်းပျက်မှုများက ကျွန်တော်တို့
အတွက် သူခေါ်ဆောင် လာသော ဇာတ်ဆောင် တစ်ဦးနှင့် မိတ်ဆက် ပေးခဲ့ပြီ ဖြစ်သည်။
ဝမ်းနည်းဖွယ် ကောင်းသည်က ထိုတစ်စုံ တစ်ယောက်မှာ ချောမော လှပသော နတ်သမီး
တစ်ပါး မဟုတ်ဘဲ ကြောက်မက်ဖွယ် မိစ္ဆာနတ်ဆိုး တစ်ကောင် ဖြစ်နေခြင်းပင်
ဖြစ်သည်။ စင်စစ်မူ ဤသည်မှာ ကျွန်တော်တို့၏ အသိဥာဏ် နုံနဲ့မှုမှ ပစ်လွှတ်
လိုက်သော မြားချက် တစ်ခု ဖြစ်လိမ့်မည်။ ယခုအခါ အင်ဒိုနီးရှား နိုင်ငံ
စူမားတြား ကျွန်းစု များပေါ်ရှိ အပူပိုင်း မုတ်သုံတော များမှသည် ဘရာဇီး
နိုင်ငံရှိ အမေဇုန်တော များတိုင် နေ့စဉ်နှင့်အမျှ ကြားနေရသော သစ်ပင်
ပြိုလဲသံ များသည် ကျွန်တော်တို့ အတွက် သာယာနာ ပျော်ဖွယ် ဂီတသံများ
အဖြစ်ရှိနေဆဲ ဖြစ်သည်။ ထိုသစ်တောများ အတွင်းရှိ လွှစက်များ၏ ဆာလောင်
မွတ်သိပ်သော တဒီးဒီး အော်မြည်လည်ပတ်သံ များက ကျွန်တော်တို့၏ အနာဂတ် ကမ္ဘာကို
အငမ်းမရ ဝါးမျိုပစ် နေသည်။ အလားတူစွာ ထိုင်းပင်လယ်ကွေ့ အတွင်းမှ ရေနေ
သတ္တဝါ မျိုးစိတ်ပေါင်း များစွာသည် ဒရွတ်ဆွဲ ပိုက်များ၏ လက်ချက်ဖြင့်
မျိုးတုံးလု နီးနီး ရှိနေပြီ။ ထိုအချိန်တွင် ဖိလစ်ပိုင် ကမ်းလွန်ရှိ သန္တာ
ကျောက်တန်းများ ကြားမှာတော့ ဆိုင်ယာနိုက် အဆိပ်ဒဏ်သင့်၍ မူးနေသော ကျောက်ငါး
တစ်ကောင်ကို ရေငုပ်သမား တစ်ဦး ပျော်ရွှင်စွာ ဖမ်းယူ လိုက်လေသည်။ ဤသည်မှာ
မြင်ကွင်း၏ တစ်စိတ် တစ်ဒေသ မျှသာ ဖြစ်ပြီး အခြား တစ်ဖက်တွင် ဘာတွေ ဖြစ်နေ
ပါသလဲဟုမူ ကျွန်တော် တို့သည် တံလျှပ်များဖြင့် အလျှံတညီး ညီးပူလောင် နေသည့်
သဲကန္တာရများ အတွင်း၌ ကမ္ဘာမြေ၏ ဝမ်းဗိုက် အတွင်းမှ ရေနံစည်
သန်းပေါင်းများစွာကို နေ့ညမပြတ် စုတ်ယူနေသည့် ခေါင်းညိတ်စက်များကို
မျက်စေ့တစ်ဆုံး မြင်တွေ့ရမည်။ ကမ္ဘာ့နေရာ အသီးသီးမှာ ထရော်လီများက မြေပြင်
အောက်ဘက် ပေပေါင်း များစွာ အနက်မှ တစ်ဆင့်ပြီး တစ်ဆင့် တက်လာရင်း လည်ပတ်
နေသော စက်ခါးပတ်ကြိုး များဆီ အရောက် သူတို့ သယ်ဆောင်လာသော
ကျောက်မီးသွေးတန်ချိန် သန်းပေါင်းများစွာ ကို သွန်ချလိုက်သည်။
ထိုအချိန်တွင် ဒေသအသီးသီး၏ မြို့ပြများ ဆီမှာတော့ သန်းပေါင်း များစွာသော
စက်တပ်ယာဉ်များက မှုတ်ထုတ် လိုက်သော မီးခိုးငွေ့များက ရှေ့ဝါးတစ်ရိုက်
သာသာအကွာရှိ မြင်ကွင်းကိုပင် မသဲကွဲအောင် ပိတ်ဆို့ ကာဆီးလျက် ဤအချိန်တွင်
မန်နေဂျာ များသည် မြစ်ကမ်းနဖူးတွင် ရှိသောစက်ရုံများ၏ အုပ်ချုပ်ရေး
ဌာနတွင်းမှ လေအေးပေးစက် တပ်အခန်းတွင်း ထိုင်ကာ ဓာတုအဆိပ်သင့်
စွန့်ပစ်ရေများကို မြစ်တွင်းသို့ စွန့်ပစ်ဖို့ အတွက် ရေတွန်းစက်များကို
စတင်ဖွင့်ရန် အမိန့်ပေး ညွှန်ကြားလိုက်သည်။ ဤသို့ဖြင့်ပင် ကျွန်တော် တို့၏
အနာဂတ်သည် မှုန်ဝါးရာမှ ပျောက်ဆုံး သွားတော့မည်လား မသိနိုင်တော့။ ကျွန်တော်
တို့သည် ယခုအခါ ပတ်ဝန်းကျင်မှ အလကားပဲ တင်းရနေသော လေကိုပင် ရဲရဲမရှူ
ဝံ့အောင်ဖြစ်ခဲ့ ပြီ။ လေထု ညစ်ညမ်းမှုက နေရာတိုင်းမှာ လိုလို အထက်သို့
ခုန်တက် နေသည်။ နေ့စဉ် နှင့်အမျှ ကျွန်တော်တို့သည် အသွေးအသားဖြင့်
ဖွဲ့စည်းသော အဆုတ် များထဲသို့ ကာဘွန်မို နောက်ဆိုဒ် တန်ပေါင်း မည်မျှ
ရှုသွင်း နေခဲ့သလဲ ဆိုသည်မှာ မတွေးဝံ့သော ပုစ္ဆာ တစ်ပုဒ်ပင် ဖြစ်သည်။
အလားတူစွာ အဆိပ် အတောက် ကင်းသော အစားအစာနှင့် သန့်ရှင်းသော ရေတစ်ခွက်
တို့သည် ပင်လျှင် ပြဿနာများဖြင့် ရှုပ်ထွေးနေဆဲ၊ သတင်းတွေထဲ မှာတော့ အာတိတ်
ရေခဲပြင်၏ အရည်ပျော်မှုက ယခုနှစ်ပိုင်းများ အတွင်း အဆိုးရွားဆုံး ဆိုသော
အချက်ကို ခေါင်းစည်း စာလုံးမည်းများဖြင့် အထိတ်တလန့် ဖော်ပြသည်။
နောက်တစ်စောင် မှာတော့ နောင် လာမည့် နှစ်ငါးဆယ် အတွင်း ပင်လယ်ရေမြင့်
တက်လာမှုကြောင့် နစ်မြုပ်ဖွယ် ရှိသည့် ကျွန်းများ အကြောင်းက
ဓာတ်ပုံများဖြင့် ဝေဝေဆာဆာ၊ အခြား စာစောင် များ၌လည်း အာရှ အလယ် ပိုင်းမှာ
တစ်နေ့တစ်ခြား ပိုမို ကျယ်ပြန့် လာနေသော သဲကန္တာရများ အကြောင်းနှင့်
အာဖရိကမှ မိုးခေါင်ရေရှားမှု ပြဿနာ စသည်ဖြင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ
ပျက်ယွင်း မှုများ အကြောင်းက အတော မသတ်နိုင်။ ထိုအချိန်တွင်
ရီးယိုဒီဂျနေးရိုးမှ စခဲ့သော "သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ညီလာခံ" က
ကျိုတိုထိတိုင် ငြင်းခုန်လို့ ကောင်းဆဲ ဖြစ်သည်။ ကျွန်တော် တို့သည် မီးပူ
ကော့နေအောင် တိုက်ထားသော စမတ်ကျသည့် တန်ဖိုးကြီး ဝတ်စုံ ကိုယ်စီဝတ်ပြီး
တောက်ပြောင် လှပသော စားပွဲများတွင် ထိုင်လျှက်၊ အများသူငါ အလွယ်တကူ နားမလည်
နိုင်သော သာမန် စကားလုံးများ ဖောဖောသီသီ သုံးစွဲပြီး အပြန်အလှန် အော်ဟစ်
ငြင်းခုန်ကြသည် တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုးသည်။ ဈေးဆစ် ကြသည်။
တချို့ကလည်း ချမှတ် ထားသော ဥပဒေ ဟူသည် သူတို့နှင့် ဘာမှမဆိုင် သယောင်
ငြိမ်ဆိတ်လျက်။ တချို့ကတော့ တခြားကမ္ဘာမှ မျက်စေ့လည် လမ်းမှားပြီး
ရောက်ရှိလာသော ဂြိုဟ်သား များကဲ့သို့ ဘာမှ စိတ်ဝင် စားခြင်း မရှိဘဲ
တုံဏှိဘာဝေ၊ ထိုဆွေးနွေးပွဲများတွင် ကျွန်တော်တို့သည် ဖြူဖွေးသော အဖိုးတန်
စက္ကူကီလိုဂရမ် များစွာကို အသုံးပြုကြမည်။ မည်သို့ဆိုစေ ကျွန်တော်တို့သည်
လူယဉ်ကျေးများ ပီပီ ဆက်၍ ဆွေးနွေးကြပါလိမ့်ဦးမည်။ ဆက်၍ ငြင်းခုန်ကြ အော်ဟစ်
လက်ညှိုးထိုးကြ အပြစ်တင် ကြပါလိမ့်ဦးမည်။ သေချာသည်က ထိုအချိန်များ အတွင်း
အာတိတ်ရေခဲပြင် များသည် ဆက်လက် ပြိုကျနေဦးမည် ဖြစ်သလို အမေဇုန်တော
များနှင့် အပူပိုင်း မုတ်သုံတော များသည်လည်း မြေသို့ဝပ်တွား ပြိုဆင်း
ရလိမ့်ဦးမည်။ ယခုအခါ ကျွန်တော်တို့သည် မသိသား ဆိုးရွားစွာ ပြုခဲ့သော
ကျွန်တော်တို့၏ မိုက်မဲ မှုများတွက် လည်စင်းခံရန် အဆင်သင့် ဖြစ်နေကြပါပြီ။
အသိဥာဏ် ပါးလွှာနုံနဲ့မှုက ခေါ်ဆောင် လာသော မိစ္ဆာ နတ်ဆိုးတစ်ကောင်၏ ကားစင်တွင်
ကျွန်တော်တို့ အားလုံး အဆင်သင့် ဖြစ်နေပါပြီ၊ ကျွန်တော်တို့သည်
သာမန်ထက်ပို၍ ပူပြင်းသော နွေရက်များကို ဖြတ်သန်းရန် အတွက် လည်းကောင်း
ချိန်ခါမဲ့ မိုးသည်းခြင်း ရေကြီးရေလျှံ ဖြစ်ခြင်းမှ စကားလမ်းကြောင်းပြောင်း
ဝင်ရောက် လာမည့် မိုးကြိုးမုန်တိုင်းများ အဆုံးလက်ခံရန် အတွက်သော်
လည်းကောင်း အသင့် ရှိနေ ပါပြီ၊ ကျွန်တော်တို့နှင့် အတူ ကမ္ဘာပေါ်တွင်
ရှိရှိသမျှ သက်ရှိသက်မဲ့ အရာဟူသမျှသည် ထို နတ်ဆိုး အာခံတွင်းတွင် ပေးဆပ်ရန်
အသင့် ရှိနေပါပြီ။ ထိုနတ်ဆိုးသည် သူ့ခန္တာကိုယ်အား သန်း ၆၀ဝ၀ မျှမကသော
ကိုယ်ခွဲများကို ဖန်ဆင်းလျှက် ကျွန်တော်တို့ တစ်ဦးချင်းစီ၏ ရှေ့မှောက်တိုင်
ကိုယ်ထင်ပြ ရင်ဆိုင်ခဲ့ပြီ ဖြစ်သည်။ သူ့ရှေ့မှောက်တွင် ကျွန်တော်တို့
အားလုံးသည် အယုတ် အလတ် အမြတ်မရွေး လူမျိုးနှင့် အသားအရောင်၊ ဘာသာစကားနှင့်
ကိုးကွယ် ယုံကြည်မှု မရွေး အားလုံး အတူတူပင် ဖြစ်သည်။ သူက ကာဆီး ထားသော
နယ်နိမိတ်စည်း အားလုံးကို ဗီဇာ မလိုဘဲ ဖြတ်ကျော်လာပြီး ကျွန်တော်တို့ကို
ကျောသပ် ရင်သပ် လုပ်နေခဲ့ပြီ။ ကျွန်တော်ကတော့ ဟိုတစ်ချိန်က ကျွန်တော်တို့
မက်မြင်ခဲ့သည့် အိပ်မက်၏ အခြားတစ်ဖက်ကို သတိရနေသည်။ ထိုအခြား တစ်ဖက်တွင်
အိပ်မက်တစ်ခု အမှန်တကယ် အကောင်အထည် ပေါ်လာစေရန်အတွက် လိုအပ်သော "
ရောရာအမယ်များ" "ဓာတ်ကူ ပစ္စည်းများ" ရှိနေသည် ဟုထင်ပါသည်။ ပထမအချက်
အနေနှင့် ဖွံ့ဖြိုးမှု တို့သည် "လာခြင်း ကောင်းခြင်း" အပြင်
"လားရာကောင်းခြင်း" နှင့် ပါပြည့်စုံသော ဖွံ့ဖြိုး တိုးတက်မှုများ ဖြစ်ရ
ပါမည်။ ထိုဖွံ့ဖြိုးမှုများ၌ အခရာကျသည့် မူဝါဒ ပြုသူများတွင်
ဥာဏ်အမြော်အမြင် ကြီးမား သော ဦးခေါင်းများနှင့် သနား ကရုဏာစိတ်ဖြင့်
ပြည့်သော နှလုံးသားများ တပ်ဆင် ထားရပါမည်။ ဒုတိယအချက် အနေ နှင့်
ကျွန်တော်တို့သည် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အသစ်အသစ်သော
တွေ့ရှိချက်များဖြင့် စာသင်ခန်း များကို ပိုမိုခိုင်ခံ့အောင် ပြုပြင်
တည်ဆောက်မည်။ ကျွန်တော် တို့သည် စိမ်းလန်း သောတောအုပ်များကို ကလေးငယ်များ၏
ထိုစာသင်ခန်းများ အတွင်းသို့ မောင်းသွင်းကြပါမည်။ ဤသို့ဖြင့် မကြာခင်မှာ
စာသင်ခန်းများ အတွင်းမှ ပိုမိုကြီးမား ဝေစည်သော စိမ်းလန်း တောအုပ်များ
ပြန်ထွက်လာ ပါမည်၊ ထိုမှတစ်ဆင့် တောအုပ်များသည် မြို့များ၊ ရွာများ
လူအုပ်များ ကြားမှာသာမက ဝေးလံသီခေါင်သော၊ အစွန်အဖျား မကျန် လူတို့၏
မျိုးဆက်များကို ခြေရာအဖြစ် ထင်ကျန် စေလျက် ကမ္ဘာပတ်၍ ခရီးနှင်ပါမည်။
ကျွန်တော်တို့၏ သွေးကြောများ အတွင်းသို့ ထိုသိမှတ် လက်ခံမှု အမှတ်
လက္ခဏာသစ်များ ထည့်သွင်းကာ ကမ္ဘာပတ်၍ ခရီးနှင်ကြ ပါမည်။ ထို့ထက်ပို၍မူ သဘာဝ
ပတ်ဝန်းကျင်နှင့် ပတ်သက်သမျှ ကျွန်တော်တို့၏ လုပ်ကိုင်ပြုမူမှု များတွင်
"တာဝန်ယူမှု" ဆိုသော ပဲ့ထိန်းများ တပ်ဆင်ကြဖို့ ဖြစ်သည်။ ဤသည်ကပင်
ကျွန်တော်တို့၏ သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်လျှင် နောင်တစ်ချိန်
သားစဉ်မြေးဆက် ထံမှ ရရှိလာမည့် လက်ညှိုးထိုး မေးခွန်း ထုတ်မှုများ အတွက်
ချွေးသိပ်မှု တစ်စုံတစ်ရာ ဖြစ်မည်ဟု ကျွန်တော် ထင်မြင်မိ ပါသည်။
အောင်ပင်လယ်လူမှုဝန်းကျင် မဂ္ဂဇင်း
အောင်ပင်လယ်လူမှုဝန်းကျင် မဂ္ဂဇင်း
No comments:
Post a Comment