( ၁ )
ဘီလူးကြီးတစ်ကောင် အထုတ်ကြီးထမ်းပြီး ရွာလည်လမ်းအတိုင်းဝင်လာပါတယ်။
ဘီလူးကြီးလို့ သိရတာက သူ့ဘီလူးမျက်နှာကြီးကို ဖော်ပြထားလို့ မဟုတ်ရပါဘူး။
ရှေးဟောင်းစာတွေထဲ မှာ မှတ်သားထားခဲ့တဲ့ အတိုင်းပေါ့ဗျာ ။ မျက်လုံးနီကြောင်ကြောင်
အရိပ်မထွက်တာရယ် ၊ ဖနောင့်တိုတိုကြီးနဲမြေကြီးကို့ ခဏခဏ ပေါက်တတ်လွန်းလို့
ဘီလူးကြီးမှန်း သိကြပါတယ်။အကျင့်တော့ မဖျောက်နိုင်ဘူးမို့လား ။
“ နောင်တရနေတဲ့ ဘီလူးတစ်ကောင်တဲ့ဗျ ”
မိတ်ဆွေက လေသံပျော့လေး နဲ့ပြောပြတယ် ......... ။
“ ခက်တာက လူတွေပဲဗျ ... ဘီလူကြီးမှန်း သိရဲ့သားနဲ့ ဒီလူတွေက ဘာ့ကြောင့်
တစ်ကောက်ကောက် လိုက်နေကြတာတုန်း ။ ဘီလူး “ က ” ကပြမယ် ပြောလို့လား ”
“ မဟုတ်ပါဘူးဗျာ ။ ဘီလူးက ကပြတာက ဘာရင်ခုန်စရာ ရှိမှာတုန်း ... ဘီလူးနောက်
လိုက်တာမဟုတ်ဘူးဗျ ။ သူထမ်းထားတဲ့ အထုပ်ကြီးနောက် တစ်ကောက်ကောက်လိုက်နေတာပါ ”
“ ဗျာ အထုပ်ကြီးနောက် ဟုတ်လား .... အထဲမှာ ဘာတွေ ပါလို့တုန်းဗျ ”
“ ဒီရွာကလူတွေ အေးအေးချမ်းချမ်း နေနိုင်အောင် ဘီလူးနိုင်ခမည်းနဲ့ အဟာရ သိဒ္ဓိပြည့်တဲ့ဆေးကျွေးမယ်
လို့ ပြောတယ်ဗျ ”
“ ဟင် ဘီလူးရဲ့ ဘီလူးနိုင်ခမည်း နဲ့ အဟာရ သိဒ္ဓိပြည့်တဲ့ဆေးကို ယုံကြတယ်ပေါ့ ”
“ အော် ဘီလူးက သူတို့ဘီလူးတွေရဲ့ လုပ်ရပ်ကို ရှုံချကြောင်း ညဟောပြောပွဲလုပ်ရင်း
ခမည်းပေး၊ ဆေးကျွေးမယ်တဲ့ ... ကျွန်တော်တို့ သွားကြည့်လိုက်မလား ”
“ အေးအေးနေပါဗျာ .... ဒီဘီလူးတစ်ကောင် လွတ်မသွားအောင်ပဲ ဆရာတော်နဲ့
သွားလျှောက်ကြတာပေါ့ ........ ”
( ၂ )
မိတ်ဆွေ နဲ့ ကျွန်တော်ရောက်တော့ ဘုန်းကြီးကျောင်း တစ်ကျောင်းလုံးတိတ်ဆိတ်ငြိမ်သက်လို့ ။
ကျောင်းမှာ ရှိတဲ့ ဆရာတော်လေးတွေ မေးကြည့်တော့ ဘုန်းကြီးလည်း ဘီလူးကြီးရဲ့ ဟောပြောပွဲ
သွားကြောင်းသိရတယ်။ခဏနေတော့ .... ရွာထဲမှာ ဘီလူးကြီး ရဲ့ ဟောသံပြောသံတွေ ခပ်ဝေးဝေး
ကမကြားတစ်ချက် ကြားတစ်ချက် ပျံလွှင်နေတယ် ။ မိတ်ဆွေ နဲ့ ကျွန်တော်လည်း ဆရာတော်လေး
တွေနဲ့ ဟိုအကြောင်း ဒီအရေး ပြောရင်း ... ကျောင်းမှာပဲ အိပ်လိုက်ကြပါတယ် ။
မနက်ဝေလီဝေလင်း ရောက်တော့ ဘီလူးဟိန်းသံကြီး ကြားလိုက်တာနဲ့ လန့်နိုးလာကြတယ်။
တစ်ရွာလုံး တိတ်ဆိတ်ငြိမ်သက်လို့ ....... ။
ရွာလည်လမ်းအတိုင်း သွေးစက်တန်းလန်း နဲ့ အထုပ်ကြီးထမ်း ပြန်ထွက်လာတဲ့ ဘီလူးကြီး ရဲ့
ခြေသံပြင်းပြင်းတွေတော့ ကြားနေရဆဲ .......... ။
( ၃ )
တစ်ရွာလုံး လူအရိုးနဲ့လုပ်ထားတဲ့ လည်မှာဆွဲတဲ့ ခမည်းကြိုးလေးတွေ ပျံကြဲလို့ ။ သက်ရှိ သတ္တ၀ါဆိုလို့
ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မမြင်ရတော့ဘူး ။ မိတ်ဆွေကို လှမ်းကြည့်လိုက်တော့ ......... ။
“ အေးဗျာ .... ဘယ်လို တားဆီးရမှန်း နည်းလမ်းကို မသိတော့တာပါ ”
( နိဂုံး )
မိတ်ဆွေတို့ဆီလည်း မလွဲမသွေရောက်လာပါလိမ့်ဦးမည် ။
ဘိုဟန်

No comments:
Post a Comment