Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

ခေတ်ပြိုင်ဆန်းသစ်မှုအရည်အသွေး



ယနေ့ခေတ်ပြိုင်ကဗျာဝေဖန်ရေးသည် ယနေ့ခေတ်ပြိုင်ကဗျာပေါ်၌ မညှာမတာ တောင်းဆိုမှုပြုနေသည် ။

"ခေတ်ပြိုင်ဆန်းသစ်မှုအရည်အသွေး" ဟု ထိုတောင်းဆိုမှုကို ကျွန်တော်အမည်ပေးလိုပါသည် ။ ဤအရည်အသွေးမျိုးပေးနိုင်ရန် ကဗျာဆရာများကလည်း "ကိုယ်ပိုင်ဆန်းသစ်မှုအရည်အသွေး" ကို ကြိုးစားတည်ထွင်ထုတ်လုပ်ဖန်တီးနေကြသည် ။

အတန်ရွေ့လျော ဟောင်းမြင်းသွားပြီဖြစ်သော ခေတ်တစ်ခု၌ ကဗျာဆရာ ၊ စာရေးဆရာဖြစ်လာခဲ့သူ ကျွန်တော့်အတွက် ယနေ့ကဗျာဆရာတွေကို လေးလည်းလေးစား ၊ ချီးလည်း ချီးမွမ်း ၊ ကရုဏာလည်း သက်မိသည် ။

ကရုဏာသက်မိသည် ဆိုခြင်းမှာ နှိမ်ပြောခြင်းမဟုတ်ပါ ။သူတို့နှင့်ယှဉ်သော် ငါတို့ကကောင်းလေစွဟုသဘောပေါက်မိခြင်းကို ဆိုလိုပါသည် ။

ကျွန်တော်တို့ခေတ်မှာထက် ယနေ့ခေတ်ပြိုင်ကဗျာဆရာများက ပိုကြိုးစားကြရသည် ။

ကျွန်တော် တစ်ခါကရေးမိသကဲ့သို့...

" အလွန်လွယ်သော ရေစီးကြောင်းမှာ အနုပညာလောင်းအိုလေးနှင့် မှေးပြီးမျှောလိုက် ...."-၍မရတော့ ။

ဆန်းသစ်မှု အရည်အသွေး အကြောင်းတော့ အနည်းငယ်ပြောပြလိုပါသည် ။

ဆန်းသစ်မှုကို အဟောင်းအမြင်းမဟုတ်ခြင်းအဖြစ် နားလည်ထားကြသည် ။

ကဗျာစာပေမှ ဆန်းသစ်မှုနှင့်ပတ်သက်၍ကား စာပေပညာရှင် ဂျွန်လစ်ဗင်စတန်လိုး၏ ( John Livingston LoWes ) က အောက်ပါအတိုင်း ဆိုခဲ့သည် ။

" ...သူ့အနုပညာမှလျှို့ဝှက်အတတ်သည် ဖြစ်ချင်တာဖြစ်ပါစေ ၊ ကဗျာဆရာတစ်ယောက်သည် ဖြစ်ရိုးဖြစ်စဉ်အဖြစ်ဟု အများလက်ခံထားရာတစ်ခုမှ အသစ်တွေ့ရှိမှုသဘော ရင်ခုန်ခံစား ကျေနပ်မှုကို ပေးနိုင်သည်ဆိုပါအံ့ ၊ ထိုကဗျာဆရာသည် မိမိ၏ ဆန်းသစ်မှု အရည်အသွေးအတွက် စိုးရိမ်နေဖွယ်မလိုတော့ “ ။

ဤအတိုင်းဆိုလျှင် ဆန်းသစ်မှုဆိုသည်မှာ တစ်ခါမှမရှိဖူးသေးသော ' အသစ်မှ အသစ်စက်စက် ' ကိုမဆိုလို ။

အင်္ဂလိပ်ကဗျာဆရာ ဘရောင်းနင်း ( Browning ) ကမူ ရီပရစ်စတီနေးရှင်း ( repristination ) ဟူသော စကားသစ်တစ်လုံးကို တည်ထွင်သုံးခဲ့သည် ။ ပရစ်စတင်း ( pristine ) ဆိုသည့်စကားက မူလ ၊ အဦးအစ ၊ သန့်သန့်စင်စင် ၊ မရောမနှော ၊ ပင်ကိုယ်အရည်အသွေး ဟူသော အဓိပ္ပာယ်တွေရသည် ။ ' ရီ ' ဆိုသောစကားနှင့် တွဲလိုက်သောအခါ ' ပြန်လုပ်သည် ' ဟူသော အဓိပ္ပာယ်ထွက်လာပြန်သည် ။

ရီပရစ်စတီနေးရှင်းဆိုသည်မှာ မူလ ၊ အဦးအစ ၊ ပင်ကိုအရည်အသွေးပမာ ဆန်းသစ်အောင် ပြန်လည်ပြုပြင်စီရင်ခြင်းဟု အဓိပ္ပာယ်ရသည် ။ အသစ်စက်စက် ၊ အသစ်ကျပ်ချွတ်ဟု အဓိပ္ပာယ်ပြည့်မရ ။ သို့ရာတွင် ၊ အင်း .... ဆန်းတော့ ဆန်းသစ်သည် ။

ကဗျာကို စကားလုံးတွေနှင့် စီရင် လုပ်ကိုင်ရသည် ။ စကားလုံးသစ် တစ်လုံးစ နှစ်လုံးစ မူအသစ် တည်ထွင်၍ရသည် ၊ သို့ရာတွင် စကားလုံးအများစုကြီးက ပဝေဏီတည်းက ရှိနေသည် ။ အဲသည် စကားလုံး အများစုကြီးကို ကဗျာဆရာသည် စွန့်ပယ်၍ မရ ။

ခံစားမှုတွေ .... ။ ....။ ခံစားမှုတွေကိုလည်း ကဗျာဆရာ ကိုင်တွယ်သုံးသည် ။ သို့ရာတွင် လူ ကမ္ဘာဦးတည်းမှပါလာသည့် ခံစားမှုတွေအပြင် အသစ်ခံစားမှု နောက်ထပ် ဘာတစ်ခုမှမတိုး ။

သည်ကြားထဲက ခေတ်အဆက်ဆက်အများတွင် ခေတ်ပြိုင်ဆန်းသစ်မှုအရည်အသွေးတွေကို ကမ္ဘာမှာရော မြန်မာမှာပါ တွေ့ရသည် ။ မတွေ့ရသောခေတ်ကို ခေတ်သေး ခေတ်ညံ့ဟု သမှတ်ကြသည် ။ ထိုနည်းတူ ခေတ်အဆက်ဆက်အများတွင် ကိုယ်ပိုင်ဆန်းသစ်မှု အရည်အသွေးရှိသော ကဗျာဆရာတွေ ပေါ် , ပေါ်လာကြသည် ။ ထိုအရည်အသွေးရှိသော သူသည်သာ ပစ္စုပ္ပန်၌ ကဗျာဆရာဟု အသိအမှတ်ပြုခံရပြီး အနာဂတ်၌ သူ့စာနှင့်သူ့နာမည် ကျန်မည် ။ ထိုအရည်အသွေးမျိုး မရှိသူကား ဗားဆဖိုင်းယား ( versifier ) ဟု သူတို့ဆီ၌ခေါ်သော ကဗျာပုံသဏ္ဍာန်ရေးသူအဖြစ်၌ ရပ်နေသည် ။ ကဗျာဆရာတော့ ဖြစ်မလာ ။

ဆန်းသစ်အောင် ၊ ရှေးနှင့်မတူအောင် ၊ သူနှင့်မတူအောင်ဟု ဇွတ်အသဘာဝ ၊ အဓမ္မလည်း မလုပ်ကောင်းပေ ။လုပ်၍လည်း မရချေ ။

ရွှေကောင်းကို မျှင်နိုင်သမျှမျှင်အောင် နန်းဆွဲ၍ရသည် ။ ပါးနိုင်သမျှပါးအောင် ခတ်၍ရသည် ။ သို့ရာတွင် အကန့်အသတ်ကရှိမြဲတည်း ။ လွန်လျှင်ပြတ်တတ်သည် ။ ပေါက်ပြဲတတ်သည် ။

စကားလုံးတို့၏ အဓိပ္ပာယ်ကိုလည်း ဆန့်နိုင်သမျှ စန့် ၊ ကျယ်နိုင်သမျှ ကျယ်အောင် ပြုလုပ်၍ရသည် ၊ သို့ရာတွင် အကန့်အသတ် အမြဲရှိသည် ။

လူ့ကာယစွမ်းရည်ကိစ္စတွင် ဖစ်ဆီယားလိုဂျစ်ကယ်လစ်မစ်(တ်) ( Physiological limit ) ခေါ် သဘာဝကန့်သတ်မျဉ်းနယ်နိမိတ်ရှိသည် ။ ဘယ်လောက်အမြင့်ခုန်နိုင်မည်နည်း ၊ ဘယ်လောက်အမြန် ပြေးနိုင်မည်နည်းဟူသည့် ကန့်သတ်မျဉ်းနယ်နိမိတ်ဖြစ်သည် ။ တစ်ချိန်က ကန့်သတ်မျဉ်းနယ်နိမိတ်တော့ရောက်ပြီ ၊ သည့်ထက်တော့ မလွန်နိုင်ဟု ထင်ခဲ့ကြဖူးသည် ။ နောင်တွင် ကန့်သတ်မျဉ်းနယ်နိမိတ်ဟု ထင်ထားသည်ထက် ပိုမြင့်အောင်ခုန်လာကြသည်ကို တွေ့ရသည် ။ကန့်သတ်မျဉ်းနယ်နိမိတ်သည် ဘယ်နားတွင်ရှိသနည်း ။ သိပ်မသေချာတော့ပါ ၊ သေချာသည်ကား မြင်းမိုရ်ရွှေတောင်လုံးကိုတော့ တုံးအဖြစ် မခုန်နိုင် ။ တစ်နေရာတွင် ကာယစွမ်းရည်၏ ကန့်သတ်မျဉ်းနယ်နိမိတ်က ရှိမြဲရှိနေသည် ။ သို့ရာတွင် လူကတော့ ခုန်ကြည့်နေမည်ဖြစ်သည် ။

ကဗျာဆရာကိုင် တွယ်အသုံးပြုနေရသော စကားလုံးများ ၊ စကားလုံးဖွဲ့စည်းမှုများ၏ ရသပေးမှုစွမ်းရည် ကန့်သတ်မျဉ်းနယ်နိမိတ်သည် ဘယ်မှာဆုံးသနည်း ။

အသိရပိုခက်ပါသည် ။

ပြေးခုန်ပစ်သမားတို့ကဲ့သို့ပင် လူဖြစ်သောကဗျာဆရာသည် ခုန်ကြည့်နေမည်သာဖြစ်လေသည် ။

ခုန်ကြည့်ရန်ပျင်းသော ၊ တွန့်ဆုတ်သောကဗျာဆရာကို ကဗျာဝေဖန်ရေးက .... အင်း .... အထင်ကြီးမည်မဟုတ် ။ အသဘာဝ ၊ အဓမ္မ လုပ်လာလျှင်လည်း.... အင်း.... ခွင့်လွှတ်မည်မဟုတ် ၊ ကဗျာဆရာစစ်စစ်ကလည်း မိမိကိုယ်ကို ခွင့်လွှတ်မည်မဟုတ် ။ အကြောင်းကား မြင်တတ်သောမျက်လုံး၏ ပြောင်းမြင်တတ်သောသဘောက သူ့မှာ ကိန်းပါနေသည် ။ တစ်ပြိုင်နက်တည်းတွင် သူ့ပို့ဆောင်မှုပစ္စည်း၏ အကန့်အသတ်ကို သူသိနေသည် ။

ကမ္ဘာဦး အစကတည်းက ကြယ်တွေ နက္ခတ်တွေ နေတွေ၊ လတွေက ထူးမပြောင်းပါ ။ သို့ရာတွင် အရစ္စတိုတယ်က တစ်မျိုးမြင်သည် ။ ဂလလီးအိုးတို့ ၊ နျူးတင်တို့က တစ်မျိုးမြင်သည် ။ အိုင်းစတိုင်းကျတော့ တစ်မျိုးမြင်ပြန်၏ ။

ပြောင်းလဲမြင်ပိုင်ခွင့်သည် သိပံ္ပဆရာတို့အတွက်သာဖြစ်သော အထူးအခွင့်အရေးမဟုတ် ။

ဤသို့လျှင် ... ဟေတု ပစ္စယ အကြောင်းကြောင်းကြောင့် ခေတ်တိုင်း၌ ကဗျာဆရာသည် ဆန်းသစ် တည်ထွင်နေရသည် ။

သူကိုင်သုံးနေရသော ပို့ဆောင်မှုပစ္စည်းဖြစ်သည့် စကားလုံးများနှင့်ပင် ဆန်းသစ်တည်ထွင်ရသည် ။

စကားလုံးတွေကလည်း ပြုပြင်စီရင်၍ ရသင့်သမျှ ရသည် ။ သို့ရာတွင် လုံးဝ ပုံသစ်ပန်းသစ် ဖြစ်သွားအောင်တော့ လုပ်၍မရ ။

ကဗျာဆရာသည် ပို့ဆောင်ပေးသူဖြစ်ရာ လက်ခံယူမည့်သူ၏သဘာဝကိုလည်း ထည့်တွက်ရသည် ။

တစ်ဖက်တစ်နေရာမှ ပို့ဆောင်မှုကို လက်ခံယူမည့် ပရိဿတ်ဆိုသည်ကလည်း ဆန်းလွန်း စိမ်းလွန်းလျှင် ငြင်းပယ်တတ်သည် ။ ရိုးလွန်းစင်းလွန်းလျှင်လည်း မျက်နှာလွှဲသွားတတ်သည် ။ [ Willing suspension of disbelief ] ဟုခေါ်သော မယုံစိတ်ကို ကြည်ကြည်ဖြူဖြူ ခေတ္တ ရုပ်သိမ်းပေးထားမှု ရှိမြဲရှိနေသော်လည်း မလိမ်မိုး မလိမ်မာနှင့် အသိဉာဏ်ကို စော်ကားလာလျှင် .... ဒဏ်ခတ်တတ်သည် ။

စကားလုံးဆိုသည်မှာ အမှတ်သညာတွေဖြစ်သည် ။ ကဗျာကသုံးသော စကားတန်ဆာတွေ ၊ အလင်္ကာတွေ ၊ နိမိတ္တတွေ ၊ သင်္ကေတ ဖွဲ့စည်းမှုတွေကလည်း အမှတ်သညာ၌ အခြေပြုထားသည့် အများသဘောတူ လက်ခံထားမှုများသာ ဖြစ်နေသည် ။

ကဗျာမှ ဆန်းသစ်တည်ထွင်မှုဆိုသည်မှာ .... အမှတ်သညာ မြေဆွဲငင်အားနှင့် စိတ်ကူးဉာဏ်၏ မိုးပျံလိုမှုတို့ကို စေ့စပ်ဖြေရှင်းပေးမှုဖြစ်လေသည် ။

လေယဉ်တွေ မိုးပျံသည် ။ ဒုံးပျံတွေ အာကာသထွက်သည် ။သို့ရာတွင် .... အခြေစိုက်မြေစခန်းတွေတော့ ရှိကိုရှိရသည် ။ လိုရာရောက်နိုင်ရေးအတွက် .... အာကာသတွင်း၌ မကြာခဏ ဆွဲငင်အားကိုပြန်သုံးရသည့် ကိစ္စများရှိလေသည် ။

အမှတ်သညာနှင့် စိတ်ကူးဉာဏ်တို့၏ စေ့စပ်ဖြေရှင်းမှုကို သတိလွတ်သော ကဗျာဆရာသည် ဆန်းသစ်တီထွင်မှုလုပ်သယောင်နှင့် ' အနုပညာ မင်းမဲ့ဝါဒ ' ကျင့်သုံးမိသည့်အဖြစ် ရောက်သည့်အခါ ရောက်သွားတတ်သည် ။

ဆန်းသစ်တီထွင်ရေး လိုအပ်ချက်နှင့် အနုပညာ သတိသမ္ပဇဉ် ....။

ခေတ်ပြိုင်ကဗျာဆရာတို့၏တာဝန်ကားကြီးလှချေ၏ ။


တက္ကသိုလ်ဘုန်းနိုင်
၃ - ၉ - ၉၁
( မောင်ခိုင်မာ၏ " ဧဝရက်တောင်ထိပ်က တောင်ဆိတ်တစ်ကောင် " ကဗျာစာအုပ်( ၁၉၉၁ ) ပါ အမှာစာမှ )

 by Han Lynn (Notes) မှ

No comments:

Post a Comment