ဧဒြီယန်မစ်ရှဲလ်
Adrian Mitchell [ ၁၉၃၂ - ၂၀၀၈ ] ဟာ အင်္ဂလိပ်လူမျိုး ကဗျာဆရာ ၊ ဝတ္ထုဆရာ ၊
ပြဇာတ်ဆရာ တစ်ဦးဖြစ်ပါတယ် ။ သူဟာ ဗြိတိသျှလက်ဝဲအုပ်စုရဲ့
ထင်ရှားသူတစ်ဦးဖြစ်တဲ့အပြင် နိုင်ငံရဲ့ ဗုံးဆန့်ကျင်ရေးလှုပ်ရှားမှုမှာ
ရာစုနှစ်ဝက်တိုင်တိုင် ထိပ်တန်းကပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ် ။
ဝေဖန်ရေးဆရာ ကက်နက်တင်နင်က သူ့ကို " ဗြိတိသျှ မာယာကော့ဗ်စကီး " လို့တောင်
ခေါ်ခဲ့ပါတယ် ။ သူရရှိခဲ့တဲ့ ဆုတွေကတော့ ၁၉၆၁ ခုနှစ်မှာ Eric Gregory Award ၊
၁၉၆၆ ခုနှစ်မှာ PEN Translation Prize ၊ ၁၉၇၁ ခုနှစ်မှာ Tokyo Festival
Television Film Award နဲ့ ၂၀၀၅ ခုနှစ်မှာ CLPE Poetry Award
တို့ပဲဖြစ်ပါတယ် ။ Poetry Archive web site မှာတွေ့ရတဲ့
သူ့အင်တာဗျူးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ် ။
ကဗျာဟာ ဘယ်လောက်များ အရေးပါပါသလဲ ။
တကယ်တမ်းတော့ ကဗျာဟာ အရေးပါတာထက်မကတဲ့ လိုအပ်မှုတစ်ခုပါ ။ ပညာရေးမရှိ ၊ ကျောင်းမရှိ ၊ ရုပ်မြင်သံကြားမရှိ စသဖြင့် ဘာမှမရှိတဲ့လူမျိုးစုတွေဟာ ကမ္ဘာ့သမိုင်းတလျှောက် ရှိမြဲရှိဆဲဖြစ်ပေမယ့် ကမ္ဘာပေါ်ကလူမျိုးစုတိုင်းမှာ ကဗျာကတော့ အမြဲတမ်းရှိပါတယ် ။ ကဗျာဟာ တစ်ခါတရံမှာ ဂီတနဲ့အကအဖြစ်နဲ့ ၊ တစ်ခါတရံမှာတော့ နတ်ပူးသလို တစ်စုံတစ်ရာက ဓာတ်စီးပြီး လက်တန်းရွတ်ဆိုမှုအဖြစ်နဲ့ စသဖြင့်ပေါ့ ။ ကဗျာမရှိတဲ့လူမျိုးစုရယ်လို့ မရှိပါဘူး ။ တကယ်လို့ ကဗျာမရှိတဲ့တိုင်းပြည်ဆိုတာများ ရှိခဲ့မယ်ဆိုရင် အဲ့တိုင်းပြည်ဟာ ဖိနှိပ်ချိုးနှိမ်ခံထားရတဲ့ ၊ ယဉ်ကျေးမှုဆင်းရဲတွင်းထဲ တွန်းချခံထားရတဲ့ နိုင်ငံပဲ ။ ဂီတမရှိတဲ့တိုင်းပြည်လိုမျိုးပေါ့ ။ တွေးကြည့်လို့တောင်မရဘူး ။
ဘယ်လိုအချိန် ဘယ်လိုနေရာမျိုးတွေမှာ ကဗျာရေးပါသလဲ ။
အများအားဖြင့်တော့ ကျွန်တော့်အိမ်မှာပဲ ရေးပါတယ် ။ တချို့အချိန်တွေမှာ Applemac ကွန်ပျူတာတစ်လုံးရှိတဲ့ အခန်းငယ်လေးထဲမှာရေးတယ် ။ တစ်ခါတလေကျ နည်းနည်းပိုကြီးတဲ့အခန်းထဲ သွားရေးတယ် ။ အဲ့အခန်းကတော့ ကျွန်တော်လေ့လာမှုလုပ်ရာ ( လူရယ်စရာဖြစ်အောင်ခေါ်ရမယ်ဆိုရင် သုတေသနပြုရာ ) အခန်းပေါ့ ။ အဲ့မှာ တခြားလူတွေရဲ့ စာအုပ်တွေ အများကြီးဖတ် ၊ ကဗျာတွေအများကြီးဖတ် ၊ သတင်းစာတွေဖတ် ၊ တစ်ခါတလေ စကားလုံးပဟေဋိကစား ၊ တစ်ခါတလေ ခွေးနဲ့စကားပြောပေါ့ ။ ဒါပေမယ့်လည်း ကျွန်တော်ဘယ်ပဲရောက်နေရောက်နေ ကဗျာရေးတာပါပဲ ။ ကတ်ကလေးတွေရယ် ၊ စာကြည့်တိုက်က ဖိုင်ကတ်ကလေးတွေရယ် ၊ ဘောပင်သုံးချောင်းလောက်ရယ်ကို ဘယ်သွားသွားထည့်သွား ၊ ပြီး ရောက်တဲ့နေရာတိုင်းမှာ ပူပူနွေးနွေးရှိတုန်းဟာလေးတွေတချို့ကို ဟိုခြစ်ဒီခြစ် အကြမ်းလျှောက်လျှောက်ခြစ်ထား ၊ ပြန်ထုတ်ပြီး ပြန်ကြည့် ၊ တချို့ကတ်တွေကို " အယ် ၊ ပေါက်ကရတွေ ပေါက်ကရတွေ ပေါက်ကရတွေ " လို့ပြောပြီး လွှင့်ပစ် ၊ တချို့ကတ်တွေကိုကျ " အိုး ၊ ဒါလေးကတော့ကောင်းတယ် ၊ တစ်ခုခုဆက်ရေးဖို့လိုမယ် ၊ ဟုတ်ပြီ " ဆိုပြီး စိတ်ပျက်စရာအပိုင်းတွေကို ရွေးဖြဲပစ် ။ ဆိုတော့ ကျွန်တော့်မှာ အလုံအလောက်ရှိတဲ့ ကတ်တွေဟာ ကဗျာအဖြစ် သူတို့ကိုယ်သူတို့ ပုံဖော်သွားကြတာမျိုးလည်း တစ်ခါတလေ ဖြစ်ရင်ဖြစ်မှာပေါ့ ။
ကဗျာတစ်ပုဒ်ဟာ ခင်ဗျားအဖို့ ဘယ်လိုအစပြုပါသလဲ ။ စိတ်ကူးတစ်ခုနဲ့လား ။ ပုံရိပ်တစ်ခုနဲ့လား ။ စကားစုတစ်စုနဲ့လား ။
အများအားဖြင့်တော့ ကဗျာတစ်ပုဒ်ဟာ ကျွန်တော့်ခေါင်းထဲက စကားလုံးတွေကနေ အစပြုပါတယ် ။ ကျွန်တော့်ခေါင်းထဲ ထပ်တလဲလဲတွေးမိနေတဲ့ ၊ ကျွမ်းထိုးတက်ကြွနေကြတဲ့ စကားလုံးတွေပေါ့ ။ တစ်ခေါက်တုန်းကဆို Bob Dylan အကြောင်းရိုက်ထားတဲ့ စိတ်လှုပ်ရှားစရာ မှတ်တမ်းရုပ်ရှင်တစ်ခု ကြည့်မိ ၊ ပြီး သူ့အကြောင်းခေါင်းထဲအပြည့်နဲ့ တောင်စောင်းတစ်လျှောက် ခွေးနဲ့လမ်းလျှောက်ထွက်လာ ၊ ပြီး တောင်စောင်းတစ်လျှောက်လမ်းလျှောက်တဲ့အကြောင်း ပါဒလိုမျိုးကို အစပြုမိတယ် ။ " ငါ့ဖိနပ်တွေဟာ ဆီးနှင်းတွေ ရွှဲရွှဲစိုကာ / ငါ့ခြေတစ်ဖက်ဟာ နောက်တစ်ဖက်ထက် ပိုရှည်ပေမယ့် အနုမာန တစ်မီတာ နှစ်မီတာမျှသာ / ငါ့ခေါင်းထဲဗလာ မင့်အကြောင်းတွေးနေတာ " ဆိုပြီးပေါ့ ။ ဒါက နည်းနည်းလေး Bob Dylan ဆန်ဆန် ထွက်လာတာပေါ့လေ ။ " ဒါဟာ တခြားတစ်စုံတစ်ရာ " ဆိုတဲ့ သံပြိုင်အပိုဒ်ကလည်း ခေါင်းထဲ သီချင်းတစ်ပုဒ်အနေနဲ့ပေါ်လာ ၊ ကျွန်တော်ကလည်း လမ်းလျှောက်နေရင်း ကျွန်တော့်ခြေလှမ်းစည်းချက်အတိုင်း စိတ်ကူးထဲ တစ်ပြိုင်တည်းရေးနေမိ ၊ ရေးနေမိတဲ့အကြောင်းအရာကလည်း ကျွန်တော်လမ်းလျှောက်နေတဲ့အကြောင်းပါပဲ ။ ဆိုတော့ အဲသလိုလည်း အစပြုနိုင်ပါတယ် ။ ဒါမှမဟုတ် ဘတ်စ်ကားပေါ်ကနေလည်း အစပြုနိုင်တာပဲ ။ အခမဲ့လက်မှတ်ရထားလို့ ဒီရက်ပိုင်းတွေမှာ ဘတ်စ်ကားတော်တော်လေးစီးဖြစ်နေတယ် ။ ဘတ်စ်ကားစီးရင်းနဲ့ ကားပေါ်မှာ လူတွေတစ်ယောက်နဲ့တစ်ယောက် ပြောဆိုနေကြတာတွေ ၊ တစ်ခါတလေ လက်ကိုင်ဖုန်းလှလှလေးတွေနဲ့ ပြောဆိုနေကြတာတွေ အော်ကြီးဟစ်ကျယ်ပြောဆိုနေကြတာတွေ စသဖြင့် သူတို့ပြောကြသမျှတွေကို ကျွန်တော်က လိုက်နားထောင် ၊ ပြီး ချရေးတန်ရေးပေါ့ ။ ပြီး ချရေးထားတာတွေကို ကဗျာလုပ်ပစ်ပေါ့ ။ ကျွန်တော်က ဘတ်စ်ကားပေါ်က စပိုင်တစ်ယောက်ပေါ့ဗျာ ။ ဒါမှမဟုတ် သတင်းစာဖတ်ပြီးတော့လည်း အစပြုနိုင်သေးတာပဲ ။ သတင်းစာတစ်စောင်ကောက်ဖတ်ပြီး စိတ်လှုပ်ရှား ၊ ကြေကွဲ ၊ ဒေါသထွက် ၊ ၀မ်းနည်း ၊ ပျော်ရွှင် ဖြစ်မိပြီး အဲ့ခံစားချက်ကို ရေးမိတာမျိုးလိုပေါ့ ။ အဲ့အပြင် ဖုန်းခေါ်ဆိုမှုတစ်ခုကနေကော ၊ နံနက်စာစားချိန်မှာ ကျွန်တော့်အမျိုးသမီးက ကျွန်တော့်ကို တစ်ခုခုပြောလိုက်တာကနေကော / မပြောလိုက်တာကနေကော ၊ ကျွန်တော့်ခွေးက ကျွန်တော့်ကိုလှမ်းကြည့်ပုံကနေကော ဘာမဆို ဘာမဆိုဟာ ကဗျာအဖြစ်အစပြုနိုင်ပါတယ် ။ အဲ့ဒါတွေကို ကျွန်တော်လိုက်မရှာပါဘူး ။ ကျွန်တော့်ဘ၀လက်ကျန်အချိန်အတွက်သာမကဘဲ ဘ၀ပေါင်းများစွာရဲ့ လက်ကျန်အချိန်တွေအတွက်ပါ ရေးစရာအလုံအလောက် ( ကျွန်တော့်မှာ ) ရှိပါပြီလေ ။
ပထမဆုံးရေးခဲ့တဲ့ကဗျာကိုမှတ်မိပါသလား ။
မှတ်မိပါတယ်၊ တချို့အပိုင်းတွေကို ကျွန်တော့်အမေက ရေးပေးခဲ့တာကြောင့်လေ ။ ကျွန်တော်နှစ်နှစ်ခွဲအရွယ်လောက်လေးတုန်းကဆို" Molly and Polly get your dolly " ၊ ပြီးတော့ " Gertie andBertie don't be dirty " စတဲ့ကာရန်တွေကို အိမ်ထဲမှာ လျှောက်အော်ဆိုနေခဲ့တာ ။ ကျွန်တော်မှတ်မိသလောက်တော့တခြားလူတွေအတွက်ရယ်လို့ ပထမဆုံးရေးခဲ့တဲ့ကဗျာက Christopher Columbus အကြောင်းကဗျာပဲ။ ကျွန်တော့်သူငယ်ချင်းတွေကို(ပဲ) ရယ်မောပျော်ရွှင်စေရုံသက်သက်ရေးထားတဲ့ တော်တော်လေးညံ့ညံ့ဖျင်းဖျင်းကဗျာပေါ့။ ၁၄ နှစ်သားအရွယ်မှာတော့ ကောင်မလေးတစ်ယောက်ကို ချစ်မိတာကြောင့် ရေးဖြစ်ခဲ့တယ် ။ ချစ်လည်းချစ်မိ၊ ဘာလုပ်ရမှန်းလည်းမသိ ၊ တစ်နှစ်မှ တစ်ခါပဲတွေ့ရသူအတွက် ကဗျာတွေ ညတိုင်းရေး ၊ ပြီးတစ်ခါမှလည်း သူ့ကိုမပြဖြစ်ခဲ့ပါဘူး ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်ရေးဖြစ်နေခဲ့တာကတော့စစ် အကြောင်းကဗျာတွေပါ ။စစ်ကို တအားဒေါသထွက်လာခဲ့တာကြောင့်ရယ် ၊ လူတွေ တစ်ယောက်နဲ့တစ်ယောက်ဘာကြောင့်သတ်ဖြတ်နေကြတယ်ဆိုတာကို ကြိုးပမ်းအဖြေရှာကြည့်ဖို့ရယ်ပေါ့ ။ ဆိုတော့ ကျွန်တော်ဟာအချစ်နဲ့စစ်ကို နားလည်သဘောပေါက်ဖို့ကြိုးပမ်းတဲ့အနေနဲ့ ကဗျာတွေရေးနေခဲ့တာပါ ။
ခင်ဗျားရဲ့' အပြော ' နဲ့ ' အရေး ' က ဘယ်လိုဆက်စပ်မှုရှိပါသလဲ ။
လူတွေကိုကျွန်တော်ကဗျာရွတ်ပြတဲ့အသံကိုကျွန်တော့်ရဲ့ ကိုယ်ပိုင်အသံအဖြစ် အမှန်တကယ်ပဲ ဖြစ်စေချင်ပါတယ် ။ ကိုယ့်အသံကိုယ် (ကျွန်တော်သိပ်မုန်းတဲ့ ) ကဗျာဆန်ဆန် တည်တည်ခံ့ခံ့ အသံကြီးအဖြစ် ပြောင်းမပစ်ချင်ပါဘူး။ အဲ့ ကဗျာဆန်ဆန် အသံကြီး တည်တည်ခံ့ခံ့ အသံကြီးကို ကျွန်တော်တကယ် မုန်းပါတယ် ။ အဲလိုမျိုးမလုပ်နိုင်ပါဘူး၊ မုန်းပါတယ် ။ ကျွန်တော်က စစ်မှန်လိုပါတယ် ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်နရီတွေ ၊ ပင်ကိုယ်ပြောပုံဆိုပုံနရီတွေကိုကဗျာအတွက်မွမ်းမံပြင်ဆင်ပြီး အသုံးချချင်ပါတယ် ။ စကားပြောခြင်းနဲ့ ရွတ်ဆိုခြင်းတို့ကြားကတစ်နေရာရာကို ရည်ရွယ်ရင်းပေါ့လေ ။ ဒါဟာ ကျွန်တော့်ရဲ့ ကဗျာလုပ်ငန်းစဉ်ပါပဲ ။ တစ်ခါတလေမှာကိုယ့်ကိုယ်ပိုင်အသံကို အသုံးပြုသလို တစ်ခါတလေကျတော့ ကျွန်တော်တွေ့ဖူးတဲ့ ရန်သူတွေ၊ မိတ်ဆွေတွေ ၊ နာမည်ကြီးတွေ စတဲ့ တခြားလူတွေရဲ့ ဟန်အမျိုးမျိုးနဲ့အသံအမျိုးမျိုးကိုသုံးပါတယ် ။ ဥပမာ တချို့ကျေးလက်ကဗျာတွေနဲ့ အနောက်တိုင်းကဗျာတွေကို ရေးတဲ့အခါမှာ သူတို့လေသံကိုကျွန်တော်သုံးပါတယ် ။ ကျွန်တော့်ရဲ့ စကော့တစ် ( scottish ) ကဗျာတစ်ပုဒ်မှာဆိုရင် ကျွန်တော့်အဖေရဲ့စကော့လေသံကို အတတ်နိုင်ဆုံးသုံးထားတဲ့အပြင် စကော့တလန်အထိတောင် ( ကဗျာနဲ့အတူ ) အလည်အပတ်သွားခဲ့ရပါတယ် ။ ဆိုတော့ အမျိုးမျိုးပါပဲ ။ အဲလို အမျိုးမျိုးလုပ်ပစ်ရတာကိုလည်း ကျွန်တော်ကြိုက်ပါတယ်။ ကျွန်တော်ကဗျာရွတ်နေပြီဆိုရင် တကယ့် ပဒေသာကပွဲ ( Variety Show ) ပဲ ။ ဝမ်းနည်းဖို့ကောင်းတဲ့ကဗျာ၊ ပြီး ရယ်ရတဲ့ကဗျာ ၊ ပြီး ဒေါသထွက်စရာကဗျာ စသဖြင့် ကျွန်တော်အကုန်ရွတ်ချင်တာ ။ မုဒ်အမျိုးမျိုးနဲ့ကဗျာအမျိုးမျိုးပါတဲ့ ကဗျာစပ်ထည်ကို ကျွန်တော်ကြိုက်ပါတယ် ။ ဆိုတော့ အင်းပေါ့ ၊ ကဗျာအမျိုးမျိုးအတွက်အသံအမျိုးမျိုးပေါ့ ။
ကဗျာဆရာတစ်ယောက်နဲ့သူနေထိုင်တဲ့ လူ့အဖွဲ့အစည်းကြားထဲက ဆက်ဆံရေးဟာ ဘယ်လိုရှိသင့် ဖြစ်သင့်တယ် ထင်ပါသလဲ။
ဗုံးအကြောင်းကျွန်တော်တွေးမိခဲ့တယ် ၊ တွေးမိနေဆဲလည်းဖြစ်တယ် ။ ဘာလို့လည်းဆိုတော့ ဗုံးက နတ်သမီးတိုင်းပြည်ရောက်သွားတာမဟုတ်ဘူးလေ၊ ကျွန်တော်တို့ခေါင်းပေါ်မှာ ရှိနေတုန်းလေ ။ ဆိုတော့ ဒါတွေအပေါ် ကျွန်တော်တုံ့ပြန်ရေးသားပါတယ်။ နောက်ပြီး ဒီနိုင်ငံရဲ့ ဆင်းရဲသားပမာဏက ကြောက်ခမန်းလိလိဖြစ်နေတာရယ် ၊ တစ်ကမ္ဘာလုံးအနှံ့က ဆင်းရဲသားပမာဏကလည်း ဆိုးဆိုးရွားရွား ကြောက်ခမန်းလိလိဖြစ်နေတာရယ်၊ လူချမ်းသာတွေနဲ့ ဆင်းရဲသားတွေကြားက လူတန်းစားတိုက်ပွဲရယ် စတဲ့ကိစ္စတွေကို တုံ့ပြန်ရေးသားပါတယ်။ ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် အကြောင်းအရာအားလုံးကို ကျွန်တော်ရေးဖို့ကြိုးစားတာပါပဲ။ သဘာဝလောကအကြောင်းရေးတယ် ။ ခွေးတွေအကြောင်းရေးတယ် ။ အဆင့်မြင့်အနုပညာအကြောင်းရေးတယ်။ အဆင့်နိမ့်အနုပညာအကြောင်းရေးတယ် ။ ကျွန်တော် အထူးချစ်တဲ့လူတွေအကြောင်းရေးတယ် ။ နိုင်ငံရေး၊ စစ် နဲ့ ငြိမ်းချမ်းရေးအကြောင်းရေးတယ် ။ ငြိမ်းချမ်းရေးအကြောင်းကတော့ အများဆုံးပေါ့ ။ ဒါပေမယ့် ဘယ်သူ့ကိုမှ " ဘာလုပ်ရမယ်" လို့ ကျွန်တော်မပြောနိုင်ပါဘူး ၊ ပြောလည်းမပြောချင်ပါဘူး ။ ကဗျာဟာ လွတ်လပ်တဲ့တိုင်းပြည်ပါ၊ အမှန်တကယ်ကို လွတ်လပ်တဲ့တိုင်းပြည်ပါ ( ဒီလိုလွတ်လပ်တဲ့တိုင်းပြည်မျိုးမရှိပါဘူး) ။ ပြီး လူတိုင်းအတွက်လည်း နေရာရှိပါတယ် ။ ဒါပေမယ့် လူမျိုးရေးခွဲခြားသူတစ်ယောက် ဒါမှမဟုတ် ဖက်ဆစ်တစ်ယောက် ဒါမှမဟုတ် ' ဘာအကြောင်းရေး ' ဆိုပြီး လိုက်လွှမ်းမိုးဖို့ကြိုးစားနေသူတစ်ယောက်စသဖြင့်တွေကိုတော့ ကျွန်တော်က ဆောင့်ကန်ထုတ်ပစ်မှာ ။ မလုပ်ကြပါနဲ့ ၊ တစ်ယောက်ကိုတစ်ယောက်အဲလိုမလုပ်ကြပါစို့လား ။ " ကဗျာထဲ ဒါထည့်ရေးလို့ရလား " လို့ ကျွန်တော့်ကိုမေးလာကြတဲ့အခါ ကျွန်တော်ကတော့ " Yes " ပဲ ။ ကျွန်တော့်အချိန်တော်တော်များများကို" Yes " လို့ပြောပြီး ကုန်ဆုံးခဲ့ရတယ် ။ ကလေးတွေနဲ့ ကျွန်တော်ဆက်ဆံရတဲ့အခါသူတို့ကမေးကြတယ် ။ " ကျွန်တော့်ခွေးအကြောင်း ကျွန်တော် ရေးလို့ရလား " တို့" ကျွန်တော့်ဘောလုံးအသင်းအကြောင်း ကျွန်တော် ရေးလို့ရလား " တို့ စသဖြင့်ပေါ့။ " Yes " ၊ ကျွန်တော်ကတော့ ဘာလာလာ Yes ပဲ ၊ yes yes yes yes yes လို့ပဲပြောချင်ပါတယ်။ ကျွန်တော့်ကဗျာတွေကိုလည်း Yes လို့ပဲ ပြောကြစေချင်ပါတယ် ။ ဒါပေမယ့် ကျွန်တော့်ကဗျာအများစုကNo လို့ပြောကြတဲ့အပေါ်မှာတော့ အတော်စိတ်မကောင်းဖြစ်မိပါတယ် ။ ဒါပေမယ့် ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတော်တော်များများဟာအဆိပ်သင့်နေ ၊ နာကျင်နေ ၊ အန္တရာယ်ရှိနေတယ်လေ ။ ဒါကြောင့် ကျွန်တော် Yes ကော No ကောနှစ်မျိုးလုံးပြောရပါတယ် ။
ခင်ဗျားစရေးခဲ့တဲ့အချိန်ထက်စာရင်ယနေ့အချိန်မှာ ကဗျာကအရေးမလုပ်တဲ့ ( ဝါ ) ကဗျာနဲ့ဝေးနေကြရတဲ့လူတွေ နည်းသွားလား ၊ များလာလား။
" ကဗျာအများစုကလူအများစုကို အဖက်မလုပ်တဲ့အတွက်ကြောင့် လူအများစုကလည်း ကဗျာကို အရေးမလုပ်ကြဘူး" လို့ ကျွန်တော် ရေးခဲ့ပြောခဲ့တာ ရှိပါတယ် ။ အဲ့အချိန်တုန်းက အင်္ဂလန်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ကိစ္စရှိပါသေးတယ် ။ ပုံနှိပ်ကဗျာမှာ အခွင့်ထူးခံအမျိုးသား ( ယောက်ျား ) တွေ ၊ လူလတ်တန်းစားအလွှာနဲ့တက္ကသိုလ်ပညာတတ် ကဗျာဆရာတွေ ( ရဲ့ကဗျာတွေ ) ပဲ ပါဝင်နေတဲ့ ကိစ္စ ။ ဒါပေမယ့် ယနေ့အချိန်မှာတော့အဲ့လိုဝိသေသတွေလည်းမရှိတဲ့ ၊ ဟိတ်ကြီးဟန်ကြီးလုပ်ကြမှာလည်း မဟုတ်တဲ့ ၊ စာအုပ်တောင်ထုတ်ကြမှာမဟုတ်တဲ့ကဗျာဆရာတွေ အမြောက်အများရှိနေပါပြီ ။ ၁၉၅၉ ခုနှစ်မှာ Michael Horowitz က NewDepartures မဂ္ဂဇင်းကို ထုတ်ဝေပြီး ကဗျာဆရာတွေ perform လုပ်နိုင်ကြဖို့အတွက် LiveNew Departures ဆိုတဲ့ကဗျာရွတ်ပွဲကို အစပြုကျင်းပပေးခဲ့တယ် ။ အဲ့အစီအစဉ်ကနေပြီးတော့ဒီနိုင်ငံမှာ ကဗျာရွတ်ပွဲတွေ ဝက်ဝက်ကွဲထွန်းကားများပြားလာစေခဲ့တယ် ။ ကျွန်တော်ငယ်ငယ်တုန်းကဆိုဗြိတိန်မှာ တစ်နှစ်လုံးနေမှ ကဗျာရွတ်ပွဲ ၁၀ ပွဲလောက်ပဲရှိခဲ့တယ် ။ ခုဆိုရင် ထောင်နဲ့ချီရှိနေပြီ။ ကဗျာအမျိုးမျိုးအစားစားကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေခဲ့တာပေါ့ ။ ဆိုလိုတာက ခုဆိုရင်ပုံနှိပ်ဖော်ပြခံရတဲ့ အမျိုးမျိုးသော ကဗျာဆရာတွေ အားလုံးအနက် တချို့ကသာ ပညာတတ်တွေ အကဲဒမစ်တွေပါ။ ဘာကြောင့်လဲဆိုတော့ ခက်ခက်ခဲခဲကဗျာကြီးတွေပဲ ပုံနှိပ်ဖော်ပြခံရနိုင်တဲ့နေ့ရက်တွေဟာကုန်ဆုံးသွားလို့ ၊ အပြီးအပိုင်ကို ကုန်ဆုံးသွားလို့ပါပဲ ။ ယနေ့ခေတ်မှာ ကဗျာဆရာတစ်ယောက်ဟာသူပြောချင်တာကို သိပ်ရှင်းရှင်းလင်းလင်းပဲရေးရေး သိပ်ရှုပ်ရှုပ်ထွေးထွေးပဲရေးရေး (ကဗျာကကောင်းနေမယ်ဆို ) အကြောင်းမဟုတ်တော့မှန်း သိကြရပါပြီ ၊ ကဗျာကကောင်းနေသရွေ့ပေါ့လေ။ ကဗျာကကောင်းနေသရွေ့ လူတိုင်းအတွက် နေရာရှိပါတယ် ။ ဘာအမျိုးအစားပဲဖြစ်ဖြစ် ၊ ဘယ်လိုယုံကြည်ချက်ပဲဖြစ်ဖြစ်၊ ဘယ်လိုအရောင်အသွေးပဲဖြစ်ဖြစ် ၊ ဘယ်လိုလိင်ဦးစားပေးပဲဖြစ်ဖြစ် ၊ ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်ကဗျာဆရာကောင်းအားလုံးအတွက် နေရာရှိပါတယ် ။ လူတိုင်းအတွက် နေရာရှိပါတယ် ။
ခင်ဗျား စာစရေးခဲ့တဲ့အချိန်မှာဘယ်အကြံဉာဏ်က အထောက်အကူအဖြစ်ခဲ့ဆုံးလဲ ။
New Yorkမြို့ ၊ ၁၉၆၄ ခုနှစ် ၊ နှစ်သစ်ကူးနေ့ ၊ နံနက် ၁၀ နာရီ တဝိုက် ၊ ကော်ဖီဆိုင်တစ်ဆိုင်မှာတုန်းကပေါ့။ " ဘယ်သူတွေ ကဗျာထွက်ရွတ်ကြမှာလဲဟေ့ " ဆိုပြီး ကျွန်တော့်ကိုပါ ရွတ်ဖို့တောင်းဆိုကြတယ်။ အင်္ဂလိပ်မိတ်ဆွေတချို့ရယ် ၊ Allen Ginsberg နဲ့ Peter Orlovsky တို့အပါအဝင် အမေရိကန်ခြောက်ယောက်လောက်ရယ် ထွက်ရွတ်ကြတယ် ။ Allen က အရမ်းသဘောကောင်းတာပဲ ။ ကျွန်တော်ရွတ်တာကို အဆုံးထိနားထောင်ပေးပြီး ခုလိုပြောတယ် ။ " အင်း ၊ ခင်ဗျားက တင်းကျပ်တဲ့ ပုံသဏ္ဍာန်တွေ ဘာတွေနဲ့ ရေးတော့ ခင်ဗျားရဲ့ကဗျာတော်တော်များများက တော်တော်ကို ကသီလင်တဖြစ်နေတယ် ။ ဒါသဘာဝကျပုံမပေါ်ဘူး ။ ကိုယ့်စကားပြောပုံကို ကိုယ်ပြန်နားထောင်ပြီး အဲ့နရီတွေကို ယူအသုံးချသင့်တယ်ထင်တယ် ။ ကိုယ့်ပင်ကိုအသံထဲကနရီတွေကိုနားထောင်ပြီး ကဗျာကိုထိန်းကျောင်းမောင်းနှင်ဖို့အသုံးချရမယ့်အပြင် ကိုယ့်ကဗျာပါဒတွေ ဘယ်လောက်ရှည်သင့်တိုသင့်လဲဆိုတာကိုအဖြေထုတ်ဖို့ပါ အသုံးချရမယ် " စသဖြင့်ပေါ့လေ ။ပြီး " အင်း ခင်ဗျားအမေအကြောင်းရေးထားတဲ့ကဗျာလေ ၊ လွတ်လပ်ကာရန်နဲ့ရေးထားတဲ့တစ်ပုဒ်လေ ၊ အဲ့တစ်ပုဒ်ကိုတော့ တခြားလူတွေရဲ့ကဗျာတွေထက်ကို ပိုကြိုက်တယ် " လို့ပါထပ်ပြောတယ် ။Allen ဟာ တစ်ဖက်သားအပေါ် အရမ်း အရမ်းကို စာနာနားလည်နိုင်စွမ်းရှိတဲ့ ကဗျာဆရာတစ်ဦးပါ ။ လူအမြောက်အများကို ကူညီခဲ့တဲ့ မဟာကဗျာဆရာကြီးတစ်ဦးပါ ။ သူ့အကြံဉာဏ်ဟာ ကျွန်တော်ရခဲ့တဲ့ အကောင်းဆုံးအကြံဉာဏ်ပါပဲ ။
စာဖတ်သူတွေကို စိတ်ထဲသတ်သတ်မှတ်မှတ်ထားပြီး စာရေးပါသလား ။
ကျွန်တော်စာရေးတဲ့အခါ မကြာခဏဆိုသလို နရီကို စည်းချက်လိုက်ကြည့်တယ် ၊ ဒါမှမဟုတ် ကဗျာနဲ့လိုက်ဖက်မယ့်နရီကို ကြိုးစားရှာကြည့်တယ် ။ ပြီး စာဖတ်သူကိုလည်း နည်းနည်းတော့ ထည့်စဉ်းစားပါတယ် ။ တစ်ခါတလေ ကဗျာတစ်ပုဒ်ကို တစ်စုံတစ်ယောက်အတွက်သီးသန့်ရည်ရွယ်ပြီးရေးတယ် ၊ တစ်ခါတလေ နာမည်တွေပါ တပ်ပေးတယ် ၊ တစ်ခါတလေကျ စဉ်းစားမိတယ် " အင်း အဲလ်ဘတ်က ဒါကို နားလည်ပါ့မလား ၊ ဆီလီယာက ဒါကို ကြိုက်ပါ့မလား ၊ သူတို့တွေ ဒါကို ရယ်ကြပါ့မလား " စသဖြင့်ပေါ့ ။ ကလေးတွေအတွက်ပြဇာတ်တစ်ပုဒ် ရေးနေတဲ့အခါမျိုးမှာဆို ကျွန်တော့်မြေးတွေကိုထည့်တွေးမိပြီး " လိုလာကဒါကို နားလည်ပါ့မလား ။ လိုလာက ဒီပြဇာတ်ကို ကြိုက်ပါ့မလား ။ ဒီပြဇာတ်မှာ လိုလာ ဘာများကြိုက်မလဲဘာများလုပ်ချင်မလဲ ။ လိုလာက မြင်းပုလေးတွေ အရမ်းကြိုက်တယ် ။ ဒီပြဇာတ်ထဲ မြင်းပုလေးတစ်ကောင်လောက်ထည့်ရေးဦးမှပဲ " လို့ပါ စဉ်းစားမိတာမျိုးတွေပေါ့ ။ ဆိုတော့ တစ်ဦးတစ်ယောက်ကိုသီးသန့်ရည်ရွယ်ပြီးရေးမယ်ဆိုရင် အဲ့လူကိုစိတ်ထဲထည့်ထားပြီးရေးတာဟာ သိပ်ကောင်းတယ်လို့ထင်ပါတယ်။ စစချင်းမူကြမ်းကို ရေးနေတဲ့အချိန်မှာတော့ အဲ့လိုထည့်စဉ်းစားဖို့ လိုကိုလိုတယ်လို့တော့မဟုတ်ဘူးဆိုပေမယ့်အဲ့မူကြမ်းကို ' ပြန်'ရေးတဲ့အချိန်မှာတော့ " သူ့အတွက် ဒါက အဆင်ပြေပါ့မလား" လို့ တွေးမိဖို့လိုပါတယ် ။ ကလေးစာပေရေးသားသူ စာဆိုတော်ကြီးတွေဟာ ကလေးတစ်ယောက်ယောက်ကို/ ကလေးတစ်စုတစ်ဖွဲ့ကို သီးသန့်ရည်ရွယ်ပြီး ရေးသားကြသူတွေဖြစ်ပါတယ် ။ ဥပမာ လူးဝစ်ကာရိုးလ်ဟာအဲလစ်အတွက်ရေးတယ် ( အဲလစ်ရဲ့ တကယ့်ဘဝအကြောင်း ) ၊ အက်ဒ်ဝါဒ်လီယာက သူ့မိတ်ဆွေတွေရဲ့ကလေးတွေအတွက်ရေးတယ် စသဖြင့်ပေါ့ ။ ကလေးတွေအကုန်လုံးအတွက်ရည်ရွယ်ပြီး ယေဘုယျဆန်ဆန်ကြီးတွေမရေးဖို့( အလုပ်ဖြစ်မှာမဟုတ်လို့ ) နဲ့ အရွယ်ရောက်လူကြီးတွေအကုန်လုံးအတွက်ရည်ရွယ်ပြီးတော့လည်း ယေဘုယျဆန်ဆန်ကြီးတွေမရေးဘဲ ကိုယ့်မိတ်ဆွေတွေအတွက်( ဆန္ဒရှိရင် ကိုယ့်ရန်သူတွေအတွက်ပါ ) ရေးဖို့ဟာ ကောင်းမွန်တဲ့လမ်းညွှန်ချက်တွေ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကို စိတ်ထဲထားတန်ထားပြီးရေးပါ ။ ဒါမှမဟုတ် 'ပြန်'ရေးတဲ့အချိန်မှာ တစ်စုံတစ်ယောက်ကိုစိတ်ထဲထားပါ ။ ကဗျာဆိုတာ လက်ဆောင်တစ်ခုပါ ။ သူ့ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်ကလည်း" ပေး " ဖို့ပါ ။ ဆိုလိုတာက ကိုယ့်အတွက်ပဲကိုယ်ရေးတာဟာ ကိုယ့်ကိုယ်ကိုယ်ပဲစိတ်ကျေနပ်စေနိုင်မှာ ၊ တခြားလူတွေအတွက် အလကားပဲ ။ ကဗျာဟာ လက်ဆောင်ပါ ၊ ဖြန့်ထားတဲ့လက်တွေနဲ့သာပေးလိုက်ကြစမ်းပါ ။
ဟံလင်း

No comments:
Post a Comment