Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

ငါ ဖတ်ချင်တဲ့ စာအုပ်လေး

ထိန်လင်း
                                                                     သရုပ်ဖေါ်ပန်းချီ ထိန်လင်း

ဆေးပြင်းလိပ်ငွေ့ရယ်၊ ကြက်သွန်ဖြူရယ်၊ ကြမ်းပိုးရယ်၊ ဘုရားသခင်ရယ်ကို
အဆိပ်ရယ်၊မြွေပွေးရယ်ထက် ပိုမုန်းတယ်ဆိုတဲ့ ဂျာမန်ကဗျာဆရာ Goethe  က
သူသည်းမခံနိုင်တဲ့ သူတွေကို ဒီလူတွေသာ စာအုပ်တွေဆိုရင် ငါမဖတ်ဘူးလို့ အပြတ်ပြောတယ်။
နင်ကတော့ ငါ ဖတ်ချင်ခဲ့တဲ့ စာအုပ်လေးပေါ့ကွယ်။

တညနေ ငါသေချင်စိတ်ပေါက်နေကြောင်း
လက်ဖက်ရည်ဆိုင်မှာဆုံတဲ့ ရစ်ချက်လှဘူးကို ပြောမိတော့ 
အောင်မာ၊ သေချင်နေတဲ့အကောင်က မိုးလေး ဖွဲဖွဲရွာတာတောင်
ထီးဆောင်း လာရသလားလို့ ငါ့ထီးကောက်ကိုကြည့်ပြီး ပြက်ရယ်ပြုတယ်။

ဟကောင်ရ... ဒီလောကမှာ မင်းမဖတ်ဖူးသေးတဲ့ စာအုပ်တွေ၊
မင်းမသောက်ဖူးသေးတဲ့ အရက်တွေ၊ မင်းမချစ်ရသေးတဲ့ မိန်းမတွေ
 အများကြီးကျန်သေးတယ်.. ဘာလို့ သေချင်ရမှာလဲလို့လည်း ဆိုသေးတယ်။

သိပ်မကြာခင်မှာပဲ ကိုရစ်ချက် ရထားအောက်ဝင်သွားတဲ့ သတင်း ကြားရတယ်။
သူ့ဆီက ငှားထားတဲ့ ဂျာမန်မော်ဒန်စာပေဆိုတဲ့ စာအုပ်ကို ပြန်မပေးလိုက်ရဘူး။
အဲဒီ့စာအုပ်ထဲက Goethe ကဗျာတွေကို ကြိုက်တယ်လို့
ပြာပြမယ် ကြံထားတာလည်း မပြောဖြစ်လိုက်ဘူး။

"ဝေးနေတုန်းတော့မေ့နေနိုင်သေးကာ
.... တွေ့ပြန်ဦးတော့ စိတ်တွေကစား၊

သိပ်သိချင်တယ်၊မေးကြည့်ချင်တယ်.... ဖြေနိုင်တုန်း ဖြေပါဦး.....

ဖြေပါဦး.... ဒီချစ်ထုံး၊ ဒီချစ်ထုံး ဖြေပါဦး.... ဖြေနိုင်တုန်း ဖြေစေချင်တယ်။''

ဒီခင်ဝမ်းသီချင်းကို ငါဖတ်မယ်လို့ ရွေးချယ်ထားတဲ့
စာအုပ်လေးနင့်ရှေ့မှာ ငါဆိုပြနေတာများ ကိုရစ်ချက်ကြီး သိနိုင်ခဲ့ရင်၊
မန်းလေးဘုရားကြီးက ခမာကြေးရုပ်တွေလို မျက်နှာမျိုးရှိတဲ့
သူ့မျက်နှာကြီးကို ဟန်ပိုပို ရွဲ့စောင်းကာရယ် ဘယ်လိုစကားဆန်းတွေနဲ့
မှတ်ချက်ပြုလိမ့်မလဲ ဆိုတာ ငါသိချင်စမ်းလှတယ်။
 
                                             လင်းအေးထင်

No comments:

Post a Comment