ကဗျာဆရာဝင်းမောင် ဆိုရင် သိတဲ့သူတွေသိကြမှာပါ။ ၀င်းမောင် ၊ ၀င်းမြင့်၊
ဝင်းလွင်..စတဲ့ကဗျာရေးကောင်းသူတွေရောနေရင်လည်းရောနေလိမ့်မယ်။
၁၉၉၅ - ၉၆ ကာလတွေဆီက ကျွန်မသူ့ကဗျာတော်တော်များများကို
ဖတ်ခဲ့ရပြီး…ကူးယူသိမ်းဆည်းထားခဲ့ပါတယ်။အဲဒီကဗျာလေးတွေကို ကျွန်မ
ပြန်မျှဝေချင်လို့ပါ။ ပစ်ထားတာကြာနေသလိုဖြစ်နေတဲ့ကျွန်မရဲ့ကဗျာဘလောခ့်
လေးကိုလည်းဖုန်ခါရင်းပေါ့..း)
ကိုဝင်းမောင် ကိုကျွန်မမြင်ဖူးသိဖူးတာလည်း အဲဒီသရဖူကာလများဆီက
သိခဲ့တာပါ..။သရဖူကာလဆိုတာက သရဖူမဂ္ဂဇင်း အရှိန်ကောင်းနေတဲ့
အချိန်ကိုပြောတာပါ။ စာပေနဲ့ပတ်သက်ရင်မှတ်တမ်းမှတ်ရာအဖြစ်ထားရမယ့်
သရဖူ မဂ္ဂဇင်းတွေအဲဒီတုန်းကထွက်ခဲ့ပါတယ်။ အဲဒီတုန်းကတည်းကမြင်ဖူးခဲ့တယ်။
နောက်ပိုင်း စင်္ကြာလုလင် ဆိုပြီး မောင်သစ္စာ(သစ္စာပိုင်စိုး)တို့ ကိုနွယ်ဦးတို့နဲ့
နေလ ဂျာနယ်လုပ်တော့တစ်ခါထပ်ဆုံတယ်။အဲဒီမှာတော့သူက
ကဗျာဆရာမဟုတ်ဘူး။ကံကြမ္မာဖတ်သူ။ ဇာတာတွက်သူ..။
နောက်ပိုင်းကျတော့ ကျွန်မလည်းကိုယ့်သောကနဲ့ကိုယ် သူလည်းသူ့ဘဝ
နဲ့သူ..မတွေ့ဖြစ်ကြတော့တာတော်တော့်ကိုကြာတယ်။ကျွန်မခရီးမထွက်
်ခင်လေးကမှရောက်လာ..တယ်။ အကြွေးလာဆပ်တာတဲ့။
ဘာကြွေးလဲဆိုတော့ဇာတာကြွေး.။သားကလေးကိုဇာတာတွက်ပေးထားတာ။
ကိုယ်ကဖြင့်မေ့တောင်နေပြီ။
ကျွန်မသွားမယ်ဆိုတာသိတော့သူကမွေးနေ့မေးတယ်။နင့်လည်းတစ်ခုတွက်
ပေးမယ်တဲ့။ကျွန်မကမွေးနေ့လည်းပြောလိုက်ရော..သူကရယ်တယ်။
နင့်ဇာတာက နင်တကယ်လို
အပ်ရင်အနားမှာဘာမှမရှိတတ်တဲ့ဇာတာပဲ တဲ့။ ပျော်စရာကြီးနော်..း(
..သူကလုပ်ကြံပြောတာမှမဟုတ်တာ။ဘာတတ်နိုင်မှာလဲ။
အဲဒါနဲ့ ..ဆရာရယ် ဇာတာလည်းဖွဲ့ တာဖွဲ့ ကံကြမ္မာဖတ်တာလည်း
ဖတ်ပေါ့..ကဗျာလေးရေးပေးပါဦး ဆိုမှ ကဗျာတစ်ပုဒ်နဲ့ကျွန်မဇာတာနဲ့အတူ
ရောက်လာတယ်။ နင် အသက်ကြီးရင်တော့ကောင်းသွားမှာပါတဲ့..။
ဘယ်လောက်ကြီးရင်လဲလို့မမေးလိုက်ရဘူး ..း)
သူ့ကဗျာလေးတွေကတော့ တကယ့်ကိုကောင်းတာပါ။
ကဗျာတွေကို ကြမ္မာဖတ်သလိုရေးသွားတဲ့ကဗျာဆရာလို့ ပြောရမလား…???
ဖတ်တဲ့သူကိုယ်တိုင်သာဆုံးဖြတ်ပါတော့လို့…။
( ကိုဝင်းမောင် ..သို့ အမှတ်တရ..)
သူ နှင့် အခြားသောအရာများ
အဆင်မပြေတဲ့ဘ၀ကို
အမည်ပေးခွင့်ပြုသမျှထက်ဈေးကြီးပေးဝယ်ဖို့
သက်တမ်းစေ့အောင်ပန်းကိုင်းကျိုးသံကျယ်လောင်
…ဟေ့ကောင်..
ချောက်ကမ်းပါးကိုကပ်မလျှောက်နဲ့….တဲ့
အဲသလို အဘိဓမ္မာဆန်သူက
အန္တရာယ်အကြောင်းဆွေးနွေးတယ်။
ခပ်ကြောင်ကြောင်မျက်နှာကြောတင်းသူ
ကျင့်သားရအောင်ဆင်းရဲသူ
မိန်းမရဲ့ ဗိုက်ထဲက စကြ၀ဠာသစ်ကိုငေးမောသူ
ဥမ္မတ္တကောပေါ်မှာ တက်ထိုင်မိသူမို့..
အတ္တလဂ်ကိန်း
သုံးထပ်ကိန်းတွေ
မဟာဘုတ်တွေ
အကျယ်တ၀င့်ဝရုန်းသုန်းကားဖြစ်ရ
ဒါကပဲ အချစ်ကိုသေချာမြင်ဖူးသူရဲ့
ဥပဓိလို့ဆိုပြန်
သွားစမ်းပါ
ဒီမှာ
အတိအကျပြောရရင်
မရှိမဖြစ်ခြင်းတွေမှာ
မရှိလို့ဖြစ်အောင်နေထိုင်ခြင်းနဲ့ရွဲ့စောင်းခဲ့သမျှ
အခုခေါင်းကိုက်တာနဲ့ထပ်တူကျနေပြီ..။
မေ့လျော့စွာဖြစ်တည်ခဲ့မိလို့
ထွက်ခွာဖို့အတွက်ဒူးတဆတ်ဆတ်ရင်တဒိတ်ဒိတ်
အိပ်ရေးပျက်ခြင်းအကြောင်းလည်းမပြောချင်
ဒီ ထက်ပိုပြီး ထိတ်လန့်မိတယ်
ခု…
ကလေးလေးတစ်ယောက်ရဲ့အတွေးနဲ့
လောကကိုအားလျားမှောက်အကြည့်မှာ
အခြားသော အရာတွေပိကျလာရဲ့ …။ ။
ဝင်းမောင်
တစ်ယောက်တည်းတည့်အောင်နေခြင်းအစီအစဉ်
ခု..ဖွာနေတဲ့ဆေးပေါ့လိပ်လို
ရာဇ၀င်ပြန်တွေးနေတဲ့ အိနြေ္ဒ ဟာမီးတရဲရဲ..။
အဘိဓမ္မာသင်တန်းဆရာကြီးလောကဓံအောက်
အပ်ဖျားပေါ်မုန်ညင်းစေ့တင်သလောက်မှမငြိမ်ဘူးဆိုရင်
အဲဒီ ဂီတကိုနားမထောင်ချင်ဘူး။
ကြည့်စမ်း
တိမ်တွေ..တိမ်တွေ..မိုးကိုသယ်လာခဲ့ပြီ။
မနေ့က၏
ယနေ့၏ …အသိ….တဲ့
အဲဒါလေးကို ..အဲသလို…သူ့ချည်းပဲဝါးစား
အထားအသိုမှန်ပစေ…လေလုံမိုးလုံရှိပစေ
အပျင်းပြေကစားနည်းတစ်ခုလို
အကြောလျော့ဖြေသိမ့်ခြင်းထဲ ၀က်အူရစ်လှည့်ဝင်
ကျုပ်အထင်ကရ နေထိုင်မှုမှာတော့
တစ်ယောက်တည်းမသင့်မြတ်ခဲ့တာ
ကြာပြီ..။
ကျုပ်အလိုမတူပဲ
ရာသီတွေလဲနေတယ်
ခင်ဗျားတို့သက်သေရှိရဲ့..။
အဆင်မပြေဘူး
ဘာတစ်ခုမှအဆင်မပြေဘူး
ဝိသာခါနက္ခတ် ရာဟုဓါတ်စီးတဲ့အချိန်မှာ မွေးခဲ့လို့လား။ ။
ဝင်းမောင်
တေးဆိုတဲ့ဝိညာဉ်
သီချင်းမရှိသောအရပ်မှာ
အိပ်မက်မရှိသောအရပ်မှာ
ကိုယ်ကိုပြန်မတ်ကာ
ကံကြမ္မာမျက်နှာသာပေးသည့်အတိုင်း..။
ဟုတ်ပေပြီ
“ အဆင့်အတန်းမြင့်ချင်စိတ်တို့၏
ဝင်ရိုးများ
ဘီးများ
အိပ်ဆေးပြင်းပြင်းများ
မထီလေးစားစကားများနဲ့
ရေနံဆီမီးအိမ်ကို အစိုးရိမ်ကြီးခဲ့
ကြယ်ကြွေတာကိုလည်းနှမျောခဲ့တယ်။ ”
မိုးကောင်းကင်ထဲက
အကွေ့အကောက်တွေ
နံရံတွေ တံတိုင်းတွေ
သက်ဝင်ပါရှိစွာ
ပုံနှိပ်ထားသောစကားလုံးထဲမှာ
ငြင်းခုံဆွေးနွေးရန်
ဒီလိုပဲလား
အချို့လူတွေနေကြထိုင်ကြတာက…။
ဒီလိုပဲလား
ငါ့မှာနေမိထိုင်မိတာက..။
ဒီလိုပဲလား
စားပင်သောက်ပင်စိုက်ပျိုးတာက..။
ဒါဇင်ပေါင်းများစွာ ပျင်းရိစရာကောင်း
ကြွားဝါဖို့ကောင်းလောက်အောင်
ဝမ်းနည်းခဲ့ဖူးပြီ..။
တစ်မူထူးခြားစွာမပြောလိုပါ
“ အမှန်တရားနဲ့တစ်ထေရာတည်းတူဖို့
အိပ်ရေး၀၀အိပ်ပါရစေ ” ။ ။
ဝင်းမောင်
မိမိခြေသံကိုရေတွက်ခြင်း
နှလုံးသားတို့
ခေါ်ထူးပဲ့တင်မှုများထူပိန်းစေရန်
လက်ရမ်းကိုခိုင်စေချင်၏..။
အခန်းဝင်လာပုံက
ရော်ရွက်တွေကြွေလာသလိုပဲ။
ထိုကဲ့သို့ရည်ရွယ်ချက်
ဖွဲ့ နွဲ့လိုက်ပါတော့လားဆို
အလို…ခင်ဗျားမှာရောဂါရှိနေပြီလား..။
အကောင်းစားမို့
အကောင်းဆုံးလွှင့်ပစ်ရမယ့်
တန်ဖိုးနိမ့်ညောင်းညာမှုများ
ဝမ်းသာစကား၊နှစ်တစ်နှစ်
အိပ်မက်တစ်ခု ၊ရုပ်ရှင်ရုံတစ်ရုံ
ချစ်လွန်းလို့ အော်ဟစ်ဆဲဆိုပုံကို
ငါကိုယ်တိုင်ကြုံဖူးတယ်လို့ဆိုပါ…။
“ ဘ၀ကိုတကယ်
ခင်တွယ်ပါသလား……..’ တဲ့။
ဝဲပျံခြင်းအတတ်နဲ့ အတောင်ကျိုးပုံရဲ့နှစ်ထပ်ကိန်း
မျက်နှာကိုနင်းခြေမယ့်လက်လျော့အရှုံးပေးစိတ်
ကွဲလွဲချက်ပေါ် တိတ်တိတ်ကလေးရိုက်ကပ်မိတွယ်။
ဘိတ်ဘိတ်ဆုံးလူရိုသေရှင်ရိုသေတစ်ခုခုရဲ့
အဓိပ္ပာယ်မှာ
“ဘယ်သွားမလို့လဲ”
“ဘယ်ကပြန်လာသလဲ..”
“ထမင်းစားပြီးပြီလား..”
“နေကောင်းရဲ့လား..”
မလိုအပ်ပဲ ခရီးသွားဟန်လွဲပဲ့တင်
တစ်နေ၀င် တစ်ခေတ်ကုန်မြန်လွန်းတဲ့စကြ၀ဠာ….
“မသိဘူး..
….ဘာဆိုဘာမှမသိချင်ဘူး …”..အမေရယ်
ငယ်ငယ်တုန်းကလို
ခဲဖျက်ဟာအသုံးဝင်ပါစေတော့…။ ။
ဝင်းမောင်
အိတ်ဆောင်အဘိဓာန်
ဖြူးဖြူး ဖြောင့်ဖြောင့် အခြေအနေ နေသားတကျ ဖြစ်ဖို့
အခြားလူတွေရဲ့အပူအပင်လို့သဘောထားလိုက်
(အဲသလို ယူဆရင်
…..လက်ခံခွင့်ပြုမလား)
ကျေးဇူးပြုပြီး ငြိမ်ငြိမ်နေပါ
မျက်နှာမသစ်ပါနဲ့
ခြေမဆေးပါနဲ့..။
နှစ် ကို နှစ် နဲ့ပေါင်းရင် လေး
နှစ် မှ နှစ် ကိုမြှောက်သော် ဆိုတဲ့ ဟာသ
ဘ၀မှာဘူးလေးရာဖရုံမဆင့်ရန်မဆိုစလောက်သာ
ကလေးငယ်ရဲ့ နုနယ်မှုတွေ အလုအယက်ခန်းသွားပုံဟာ
အထိတ်တလန့်သိတော့
တွေးတောမှု
စကြ၀ဠာ ၊ကမ္ဘာ
ဥပဓိရုပ်နဲ့ ပိုက်ဆံ
တိုက်ဆိုင်တတ်ပုံတွေဟိုတစ်စ သည်တစ်စ
မျှော်လင့်ချက်အဲသလောက်တုန်ခါနေပုံထောက်ရင်
သူ
ရိုးသားခဲ့တာသေချာတယ်။
ယုံကြည်မှုတွေကိုဒေါသနဲ့ထွေးထုတ်ပစ်လိုက်ရင်
မျက်ရည်စိမ်းတွေထွက်ကျလာလိမ့်မယ်။ ။
ဝင်းမောင်
ထမင်းလုံးတစ္ဆေ
အူမတောင့်မှသီလစောင့်မယ်လို့
ခပ်လွယ်လွယ်အကြောတွေလျော့ခဲ့ရတာလည်း
များလှပါပြီကွယ်။
တစ်ခါတစ်ရံ
လူသာမာန်တို့ရဲ့ပုံတိုပတ်စ
အဲဒီမိုးလေ၀သကိုမှန်းဆရင်း
ဆေးဖက်ဝင်သောဂုဏ်သိက္ခာတစ်ခုနဲ့
အဆိပ်တက်သောဝမ်းနည်းမှုကိုရလိမ့်..။
ခန်းဆီးစကိုလေတိုးလို့
လပြည့်ညကိုမီးလောင်ပြီး
အချစ်ရေ တို့တတွေ ဘယ်နေ့ ချွေးတိတ်ကြမှာလဲ။
ခပ်သော့သော့စကားလုံးတွေနဲ့
ကိန်းဂဏန်းကိုထိုးကြိတ်သတ်ဖြတ်တဲ့ပွဲ
စက်ဝိုင်းဆွဲဖျက်ပစ်တဲ့စွန်တစ်ကောင်လို
ကဗျာဆရာတွေသူငယ်ချင်းတို့
မင်းတို့လိုငါ
မြေပေါ်မှာ
မွေးဖွားခဲ့
ကြီးပြင်းခဲ့
ချစ်တတ်ခဲ့
ကြောက်တတ်ခဲ့
ရူးနှမ်းခဲ့ပေါ့..။
“ဘ၀ဆိုတာပစ်ချခံရတာပဲ”…တဲ့
အဲဒီမြက်ရိုင်းတောကိုမျှော်ကြည့်ရင်
ရှိုက်ကြီးတငင်မျက်ရည်ပေါက်တွေပြည့်လို့
အရယ်အပြုံးနဲ့ အရာအားလုံးဟာ
ကြောက်စရာအရှိန်အဟုန်နဲ့သွားနေတုန်း
ဗြုန်းကနဲ “တန်ဖိုး ”..လို့ရေးလိုက်တာ
ဘယ်လောက်တန်သလဲ..။ ။
ဝင်းမောင်
http://www.manorhary.net/2009/02/blog-post.html မှ
No comments:
Post a Comment