Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

တကယ်တော့ မြို့ထဲက မျောလာတဲ့ အညစ်အကြေးတွေကပဲ မြစ်ကို နာမည်ဖျက်ကြတာ မြစ်မှာသာ အလိုမတူဘဲ အီလည်လည်ကြီး ပုပ်ပွခဲ့ရ



တကယ်တော့ မြို့ထဲက မျောလာတဲ့ အညစ်အကြေးတွေကပဲ မြစ်ကို နာမည်ဖျက်ကြတာ
မြစ်မှာသာ အလိုမတူဘဲ အီလည်လည်ကြီး ပုပ်ပွခဲ့ရ
ခပ်ကြောင်ကြောင် ကီးတွေကပဲ လာလာ ခလုတ်တိုက်နေတော့
ချောင်တစ်ချောင်မှာပဲ ငေါင်ငေါင်ကြီး ငင်နေရတော့ မလိုလို
နင်နေတယ် အတုံးလိုက် အတစ်လိုက် နင့်နင့်နဲနဲ
ဘယ်ကြိုးနဲ့ သီ ဘယ်သော့နဲ့ ဖွင့် ဘယ်လမ်းနဲ့ လန်း သူ့ ခက်ဆစ် ကိုယ့်ခက်ဆစ်
အရပ် ၄ မျက်နှာကို ခွဲခြမ်းစိပ်ဖြာကြည့်မိ ၈ မျက်နှာ .. ၁၂ မျက်နှာ..၁၆ မျက်နှာ..
တယ်လည်း မျက်နှာများလှပါလား ခေတ်ကြီးဒဿဂီရိရယ်  ပေါ်ပင်တလှည့် လျော်ပင်တစ်လှည့်
ဘာပင်ပဲဖြစ်ဖြစ် အပင်မှန်ရင် ထင်းဖြစ်ရမယ်ဆိုတဲ့ သီဝရီကြီးကို အမြစ်ကနေ ဆွဲလှန်ပစ်ချင်တယ်
မနှိုင်းကောင်းနှိုင်းကောင်း ပက်ကြားအက်ထဲက မနှိုင်းကောင်းနှိုင်းကောင်း တစ်ခုခုနဲ့ 
မနှိုင်းကောင်းနှိုင်းကောင်း တစ်ကောင်ကောင်လို ကျွန်တော့်အဖြစ် ခင်ဗျားအဖြစ် လူ့ အဖြစ်
စိတ်အနဂ္ဂဟာ ကဗျာတွင်းထွက် ပစ္စည်း  ပစ်ထားသမျှကို ပြန်လည်စုစည်းမိခြင်း
ငှက်ပျောသီးစားသူက တစ်ယောက်  ငှက်ပျောခွံနင်းမိပြီး ”ဘိုင်း” သွားသူက တစ်ယောက်
ငှက်ပျောသီးကတော့ တစ်လုံးတည်းပါပဲ  ဂလို ဂလို ဂလိုမျိုးကြီး
ဝက်အူတွေ ပြုတ်ပျက်ပြုန်းထွက်သွားစေလောက်တဲ့ အပြုံးကြမ်းကြမ်းမျိုးကြီး
မင်းတို့ ငါတို့ ရဲ့ ဆေးဖော်ကြောဖက်ကြီးထဲမှာ ဂွမ်းစရာတွေက အပြွတ်လိုက်
အောင်မြင်မှုဟာ အောက်လမ်းကနေ ဗြောင်ဝင်လာတယ်
ရှိသမျှစည်းတွေကို လက်ခလယ် ထောင်ပြပြီး ဝင်လာတယ်
ကိုယ်လုံးတီးတွေရော ကိုယ့်တီးလုံးတွေရော ဖွဲရော ဆန်ကွဲရော အရောရော အနှောနှော
အသက်ရှင်နေသမျှ ကာလပတ်လုံး  loading တဒီးဒီး loading တဒီးဒီး loading တဒီးဒီး
ဘိလပ်မြေဖျော်စက်ကြီးလို loading တဒီးဒီး loading တဒီးဒီး loading တဒီးဒီး
သစ်ခွဲလွှကြီးလို loading တဒီးဒီး loading တဒီးဒီး loading တဒီးဒီး
အတွေးကို လူမှုဇုံထဲကနေ ဂုတ်ဆွဲ ခေါ်လာခဲ့တယ် ကျွန်တော်က / ခင်ဗျားက
အတွေးက လူမှုဇုံထဲကနေ ဂုတ်ဆွဲ ခေါ်လာခဲ့တယ် ကျွန်တော်ကို / ခင်ဗျားကို
တွဲလျောင်းကျနေတဲ့ သခွားသီးတွေလို ဘူးသီးတွေကလည်း တွဲလျောင်းကျတာပါပဲ
ထိုနည်းလည်းကောင်း တွဲလျောင်းကျနေသော ခြေနှစ်ချောင်း သတ္တဝါများ
မီးကုန်ယမ်းကုန်ပွင့်နေတဲ့ ပန်းတွေအကြောင်း နည်းနည်းလောက် ဖျင် / ဖြဲ ကြည့်ကြရအောင်
သွေးတွေပန်းထွက်နေတဲ့ ရနံ့  လေထုခမျာ ကြေးစည်လို ချာချာလည်
အောင်စည် အောင်မောင်းဟာ ကျုပ်တို့ ရပ်ကွက်ထဲက ဂျလေဘီ ညီအစ်ကို
မထင်ရင် မထင်သလို ခေါင်းချင်းစောင့်နေကြတာ စောက်ခွက်ချင်း ဖြတ်ရိုက်နေကြတာ
အထုပ်ကို ဖြည်ချလိုက်တဲ့အခါ ထင်ထားတာတွေချည်းတော့ ဘယ်ကျလာပ့ါမလဲ
ရွှေလား ငွေလား မြွေလား အန်ဖတ်လား ချေးလား တစ်ခုခု
ကျွတ်! ကိုယ့်တိုင်းပြည်အကြောင်း မိန်းမလိုမိန်းမရ အတင်းလုပ်ပြောမှ လူဗြိန်းတွေက လက်ခုပ်တီးကြတာကလား
ကျွန်တော်တို့ များရဲ့ ဒီဂျေကြီး ပွတ်မှုကြာင့် မွေးဌာနီကြီးလည်း တဖြည်းဖြည်းပါး တဖြည်းဖြည်းပြဲ  ပဲ့ကျ
ဘဝဈေးရောင်းပွဲတော်ကြီးကို အွန်လိုင်းပေါ်ကနေ ဆင်နွှဲနေကြတဲ့ စော်တွေ
မြစ်အတုတွေ ရေတံခွန်အတုတွေ အိုင်နေတယ် အီနေတယ်
လမ်းထိပ်က လေးလုံးလို တအိုင်အိုင် တအီအီ
ကိုယ့်ဧရာဝတီနဲ့ ကိုယ်ပဲ ကိုယ့်မဲခေါင်နဲ့ ကိုယ်ပဲ ကိုယ့်သံလွင်နဲ့ ကိုယ်ပဲ
လွှစာမှုန့် တွေနဲ့ တောအုပ် ပြန်လုပ်လို့ ရလား  ရတယ် နောင်တတွေ သံဝေဂတွေ
နှလုံးသားထဲက ဆန့် ထွက်လာတဲ့ လက်တွေ အများကြီးလိုတယ်
မေတ္တာတရားထဲက ဆန်တက်လာတဲ့ စိမ့် စမ်းရည်တွေ အများကြီးလိုတယ်
ကာလယန္တရားကြီးက women's voices ကို အထူးတလည် လိုအပ်နေပါတယ်
ငါးညှီနံ့ တွေ လှိုင်လှိုင်ကြီးသင်းနေတာ လူတွေ ထွန့် ထွန့် လူးနေတဲ့ လူ့ လူးတွင်းကြီးလေ
နိစ္စဓူဝတွေကို သွားကြားထိုးရင်း ပါးစပ်ဆိုင်းတီးနေတဲ့ ပါးစပ်သင်္ချိုင်းကြီးလေ
ခင်ဗျားစိတ်တွေကို ကြွက်တွေလို ကိုက်ဖြတ်စားသောက်နေတာ ဆီလီကွန်ယဉ်ကျေးမှုလား
တင်တုတပ်ထားတဲ့မြို့ကြီးပြကြီးကို မျက်လုံးစုံမှိတ်ပေးလိုက်ရပြီလား
ထုလိုက်တိုင်းမြည်မြည်ပေးနေရတဲ့ ခေါင်းလောင်းကြီးကိုပဲ အားအကြီးကြီးနာ
ဘုမသိဘမသိ ထွက်ခဲ့တဲ့ ဘုတွေအတွက်ပဲ ကိုယ်တို့ ဖင်တွေ ဝင်ဝင်ကျိန်းနေရ

လင်းလက်တာရာ
၂၄၊၄၊၂၀၁၃

No comments:

Post a Comment