Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Monday, April 22, 2013

မိခင်မေတ္တာ ဖခင်မေတ္တာ (နေမျိုး )


(၁)

နံနက် .......

ကျွန်တော် နီဂရိုးတို့ အိမ်ဘက် ရောက်သွားတယ်။
သူ့အိမ်မှာ ကြက်ဖကြီးက သားလေးတွေ ပေါက်ပြီးစ။အတောင်ပံ ကားကားနဲ့ကိုယ်မွှေးတွေ ဖွပြီး တကော်ကော် အော်မြည်နေတဲ့ ကြက်မကြီးရယ်၊ တပီပီ မြည်နေတဲ့ ကြက်ပေါက်ကလေးတွေရယ်ကို သူကခါးထောက်ပြီး ပြုံးပြုံးကြီး ကြည့်နေ တယ်။ အဲဒီအချိန်မှာ ခွေးတစ်ကောင်က
ကြက်သားအုပ်မနား ရောက်လာတယ်။ကြက်မကြီးက အတောင် တဖြန်းဖြန်း ခပ်ပြီး အဲဒီခွေးကို
သဲသဲမဲမဲ ခွပ်တယ်။ နီဂရိုးက ကျွန်တော့် ကိုကြည့်ပြီး ပြောတယ်။
''အဲဒါ မိခင်မေတ္တာပဲ ဗျာ"
"ခင်ဗျား ဝတ္ထုတစ်ပုဒ်လောက် ရေးပါလား"တဲ့။
(၂)


နေ့လယ်........
နီဂရိုးသမီး လေးဘက်သွားလေး ဘယ်လိုလုပ်ပြီး ကြက်သားအုပ်မကြီးနား ရောက်သွားသ
လဲ မသိဘူး။ကြက်သားအုပ်မကြီးက ခွပ်လိုက်တာ။ ခွမ်းကနဲ ပြာသွားတယ်။ ကျယ်လောင်တဲ့ ငိုသံ
တဝါးဝါး ထွက်လာတယ်။နီဂရိုး ပြာသွားတယ်။ ကလေးမျက်စိ တည့်တည့် ဒဏ်ရာရသွားတယ်။
တချို့က ပြန်မြင်နိုင်တယ်။တချို့က ပြန်မမြင်နိုင်တော့ဘူးတဲ့။အရပ်ထဲမှာ ပြောနေကြတယ်။

(၃)


ညနေ.......
ကြက်မကြီးရဲ့ 'ကတော်' သံ မကြားရတော့ဘူး။
နီဂရိုးတို့ အိမ်ဘက်က ကြက်သားဟင်းနံ့ ရတယ်။
နီဂရိုးပြောတဲ့အတိုင်း ဝတ္ထုတစ်ပုဒ် ကျွန်တော် ရေးလိုက်ပါတယ်။
မေတ္တာဘွဲ့ ပဲ ဖြစ်မလား မသိဘူး။

နေမျိုး

နီဂရိုးဝတ္ထုတို မှ

No comments:

Post a Comment