Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

ခေတ်ကြီးဟာ အလင်းမှိန်ကေတီဗီခန်းထဲ၊ အမှောင်ထုရဲ့အနက်ရှိုင်းဆုံးမှာ ကြေးစားစနိုက်ပါ


ခစ်…ခစ်…ခစ်…ခစ်…ခစ်…ခေတ်မလေးယွန်းရဲ့တခစ်ခစ်ရယ်မောသံပြာလဲ့လဲ့
ခေတ်ကြီးဟာ ရင်ခွင်ထဲအလိုက်သင့် လူးလွန့်ပျော်မြူး တစ်ခုထူးခြားတာက
တငွေ့ငွေ့နိုးထမီးလျှံထဲ ရင်ခုန်သံတွေ တိုးတိတ်းပါးလျလွန်းနေသလိုလို
“ယုံကြည်နေမယ်နော်…အိပ်မက်ဆိုးများပျောက်ကွယ်လို့ရယ်…မျှော်လင့်ခြင်းနဲ့…..
ခေတ်ဟာ ခေတ်မလေးပုခုံးဖက်ရင်း နှစ်ယောက်တစ်အိပ်မက်ကို သံပြိုင်ဆိုတယ်
နောက်လာမယ့်သီချင်းဟာ အမဲလိုက်အက ဖြစ်ကောင်းဖြစ်မယ် ထားလိုက်
ယမ်းခါနေတဲ့ဆံနွယ်တွေကြောင့်လမ်းကြောင်းမရှင်းဘူး ရွှေအိုရောင်ဆံနွယ်ရိုင်းတွေ
သူမရဲ့စွဲမက်ဖွယ်နှုတ်ခမ်းပါးပါးလေးတွေပေါ်မှာ ခပ်ရဲရဲအရောင်ဆိုးဆေးထူထူ
ခေတ်ဟာ ကောင်မလေးနဖူးကိုဖွဖွနမ်းရင်း ခပ်တိုးတိုးစကားတွေဆိုနေတယ်
ဟိုတယ်ကြီးတွေရဲ့ဝန်ဆောင်မှုအပြည့်တစ်ခါသုံးအိပ်ခန်းတွေအကြောင်းလား ဒါမှမဟုတ်
ရွာပျက်သွားပြီးတဲ့နောက် အဆက်သွယ်ပြတ်သွားခဲ့ရတဲ့ ရွာသူလေးတစ်ယောက်အကြောင်း
သူ့သာယာစီးဆင်းမှုမှာ ကိုယ်လည်းမျောပါသွားမတတ် သတိထား တဆုံးနစ်မြုပ်သွားမယ်
ခေတ်ကြီးရဲ့ဖျားယောင်းသွေးဆောင်မှု/ခေတ်ကြီးရဲ့ဖျားယောင်းသွေးဆောင်ခံရမှုမှာ
အစစအရာရာစုပ်ယူသွားနိုင်တယ် မျက်တောင်တစ်ခတ်စာလေးကအစ ပေါ့ဆလို့မရဘူး
ကောင်မလေးက“အနက်ရောင်စပိုင်”၊ ခေတ်က“မြန်မာ” တစ်လုံးစီထပ်မှာလိုက်ကြတယ်
အမြည်းပန်းကန်တွေရဲ့ဟာလာဟင်းလင်းဖြစ်မှုကို တစ်ချက်ငေးတယ် ဘာတွေတွေးနေလဲ
နွမ်းဖျော့ဖျော့မျက်ဝန်းကျယ်လေးတွေရဲ့ပန်းကန်အလွတ်ထဲ ကျယ်ပြန့်လွန်းတဲ့ဟင်းလင်းပြင်၊
သံပရာရည်ရွှဲရွှဲဆမ်းထားတဲ့ပုဇွန်အစိမ်းသုတ်တစ်ပွဲရဲ့အရသာ၊ ပြည်ပဘဏ်အပ်ငွေတွေနဲ့
အိတ်ကပ်ထဲကအကြွေးစာရင်းတချို့၊ ထားလိုက် ပစ်ကွင်းရှင်းပြီ ဘယ်ဘက်ရင်အုံတည့်တည့်
မခုန်တချက်ခုန်တချက်ရှိမယ့်နှလုံးသားကိုစူးစိုက်(အဲဒီနေရာမှာနှလုံးရှိဦးမယ်လို့ခန့်မှန်းရ)
ရှိုက်ထားတဲ့အသက်ကိုထိန်းရင်း စိတ်ဟာခလုတ်ကို ညင်ညင်သာသာဖိဆွဲလိုက်ရုံ “ခွမ်းးးးးးးး”
ဘာကြောင့် စားပွဲထောင့်ကဖန်ခွက်ဟာ ဘာ့ကြောင့် ရုတ်တရက် ဖန်ကွဲစတွေနဲ့အတူတစ်စစီ
ပြန့်ကျဲလွင့်စင်ထွက်သွားတဲ့စိတ်တွေကို ပြန်စုစည်းယူရင်း တက်မခေါက်မိအောင်ထိန်းလိုက်ရ
ခေတ်ဟာ ပတ်ဝန်းကျင်ကိုကယောင်ချောက်ချားလှည့်ပတ်ကြည့်တယ် ဖန်ခွက်တစ်လုံးကျကွဲခြင်း
ဒါဟာ ဆောင်းတွင်းအိပ်မက်လား၊ အပေါစားဖျော်ဖြေရေးဇာတ်လမ်းလား ခွဲခြမ်းစိတ်ဖြာကြည့်နေပုံ
ဖန်ခွက်တစ်လုံးဟာ သင်္ကေတတစ်ခုပဲ နောက်ကွယ်ဘာတွေ ချိတ်ဆက်ကိုယ်စားပြုနေမလဲ
ကျကွဲခြင်းဟာ နိမိတ်ပုံတစ်ခုဆို ကျရောက်လာတော့မယ့်ဘယ်လိုအဖြစ်ပျက်တွေထင်ဟပ်မလဲ
အဓိပ္ပါယ်တွေကိုတွဲစပ်ယူငင်နေသလိုလို ခေတ်ဟာ တွေ/တွေးနေဆဲ၊ ခေတ်ရဲ့တွေးခေါ်မှုတွေ
ကိုယ့်ခေါင်းထဲကလာသလိုလို၊ ခေတ်ရဲ့ခံစားချက်တွေ ကိုယ့်ရင်ဘတ်ထဲကထွက်လာသလိုလို
ကိုယ်ဟာ ခေတ်ကိုတွေးခေါ်နိုင်တယ် ကိုယ်ဟာ ခေတ်ကိုခံစားနိုင်တယ် ခက်ပုံက
ကိုယ့်ခံစားတွေးခေါ်ချက်တွေနဲ့ခေတ်က မကြာခဏ လွဲချော်နေရတာပဲ
တစ်နေ့ကခေတ်ဟာ ရန်သူမျိုးငါးပါးနဲ့ မာဆတ်သွားအကြောလျှော့တယ်
အပြန်မှာအမူးလွန်ပြီး ပြတင်းမှန်တွေရိုက်ခွဲပစ်တယ်၊ နောက်နေ့မနက်ခံဝန်ကတိနဲ့
အချုပ်ခန်းထဲကထွက်လာတဲ့ခေတ်က ကိုယ်ထူကိုယ်ထလမ်းဖွင့်ပွဲဖဲကြိုးဖြတ်ပေးတယ်
မေတ္တာအလင်းစာကြည့်တိုက်နှစ်ပတ်လည်မှာ အကြာကြီး စကားတွေပြောတယ်
နောက်ဆုံး “ယုံချင်ယုံ မယုံချင်နေ” လို့ပြောပြီး စင်ပေါ်ကဆင်းချသွားတယ်
အဲဒီ့စကားဟာ ပရိသတ်ကြားရေပန်းအစားဆုံးဆိုပဲ…ယုံချင်ယုံ မယုံချင်နေ
(ခေတ်ကိုယ်တိုင် ခေတ်ရဲ့စကားတွေကိုယုံသလား မေးခွန်းကိုတော့ ပြန်ဖြေမသွားခဲ့)
ခေတ်ဟာမြို့ပေါ်မှာ “STOP WARS”အနက်ရောင်စာလုံးအကြီးရိုက်တီရှပ်အဖြူနဲ့
တစ်ယောက်တည်းလျောက်သွားတယ် ငြိမ်းချမ်းရေးသ၀ဏ်လွှာတွေဝေတယ်
ကလေးတစ်ယောက်ကို ချစ်ခင်ယုယစွာပွေ့ချီထားတဲ့ခေတ်ပုံဟာ အဲဒီနေ့Like အများဆုံးရ
နောက်တစ်နေ့အမြောက်ဆန်ထိသွားတဲ့ မိသားစုလေးဓာတ်ပုံနဲ့ ရစရာမရှိအောင်ကျိန်ဆဲခံရ
ခေတ်ဟာ သနားစရာလား၊ ခေတ်ဟာ ကြောက်စရာလား၊ ခေတ်ဟာ ချစ်စရာလား
ခေတ်ဟာ ရွံရှာစက်ဆုပ်စရာလား၊ ခေတ်ဟာ ဝေခွဲရခက်လွန်းလှတယ်၊ သေချာတာခေတ်ဟာ
နဖူးပိုပြောင်လာတယ်၊ ဗိုက်ပိုရွှဲလာတယ်၊ စကားပြောပိုကောင်းလာတယ် ပိုသေချာတာက
ခေတ်ဟာ ကိုယ့်ရဲ့အပ်ထည်။ ကိုယ်က ဘုရားသခင်ရဲ့သစ္စာတော်ခံ/မာန်နတ်ရဲ့ညာလက်ရုံး
ဒါမှမဟုတ် သူတို့နှစ်ယောက်စလုံးနဲ့ကင်းလွတ်နေတဲ့ ကြေးစားစနိုက်ပါ
မုဆိုးလိုလို သားကောင်လိုလို၊ အမဲလိုက်သလိုလို အမဲလိုက်ခံရသလိုလိုကစားပွဲတွေမှာ
လိုအပ်တာက ကျည်ဆံလှလှလေးတစ်တောင့်နဲ့ သပ်သပ်ရပ်ရပ်အဆုံးသတ်ပစ်လိုက်ဖို့
ငြိမ်သက်လာတဲ့သွေးခုန်နှုန်းနဲ့ကိုယ် ပြောင်းကို တဖြည်းဖြည်းချင်း မြှင့်တင်လိုက်တယ်
တစ်တောင့်တည်းသောကျည်ဟာ သူ့အတွက်ပဲ(ယုံကြည်ချက်ဟာ ပစ်မှတ်ဗဟိုမှာစိုက်ဝင်နေသလို)
ရုတ်တရက်ကောင်မလေးက ရှိုက်ကြီးတငင်ငိုချလိုက်တယ် ပြန်မဆုံတော့တဲ့အချစ်ဆိုတာအတွက်လား
သူ့ကိုလှမ်းမမြင်ရတဲ့တစ်နေရာက(ရှိချင်ရှိမယ်၊ ရှိချင်မှလည်းရှိမယ့်) မိသားစုကိုသတိရသွားသလား
ဟန်းချိန်းလှလှလေးဝယ်ပေးမယ့်ဘဘကြီးဦးနှောက်သွေးကြောပြတ်တာစော/နောက်ကျလွန်းလို့လား
မသိချင်တော့ဘူး။ ကိုယ့်ရဲ့နှစ်ပေါင်းများစွာနောက်ယောင်ခံချောင်းမြောင်းမှုရဲ့နောက်ဆုံးည
စက္ကန့်တိုင်း ခေတ်ဟာ ကိုယ့်သတ်ကွင်းထဲ/ကိုယ်ဟာ ခေတ်ကျုံးသွင်းခေါ်ဆောင်ရာ
ဒီလို ချောက်ချားဖွယ် နေ့ညခွဲခြားမရတဲ့ကာလတွေကို အဆုံးသတ်ပစ်နိုင်တော့မယ့်ညပဲ
ခေတ်ဟာသူ့ရင်ခွင်ထဲ တသိမ့်သိမ့်တုန်ခါနေတဲ့ခေတ်မလေးကျောကိုသပ်ပေးရင်းငြိမ်သက်
ခေတ်ရဲ့ခေါင်းဟာ အကာအကွယ်မရှိ ထင်းထင်းကြီး ပစ်ကွင်းထဲ၊ သူ့ခေါင်းထဲဘာတွေရှိနေမလဲ
ကျည်ဆန်တစ်တောင့်ဖောက်ထွင်းသွားတဲ့အခါ အဖြူရောင်ဦးနှောက်တွေပွင့်ထွက်လာမလား
အနက်ရောင်အတ္တအနှစ်တွေပြန့်ကျဲသွားမလား၊ အရောင်ဆင်းမဲ့မျက်ရည်တွေလျှံထွက်လာမလား
ကိုယ့်သိချင်စိတ်ဟာ ကိုယ့်သွေးခုန်နှုန်းနဲ့အပြိုင် ပြင်းထန်ဆူပွက်လာ ဒါနောက်ဆုံးစက္ကန့်ပဲ
ရုတ်တရက် ခေတ်ဟာ ဒီဘက်လှည့်လိုက်တယ် ကိုယ်ပုန်းအောင်းနေရာဆီ လှမ်းအကြည့်
အိုးးးးးး ဘုရား ဘုရား…မျက်လုံးတွေ ဒီမျက်လုံးတွေ ဘာအနှစ်သာရမှမရှိတော့တဲ့မျက်လုံးအလွတ်တွေ၊
ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းရဲ့အဝေးက အဓိပ္ပါယ်မဲ့မျက်လုံးတွေ၊ အချိန်တိုင်းလျှို့ဝှက်နာကျင်နေတဲ့
ဒီမျက်လုံးတွေဟာ အားးးးးးးးးးး ကိုယ့်သွေးရူးသွေးတန်းအော်ဟစ် ပြေးထွက်လာမိ ဒီမျက်လုံးတွေ
ငါ့မျက်လုံးတွေ ဒါငါ့မျက်လုံးတွေပဲ ကိုယ့်မျက်လုံးကိုယ်ပြန်မြင်ရတာ ပထမဆုံးအကြိမ်မဟုတ်ဘဲ
ကိုယ်ထိန်းမရအောင် သွပ်သွပ်ခါတုန်လှုပ်ချောက်ချားနေရဆဲ ညအမှောင်ထုထဲ ကိုယ်မရပ်မနား
ပြေးလွှားဆဲ ပြီးတော့ ဆက်ပြေးလွှားနေဆဲ (ဦးတည်စရာ ပန်းတိုင်ဆိုတာ တစ်နေရာရာမှာရှိနေသလိုမျိုး)
ခေတ်ဟာ အဝေးမှာကျန်ရစ်ခဲ့၊ တိတ်ဆိတ်အေးစက်မျက်လုံးတွေ ကိုယ့်ဝိညာဉ်မှာ တန်းလန်းစိုက်ပါလာခဲ့။

                                                                                                                        အဂ္ဂလင်း
၁၂ . ၂ .  ၁၃
နောက်ဆုံးရေးဖြစ်တဲ့ကဗျာအသစ်လေးပဲ ရေးပြီးပြီးချင်းတင်လိုက်တယ် မိတ်ဆွေများ :D :D

No comments:

Post a Comment