Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Wednesday, April 24, 2013

ဒီစာကိုဖွင့်လို့မဖတ်တော့ဘူး...ဒီစာကို



ဖော်ပြပါစာသည် ၁၉၅၈ ခုနှစ် စက်တင်ဘာလ တုန်းက ၀န်ကြီးချုပ်ဦးနုဆီ ရေးသားပေးပို့သော ဗိုလ်ချုပ်နေ၀င်း၏ စာဖြစ်ပါသည်။
ဂါးဒီးယန်း ဦးစိန်ဝင်း(GUARDIAN SEIN WIN) ရေးသားသော အကွဲအပြဲဇာတ်လမ်း (တကောင်းစာအုပ်တိုက် ပ-ကြိမ်၊ နိုဝင်ဘာ ၂၀၀၉) စာအုပ်မှ ကူးယူဖော်ပြပါသည်။ ဒီစာကို ဖတ်ပြီးတဲ့နောက် အေသင်ချိုဆွေ ရဲ စာ သီချင်းကို အလိုလိုဆိုမိလျက်သားဖြစ်သွား
တာကြောင့် ခေါင်းစဉ်ကို အဲလိုပေးလိုက်တာပါ။ (မေဆွိဗားရှင်းကို မကြိုက်ပါ။)

......................................................................................................

ကာကွယ်ရေးဝန်ကြီးဌာန၊
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
နေ့စွဲ။   ။ ၁၉၅၈ ခု စက်တင်ဘာလ ၂၆ ရက်၊


လေးစားစွာအစီရင်ခံအပ်ပါသည် ၀န်ကြီးချုပ်ခင်ဗျား

၁။ကျွန်တော်သည် ဤမျှကြီးလေးသော တာဝန်ကြီးကို ထမ်းဆောင်ရန် များစွာဦးလေးပါသည် ခင်ဗျား။သို့သော် ၀န်ကြီးချုပ်၏ စေတနာကို လေးစားပါသောကြောင့် ၀န်ကြီးချုပ်က လိုအပ်၍ ဤတာဝန်ကိုထမ်းဆောင်မှ သင့်လျော်မည်ဆိုလျှင် ကျွန်တော် အစွမ်းကုန်ကြိုးစား၍ နိုင်ငံတော်ကို ထိမ်းသိမ်းပါမည်။သို့သော် ကျွန်တော်သည် တိုင်းပြည်အုပ်ချုပ်မှုတာဝန်ကြီးကို လုပ်ကိုင်ခဲ့ဖူးခြင်းမရှိ၊လုပ်ကိုင်မည်ဟု လည်း မည်သည့်အခါကမှ မရည်ရွယ်ခဲ့၊ လုပ်ရအံ့ဟုလည်း မည်သည့်အခါကမှ မစဉ်းစားခဲ့ဖူးပါသဖြင့်ကျွန်တော် သည် ရိုးသားဖြူစင်စွာ ဤတာဝန်ကြီးကို ထမ်းဆောင်ရာတွင် ချွတ်ယွင်းချက်များရှိပါလျှင်ခွင့်လွှတ်နိုင်လိမ့်မည်ဟု ယူပါသည်။ ခွင့်လွှတ်ပါရန်လည်း တောင်းပန်ပါသည်။

၂။ပြည်သူ့လွှတ်တော်က ကျွန်တော့်အား ၀န်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ပါလျှင် ၁၉၅၉ခုဧပြီလမကုန်မီ လွတ်လပ်၍ တရားမျှသော အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ရန်အတွက်လိုအပ်သော အစီအစဉ်များကို အစွမ်းကုန် ဆောင်ရွက်ပေးပါမည်ဟု ကျွန်တော် ကတိပြုပါသည်။

၃။ကျွန်တော် အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းရလျှင် ၄င်းအဖွဲ့သစ်တွင် ပြည်နယ်များနှင့် ချင်းအထူးဝိသေသတိုင်းတို့မှသင့်လျော်မည့် ကိုယ်စားလျှယ်များမှ တပါး ပြည်မတွင် ရှိသော နိုင်ငံရေးအဖွဲ့အစည်းများထဲကမည်သည့် ကိုယ် စားလှယ်ကိုမျှ ထည့်သွင်းမည် မဟုတ်ကြောင်း ကတိပြုပါသည်။

၎။အမှုထမ်း အရာထမ်းများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေးနယ်နမိတ်အတွင်းသို့ကျူးကျော်မှု များကို ကျွန်တော်ကိုယ်တိုင်လည်း အထူးမလိုလားကြောင်းကို ၀န်ကြီးချုပ်ကိုယ်တိုင်သိပြီးဖြစ်ပါသည်။ ထို့ ကြောင့် ဤကျူးကျော်မှုများ မဖြစ်ပွားရလေအောင် ကျွန်တော် အထူးထိန်းသိမ်းစောင့်ရှောက်ပါမည်ဟူ၍ ကတိ ပြုပါသည်။

၅။လက်နက်ကိုင်အဖွဲ့အစည်းဝင် အချို့၏ အဓမ္မမှုများကို ကျွန်တော်ကိုယ်တိုင်လည်း မကြာခဏ ကြားသိရ၍များစွာစိတ်မချမ်းမသာဖြစ်ရသည်။ ထို့ကြောင့် ဤအဓမ္မမှုများကို အထူးဦးစားပေး၍ နှိပ်ကွပ်ပစ်ရန်ကျွန်တော် ကတိပြုပါသည်။

၆။ရာဇ၀တ်မှုများကိုလည်း တတ်နိုင်သလောက် ပပျောက်သွားအောင် အထူးဦးစားပေး၍ ဆောင်ရွက်သွားရန်ကတိပြုပါသည်။

၇။ပြည်ထောင်စုဝန်ကြီး၏ တည်တံ့ခိုင်မြဲရေး၊ တိုးတက်ရေး၊ စည်းပင်သာယာဝပြောရေးတို့သည် ငြိမ်းချမ်းရေးအပေါ်တွင် များစွာတည်ရှိနေသည်ကို ကျွန်တော်သည် ဦးလည်မသုံ ယုံကြည်သူတစ်ဦး ဖြစ်ပါသည်။ထို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိအောင် အစွမ်းကုန်ကြိုးစားအားထုတ်ပါမည်ဟု ကျွန်တော်ကတိပြုပါသည်။

၈။နိုင်ငံခြားရေးတွင် တည့်မတ်စွာ ကြားနေရေးဝါဒသည် ကျွန်တော်တို့ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့်တကွကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အကျိုးအရှိဆုံးဝါဒဖြစ်သဖြင့် ကျွန်တော်ခေါင်းဆောင်မည့် အစိုးရအဖွဲ့သည်ဤတည့် မတ်စွာကြားနေရေးဝါဒကို မည်သည့်နည်းနှင့်မျှ စွန့်လွှတ်မည်မဟုတ်ကြောင်းကို ကျွန်တော်ကတိပြုပါသည်။


ပုံ

(ဗိုလ်ချုပ်နေ၀င်း)



ဒီစာကိုဖွင့်လို့ မဖတ်တော့ဘူး...ဒီစာကို (၂)


ဖော်ပြပါစာသည် ၁၉၅၈ ခုနှစ် စက်တင်ဘာလ တုန်းက ၀န်ကြီးချုပ်ဦးနုမှ ဗိုလ်ချုပ်နေ၀င်းထံ ပေးပို့သော စာဖြစ်ပါသည်။
ဂါးဒီးယန်း ဦးစိန်ဝင်း(GUARDIAN SEIN WIN) ရေးသားသော အကွဲအပြဲဇာတ်လမ်း (တကောင်းစာအုပ်တိုက် ပ-ကြိမ်၊ နိုဝင်ဘာ ၂၀၀၉) စာအုပ်မှ ကူးယူဖော်ပြပါသည်။ ဒီစာကို ဖတ်ပြီးတဲ့နောက် အေသင်ချိုဆွေ ရဲ့ စာ သီချင်းကို အလိုလိုဆိုမိလျက်သားဖြစ် သွားတာကြောင့် ခေါင်းစဉ်ကို အဲလိုပေးလိုက်တာပါ။ (မေဆွိဗားရှင်းကို မကြိုက်ပါ။)

......................................................................................................

                                                      ပြည်ထောင်စုမြန်မာနိုင်ငံတော်ဝန်ကြီးချုပ်၊

နေ့စွဲ။             ။၁၉၅၈ ခု၊ စက်တင်ဘာလ ၂၆ ရက်

စာရေးလိုက်ပါသည်
ဗိုလ်ချုပ်နေ၀င်း


၁။ဗိုလ်ချုပ်နေ၀င်းကိုယ်တိုင် ၀န်ကြီးချုပ်အဖြစ်ဖြင့် အစိုးရအဖွဲ့သစ်တစ်ဖွဲ့ကိုဖွဲ့စည်းပြီးလျှင်၁၉၅၉ ခု ဧပြီလ မကုန်မီအတွင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီးကို ကျင်းပနိုင်အောင်လိုအပ်သည့် အစီအ စဉ်များကို ဆောင်ရွက်ပေးရန် ဖဆပလ(သန့်ရှင်း) ဗဟိုကော်မတီက အထူးလိုလားလျက်ရှိပါသည်။


၂။ဤလိုလားချက်အတိုင်း ဗိုလ်ချုပ်နေ၀င်းက ၀န်ကြီးချုပ်ရာထူးကို လက်ခံနိုင်မည်ဆိုလျှင်အောက်ပါ အစီအ စဉ်များကို စီစဉ်ပေးလိုသည်။

(က)    ၁၉၅၈ ခု အောက်တိုဘာ ၂၈ ရက် အင်္ဂါနေ့တွင် ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်တို့ ကို
ဆင့်ခေါ်ရန် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ၅၇ အရ ကျွန်တော် အကြံပေးမည်။

(ခ)     ပြည်သူ့လွှတ်တော် စတင်ကျင်းပမည့်နေ့တွင် ကျွန်တော် ၀န်ကြီးချုပ်ရာထူးကနှုတ်ထွက်မည်။

(ဂ)     ဤသို့နှုတ်ထွက်ပြီးသည့်နောက် ဗိုလ်ချုပ်နေ၀င်းကို ၀န်ကြီးချုပ်အဖြစ်ပြည်သူ့လွှတ်တော်က ရွေး ကောက်တင်မြှောက်ရန် ကျွန်တော်အဆို တင်သွင်းမည်။

(၃)ဗိုလ်ချုပ်နေ၀င်း၏ အစိုးရအဖွဲ့တွင် ဖဆပလ(သန့်ရှင်း) အဖွဲ့ဝင်များကို ထည့်ပေးရန် မလိုပါ။


(၄)ဗိုလ်ချုပ်နေ၀င်းဦးစီး၍ ကျင်းပပေးရမည့် အထွေထွေ ရွေးကောက်ပွဲကြီးကို လွတ်လပ်၍ တရားမျှတသောအထွေထွေရွေးကောက်ပွဲကြီး ဖြစ်စေရန်အတွက် အမှုထမ်း အရာထမ်းများအားလည်းကောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများအားလည်းကောင်း မိမိတို့၏ တာဝန်ဝတ္တရားကို ဆောင်ရွက်ခြင်းမှအပ နိုင်ငံရေးနယ်ပယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်မှုများ အလျင်းမရှိရလေအောင် အထူး ထိန်းသိမ်းစောင့်ရှောက်ပေးစေလိုသည်။


(၅)လက်နက်ကိုင် အဖွဲ့အစည်းများသည် များသောအားဖြင့် စည်းကမ်းသေ၀ပ်မှု ရှိကြသော အဖွဲ့အစည်းများဖြစ်ကြသည်ကို ကျွန်တော်ယုံကြည်ပါသည်။ မကြာသေးမီက ကျွန်တော်ခရီးထွက်စဉ် လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ ဖိနှိပ်ချုပ်ချယ်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် သတ်ဖြတ်မှုများကိုနေရာ ခပ်များများတွင် ခရသူ ကာယကံရှင်များကိုယ်တိုင် ဒဏ်ရာများကိုပြ၍ တစ်ဖုံ၊ မျက်ရည်စက်လက်နှင့်တစ်မျိုး၊ ၀မ်းနည်းကြေ ကွဲ ဖွယ်ရာတိုင်တန်းကြပါသည်။ ဤအဓမ္မမှုများကို ဗိုလ်ချုပ်နေ၀င်း၏အစိုးရအဖွဲ့က အထူးဦးစားပေး၍ နှိပ်ကွပ်ပေး စေလိုသည်။


၆။မုဒိန်းမှု၊ လုယက်မှု၊ ဓားပြမှု၊ ပြန်ပေးမှု၊ လူသတ်မှုများဖြစ်ကြသော ရာဇ၀တ်မှုများကိုလည်းဗိုလ်ချုပ်နေ၀င်း၏ အစိုးရအဖွဲ့က အထူးဦးစားပေး၍ နှိပ်ကွပ်စေလိုသည်။


၇။ကမ္ဘာသူ ကမ္ဘာသားတို့က နေ လနှစ်ပါးကို မျှော်လင့်တောင့်တဘိသကဲ့သို့ ပြည်ထောင်စုသူ ပြည်ထောင်စုသား အားလုံးတို့သည် ပြည်တွင်းငြိမ်းချမ်းရေးအား အထူးမျှော်လင့် တောင့်တလျက်ရှိသည်ကိုဗိုလ်ချုပ်နေ၀င်း ကိုယ်တိုင် ကောင်းစွာသိရှိပြီးဖြစ်သဖြင့် ဤကိစ္စနှင့် ပတ်သတ်၍ ကျွန်တော်အကျယ်ချဲ့၍ ပြောနေစရာမလို၊ ထို့ ကြောင့် ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်သည့် အစိုးရလက်ထက်တွင်ဤငြိမ်ျးမ်းရေးအောင်ပန်းကို ရာနှုန်းအပြည့် ဆွတ်ခူးပေးရန် ကျွန်တော်အထူးမေတ္တာရပ်လိုပါသည်။


၈။နိုင်ငံခြားရေးတွင်လည်း ဗိုလ်ချုပ်နေ၀င်း ခေါင်းဆောင်သည့် အစိုးရအဖွဲ့သည် တည့်မတ်စွာကြားနေရေးဝါဒကိုဆက်လက်၍ ကျင့်သုံးနိုင်ရန်ကိုလည်း ကျွန်တော်အထူးတိုက်တွန်းလိုသည်။


ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ။


ပုံ(ဦးနု)

ဝန်ကြီးချုပ်



 
by Sein Khat Soe (Notes) မှ ရယူပါသည် ။

No comments:

Post a Comment