ဒီ ဘလော့ပေါ် ခင်ဗျား ဖြတ်လျှောက်တဲ့အခါ သမိုင်းမှတ်တိုင်တွေကို ဖြတ်ရမယ် ။ စိတ်အပန်းဖြေစရာ မဟုတ်တဲ့ လူမှုပတ်ဝန်းကျင်ရဲ့ သက်ပြင်းသံတွေကို ခင်ဗျား ကြားရ နာရ လိမ့်မယ် ။ အဲဒီအသံတွေကို ခင်ဗျားတို့ ရင်ဘတ်ထဲ အထိရောက်ဖို့ ရည်ရွယ်ပါတယ် ။
Wednesday, April 24, 2013
အာရှတိုက်ရဲ့တစ်နေရာ
(၁)
အမှန်တကယ်ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ပြည်ရဲ့ရွာ
မြို့တော်နဲ့ ကီလိုမီတာ ၆၀ ခန့်ဝေးတဲ့နေရာ
အဝေးပြေလမ်းမကြီးရဲ့ ပခုံးပေါ်မှာ
လေးထပ်တိုက် ၈လုံးနဲ့ ဖွဲ့စည်းထားတဲ့ရွာ
အာရှတိုက်ရဲ့ တစ်နေရာလို့ ဆိုပါစို့
အဲဒီရွာရဲ့ အဌမမြောက်တိုက် အခန်းတစ်ခန်းထဲမှာ
အင်ဒိုနီးရှားလူငယ် ၄ ယောက်
(၂ယောက်က ညီအကို)
ဘင်္ဂလားဒေ့ရှ်လူရွယ်တစ်ယောက်
ပြီးတော့ငါတို့၂ ယောက်
ဓါရဏ ပရိတ်၊ ကိုရ်အမ်ကျမ်း၊ ရော့ခ်သီချင်း
ဂျင်းဘောင်ဘီ၊ ၀ိုင်ယာကြိုးခွေများနဲ့
အမျိုးအမည်မသိ အလှမွေးငှက် ၂ ကောင်
တစ်အိုးတစ်အိမ် ထူထောင်လို့နေကြ
သူတို့ဘ၀တွေဟာ
အရှေ့တောင်အာရှကျွန်းဆွယ်ပေါ်က
အကြမ်းထည်ပစ္စည်းပစ္စယတွေနဲ့
ခပ်ဆင်ဆင်တူနေရဲ့
(၂)
နာရီစက်သံကြောင့်
အထိတ်တလန့်နိုးထ
အိမ်ရေးမ၀တဲ့မျက်လုံးထဲမှာ
နှင်းတွေ အတုံးအရုံးကျနေတဲ့ မနက်ခင်း
ရွာလည်လမ်းထိပ်မှာ ရေသန့်ဘူးကိုယ်စီနဲ့
အလုပ်ဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ
တစ်နေကုန် မြို့တော်ကြီးဆီကိုသွား
မြင့်မားတဲ့အဆောက်အအုံခေါင်မိုးတွေပေါ်တက်
ဆံပင်တွေ အရည်ပျော်ကျမတတ် နေရောင်အောက်မှာ
ချွေးတွေ သံတွေ မချိမဆန့်အလုပ်လုပ်ကြ
အဲဒီအလုပ်ဟာ အသက်အန္တရာယ်နဲ့နီးပေမဲ့
"ငွေမရှိတာလည်း အသက်အန္တရာယ်နဲ့ နီးတာပဲ"လို့
ဘင်္ဂလားဒေ့ရှ်လူငယ်က မှတ်ချက်ချတယ်
နေ၀င်ရီတရောမှာ
ကျောပေါ် အမောတွေထမ်းပြီးပြန်လာကြ
ရေချိုးခန်းကို သူ့ထက်ငါဦးအောင် အလုအယက်တိုးခွေ့ဝင်ကြ
ဒါဟာ နိစ္စဓူဝကိစ္စ
ညကျ
တစ်ဆိုင်တည်းသော ပင်လယ်စာဆိုင်မှာ
ဒေသရဲ့ရိုးရာထမင်းကြော်ကိုစားရင်း
စကားစမမြည်ဆိုကြ
ကျိုးပဲ့နေတဲ့ ဘာသာစကားနဲ့ပ
ပြီးတော့ ကိုကာကိုလာတစ်ပုလင်းသောက်ရင်း
လေညင်းနံ့သင်းတဲ့ စီးကရက်ကိုဖွာရှိုက်
ဂျက်ဂွာကားတစ်စီးရဲ့ နောက်ကိုပြေးလိုက်သွားတဲ့စိတ်ကူးတွေ
သဘာဝကျပါတယ်လေ
စားသောက်ဆိုင်က အပြန်
လမ်းဘေးအများသုံးဖုန်းကနေ
ကိုယ့်တိုင်းပြည်ကို ဖုံးဆက်သူဆက်
တိုက်ပေါ်ပြန်တက်ပြီး ရေဒီယို နားထောင်သူနားထောင်
နေ့လယ်ကတွေ့ခဲ့တဲ့ ပေါင်တံဖြူဖြူနဲ့ တရုတ်မလေးကို
စိတ်ကူးယဉ်သူယဉ်
အဓမ္မကျင့်ခံလိုက်ရတဲ့ ဖိလစ်ပင်းအိမ်ဖော်မလေးအတွက်
ကရုဏာသက်သူသက်
နေရပ်ပြန်ပို့ခံ ဗီယက်နမ်တွေအတွက် စိတ်မကောင်းဖြစ်သူဖြစ်
ဘုရားဝတ်ပြုသူကပြု
သမားရိုးကျ လူ့အဖွဲ့အစည်းငယ်လေးပါပဲ
(၃)
နေ့စဉ်နဲ့အမျှ
ကျွဲလိုနွားလို အလုပ်လုပ်ရ
အခန့်မသင့်ရင် ခွေးသေ၀က်သေသေသွားကြ
နက်ရှိုင်းလှတဲ့ဆင်းရဲတွင်းထဲက ခုန်ထွက်ဖို့
အလုအယက်ကြိုးစားရင်း
အာရှတန်ဖိုးဆိုတာဘာလဲ
မေးခွန်းတွေထုတ်ရင်း ကြေကွဲရပြန်
"တရားမ၀င် အလုပ်သမား" တဲ့
အာရှကျားတွေထွားကျိုင်းဖို့အရေးမှာ
ခိုင်းနွားတစ်ကောင်လို လုပ်အားပေးခဲ့တာကိုပဲ
ဂုဏ်ယူရမလား
အာရှတိုက်ကြီးကတော့
အပျိုပေါက်တစ်ယောက်လိုခြယ်သ
ဂျပန်၊ ဥရောပနဲ့ အမေရိကကို
မျက်စပစ်နေလေရဲ့
(၄)
ပြန်လည်ဆန်းစစ်ကြည့်တော့
ငါတို့ဟာ စက်ရုံတစ်ရုံမဖြစ်နိုင်ခဲ့
ငါတို့ဟာကုမ္ပဏီတစ်ခု မဖြစ်နိုင်ခဲ့
ငါတို့ဟာ ဘဏ်တိုက်တစ်ခု မဖြစ်နိုင်ခဲ့
ငါတို့ဟာ ဈေးကွက်တစ်ခုကို မဖန်တီးနိုင်ခဲ့
ငါတို့ဟာ ဈေးပေါတဲ့ကုန်ကြမ်းတွေသာဖြစ်တယ်
အာရှတိုက်ရဲ့ တစ်နေရာမှာ စတေးခံဘ၀များစွာ
ငါတို့ဟာ ငြိမ်းချမ်းရေးမရနိုင်သေးပါဘူးကွာ
ငါတို့ရဲ့ ဘ၀ဟာ ဘာမှမသေချာလှ
အဲဒီလို မသေချာမှုတွေထဲကပဲ
သေချာတဲ့ ဘ၀ကို တည်ဆောက်ယူရတာ
တို့လူသားတွေရဲ့ မွေးရာပါ တာဝန်ပဲမဟုတ်လား
(၀ဋ်ကြွေးလည်းဖြစ်နိုင်ရဲ့)
အခုမှ ငါ့ရဲ့ကိုယ်ပိုင်ကောင်းကင်မှာ
ကြယ်ရောင်မှိန်ပျပျ
မြင်ရရုံပဲရှိပါသေးတယ်
တစ်ခါတစ်လေ
နံရံပေါ်က ကမ္ဘာ့မြေပုံကိုကြည့်ရင်း
ငါလွမ်းနေမိရဲ့
ငါလွမ်းနေခဲ့တာ
ပီဇာနဲ့ ဟမ်ဘာဂါတွေကိုမဟုတ်ဘူး
ဟာဒ်ရော့ခ်ကဖေးကိုမဟုတ်ဘူး
"နိုင်ငံကူးလက်မှတ်"လို့အမည်ရတဲ့
ဝီစကီပုလင်းလှလှကို မဟုတ်ဘူး
အောင်လက်မှတ်တွေနောက်ကို လျှောက်လိုက်နေတဲ့
ကျွန်းတစ်ကျွန်းကိုမဟုတ်ဘူး
မီရှယ်ယိုးဆိုတဲ့ ရုပ်ရှင်မင်းသမီးကို မဟုတ်ဘူး
ငါလွမ်းနေခဲ့တာ
ကံခေပေမယ့်
ချစ်စရာကောင်းနေတဲ့ တိုင်းပြည်တစ်ပြည်ကိုပါ
လေပြင်းထန်တဲ့ကမ်းခြေက
ငါ့ရဲ့ ခြေတံရှည် အိမ်လေးကိုပါ။
(၅)
"အမျိုးသားက နိုင်ငံခြားမှာလေ ..." ဆိုပြီး
ရပ်ကွက်ထဲမှာ
တချို့ ဇနီးမယားတွေပါးစပ်အရသာခံကြတာမျိုးအတွက်နဲ့တော့
ဒီနေရာကို ငါဘယ်ထွက်လာပါ့မလဲ
မိအိုဖအိုတွေရှိနေစဉ်မှာ
အဆင်ပြေပြေ အကြွေးကင်းကင်းရှိနေစေချင်တာအတွက်
ငါ့ဆန္ဒတွေကို ကွပ်မျက်ခဲ့ရတာပါ
မိသားစုနဲ့ အိမ်ကိုခွဲခွာခဲ့
သူငယ်ချင်းများနဲ့ တိုင်းပြည်ကိုခွဲခွာခဲ့
အဲဒီအတွက် ရမယ့်ဆုလာဘ်ဟာ
စင်္ကာပူက ကြိမ်ဒဏ်မျိုးတော့ မဟုတ်တန်ရာ
အသားမာတက်နေတဲ့လက်နဲ့
ပြက္ခဒိန်ပေါ်က နေ့တွေကိုရေတွက်ရင်း
"လေယာဉ်ပျံတွေမြင်ရင် အိမ်ပြန်ချင်တယ်လို့" ညည်းမိ
ဒါပေမဲ့ သုဝဏ္ဏသျှံမဟုတ်တော့ ....
(၆)
ခုတော့
အာရှကျားတွေရဲ့ ပါးစပ်ထဲက
အမဲသားတစ်ဖတ်
သွားကြားညပ်ခဲ့ရင်ခွင့်လွှတ်ပါ
ဒါဟာ ဒဏ္ဍာရီမဟုတ်ပါဘူး
အာရှတိုက်ရဲ့တစ်နေရာက
မြုံနေတဲ့ အနာတွေပါ
ရင်းနေတဲ့အနာတွေပါ။ ။
ကြည်မောင်သန်း
Labels:
ကဗျာ - လှသန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment