Photos

Photos
ကိုယ့်ဒုက္ခတွေကို ပြန်စစ်ဖို့ ပျင်းတဲ့အခါ ၊ သူတစ်ပါး ဒုက္ခတွေကို ကွန်ပစ်ပြီး ကိုယ့်ခန္ဓာပေါ် တင်ယူလာပါတယ် ။ ခင်ဗျား ဒုက္ခ ၊ ကျွန်တော့် ဒုက္ခတွေဟာ ဘာမှ မဟုတ်ဘူးဆိုတာ တွေးမိတဲ့ အခါ ကျွန်တော်တို့ အတူရယ်မောကြရအောင်ပါ။ ကမ္ဘာကြီးက ဆလိုက်ထိုးပြတာ ခံစားကြည့်ကြရင်းပေါ့

Tuesday, April 23, 2013

ခေတ်ပေါ် ၊ ခေတ်ပြိုင်နှင့် ၂၁ ရာစုမြန်မာကဗျာရှုခင်း

ခေတ်ပေါ် ၊ ခေတ်ပြိုင်နှင့် ၂၁ ရာစုမြန်မာကဗျာရှုခင်း

(၁)
            ကျွန်တော်တို့မြန်မာကဗျာဟာ ၂၁ ရာစုရဲ့ ပထမဆယ်စုနှစ်အတွင်းရောက်ရှိလာပါပြီ။ မြန်မာနိုင်ငံရဲ့ ၂၁ ရာစုထဲပဲရောက်လာ သလား ၊ ကမ္ဘာကြီးရဲ့ ၂၁ရာစုထဲရောက်လာပြီလားဆိုတာတော့ စောဒကတက်စရာပါပဲ။ ဒီမှာ ခေတ်ပေါ်ကဗျာပေါ်ထွန်းစက အမေရိက မှာ L=A=N=G=U=A=G=E= Poetry ပေါ်နေပါပြီ။ ဒီမှာ Robert Frost ကိုအရေးတယူလုပ်နေတုန်းက အမေရိကမှာ John Ashbery ဟာ ထိပ်တန်းကဗျာဆရာ စာရင်းဝင်နေပါပြီ။ ဒီမှာ ခေတ်စမ်းကဗျာရေးနေတုန်းက ယူကေမှာ တီအက်စ် အဲလိယစ်တ်ဟာ The Wasteland ကဗျာရှည်ကြီးကို ရေးပြီးပါပြီ။ ခေတ်ပြိုင်ကိစ္စကို ပြောတာပါ။ မြန်မာခေတ်ပြိုင်နဲ့ ကမ္ဘာခေတ်ပြိုင်။
nolvadex online buy-buy cheap nolvadex-online nolvadex buy

(၂)
            ကျွန်တော်တို့လက်ရှိမြန်မာကဗျာလောကမှာ `ခေတ်ပြိုင်´ဆိုတဲ့ အသုံးအနှုံးဟာတဖြေးဖြေးနဲ့ တွက်ကျယ်စပြုလာပါပြီ။ ဒီ ၂၀၀၉ ခုနှစ်မှာပဲ ၊ စိတ်ကူးချိုချိုစာအုပ်တိုက်ထုတ် `ခေတ်ပြိုင်ကဗျာအချို့´နဲ့ `ခေတ်ပြိုင်ကဗျာရှည်အချို့´လို့ ကဗျာစာအုပ်နှစ်အုပ်ကို `ခေတ်ပြိုင်´ ခေါင်းစဉ်တပ်ပြီး သုံးစွဲထားတာတွေ့ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း `ခေတ်ပြိုင်ကဗျာရဲ့ ပုံသဏ္ဍာန်´ လို့ဆောင်းပါး ရေးထားတာရှိပါတယ်။ (`ကဗျာဘ၀ရှာတော်ပုံ´ ၊ ၂၀၀၉)။ ရှိရင်းစွဲအစဉ်အလာကဗျာ ၊ ခေတ်ပေါ်ကဗျာတို့နဲ့ ကွာခြားတဲ့ကဗျာအဖြစ် ခေါ်ဝေါ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ လှိုင်းသစ်မဂ္ဂဇင်းမှာလည်းငြိဏ်းဝေရဲ့ `ခေတ်ပြိုင်မြန်မာကဗျာဗေဒလမ်းကြောင်း´ဆောင်းပါးဆက် ကိုတွေ့ရပါတယ်။ လှိုင်းသစ်မဂ္ဂဇင်းအမှတ် ၃ မှာ မင်းချမ်းမွန်ရဲ့ `ခေတ်ပြိုင်မြန်မာမော်ဒန်ကဗျာလောက´ဆိုတဲ့ အသုံးအနှုံးလည်းတွေ့ ရှိရပါတယ်။ ခက်တာက `ခေတ်ပြိုင်´ အသုံးအနှုံးကိုအရပ်သုံးအဓိပ္ပါယ်နဲ့သုံးတာလား ၊ ကဗျာဗေဒ (၀ါ) ကဗျာပညာရပ်ဆိုင်ရာ အသုံးအ နှုံးအဖြစ်သုံးတာလားဆိုတာ မကွဲပြားခြင်းပါပဲ။
ခေတ်ပေါ်ကဗျာကိုပဲ ကြည့်ကြပါစို့။ အရပ်သုံးစကားနဲ့ဆို`ခေတ်ပေါ်´ဟာ `ကာလပေါ်´၊ သို့မဟုတ် `ခေတ်မှာပေါ်လာသော´ ဆိုတဲ့ နာမ၀ိသေသနအဓိပ္ပါယ်သက်ရောက်ပါတယ်။ ခေတ်ကာလ(Time) ကိုအခြေပြုတဲ့သဘောပါ။ `ခေတ်ပေါ်´ကဗျာလို့(မျက်တောင် အဖွင့်အပိတ်နဲ့)ဆိုလိုက်ရင်တော့ သီးခြားကဗျာအမျိုးအစားတစ်ခုရဲ့ နာမည်အခေါ်အဝေါ်ကိုရရှိပါတယ်။ အစဉ်အလာလေးလုံးစပ်ကဗျာ နဲ့ ကွဲပြားခြားနားတဲ့ ကဗျာအမျိုးအစားမှန်းကဗျာဖတ်သူတို့သိကြပါတယ်။ `ကာလပေါ်´ ဆိုတဲ့ အဓိပ္ပါယ်မျိုးမဟုတ်ပဲ သီးခြားကဗျာဗေဒ နဲ့ ကဗျာရေးဖွဲ့နည်းစနစ်တစ်မျိုးအဖြစ်အတည်ပြုလက်ခံထားကြတဲ့ အမည်ဖြစ်ပါတယ်။ ဒီ`ခေတ်ပေါ်´ကဗျာကိုလည်းရည်ရွယ်ချက်ရှိရှိ နဲ့ တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၆၈ သပြေညိုကဗျာဝပ်ရှော့ ၊ ၁၉၆၈/၆၉`ခေတ်ပေါ်ကဗျာကြေငြာစာတမ်း´၊နဲ့ ၁၉၆၈ `ထင်ရူး ပင်ရိပ်´တို့ဟာ `ခေတ်ပြိုင်´ ကဗျာရဲ့သမိုင်းအစတွေပါပဲ။ `မော်ဒန်´ ကဗျာလို့လည်း ရောရောနှောနှောခေါ်ခဲ့ကြပါသေးတယ်။ သစ္စာနီရဲ့ `မော်ဒန်ရှင်းတမ်း . . . . ´ဆောင်းပါးပေါင်းချုပ်ထဲမှာ ဟောသလိုတွေ့ရှိရပါတယ်။
`အဲဒီအချိန်(၇၀)ခုနှစ်တစ်ဝိုက်မှာ မိုးဝေကဗျာတွေနဲ့ အတူခေတ်စားစပြုလာတဲ့ကဗျာဝါဒ တစ်ရပ်ကတော့ မော်ဒန်                           ကဗျာအယူအဆဖြစ်ပါတယ်။ မော်ဒန်ကဗျာက အစ်ဇင်းအသစ် ၊ သီအိုရီအသစ် ၊ နိမိတ်ပုံအသစ် ၊ အတတ်ပညာအသစ်တွေကို တောင်းဆိုလာပါတယ်။ မိုးဝေကဗျာသမားတွေလည်း မော်ဒန်အယူအဆနဲ့ ထိပ်တိုက်တွေ့ကြရပါတယ်။ နောက်ဆုံးတော့ ဒဂုန်တာရာလမ်းညွှန်မှုပေးတာကိုပဲ သူတို့ခံယူခဲ့ကြတယ်။´ (စမန ၁၅၄)။
အဲဒီတုန်းက`တော်လှန်ကဗျာ´ဆိုတာလည်းပေါ်လာခဲ့ပါသေးတယ်။ နတ်နွယ်ကို ကိုးကားရရင် ––
`၁၉၆၉။
သည်တုန်းက ကဗျာအယူအဆများ လှုပ်ခတ်လျှက်ရှိသည်။ ခေတ်ပေါ်ကဗျာနှင့် မြို့ပြခံစားမှု။ ကျေးလက်အာရုံနှင့်  မော်ဒန်ပေါ်ယဲ့ထရီ။ ကာရန်နှင့်အသံစီးဆင်းမှု ၊ ရစ်သမ်နဲ့ နရီစည်းချက်များ ၊ ကဗျာလက်နက်ထက်မြက်ရေး ၊ကဗျာနှင့် လောကအမြင် ၊ အစဉ်အလာနှင့်ကာရန်မဲ့ ၊ အနုပညာပုံဏ္ဍာန်နှင့်အကြောင်းအရာ ကျယ်ပြန့်မှု။´
ဤကာလမှာပင် တော်လှန်ကဗျာထွက်ပေါ်လာသည်။
- – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – - – -
တော်လှန်ကဗျာတွင် ပါဝင်ရေးသားခဲ့ကြသောကဗျာဆရာများသည်အများအားဖြင့် ထိုစဉ်က မိုးဝေမဂ္ဂဇင်းတွင်                                အဓိကထားရေးသားနေကြသူများဖြစ်သည်။ အကြောင်းမှာ ၊ သူတို့၏ စူးရဲသောအတွေးအမြင် ၊ ခေတ်မီတိုးတက်                             သောအကြောင်းအရာ ၊ တီထွင်ဆန်းသစ်သောအရေးအဖွဲ့တို့ကို ဖေါ်ပြပေးနေသော မဂ္ဂဇင်းဟူ၍လည်းထိုစဉ်က                              မိုးဝေမဂ္ဂဇင်းတစ်စောင်လောက်သာရှိခဲ့တာကြောင့်ဖြစ်သည်။ ယင်းကြောင့်လည်းသူတို့၏ ကဗျာများကို“မိုးဝေကဗျာ´´ဟု ယနေ့တိုင်ခေါ်ဝေါ်သုံးစွဲနေကြခြင်းဖြစ်သည်။       (စမန ၁၀၆ – ၁၀၇)။
အထက်ပါကောက်နှုတ်ချက်မှာတော့ ကဗျာအတတ်ပညာနဲ့ ပတ်သက်လို့`တီထွင်ဆန်းသစ်သောအရေးအဖွဲ့´ဆိုတာရှိပါ တယ်။ အဲဒီ`တီထွင်ဆန်းသစ်´တဲ့အရေးအဖွဲ့တွေနဲ့ `မော်ဒန်´ရဲ့`သီအိုရီအသစ်´၊`နိမိတ်ပုံအသစ်´၊`အတတ်ပညာအသစ်´တို့နဲ့ ဘယ်လိုများကွာခြားခဲ့ပါလိမ့်။ ဘာတွေများကွာခြားခဲ့ပါလိမ့်။ ကွာခြားမှုတွေရှိခဲ့လို့ပဲ သစ္စာနီဟာ `မော်ဒန်အယူအဆတွေနဲ့ မိုးဝေကဗျာ သမားတွေထိပ်တိုက်တွေ့ခဲ့တယ်´လို့ပြောတာပဲလို့ယူလို့ရ၏ပေါ့။ ဒဂုန်တာရာ ၀င်ဖြေရှင်းပေးရတဲ့အထိပေါ့။ အဲဒီ`မော်ဒန်အယူအဆ´ သမားတွေဟာ `မိုးဝေကဗျာ´သမားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာ `တော်လှန်ကဗျာ´သမားတွေနဲ့လည်းထို့အတူပဲလို့ယူဆရမှာပဲဖြစ်ပါ တယ်။ `မော်ဒန်´ကတစ်ဘက် ၊ `မိုးဝေ´နဲ့ `တော်လှန်´ကတစ်ဘက်။ နတ်နွယ်ဆီကပဲ သဲလွန်စထပ်ရတာက ––

`ဤနေရာတွင်မျက်မှောက်ခေတ်ကိုထင်ဟပ်သောကဗျာများအရ မိမိအသုံးပြုထားသည်ကို စာဖတ်သူများသတိပြုမိပါလိမ့်မည်။ စကားလုံးကို တိုတိုသုံးရလျှင် မျက်မှောက်ခေတ်ကဗျာများဟု ဆိုနိုင်ပါသည်။ အကျယ်ကိုဆိုရလျှင်မျက်မှောက်ခေတ်နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေးတို့ကို ထင်ဟပ်သော ကဗျာများဖြစ်ပါသည်။ . . . ပြည်သူလူထု ကြုံတွေ့နေရသော စားဝတ်နေရေးပြဿနာ ၊ လူတန်းစားကွာဟမှုမှဖြစ်ပေါ်လာသော ပဋိပက္ခများ ၊ နိုင်ငံတကာတွင် ထိုစဉ်က ရှေ့တန်းရောက်နေသော ငြိမ်းချမ်းရေး ၊ နယ်ချဲ့ဆန့်ကျင်ရေး ၊ အမျိုးသားလွတ်မြောက်ရေးနှင့်                          အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးတို့ဖြစ်သည်။. . .  ယင်းကဗျာများသည် နောင်အခါလူအများက “မိုးဝေ ကဗျာ´´၊“ခေတ်ပေါ်ကဗျာ´´၊“တော်လှန်ကဗျာ´´ဟုခေါ်သောကဗျာခေတ်တစ်ခေတ်၏မူလအစပင်ဖြစ်ပေလိမ့်မည်။´  (စမန ၄၁ – ၄၂)။
ဒီနေရာမှာ ၊ အထက်မှာပါရှိတဲ့အတိုင်း ဒဂုန်တာရာဝင်ဖြေရှင်းပေးလိုက်တော့ `မော်ဒန်ကဗျာ´ဟာ `ခေတ်ပေါ်ကဗျာ´ဖြစ် သွားပြီး `မိုးဝေကဗျာ´ ၊ `တော်လှန်ကဗျာ´ တို့နဲ့ပေါင်းစပ်သွားတယ်ဆိုတဲ့သဘောကိုတွေ့ရှိရပါတယ်။ နောက်ပိုင်းမှာ `မိုးဝေကဗျာ´ နဲ့ `တော်လှန်ကဗျာ´တို့ပျောက်သွားပြီး `ခေတ်ပေါ်ကဗျာ´ပဲကျန်ရှိခဲ့ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင်`မိုးဝေကဗျာ´နဲ့ ´တော်လှန် ကဗျာ´ဟာမပျောက်သွားပဲ `ခေတ်ပေါ်ကဗျာ´ထဲဝင်ပူးပေါင်းလိုက်တာလားဆိုတာတွေးတောစရာဖြစ်လာပါတယ်။ `မော်ဒန်ကဗျာ´ ဘယ်ပျောက်သွားသလဲဆိုတာ လိုက်ရှာကြည့်တော့ သစ္စာနီရဲ့ `မော်ဒန်ရှင်းတမ်း . . . .´မှာ အောက်ပါအတိုင်းတွေ့ရှိရပါတယ် ––
`. . . . “ဩော် ၊ မော်ဒန်ကဗျာဆိုသည်ကား ခေတ်ပြိုင်ဝါဒကိုး´´ ဟူသော(ဒဂုန်တာရာ၏) အဆိုဖြစ်သည်။ထိုစကားနှင့်အတူ ခေတ်ပြိုင်ခံစားမှုဆိုသောစကားလည်းခေတ်စားလာပါတယ်။ သူ့ (ဒဂုန်တာရာ့) ဩဇာသက်  ရောက်သောလူငယ်များက ဆင့်ကဲဆင့်ကဲလက်ခံသုံးစွဲရာမှ မော်ဒန်ကဗျာဆိုသောစကားလုံးမှာ ခေတ်ပေါ်ကဗျာဟူသော အသုံးအနှုံးဖြင့် အခြေကျနေပြီးကာမှ မလိုချင်ဘဲ ထပ်ရသောမယားငယ်လို ခေတ်ပြိုင် ၊ ခေတ်ပြိုင်ခံစားမှု စသောစကားလုံးများနှင့် ရှုပ်ထွေးလာရပြန်တော့သည်။ . . . ခေတ်ပေါ်ကဗျာတွင် အရေးကြီးဆုံးသောစကားလုံးမှာ  ခေတ်ပေါ်အာရုံခံစားမှု (modern sensibility) ဖြစ်ပါသည်။ ခေတ်ပြိုင်ခံစားမှုမဟုတ်ပါ´။ (စမန ၁၉ – ၂၀)
အထက်ပါကိုးကားချက်အရ ၊ သစ္စာနီဟာ `မော်ဒန်´ ၊ `ခေတ်ပေါ်´ ၊`ခေတ်ပြိုင်´စတဲ့အသုံးအနှုံးတွေကိုခွဲခြားထားချင်ပုံရပါ တယ်။ သစ္စနီဟာ `ခေတ်ပေါ်ကဗျာ´ကိုလက်ခံပေမယ့် `မော်ဒန်´ဆိုတဲ့ အသုံးအနှုံးကိုလည်းပစ်ပယ်ချင်ပုံမရပြန်ဘူး။ စာအုပ်နာမည်ကို က`မော်ဒန်ရှင်းတမ်း . . . .´။ အဲဒီစာအုပ်ထဲမှာပဲ `ခေတ်ပေါ်ကဗျာ၏ ဂုဏ်ရည်တစ်ချို့´ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရှိပါတယ်။ အဲဒီ `ခေတ်ပေါ်ကဗျာ´ဟာ သစ္စာနီဆိုလိုတဲ့ `မော်ဒန်ကဗျာ´ ဟုတ်မဟုတ်တော့ အတိအကျရေးသားထားတာမတွေ့ရပါဘူး။ ဆိုလိုတာက ၊ `မော်ဒန်´=`ခေတ်ပေါ်´လို့ အတိအလင်းရေးသားထားတာမတွေ့ရပါဘူး။ သစ္စာနီဟာ`ခေတ်ပြိုင်`၊`ခေတ်ပြိုင်ခံစားမှု´ကိုလည်းလက်ခံ ချင်ပုံမပေါ်ဘူး။ အဲဒီစာအုပ်ရဲ့ စာမျက်နှာ (၁၁)မှာပဲ ဒဂုန်တာရာရဲ့ `မော်ဒန်ကဗျာဆိုတာ ခေတ်ပြိုင်ခံစားမှုကိုရေးဖွဲ့ခြင်း´ဆိုတဲ့ အဆို ပေါ်ပြန်လည်ရှင်းလင်းချေပထားတာကတော့ `ခေတ်ပြိုင်ခံစားမှုဖြင့် ခေတ်ပြိုင်အခြေအနေကို မော်ဒန်သမားများသာမဟုတ်ဘဲ အစဉ်အ လာသရုပ်မှန်သမားများပါရေးဖွဲ့နေခြင်း ၊ ရေးဖွဲ့နိုင်ခွင့်ရှိခြင်း´လို့တွေ့ရပါတယ်။ ဒီမှာ ရှုပ်ထွေးနေတာက အယူဝါဒနဲ့ ကဗျာ(ဗေဒ) ပုံဏ္ဍာန်(၀ါ) ကဗျာတည်ဆောက်ဖွဲ့စည်းမှုကိစ္စပါပဲ။ အကယ်၍အယူဝါဒတူပြီး ကဗျာပုံသဏ္ဍာန်တွေပဲကွာတာဆိုရင် အယူဝါဒ ဦးစား ပေးသူဟာ ဘာပြဿနာလုပ်စရာလိုသလဲ(အကယ်၍ ကဗျာပုံသဏ္ဍာန်တစ်မျိုးပဲရှိရမယ်လို့ မသတ်မှတ်ရင်ပေါ့)။ ကဗျာ(ဗေဒ) ပုံသဏ္ဍာန် တည်ဆောက်ဖွဲ့စည်းမှုဘက်ကပြောရရင်တော့ ကဗျာ(ဗေဒ)ပုံသဏ္ဍာန်တည်ဆောက်ဖွဲ့စည်းမှုကိုယ်တိုင်ကို အခြေခံအယူဝါဒမပြောင်း သည့်တိုင် ကဗျာအာရုံခံစားမှုပြောင်းလဲသွားပြီဆိုတာပြနေတာပဲဖြစ်ပါတယ်။ ပုံသဏ္ဍာန်ဟာလည်း ကဗျာတစ်ပုဒ်ရဲ့ အကြောင်း အရာတစ်ခုပဲလေ။ သစ္စာနီပြောသလိုဆိုရင် ဒဂုန်တာရာလည်း`ခေတ်ပြိုင်ခံစားမှု´ကိုလေးလုံးစပ်အခြေပြုပုံသဏ္ဍာန်နဲ့ရေးတာပဲ ၊ မောင်ချောနွယ် ၊ အောင်ချိမ့်တို့လည်း`ခေတ်ပြိုင်ခံစားမှု´ကို မော်ဒန်(?)/ခေတ်ပေါ်ကဗျာပုံသဏ္ဍာန်နဲ့ ရေးတာပဲ။ ကွဲပြားခြားနားမှုဟာ  အရင်းခံအယူဝါဒမဟုတ်တော့ဘူး။ ကဗျာအမြင် ၊ ကဗျာအသိ ၊ ကဗျာအတတ် ၊ ကဗျာဗေဒဖြစ်လာပြီ။ အယူဝါဒဘက်ဇောင်းပေးခြင်း အစွန်းရောက်မှုကို ကဗျာဗေဒနဲ့ပြန်ဆွဲယူလိုက်ရတာလည်းဖြစ်တယ်။ ကဗျာတစ်ပုဒ်ကို အယူဝါဒရဲ့ ပါးစပ်ပေါက်အဖြစ်ကနေ ကဗျာတစ် ပုဒ်အဖြစ် ၊ ကဗျာအဖြစ်ပြန်လုပ်ယူရတာလည်းဖြစ်ပါတယ်။ အယူဝါဒရဲ့ လက်နက်ကနေ လက်နက်ရဲ့ အယူဝါဒအဖြစ်ပြောင်းလိုက်တာ လည်းပါရင်ပါမှာပေါ့။ ကဗျာတစ်ပုဒ်ဟာ အယူဝါဒတစ်ခုရဲ့/အတွက်လက်နက်ဖြစ်ရင် အဲဒီလက်နက်/ကဗျာဟာလည်း ကဗျာအယူဝါဒ(၀ါ)  ကဗျာဗေဒတစ်ခုခုကိုပြနေတာလည်းဖြစ်တယ်။ အဲဒီမှာ ၊ အယူဝါဒနဲ့ ကဗျာဗေဒရဲ့ တင်းအားဟာ ပေါ်လာတော့တာပါပဲ။ အဲဒီတင်းအား ကိုယ်တိုင်ဟာ အဲဒီကဗျာတစ်ပုဒ်ရဲ့ အလှတရားလည်းဖြစ်လို့ရတယ်။ အဲဒီအလှတရားဟာလည်း ထဲထဲဝင်ဝင်လေ့လာသင့်သေးတဲ့ အက်စ်သက်တစ်က် (aesthetic) ကိုပြောတာဖြစ်ပါတယ်။ ရုပ်လှခြင်း ၊ ရုပ်ဆိုးခြင်းဆိုတဲ့ အရပ်စကားမဟုတ်ပါဘူး။

(၃)

အခုလည်း`ခေတ်ပြိုင်´ကိစ္စဟာပေါ်လာနေပြန်ပါပြီ။ ကျွန်တော်သိသလောက်ကတော့ စိတ်ကူးချိုချိုစာအုပ်တိုက်က ထွက်တဲ့ `ခေတ်ပြိုင်´ ကဗျာစာအုပ်စီစဉ်ရွေးချယ်သူ မိုဃ်းဇော်ဟာ ခေတ်ပေါ်ကဗျာဆရာအဖြစ် သူကိုယ်တိုင်ဝန်ခံထားသူပါ။ ဒီနေရာမှာ (ကို) မိုဃ်းဇော်နဲ့ ကျွန်တော်ရန်ဘက်သဘောဆောင်တဲ့ အနေအထားမျိုး ကျွန်တော့်ဘက်ကတော့မရှိပါဘူး။ ကဗျာရေးသူအချင်းချင်းဘာ ရန်သဘောဆောင်စရာလိုလို့လည်းလေ။ တားဂက်က အတူတူပဲဟာ။ ကဗျာဖြစ်မြောက်ရေးပဲ မဟုတ်ဘူးလား။ ကဗျာရေးသူဟာ ကဗျာ ရေးနေတဲ့အချိန်မှာ ကဗျာအလုပ်ပဲလုပ်နေရတာပဲ။ အခြားအချိန်မှာတော့ အခြားအလုပ်တွေလုပ်နေမှာပေါ့။ ကဗျာရေးသူနဲ့ ကဗျာထပ်တူ ဖြစ်ရေးဟာ အယူဝါဒတစ်ခုရဲ့ အနုပညာကို ခုတုံးလုပ် အသုံးချရေးအတွက်သုံးစွဲခဲ့တဲ့စကားပါ။ လိုရင်းပြန်ကောက်ရရင် ၊ (၁) မိုဃ်းဇော် ဟာ ခေတ်ပေါ်ကဗျာဆရာဖြစ်တယ်။ (၂) မိုဃ်းဇော်ဟာ `ခေတ်ပြိုင်ကဗျာ´ဆိုတဲ့အသုံးအနှုံးကိုသုံးတယ်။ ခေတ်ပေါ်ကဗျာဆရာဟာ `ခေတ်ပြိုင်ကဗျာ´လို့သုံးစွဲလာတဲ့အတွက် စဉ်းစားစရာအမှန်တကယ်ဖြစ်ရပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ ရှုပ်ရှုပ်ထွေးထွေးသမိုင်း အထောက်အထားတွေရှိလို့ပါ။ ဘာသာစကားကို ပေါ့ပေါ့ဆဆသဘောထားခဲ့ကြတာလည်းတစ်ကြောင်းပေါ့။
အကယ်၍ ခေတ်ပေါ်ကဗျာဆရာတွေဟာ သူတို့ကိုသူတို့ ခေတ်ပြိုင်ကဗျာဆရာတွေလို့ပြောင်းခေါ်ကြရင် အထက်ပါ ဒဂုန် တာရာရဲ့ စကားနဲ့ ကိုက်ညီတဲ့အတွက်ဘာမှပြောစရာမလိုပါဘူး။ အရပ်သုံးစကားမှာ ခေတ်ပေါ်နဲ့ ခေတ်ပြိုင်ဟာ အချိန်ကာလအကြောင်း ပြုပြီး ဖယ်လှယ်သုံးလို့ရလို့ပါပဲ။ ကဗျာ(ဗေဒ)ပညာရပ်အသုံးအနှုံးနဲ့ကြည့်ရင်တော့ ပြဿနာတက်ပြီ။ ဘာကြောင့်လည်းဆိုတော့ `ခေတ်ပေါ်´ ကဗျာဆိုတာ သဘာဝအရပေါ်လာတာမဟုတ်ပဲ ၊တမင်တီထွင်ဖန်တီးတည်ဆောက်ဖြန့်ချိချဲ့ထွင်ထားတဲ့ကဗျာအမျိုးအစား၊ ကဗျာဗေဒဖြစ်လို့ပါပဲ။ အကယ်၍`ခေတ်ပေါ်´=`ခေတ်ပြိုင်´ ဆိုရင်အထက်မှာပါခဲ့တဲ့ သစ္စာနီရဲ့ ဒဂုန်တာရာကို တုန့်ပြန်စကားဆီပဲ ပြန်ရောက်သွားပါလိမ့်မယ်။ ခေတ်ပြိုင်ဟာပြောင်းနေတဲ့ အနေအထားတွေနဲ့ မပြောင်းသေးတဲ့ အနေအထားတွေရဲ့ လမ်းဆုံမှာရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ခေတ်ပြိုင်ကို အဲဒီဆုံပွိုင့်လို့မြင်ပါတယ်။ အဲဒီဆုံပွိုင့်ဟာလည်း ဘယ်ခေတ်မှာမဆို ၊ ဘယ်ကာလမှာ မဆိုရှိနေမှာပါ။ အဲဒီဆုံပွိုင့်ကို ခေတ် စမ်းကြုံခဲ့တယ်။ တာရာကြုံခဲ့တယ်။ မိုးဝေကြုံခဲ့တယ်။ ခေတ်ပေါ်ကြုံခဲ့တယ်။ အခုကြုံနေရပြီ။ ကြုံနေရပြန်ပြီပေါ့။ အဲဒီဆုံပွိုင့်မှာပဲနေခဲ့ရင် သူ့ရှေ့ရောက်သွားတဲ့ ဆုံပွိုင့်ရဲ့နောက်မှာ သူကျန်ခဲ့မှာပဲ။ ခေတ်ပြိုင်ရဲ့ အရွေ့သဘော။ အချိန်ကာလ Time ရဲ့တည်ရှိမှုထဲမှာပဲ Space အသစ်တွေစူးစမ်းရှာဖွေဖန်တီးတည်ဆောက်သွားရတာပါပဲ။ မြစ်တစ်စင်းထဲမှာပဲလူတစ် ယောက်ဟာ နှစ်ခါနစ်မသေနိုင်တဲ့သဘောပေါ့။ အဲဒီတော့ ၊ ခေတ်ပေါ်ဟာခေတ်ပြိုင်လား။ `ခေတ်ပေါ်´ကဗျာဟာ `ခေတ်ပြိုင်´ ကဗျာ လား။
(၄)

`ခေတ်ပေါ်´ကဗျာဟာ `ခေတ်ပြိုင်´ကဗျာမဖြစ်နိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ `ခေတ်ပေါ်´ကဗျာဟာ`ခေတ်ပေါ်´ ကဗျာအဖြစ်အခိုင်အမာရှိနေလို့ပါပဲ။ အဲသလို အခိုင်အမာရှိနေလို့ပဲ `ခေတ်ပေါ်´ကဗျာရဲ့ စရိုက်လက္ခဏာတွေ ၊ ဂုဏ်အင်္ဂါတွေ ၊ တန်ဘိုး တွေကိုထုတ်ပြနိုင်ခဲ့တာပဲမဟုတ်လား။ ကျွန်တော်တို့မြန်မာကဗျာလောကမှာ `ခေတ်ပေါ်´ကဗျာဆိုတာ ကဗျာမျက်ကန်းကိုတောင် ခြောက်နေမယ့်တစ္ဆေလိုမျိုးပါ။ ဆိုလိုတာက `ခေတ်ပေါ်´ကဗျာဟာ ကျွန်တော်တို့မြန်မာကဗျာလောကမှာ အရှိတရားဧကန်စစ်စစ်ဖြစ်ခဲ့ ပြီ။ မဂ္ဂဇင်းလောကမှာ ပင်မရေစီးနေရာရခဲ့ပြီ။ ကျွန်တော်တို့ငယ်စဉ်က လူငယ်တွေအတွက် ပသို့ဆိုစေ စံထားစရာကဗျာဖြစ်ခဲ့ပြီ။ ပြီးတော့ ကျွန်တော်တို့ကြီးပြင်းသွားကြတယ်။ အို . . . နေရိုင်း။ အို . . . မောရူးစိုး။ အို . . . ခင်အောင်အေး။ အို . . .(ဟိုတုန်းက) ပိုင်စိုးဝေ။ အို . . . (ဟိုတုန်းက)နေမျိုး။ အဲဒီ`ခေတ်ပေါ်´ကဗျာအမျိုးအစားဟာ တကယ်ရှိခဲ့ပြီ။ အဲဒီနို့သက်ခံစို့ပြီးကြီးပြင်းလာကြသူတွေ ဟာ အဲဒီ`ခေတ်ပေါ်´ကဗျာကို အမိရင်ခြေစုံကန်ပြီး သိုက်မြုံက ထွက်သွားကြတော့မလားကွယ်ရို့။ အင်းပေါ့လေ ၊ အခုတော့လည်း `ခေတ်ပြိုင်´ဖြစ်ပြီပေါ့လို့ အင်္ကျီကို ရှိုးတိုးရှန့်တန့်ဝတ်လို့။ ဒါပေမယ့် ဒီကိုယ်ကြီးပါဗျာလို့ စိတ်ကျေနပ်အောင်ပြောဖို့ကလည်း ပစ္စည်း သစ်သုံးစွဲထားတဲ့ အနံ့ကကပ်လို့။ အဲဒီတော့ ၊ `ခေတ်ပေါ်´ ပေါ်လည်းသံယောဇဉ်ကြီး ၊ `ခေတ်ပေါ်´ကိုလည်းမပစ်ရက် ၊ သဘာဝအရ ကြီးပြင်းလာရခြင်းကြောင့် `ခေတ်ပေါ်´ကို ခေတ်မီအောင် `ခေတ်ပြိုင်´လို့ပြောင်းခေါ်ကြတော့မလား။ ခက်တာက ပညတ်သွားရာဓါတ် သက်ပါ။ ရှေးဟောင်းနှောင်းဖြစ်စကားတွေ နွေးထွေးလုံခြုံအောင်ပြောပြီး ဆက်သွားကြရတာပဲမဟုတ်လား။ ဘယ်ကလာတယ်ပြောလို့ ရတယ် ၊ ဘယ်မှာရှိနေတယ်ပြောလို့ရတယ် ၊ ဘယ်ဆက်သွားမယ်ပြောကောင်း ပြောလို့ရတယ်။ ဘယ်ကလာတယ်ဟာ ဘယ်မှာရှိနေ တယ်နဲ့ ခေတ်ပြိုင်မဟုတ်ဘူး။ဘယ်မှာရှိနေတယ်ဟာ ဘယ်ဆက်သွားမယ်နဲ့ ခေတ်ပြိုင်မဟုတ်ဘူး။ သက်ရှိထင်ရှားရှိနေကြသေးတဲ့ ဒဂုန် တာရာနဲ့ အောင်ချိမ့် ၊ အောင်ချိမ့်နဲ့ မောင်ပြည့်မင်း ၊ မောင်ပြည့်မင်းနဲ့ အောင်ပြည်စုံဟာ ခေတ်ပြိုင်တွေလား။ ကျွန်တော်နဲ့စာဖတ်သူဟာ ခေတ်ပြိုင်ဖြစ်ကောင်းဖြစ်ပေမယ့် ကျွန်တော့်ခေတ်ပြိုင်နဲ့ စာဖတ်သူရဲ့ ခေတ်ပြိုင်အချင်းချင်းကတော့ ခေတ်ပြိုင်ဖြစ်ချင်မှဖြစ်မယ်။ ကျွန်တော်တို့ဟာ `ခေတ်ပေါ်´ကဗျာ ဥခွံထဲကထွက်လာကြတယ်။ ကျွန်တော်တို့ထွက်လာခဲ့ကြတဲ့ `ခေတ်ပေါ်´ဥခွံဟာ ကျွန်တော်တို့နဲ့ ခေတ်ပြိုင်လား။

(၅)

ခေတ်ပြိုင်ဟာ ပြောင်းနေတဲ့အနေအထားတွေနဲ့ မပြောင်းသေးတဲ့ အနေအထားတွေရဲ့ လမ်းဆုံမှာ ရှိနေတာဖြစ်ပါတယ်။ မပြောင်းသေးတဲ့ အနေအထားတွေဟာလည်း ပြောင်းချင်မှပြောင်းတော့မယ့် အနေအထားတွေလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ရိုသေစွာမှတ်တိုင်စိုက်ထူပေးခဲ့မှာဖြစ်ပါတယ်။

(၆)

ကျွန်တော့်အတွက် ကျွန်တော်အခုလောလောဆယ်နားလည်ထားတဲ့ ခေတ်ပြိုင်ကဗျာဟာ အဲဒီဆုံပွိုင့်ကို စူးစမ်းခြင်းပါပဲ။ ထင်ဟပ်တာမဟုတ်ဘူး။ ပြန်လည်ရေးသားဖေါ်ပြတာမဟုတ်ဘူး။ စူးစမ်းတာ။ ခံစားမှုဖေါ်ပြတဲ့ Expressive ကဗျာမဟုတ်ဘူး။ လူမှု စီးပွားရေးကိစ္စတွေပြန်ရေးသားပြတဲ့ Social – Realist ကဗျာမဟုတ်ဘူး။ ဘာသာစကား/စာသားနဲ့တည်ဆောက်မှုသက်သက်/ Language – based/ Language – oriented ကဗျာမဟုတ်ဘူး။ ဒါပေမယ့် အဲဒါတွေကိုလည်း နည်းတွေအဖြစ်သုံးရင်သုံးမှာပဲ။ ကျွန်တော်အခုလောလောဆယ် နားလည်ထားတဲ့ ခေတ်ပြိုင်ကဗျာဟာ Investigative/Exploratory စူးစမ်းရှာဖွေဖေါ်ထုတ်မှုကဗျာ မျိုးဖြစ်ပါတယ်။ ကဗျာကို ဒီလိုရေးလို့ရမလား (၀ါ)ဒီလိုရေးရင် ကဗျာဖြစ်မလားဆိုတာကိုလည်း စူးစမ်းရှာဖွေခြင်းပဲပေါ့။



12 – Dec – 2009


မှတ်ချက်။             ။ ၂၀၀၉ ကရေးခဲ့တဲ့ ဆောင်းပါးပါ – ဘယ်မှာမှမဖေါ်ပြရသေးပါဘူး။ အဲဒီတုန်းက `ကွန်တမ်ပိုရာရီ´ ကိစ္စ ၊                                     `ခေတ်ပေါ်´ကိစ္စ ၊ `ခေတ်ပြိုင်´ကိစ္စတွေကို စဉ်းစားတွေးကြည့်မိပုံသာဓကလေးပါ။ အခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး။

 http://zlkontempo.com/?p=328

No comments:

Post a Comment